ရေဒီယို သတင်းကြေငြာတာ နားထောင်ရင်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ၃ လတာ အပစ် ရပ်ဆိုင်းမယ်လို့ ကြားရတော့ ဒေါ်ဒေါင်ယမ်တို့ မိသားစု ၁ စုလုံး ဝမ်းသာခဲ့ကြပါတယ်။
စစ်ဘေးရှောင်စခန်းထဲမှာ ၈ နှစ်လုံးလုံး နေလာခဲ့ပြီး ရတဲ့ ထောက်ပံ့မှုကလည်း မလောက်မငှ ဖြစ်ရတဲ့ အကြား ကိုဗစ်ရောဂါက ပေါ်လာပြန်တော့ ကွတ်ခိုင်မြို့ပေါ်ကို တက်ပြီး နေ့စား အလုပ်လုပ်ဖို့ကလည်း မဖြစ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတဲ့အချိန်ပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မေ ၁၀ ရက်ကနေ သြဂုတ် ၃၀ အထိ အပစ်ရပ် ပေးမယ်လို့ ကြေငြာတော့ ဒေါ်ဒေါင်ယမ်တို့ မိသားစု အတိုင်းမသိ ပျော်ခဲ့ကြပါတယ်။ သူတို့အတွက် စားဝတ်နေရေး အနည်းငယ် ပြေလည်တော့မှာမဟုတ်ပါလား။
အပစ်လည်း ရပ်ဆိုင်းထားပြီဆိုတော့ ကိုဗစ်ကြောင့် မြို့ပေါ်က နေ့စားအလုပ်တွေ မရှာနိုင်ပေမယ့် နေရပ်ရင်း တောထဲမှာ ကျန်ခဲ့တဲ့ ရွာကို ပြန်ပြီး သူတို့ တောင်ယာအခင်းတွေမှာ ပြောင်း၊ စပါးနဲ့ သီးနှံတွေစိုက်ကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်လို့ သူတို့ စိုက်တဲ့ ပြောင်းပင်၊ စပါးနဲ့ သစ်သီးပင်တွေ အေးအေးချမ်းချမ်း စိုက်ပျိုးလို့ ရရင် မိသားစု စားဖို့ သောက်ဖို့ အပြင် သီးနှံတချို့ကို ရောင်းချပြီး အပိုဝင်ငွေလေးလည်း ရဖို့ မျှော်လင့်ချက်တွေ အပြည့်နဲ့ပါ။

ဒေါ်ဒေါင်ယမ်တို့မိသားစုလိုပဲ ကွတ်ခိုင်မြို့နယ်၊ ကာလိုင်စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည် တထောင်ကျော်ထဲမှာ မိသားစု တော်တော် များများကလည်း သူတို့နေရပ်ရင်း နားချမ် ဒေသထဲကို ပြန်ဝင်ပြီး စိုက်ပျိုးဖို့ ချီတက်ကြပါတော့တယ်။
သို့ပေမယ့် အခင်းတွေလည်း စိုက်ပျိုးပြီး အပင်တွေ စတင်ပေါက်လာချိန် ဇွန် ၁၇ ရက်မှာတော့ သူတို့ မျှော်လင့်ချက်တွေ အားလုံး ပျက်ဆီးလုနီးနီး ဖြစ်သွားပါတယ်။
