Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

၂၀၂၀ ရွေးကောက်ပွဲနဲ့ အစ္စလာမ်ဘာသာဝင်များ

$
0
0

လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အစ္စလာမ် ဘာသာဝင်နှစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းမြမြနဲ့ ကိုစည်သူမောင်ကို ကိုယ်စားလှယ်လောင်းများအဖြစ် အမည်စာရင်း တင်သွင်းခဲ့ပါ တယ်။

NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ပါတီဝင် အစ္စလာမ် ဘာသာဝင်များအား ဝင်ရောက် ယှဉ်ပြိုင်ခွင့်မပြုခဲ့ပေမယ့် ယခုနှစ် ရွေးကောက်ပွဲမှာတော့ အစ္စလာမ်ဘာသာဝင်၂ ဦးကို ထည့်သွင်းရွေးချယ်ထားတာကြောင့် ဘာသာလူမျိုး အရောင်သွေးစုံတဲ့ ရွေးကောက်ပွဲ တခု ဖြစ်လာမယ်လို့ အများက ယုံကြည်နေကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ အာဏာရပါတီကြီး တခုဖြစ်ခဲ့တဲ့ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ(USDP) ဟာလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်များ မဲပေးခွင့်ရဖို့ White Card များထုတ်ပေးကာ ဦးရွှေမောင်၊ ဦးအောင်ကျော်ကျော် အပါအဝင် ၃ ဦးကို ဝင်ရောက် ယှဉ်ပြိုင်စေပြီး အနိုင်ရတဲ့အတွက် လွှတ်တော်တွင်း ဝင်ရောက် ခွင့်ရခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့ NLD ပါတီက ဒေါ်ဝင်းမြမြနဲ့ ကိုစည်သူမောင်တို့သာမက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ညီညွတ်ရေး ကွန်ကရက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ပါတီတွေနဲ့ တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ကြမယ့်သူ ဦးရေ ၃၀ ဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အများစုဖြစ်ပြီးတော့ လူနည်းစုဖြစ်တဲ့ အစ္စလာမ် ဘာသာဝင်တွေကတော့ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ  မြန်မာနိုင်ငံ လူဦးရေရဲ့ ၄ ရာခိုင်နှုန်းကျော်အထိရှိနေတဲ့အတွက် ယနေ့ဆိုရင် ၄ သန်းလောက်အထိ ရှိနေတယ်လို့ ခန့်မှန်း ကြပါတယ်။

၂ဝ၁၅ ခုနှစ် လွှတ်တော်အခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ အစ္စလာမ်ဘာသာဝင် ကင်းစင်တဲ့ လွှတ်တော် အဖြစ် ဝေဖန် ပြောဆိုခြင်း ခံခဲ့ရသလို နိုင်ငံသား စိစစ်ရေး ကတ်ပြားလို ကိစ္စမျိုးကြောင့် မဲပေးခွင့် ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တွေကို တွေ့ရှိခဲ့ရတယ်လို့ ပြောဆိုမှုတွေကလည်း ရှိနေပါတယ်။

ဒါကြောင့် ဒီ ကိုယ်စားလှယ်လောင်းတွေသာ လွှတ်တော်ထဲ ရောက်ခဲ့မယ်ဆိုရင် အစ္စလာမ်ဘာသာဝင်တွေရဲ့ အခွင့် အရေး တွေကို  လွှတ်တော်ထဲမှာ တရားဝင် တောင်းဆိုပေးနိုင်မလားဆိုပြီး တချို့က မျှော်လင့်ကြသလို၊ တချို့ကလည်း အရပ်သား အစိုးရ ၂ ဆက် တိတိ ၁ဝ စုနှစ်တာ ကာလဖြတ်သန်းရာမှာ သူတို့အတွက် ဘာမှ အကောင်အထည် မဖော်သေးတာကို အားမလို အားမရ ဖြစ်နေတာကိုလည်း မြင်တွေ့လာရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ကနေ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် အစ္စလာမ် ဘာသာဝင် ကိုကျော်နေမင်းကတော့ လာမည့် ရွေးကောက်ပွဲတွင် အစ္စလာမ်ဘာသာဝင်အနေနဲ့လည်း ဒီလို အခွင့် အရေးရှိတယ်ဆိုတာကို ပြချင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘာသာဝင် နောက်မျိုးဆက်တွေကိုလည်း ငါတို့ဘာသာဝင်တွေ ဒီလိုလုပ်လို့ရတယ်ဆိုတာ လမ်းပြချင်တာ။ အဲဒီတော့မှ နောက်လူငယ်တွေ အခု ဆုံးရှုံးနေတဲ့ နိုင်ငံသား အခွင့်အရေးတို့၊ ဘာသာရေး အခွင့်အရေးတို့ လမ်းပြချင်တာ။ အဲဒီအခါမှာ ဘာသာရေး အစွဲအလမ်း ပျောက်မယ်။ တခုပဲ။ ကျနော်တို့ ဘာသာဝင်တွေလည်း အစွန်းမရောက်ဖို့တော့ လိုတယ်” လို့ သူက သတိပေးပြောဆိုပါတယ်။

မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတလျှောက် ပြန်ကြည့်မယ်ဆိုရင်လည်း အစ္စလာမ်ဘာသာဝင်ဖြစ်ပေမယ့် နိုင်ငံ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွေ၊ နိုင်ငံရဲ့ အစိုးရတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ အာဇာနည် ၉ ဦးထဲမှာ ပါဝင်တဲ့ ဦးရာဇတ်၊ ပထမဆုံး ပါလီ မန် အစိုးရ ခေတ် ဝန်ကြီးဖြစ်ခဲ့တဲ့ ဦးရာရှစ်တို့ ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်တို့ အပြင် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံမှာ အစ္စလာမ်ဘာသာဝင် ကျောင်းသား လူငယ်တွေ အများကြီး ရှိခဲ့ပါတယ်။

၁၉၈၈ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရကို ဖြုတ်ချရာမှာ အစ္စလာမ်ဘာသာဝင် စာရေးဆရာကြီး မောင်သော်က (တိုက်ရေယာဉ်- ၁၀၃) ကိုယ်တိုင် ရှေ့တန်းမှ ပါဝင်ခဲ့ပြီး NLD ပါတီတည်ထောင်ရာတွင်လည်း တတ်သိ အုပ်စု အနေဖြင့် ပါဝင်ခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး ကော်မတီက ကော်မတီဝင်ဖြစ်တဲ့ ဘာသာဝင် ဦးထွန်းကြည်ကတော့ တနိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ ပါတီကြီးတွေအနေနဲ့ အစ္စလာမ်ဘာသာဝင်ဖြစ်ပေမယ့် နိုင်ငံအကျိုး ထမ်းဆောင်နိုင် တဲ့သူ၊ နိုင်ငံရေးအကြောင်း စေ့စပ်ပြီး သမိုင်းကြောင်းရှိတဲ့သူတွေဆို ရွေးချယ်ရဲဖို့ လိုတယ်လို့ ထောက်ပြ ပြောဆိုပါတယ်။

“၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲမှာ စုံညီကွဲပြားတဲ့ ဘာသာ၊ လူမျိုးတွေကို ကျနော်တို့က ပါဝင်စေချင်တယ်။ NLD အပါအဝင် ကိုယ်စားလှယ်လောင်းအဆင့်တော့ ဖြစ်စေချင်တယ်။ နံပတ် ၁ အချက်က ဒီရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ ဒီမိုကရက်တစ်အင်အားစုတွေ၊ ပါတီတွေ အောင်ပွဲခံစေချင်တယ်” လို့ သူက ပြောပါ တယ်။