အကြောင်းအရင်းကတော့ လက်နက်ခဲယမ်းတွေ ကိုင်ဆောင်ထားပြီး စစ်ကြောင်းချီလာတဲ့ တပ်မတော်စစ်ကြောင်းတွေကို တွေ့ လိုက်ရတော့ ဝမ်းစာအတွက် စိုက်ပျိုးနေကြတဲ့ ဒုက္ခသည်တွေ ဖြစ်တဲ့ သူတို့အနေနဲ့ ထိတ်လန့် စိုးရိမ်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒေါ်ဒေါင်ယမ်က “ကျမက ရေဒီယိုမှာ သတင်းကြားတုန်းက ပျော်နေတာ။ အခုတော့ သူတို့က ပြန်ဝင်လာကြတယ်။ ကျမတို့ ပြောင်းနည်းနည်း စိုက်ထားကာမှ။ ကြောက်တယ်။ စိတ်မချမ်းသာဘူး။ သူတို့က အခင်းတွေလည်း အကုန် နင်းတယ်။ နွားတွေလည်း အကုန်သတ်စားမှာ” လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်ကလည်း သူတို့ နေတဲ့ နားချမ်ဒေသထဲကို တပ်မတော်စစ်ကြောင်းတွေ ဝင်လာပြီး ရွာအနီးအနား တောင်ကုန်းတွေမှာ အခြေချထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တိုက်ပွဲတွေဖြစ်လို့ သူတို့အားလုံး လူဦးရေပေါင်း ၂၀၀၀ ခန့်က ထွက်ပြေးခဲ့ရတာ ဒီနေ့ထိပဲ ဆိုတော့ ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံကြောင့် စစ်ကြောင်းတွေ ဝင်လာတော့ အထိတ်တလန့်နဲ့ ဖြစ်ကြပါတော့တယ်။
စစ်ဘေးရှောင်သူတွေဟာ ပထမ တခေါက်က အိုးအိမ်တွေ ဆုံးရှုံးခဲ့တယ်။ အခုတော့ ကိုဗစ်ကြောင့် ငွေရှာမရလို့ ပြောင်း၊ စပါးတွေ လာစိုက်ကာမှ စစ်ကြောင်းတွေ ထပ်ဝင်လာပြန်တော့ စိုးရိမ်နေကြပါပြီ။
စစ်ကြောင်းတွေ ဝင်လာတော့ ကြောက်တဲ့ သူကလည်း ကာလိုင်ဒုက္ခသည်စခန်းကို ပြန်ပြေးလွှားကြ၊ မပြေးဘဲ ကျန်နေသူတွေ ကလည်း စိုက်ခင်းနားက အိမ်တွေထဲမှာပဲ တထိတ်ထိတ်ဖြစ်နေရင်း ချီတက်လာတဲ့ စစ်ကြောင်းက နားချမ်းဒေသ ထဲမှာ စခန်းချ နေထိုင်နေတဲ့ KIA တပ်ဖွဲ့တွေနဲ့ နီးကပ်လာပါတော့တယ်။
ဇွန် ၁၈ ရက်၊ မနက်ပိုင်းမှာတော့ ပစ်ခတ်သံတွေ စကြားရပါပြီ။ တိုက်ပွဲက တိုက်ပွဲချည်း သက်သက် မဖြစ်ဘဲ ကာလိုင် စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေ စိုက်ပျိုးထားတဲ့ ပြောင်းခြံတွေ အနင်းခံရ၊ ခြံစောင့်ရင်းစားဖို့ စုဆောင်း ထားကြတဲ့ ဆန်တွေ ပျောက်၊ ကြက်တွေ ပျောက်၊ အချို့ကျွဲနွားတွေကလည်း ထွက်ပြေးလို့များ ပျောက်သလားနဲ့ အစရှာ မရတော့ဘဲ ဖြစ်ကုန်တာမို့ ဒုက္ခသည်တွေရဲ့ အပစ်ရပ်ကြေငြာချက် အပေါ် အပျော်တွေဟာ ပျောက်ပျက်ကုန်ပါပြီ။