သူက “ကိုယ်စားလှယ် တကယ်ဖြစ်ဖို့ကတော့ မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်မှုပေါ့။ ဘာကြောင့် တွန့်ဆုတ်ခဲ့သလဲဆိုတာက ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကို ပြန်မပြောချင်ဘူး။  ဘာသာဝင် ဖြစ်တယ် ဆိုတာထက် အရည်အချင်း ရှိတယ်၊ တိုင်းပြည် ချစ်စိတ်ရှိတယ်၊ နိုင်ငံရေး အစဉ်အလာရှိတယ်ဆိုရင် ရွေးကို ရွေးရမှာပဲလေ။ ကျနော်တို့ ဘာသာဝင်တွေက တိုင်းပြည်ကို ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဘူး။ တိုင်းကျိုးပြည်ပြုတွေပဲ လုပ်ခဲ့တာ” ဆက်ပြောပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလမှာ အစ္စလာမ် ဘာသာဝင်တွေ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် အရွေးချယ်ခံရန် ကြိုးပမ်းစဉ်က တိုင်းနှင့်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်တွေမှာ နိုင်ငံသားဖြစ်မှုဥပဒေနဲ့ ညှိစွန်းတယ် ဆိုပြီး ပယ်ချမှုတွေ ရှိခဲ့တာကြောင့် ပြည်ထောင်စုအဆင့်ထိ တက်ခဲ့ရပါတယ်။

အဲဒီအချိန်တုန်းက ရန်ကုန်တိုင်းမှာ သင်္ဃန်းကျွန်းမြို့နယ်က ရှေ့နေ ဦးဘင်လာရန်နိုင်၊ ဦးသန်းနိုင်၊ မင်္ဂလာ တောင်ညွန့် မြို့နယ်က ဦးဆန်း၊ တာမွေမြို့နယ်က ဦးတိုးဆွေ၊ ကျောက်တံတားမြို့နယ်က ဒေါ်စိုးစိုးအေး၊ ပန်းပဲတန်း မြို့နယ်က ဒေါ်ကြူကြူဝင်း စသဖြင့် အစ္စလာမ်ဘာသာဝင် ၂ဝ ဦးကျော်က ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ကြပေမယ့် အနိုင် မရခဲ့ပေ။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲလာထည့်ကြသည့် အစ္စလာမ်ဘာသာဝင်အချို့ (ဧရာဝတီ)

ယခုတကြိမ်မှာလည်း တိုင်းနှင့်ပြည်နယ်အလိုက် ဝင်ပြိုင်ကြမယ့် အစ္စလာမ်ဘာသာဝင်တချို့ကို ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က အားလုံးကို ခွင့်ပြုပေးမယ်လား ဆိုတာကို ရွေးကောက်ပွဲ ဝင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ စိုးရိမ်မှုများက ရှိနေပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ (DHRP) မှ ၄ ဦးနှင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဘူလ်တာဟေရ် တို့ကို ၎င်းတို့မွေးဖွားစဉ် မိဘများမှာ နိုင်ငံသား မဖြစ်သည့်အတွက် ပယ်ချခဲ့ပါတယ်။

အစ္စလာမ် ဘာသာဝင်တဦး ဖြစ်သလို ငြိမ်းချမ်းရေးနဲ့ လူ့အဖွဲ့အစည်း သဟဇာတဖြစ်ရေးအတွက် ဆောင်ရွက်နေတဲ့ MOSAIC MYANMAR အဖွဲ့က အမှုဆောင် ဒါရိုက်တာဖြစ်တဲ့ ကိုအောင်ကိုကိုက “အဓိက က မင်းတို့၊ ငါတို့ဆိုပြီးတော့ အိမ်ရှင်၊ ဧည့်သည် စသဖြင့် ခွဲနေတာပဲ။ တဖက်မှာ လူမျိုးရေး အဓိကရုဏ်းမျိုး မဖြစ်ခင် ဒါတွေက လာတယ်။ အဲဒီ အတွေးကို နိုင်ငံရေးထဲ ထည့်လာတော့ လူမျိုးစုတခုနဲ့တခု ပိုဝေးသွားတယ်။ အဲဒီလိုကွဲတာက အချိန်မရွေး အဓိကရုဏ်း ဆိုတာ ဖြစ်လာနိုင်တယ်” လို့ သုံးသပ်တယ်။

သူက “ အဲဒီဟာတွေကို တသွေးတသားတည်း ဖြစ်အောင်ကို ပြန်လုပ်ရမယ်။ ခွဲခြားဆက်ဆံတဲ့ အတွေးအခေါ်တွေကို ဖျောက်မှ ကျနော်တို့ လူ့အဖွဲ့အစည်း ငြိမ်းချမ်းမယ်။ ဒါက ကျနော်တို့ လူ့အဖွဲ့အစည်းအပြင် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း ဖျောက်ရမယ်။ အချိန်တော့ အတိုင်းတာတခု ယူရမယ်။ သေချာတာက ဒီလိုသာ ဆက်ဖြစ်နေမယ်ဆို ငြိမ်းချမ်းဖို့က မလွယ်ပါဘူး။ တချိန်ချိန်မှာ ဘာသာမတူတဲ့အစုတွေ ပဋိပက္ခက ပြန်ဖြစ်မှာပဲ” လို့ မှတ်ချက်ပြုတယ်။

လွှတ်တော်ထဲမှာ လူနည်းစု ဖြစ်တဲ့ ဟိန္ဒူ စသလို မသန်စွမ်း လူအုပ်စုမျိုးကို ကိုယ်စားပြုတဲ့ လွှတ်တော် ဖြစ်စေချင်တဲ့ ဆန္ဒ ရှိပြီး အဲဒီလို လူနည်းစုဘာသာဝင်၊ လူအဖွဲ့အစည်းအုပ်စုတွေ လွှတ်တော်ထဲမှာ အသံတိတ်၊ ပျောက်နေမယ်ဆို ရေရှည်မှာ မကောင်းနိုင်လို့ ယူဆထားသော်လည်း လက်တွေ့မှာလည်း များစွာ မျှော်လင့်လို့ ရနိုင်မယ့်အခြေအနေ မတွေ့ရသေး ဘူးလို့ ကိုုအောင်ကိုကိုက ရှင်းပြပါတယ်။

ပါတီတခုခုအောက်က ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ပါတီမူဝါဒတွေ ရှိနေသလို အခု ကမာ္ဘက လက်ခံထားတဲ့ ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး အသုံးအနှုန်းကို ပြောဆိုခဲ့မယ်ဆိုရင် ပါတီက လက်ခံမလား၊ မိမိအနေနဲ့က ဘာသာရေးမှာ ပြဿနာ မရှိဘဲ၊ လူမျိုးတခုကို သွတ်သွင်းတဲ့အခါ ဦးစားပေးမှုတွေကို တွေ့လာရသလို စစ်အစိုးရလက်ထက်ကနေ အခုချိန်ထိ မှတ်ပုံတင် မှာ ဗမာလူမျိုး ဆိုရင်တောင် အစ္စလာမ်ဘာသာဝင် မရှိရ ဆိုသလို ဖြစ်လာတာကို တွေ့လာရတယ်လို့ သူက ဆက် ပြောတယ်။

ခွင့်တူညီမျှ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က ဦးဆောင်သူ ဦးဖိုးလှိုင်ကတော့၂ဝ၁၅ ရွေးကောက်ပွဲတုန်းက ပါတီကြီး တွေ ကိုယ်တိုင် အစ္စလာမ်ဘာသာဝင်တွေကို ကိုယ်စားလှယ်လောင်း မရွေးချယ်ရတာ၊ တိုင်းပြည်ကိုချစ်တဲ့၊ နိုင်ငံ့အကျိုးကို ဆောင်ချင်တဲ့၊ နိုင်ငံသားဖြစ်လျက်နဲ့ နိုင်ငံရေးတာဝန် ထမ်းဆောင်ခွင့် မရခဲ့တာ ဘာ့ကြောင့်လဲဆိုတာကို မေးခွန်းထုတ် ရမယ့် အခြေအနေမျိုး မိမိတို့ အစ္စလာမ်ဘာသာဝင်တွေက မြင်လာခဲ့ကြရတယ်လို့ ဝေဖန်ပါတယ်။