ကာလိုင်စစ်ဘေးရှောင်စခန်းက စာရေးတာဝန်ယူထားတဲ့ ဒေါ်ခွန်ရှောင်က “ဗမာစစ်ကြောင်း၊ တပ်မ ၈၈ ၊ တပ်မ ၉၉ ရော အပြည့်ရှိနေတယ်။ သူတို့လည်း မနေခိုင်းဘူး။ တောင်ယာတွေမှာလည်း သူတို့ မနေခိုင်းဘူး။ တိုက်ပွဲ အရမ်းဖြစ်လာမှာ စိုးရိမ်လို့။ တွေ့သမျှကိုလည်း ပေါ်တာအဖြစ်ခေါ်မှာ ကြောက်လို့ အကုန် ပြန်ပြေးလာတာ” လို့ အခြေအနေကို ပြောပြပါတယ်။
ဇွန် ၁၈ ရက်မှာတော့ နားချမ်ကနေ ကာလိုင်စစ်ဘေးရှောင်စခန်းကို ပြန်ပြေးလာကြတာကတော့ ဦးရေ ၃၀ ခန့်ရှိပါတယ်။
အချို့ကတော့ ပြန်မပြေးလာနိုင်သေးဘဲ နားချမ်က ပြောင်း၊ စပါးခင်းတွေနားမှာ နေရင်း အခြေအနေ တည်ငြိမ်တာကို စောင့်နေကြပါတယ်။
နားချမ်မှာ ပြောင်းသွားစိုက်ပြီး ပြန်ပြေးလာတဲ့ ဒေါ်မာဆင်က “ကျမတို့အိမ်က ၄ ယောက် သေနတ်သံ ငြိမ်တော့ ပြန်သွား ကြည့်တော့ အိမ်ထဲက ပစ္စည်းတွေ သေတ္တာတွေ အကုန်လုံး ဖွင့်ထားပြီးမှ လိုချင်တဲ့ဟာ ယူသွားကြပြီ။ တအား တန်ဖိုး ကြီးတာ မထည့်ထားပေမယ့် အကျီ ၊ပုဆိုး အသစ်တွေ ထည့်ထားတာ။ ပါသွားတယ်။ ကြက်တွေလည်း မရှိတော့ဘူး” လို့ ပြောပါတယ်။
နားချမ်းအသင်းတော်၊ ဘုရားကျောင်းရံပုံငွေအဖြစ် သိမ်းထားတဲ့ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန် တွေ စုပြီး ထည့်ထားတဲ့ အိတ်တလုံးလည်း ပျောက်သွားတယ်လို့လည်း ဒေါ်မာဆင်က ပြောပါတယ်။
ဆက်ပြီး ဒေါ်မာဆင်က “ရောဂါအကြောင်းပြုပြီးလည်း ကျမတို့က တခြားနေရာမှာ ပိုက်ဆံရှာလို့ မရဘူး။ ခြံရော တောင်ယာရော လုပ်ထားတော့ ငြိမ်သွားရင်တော့ ပြန်သွားနေမယ်”လို့လည်း ဆိုပါတယ်။
နားချမ်ဒေသ အရပ်ဘက်အဖွဲ့အစည်း၊ အတွင်းရေးမှူး ဦးနော်လောန်က ဇွန် ၁၇ ရက်၊ တပ်မတော် စစ်ကြောင်း နားချမ် ဒေသထဲကို ဝင်လာတော့ နမ့်ပါမုန်းရွာထဲက အိမ် ၉ အိမ်နဲ့ ကျန်းမာရေး ဆေးပေးခန်းတို့မှာ ဆန် ၁၄၀ ပြည်၊ ကြက် ၅၂ ကောင်၊ ဘဲ ၂ ကောင်၊ တောင်ယာခုတ် ဓားမ ၇ လက်၊ ရိုးရာဝတ်စုံ၊ ဟင်းသီးဟင်းရွက်တွေ ပျောက်သွားတယ်လို့ ပြောပါ တယ်။
ဒေသခံတွေက ပြောင်း၊ စပါးတွေကို စိုက်ထားတုန်း အခင်းစောင့်ရင်း စားရအောင် တအိမ်ကို ၁၀ ပြည်၊ ပြည်၂၀ ၊ ၁၅ ပြည် အသီးသီး သိမ်းထားကြတဲ့ ဆန်တွေဖြစ်သလို သူတို့ နေရပ်ရင်းမှာပဲ တအိမ်ကို ကြက် ၄ ကောင်၊ ၅ ကောင် မွေးထား ကြတာတွေပါ။