ခွင့်တူညီမျှ အဖွဲ့ကို ၂ဝ၁၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အင်အားကြီးပါတီများက အစ္စလာမ် ဘာသာဝင် ကိုယ်စားလှယ်လောင်း များကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခြင်း မရှိမှုကြောင့် အစ္စလာမ်ဘာသာဝင်များ၏ အခွင့်အရေးအတွက် ဆောင်ရွက်နိုင်ရန် စတင်ဖွဲ့စည်းခဲ့ပြီး ထိုကာလက အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့သော အဖွဲ့အစည်းဖြစ်ပါတယ်။

“ကျနော်တို့က အသားအရောင်၊ ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေးကို မလိုချင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ လူနည်းစု ၄ သန်းထဲမှာ အရည်အချင်းရှိတဲ့သူတွေ မရှိလို့ ပါတီကြီးတွေက မရွေးချယ်တာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့တယ်” လို့ ဦးဖိုးလှိုင်က ဆိုတယ်။

သူက “အဲဒီတော့ ကျနော်တို့ လူနည်းစုတွေအတွက် ကျနော်တို့ကိုယ်တိုင် ကြိုးစားရမလားဆိုတာ ကျနော်တို့က စဉ်းစား လာရတယ်။ ဒါကြောင့်လည်း ကျနော်တို့မှာ ဘာသာတူတဲ့သူတွေကို ပါတီ ၅ ခုက ဝင်ပြိုင်ကြမယ့် အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ဝင်ပြိုင်ကြမယ့် သဘောထားတူတဲ့ ကိုယ်စားလှယ်လောင်းတွေ စုထားတာ အခုဆို ၃၁ ဦးရှိတယ်” လို့ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အခြေအနေကို ဧရာဝတီကို ပြောပြပါတယ်။

ဒီရွေးကောက်ပွဲမှာလည်း နိုင်ခြေ နည်းပါးမှန်း သိပေမယ့်လည်း အကယ်၍ ရွေးကောက်ပွဲလမ်းကြောင်းထဲကိုသာ မဝင်ဖြစ်လျှင် မိမိတို့ ဘာသာဝင် လူနည်းစုများ၏ အသံတွေကိုလည်း အများပြည်သူများ သိနိုင်ခြေ နည်းကြောင်း၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ပြောသလို ဘာသာရေး၊ လူမျိုးရေးကို အခြေမခံသော်လည်း မိမိတို့ လူနည်းစု၏ အခွင့်အရေးနဲ့ နိုင်ငံတကာကို အစ္စလာမ်ဘာသာဝင်များလည်း ပါဝင်ခွင့်ရှိတာကို ပြသရမည်ဖြစ်ကြောင်း ဦးဖိုးလှိုင်က ရှင်းပြပါတယ်။

အစ္စလာမ်ဘာသာဝင် အသိုင်းအဝိုင်းထဲမှာဘဲ ဒီမိုကရေစီ အစိုးရ လို့ ခေါ်ကြတဲ့ အရပ်သား NLD အစိုးရလက်ထက်မှာ နိုင်ငံသား ဖြစ်ခွင့်၊ နိုင်ငံရေးထဲမှာ ပါဝင်ခွင့်တွေကို အခွင့်အရေး မရခဲ့တာတွေကြောင့် စိတ်ပျက်မှုတွေ အများအပြား ရှိနေပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က အစ္စလာမ် ဘာသာဝင် ဦးလှမြင့်က “ကျနော်တို့ ဘာသာဝင် ကိုယ်စားလှယ်တွေ ဝင်ပြိုင်ခွင့်ရပြီ ဆိုပါတော့။ သူတို့က တကယ်ပဲ အစိုးရဖွဲ့နိုင်တဲ့အထိ လုပ်နိုင်မလား။ နောက်တခုက ဘာသာရေးကို အခြေခံပြီး တော့ နိုင်ငံရေးလုပ်တာ ကျနော်တို့ သဘောမကျဘူး။ ဘယ်ဘာသာ၊ ဘယ်လူမျိုးဖြစ်ဖြစ် လွှတ်တော် ကိုယ်စားလှယ် ရွေးတဲ့ အခါမှာတော့ ကျနော့်အမြင်က အစိုးရဖွဲ့နိုင်မယ့် ပါတီတွေကိုပဲ ရွေးရမှာပဲ။ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး ဆိုတာထက် ကျနော့်အနေနဲ့ အရပ်သား အစိုးရ ဖွဲ့ဖို့ပဲလိုတယ်။ စစ်အာဏာရှင် မဖြစ်ဖို့လိုတယ်။ ကျနော်တို့မှာ လက်ရှိ အခြေအနေက ရွေးစရာ ပါတီမှ မရှိတာ” လို့ သုံးသပ်ပါတယ်။

အွန်လိုင်းစာမျက်နှာတွေထက်မှာ မဲမပေးဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေလည်း ရှိနေတာကြောင့် မိမိတို့ ဘာသာဝင်တွေ အနေနဲ့ ကိုယ့်ရဲ့ နိုင်ငံသားဖြစ်မှုဖြစ်တဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးကို မဆုံးရှုံးစေဖို့ အဓိက စဉ်းစားဖို့ လိုသလို ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာလည်း အစိုးရအဖွဲ့ ဖွဲ့နိုင်တဲ့ ပမာဏ ရရှိရေးအထိ တနိုင်ငံလုံးကို လွှမ်းခြုံနိုင်မယ့် ပါတီကို ရွေးချယ်ဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။

အခြေခံ ပြည်သူတွေကို လေ့လာမယ်ဆိုရင် နိုင်ငံရေး အခင်းအကျင်းတွေအရ ပြည်သူတွေက မဲပေးဖို့ စိတ်ဝင်စားမှု နည်းလာတာကို တွေ့လာရတာက ဒီမိုကရေစီ  အင်အားစု၊ ဒီမိုကရေစီပါတီတွေက တာဝန်ရှိတယ်လို့ နိုင်ငံရေး အကျဉ်း သားဟောင်းများ ကူညီစောင့်ရှောက်ရေး ကော်မတီက ကော်မတီဝင်ဖြစ်တဲ့ အစ္စလာမ်ဘာသာဝင် ဦးထွန်းကြည်က သုံးသပ်တယ်။

လွှတ်တော်ထဲ ဝင်ပြိုင်မယ့် အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းပဲဖြစ်ဖြစ်၊ မဲပေးရမယ့် အစ္စလာမ်ဘာသာဝင် ပြည်သူတွေပဲဖြစ်ဖြစ် မှတ်ပုံတင်မရှိတောင်မှ အချက်အလက် စုံလင်ရင် မှတ်ပုံတင်ထုတ်ပေးပြီးတော့ နိုင်ငံရေး အပြောင်းအလဲမှာ ပါဝင်ခွင့် ပေးဖို့က အစိုးရမှာ တာဝန်ရှိတယ်လို့ သူက ပြောပါတယ်။

ဦးထွန်းကြည်က “၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေကို လက်တွေ့အသုံးချမယ်ဆိုရင်တောင် အစ္စလာမ်ဘာသာဝင်တွေ တော်တော်များများက မှတ်ပုံတင်ရနေပြီ။ အဓိက ဥပဒေကို ကိုင်ဆွဲထားတဲ့သူတွေကိုယ်တိုင် ဥပဒေကို လေးစားလိုက်နာမှု မရှိတာ။ တရားဥပဒေ စိုးမိုးရေးကိုက မေးခွန်းထုတ်စရာပဲ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာက တပ်မတော်၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အရပ်သားအစိုးရတို့ သင့်မြတ်နေရုံနဲ့မဟုတ်ဘူး။ တနိုင်ငံလုံး မှီတင်းနေထိုင်သူတွေ အားလုံး သင့်မြတ်ဖို့။ ဒီလိုလူတွေအထိကို ကုစားပေးဖို့လိုတယ်” လို့ ဆိုတယ်။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးနေသည့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးကြီး(ဧရာဝတီ)