ဦးနော်လောန်က “နမ့်ပါမုန်းရွာမှာ ဝင်တုန်းက ပါသွားတာ။ ရွာက အပေါ်ရွာနဲ့ အောက်ရွာဆိုပြီး နှစ်ပိုင်းရှိတယ်။ ဇွန် ၁၇ ရက်မှာ တပ်မ ၈၈ ဝင်တော့ တချို့က ရွာထဲမှာ မပြေးဘဲ အိမ်တအိမ်မှာ စုနေကြတာ။ အဲဒီမှာ ပါသွားတာ။ စစ်သားတွေ ရွာထဲကို ဝင်တာ သူတို့ အကုန် မြင်နေရတယ်”လို့ ပြောပါတယ်။
တပ်မတော်စစ်ကြောင်းတွေက ယူသွားတာဖြစ်တယ်လို့ ဒေသခံတွေ ကိုယ်တိုင်က ပြောပြီး သူတို့ နေအိမ်အသီးသီးမှာ ပျောက်သွားတဲ့ စာရင်းတွေကို လာပေးထားတာလို့လည်း ဦးနော်လောန်က ဆိုပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တဦးဖြစ်တဲ့ ဒေါ်အာ့ရွယ်က
“ကျမတို့က နည်းနည်းများ ပြေလည်မလားလို့ ရှိတဲ့ ပိုက်ဆံလေးနဲ့ ပြောင်းစိုက်လိုက်တာ။ အခု ပြေးလာရတော့ ပိုက်ဆံလည်း တပြားမှ မရှိတော့ဘူး။ ရှိတာတွေလည်း အကုန်ပါသွားပြီ”
လို့ ပြောပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်းမှာ လာစိုက်ထားတဲ့ ပြောင်းနဲ့ စပါးတွေကို စွန့်ပြီး အခြား အလုပ် ရှာဖို့ ဆိုတာကလည်း မဖြစ်နိုင်သေးပါဘူး။ ကိုဗစ်ရောဂါ ကူးစက်မှုကာလ မပြီးဆုံးသေးတာကြောင့် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကလည်း ပြည်သူများ မပေါ့ဆဖို့ ၊ ကိုဗစ်ရောဂါ ကူးစက်မှု ဒုတိယလှိုင်း မဖြစ်ဖို့ သတိပေးချက်တွေ ထုတ်ပြန်နေဆဲ အချိန် ဖြစ်ပါတယ်။
တကယ်ဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကိုဗစ်ကာလမှာ ရောဂါ ကုသရေး၊ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးတွေ ထိထိရောက်ရောက်လုပ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပစ်ရပ် ပေးကြောင်း ကြေငြာခဲ့တာပါ။
အပစ်ရပ်ထားတဲ့ထဲမှာ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေတွေ မပါဘဲ ကျန်နယ်မြေအားလုံး ပါတယ်လို့ ပြောထားတာကြောင့် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် ဟာလည်း အပစ်ရပ်ဆိုင်းထားတဲ့ နယ်မြေတခုပါ။
ကွတ်ခိုင်က တိုက်ပွဲတွေနဲ့ ပတ်သတ်လို့ တပ်မတော်ဘက်က တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက KIA က ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်တုန်းက ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေကို ချိုးဖောက်ပြီး နယ်မြေကျော် လို့ ပစ်ရခတ်ရ ဖြစ်ကြတာလို့ ပြောဆိုပါတယ်။