အဲဒီအပြင် သူက “ကျနော်တို့နိုင်ငံက ဒီမိုကရေစီ အခြေခံ အုတ်မြစ်က မခိုင်သေးဘူး။ တဦးချင်းဆီမှာ ခိုင်မာအောင် တည် ဆောက်ဖို့ တာဝန်ရှိသေးတယ်။ ရွေးကောက်ပွဲဆိုတာ ၅ နှစ်မှ တကြိမ်လာတာ။ ဒါကို အမိအရ ဆုတ်ကိုင်ဖို့ လုပ်ကို လုပ်ရ မယ်။ အဲဒီတော့ ပြည်သူတွေအနေနဲ့ စိတ်ခံစားချက်ကို ရှေ့တန်းမတင်ပါနဲ့။ တဖက်က တာဝန်ရှိတဲ့သူတွေကလည်း လူမျိုး၊ ဘာသာ ခွဲခြားဆက်ဆံခံရတဲ့ နာကျင်မှုတွေကို ဖြေလျော့ဖို့ သက်ဝင်စုံလင်မှုတွေကို လက်ခံဖို့လိုတယ်။ လေးစားတန်ဖိုး ထားဖို့လိုတယ်” လို့ ထောက်ပြပါတယ်။

NLD ပါတီမှ ဒေါက်တာမျိုးညွန့်က မိမိတို့ ပါတီအနေဖြင့် ဘာသာရေး လူမျိုးရေးထက် မြို့နယ်များမှ တင်သွင်းသည့် ကိုယ်စားလှယ်လောင်းများ အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိမရှိ ဆိုတာကိုပဲ ကြည့်ကြောင်း၊ ကိုယ်စားလှယ်လောင်း၏ နိုင်ငံရေး ဖြတ်သန်းမှု၊ အရည်အချင်း စတာတွေ အပေါ်လေ့လာပြီးမှသာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်တာဖြစ်ကြောင်း ဆိုပါတယ်။

“၂ဝ၁၅ ခုနှစ်တုန်းကလည်း အဲ့ဒီအတိုင်းပါပဲ။ မြို့နယ်က တင်ပေးတဲ့ သူတွေပေါ် မူတည်ရွေးတာပါပဲ။ အဲ့ဒီထဲမှာ အစ္စလာမ် ဘာသာဝင်တွေ မပါသွားတာကတော့ သူတို့မှ မတင်ပေးတာ။ ကျနော်တို့က ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက ဘာသာ အရောင်အသွေးစုံလင်တာ မရှိဘူးလို့ ဝေဖန်လို့ အခု ကျနော်တို့ ရွေးချယ်တာမျိုး မဟုတ်ပါဘူး။ သူတို့ဝေဖန်တာနဲ့တော့ မဆိုင်ပါဘူး။ ကျနော်တို့ရဲ့ ကိုယ်စားလှယ်လောင်း သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိတဲ့အတွက် ရွေးချယ်တာပါ”လို့ သူက ရှင်းပါတယ်။

You may also like these stories:

ရခိုင်တွင် မွတ်စလင် ၅ ဦး ကိုယ်စားလှယ်လောင်း လျှောက်လွှာ ပယ်ချခံရ

ဗမာလူမျိုး တယောက်အနေနဲ့ပဲ နိုင်ငံရေးကို လုပ်တယ်

ဝါဒနဲ့ ဝါဒီကို ခွဲခြားမြင်နိုင်ရင် ကောင်းတယ်

The post ၂၀၂၀ ရွေးကောက်ပွဲနဲ့ အစ္စလာမ်ဘာသာဝင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...