KIA ဘက်ကတော့ တပ်မတော်ရဲ့ ပြောဆိုချက်ကို မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။
အပစ်ရပ်စာချုပ် တစောင်မှ ထိုးမထားသလို နယ်မြေ သတ်မှတ်တာတွေ ကတိကဝတ်တွေ ဘာမှ မရှိတာတဲ့အပြင် ယခင်က ဆွေးနွေးခဲ့တာတွေလည်း ပျက်ပြယ်ကုန်တာကြောင့် နယ်မြေ ကျော်တယ် ဆိုတဲ့ အသုံးအနှုန်းကို လက်မခံနိုင်ကြောင်း KIA က ပြောပါတယ်။
သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ကွတ်ခိုင်မြို့နယ်တွင်း ဇွန်လမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အားလုံးမှာ KIA တပ်သားတွေက သူ့တောင်ကုန်းပေါ်မှာ သူစခန်းချနေတာကို တပ်မတော်က စစ်ကြောင်းတွေ ထိုးပြီး တောထဲမှာ လာတိုက်တာလို့ ပြောပါတယ်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နယ်မြေကျော်ကြောင်း KIA ကို ပြောတာနဲ့ပတ်သက်လို့လည်း KIA ရဲ့ ဒုတိယ ဥက္ကဋ္ဌ တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်က ၎င်းရဲ့လူမှုကွန်ရက် စာမျက်နှာမှာ သြဂုတ် ၇ ရက်က စာရွက်စာတမ်းတွေ တင်လာ ခဲ့ပါတယ်။
ဗိုလ်ချုပ်ဂွန်မော် က “၂၀၁၂ ခုနှစ်တွင် သဘောတူညီချက် တစုံတရာ မရှိပါ။ ၂၀၁၃ ခုနှစ်တွင် ရရှိသော သဘောတူညီချက် ၂ ခုအား အကောင်အထည် ဖော်ဆောင်နိုင်ခြင်းမရှိပါ” လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောတာတွေကို ပြန်ချေပထားတဲ့ အနေနဲ့ ရေးသားထားပါတယ်။
ပစ်ခတ်မှုတွေလုပ်ခဲ့ကြတဲ့ နှစ်ဘက်တပ်တွေက ဖြစ်ပြီးရင် အပြန်အလှန် ငြင်းဆိုကြ ပြန်တိုက်ကြနဲ့ ခံရတဲ့ အရပ်သား ပြည်သူများမှာ တိုက်ပွဲတွေကြောင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် အဘက်ဘက်က ထိခိုက်ဆုံးရှူံးမှုတွေ ဖြစ်ခဲ့ရပါတယ်။
ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင်လိုဖြစ်နေတဲ့ ပြည်သူတွေမှာ ကျီးလန့်စာစားဘဝနဲ့ ငြိမ်းချမ်းရေး အမြန်ရပါစေ ဆုတောင်းနေရုံမှတပါး အားကိုးရာမရှိသလို ဖြစ်နေရပါတယ်။ အခုလည်း ကာလိုင်က စစ်ဘေးရှောင် ဒုက္ခသည်တွေကတော့ ကိုဗစ်က တဖက်၊ တိုက်ပွဲက တဖက်နဲ့ စားဝတ်နေရေး ပိုတောင် ကျပ်တည်းကြတော့မယ့်ကိန်းဆိုက်နေရပါပြီ။
ကာလိုင်စစ်ဘေးရှောင်စခန်းက ဒုက္ခသည် ဦးရေ တထောင်ဟာ ကိုဗစ်ကပ်ဘေး မဖြစ်ခင်ကတော့ ကွတ်ခိုင်မြို့ပေါ် နေ့စား အလုပ်သွားလုပ်သူ လုပ်၊ နီးစပ်ရာ တောင်ယာတွေမှာ နေ့စားလိုက်သူက လိုက် ၊ အခင်းနည်းနည်းပါးပါး စိုက်သူက စိုက်နဲ့ ဝမ်းရေးကို ဖြေရှင်းနေကြတာပါ။

ဒုက္ခသည်စခန်း စတည်ကာစက စားသောက်ရေးထောက်ပံ့မှုတွေ ရပေမယ့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်မှာတော့ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ (WFP) က ကာလိုင်အတွက် ထောက်ပံ့မှုကို ရပ်တန့်လိုက်ပါတယ်။
ကာလိုင်စစ်ဘေးရှောင်စခန်းဟာ အခြားဒုက္ခသည်စခန်းတွေနဲ့ မတူပဲ ခြံဝင်းအကွက်လိုက် ဖြစ်နေတာကြောင့် အပြင်က ကြည့်ရင် ကျေးရွာတခုနဲ့ တူပါတယ်။ တကယ်တော့ ဒီမြေနေရာက ကောင်းခါး ပြည်သူ့စစ်က ပိုင်တာပါ။
ကောင်းခါးပြည်သူ့စစ် က၂၀၁၃ ခုနှစ်တုန်းက နားချမ်းဘက်မှ ပြေးလာတဲ့ ဒုက္ခသည်တွေကို ခိုလှုံဖို့ သူတို့ သစ်တော ကြိုးဝိုင်း မြေဧက ၈၀ မှာ နေရာ ချထားပေးထားတာပါ။ ခိုလှုံစရာ မြေကွက်တွေ ရကြပေမယ့် အိမ်တနေရာစာသာသာပဲ ရကြတာပါ။ မိသားစု တစုချင်းစီရဲ့ဝမ်းရေးဖူလုံဖို့ ဝင်ငွေရဖို့ စိုက်ပျိုး နိုင်မယ့် မြေနေရာ ကတော့ မရှိပါဘူး။
နေ့စား အလုပ် ထွက်လုပ်လိုက်၊ ကျပန်းအလုပ် ရှာလိုက်နဲ့ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည် စခန်းဖြစ်ပါတယ်။

အစိုးရရဲ့ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဌာနက ဆန်၊ဆီ၊ဆား၊ ပဲ ထောက်ပံ့ပေမယ့် ၄ လ တကြိမ်ကို ဒုက္ခသည်တဦးက ဆန် ၈ ပြည်ပဲ ရတာကြောင့် လုံးဝ မလောက်ငှတဲ့ ပမာဏသာ ဖြစ်ပါတယ်။
ကာလိုင်က စစ်ဘေးရှောင်ဒုက္ခသည်တွေက နေရပ်ပြန်ဖို့ကို အစိုးရ၊ တပ်မတော်နဲ့ KIA ကြား ဆွေးနွေးပွဲတွေကို စောင့်ကြည့်ရင်း ပြေလည်မယ့် အချိန်တွေကို စောင့်နေခဲ့ပေမယ့် အစိုးရ နှစ်ဆက်သာ ကူးသွားတယ် ထူးခြား မလာခဲ့ဘူးလို့ ဆိုကြပါတယ်။
အခုလည်း ကိုဗစ်ကို အကြောင်းပြုပြီး အပစ်ရပ်ပေးထားတယ်လို့ ကြေငြာထားပေးမယ့် နယ်မြေ အခြေအနေက မအေးချမ်းလှပါဘူး။
ရေဒီယိုဖွင့်ပြီး သတင်းတွေ နားထောင်ရင်း စစ်ရေးအခြေအနေ၊ ဒေသ အခြေအနေ နားစွင့်တတ်တဲ့ ဒေါ်ဒေါင်ယမ်ကတော့ သူ့မိသားစုရဲ့ဝမ်းရေးအတွက် စိုက်ထားတဲ့ ပြောင်းခင်းလေး ပျက်ဆီးသွားမှာကို စိတ်ပူနေပါတယ်။
ဇွန်လကုန်ပိုင်းတုန်းက အခြေအနေ နည်းနည်းငြိမ်တော့ သူ့သားနဲ့ မြေးတွေကို လွှတ်ပြီး ပြောင်းခြံကို ခြံကာခိုင်းသေး တယ်လို့လည်း သူက ပြောပါသေးတယ်။
တိုက်ပွဲတွေ ဘယ်အချိန်ဘယ်အခါ ထပ်ဖြစ်မယ်ဆိုတာကို မသိတာကြောင့် သူတို့ မိသားစု စားဝတ်နေရေး အတွက် ခြံလေးကို ရသလောက် အကာအကွယ် လုပ်ထားချင်ပုံပေါ်ပါတယ်။
ဒါပေမယ့် အခြေအနေတွေက ဇူလိုင်လထဲထိ တည်ငြိမ်မှု သိပ်မရှိပါဘူး။ ပစ်ခတ်သံတွေ မကြားရပေမယ့်လည်း စစ်ကြောင်းတွေက ကာလိုင်စစ်ဘေးရှောင်စခန်းနားမှာ သွားလာ လှုပ်ရှား နေတာ တွေ့ရသလို နားချမ်မှာလည်း စစ်ကြောင်းတွေ ရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောကြပါတယ်။
အပစ်ရပ်ပေးတယ် ကြေငြာပြီး မြေပြင်မှာ တကယ်မရပ်တာက ဘယ်လို သဘောလဲဆိုတာ နားမလည်နိုင်တော့ဘူး လို့လည်း ဒေါ်ဒေါင်ယမ်က မေးခွန်းထုတ်နေပါတယ်။
သူ့ဘဝတလျှောက် အသက် ၆၀ ကျော်မှာ တိုက်ပွဲတွေ ထိတ်လန့်စရာတွေ များစွာကို ကြုံခဲ့ရတဲ့ အကြောင်း၊ ၈ နှစ်သမီးကတည်းက ပြေးလွှားနေရတာနဲ့ မအေးချမ်းခဲ့သလို လက်နက်ကိုင်ကြတဲ့နှစ်ဖက်တပ်တွေက တိုက်လိုက်ကြ၊ ပြေလည်ရင်လည်း ခဏနဲ့ သံသယရာ လည်နေတာပါပဲလို့လည်း သူက ညည်းညူပါတယ်။
ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေအရ တွက်ဆရရင် အပစ်ရပ်ပေးတယ် ဆိုတာတွေကိုလည်း မယုံရဲတော့ဘူး လို့လည်း ဒေါ်ဒေါင်ယမ်က ဆက်ပြောပါတယ်။
နှစ်ဖက်တပ်က ခေါင်းဆောင်တွေကို အရပ်သားတဦးအနေနဲ့ ဘာပြောချင်လဲလို့ မေးတော့ သူက “အပစ်ရပ်ဆိုင်း တယ်လို့ ကြေငြာထားရင် တကယ်ရပ်ပေးစေချင်ပါတယ်။ ဆွေးနွေးမှုတွေလည်း အမြန်ပြေလည် စေချင်တယ်။ လွတ်လွတ်လပ်လပ် စိတ်ပျော်ပျော်နဲ့ပေါ့။ နောင်လာမယ့် ကလေးတွေ မြေးတွေကိုလည်း ကြောက်မနေစေချင်ဘူး” လို့ ပြန်ဖြေပါတယ်။
You may also like these stories:
မဲဆောက်မှာမိတဲ့ လက်နက်တွေ ရခိုင်ပြည်ကို ပို့ဖို့လား
မိန်းမလှကျွန်းက မိကျောင်းနဲ့ လူ ပဋိပက္ခ
စားပွဲပေါ်မှာ ဖြေရှင်းဖို့ ကမ်းလှမ်းတာကို AA ကလက်မခံဘူး
The post စစ်ပဋိပက္ခကြားက ပြည်သူတွေရဲ့ ဒုက္ခ appeared first on ဧရာဝတီ.