၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များသည် ပါတီနှင့် နယ်မြေ စည်းရုံးရေး လုပ် ငန်းများ စတင် လုပ်ဆောင်နိုင်ပြီဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ဇူလိုင်လ ၁ ရက်တွင် ကြေညာ လိုက်သည်။
UEC က ကြေညာပြီးနောက် လက်ရှိ အစိုးရအဖွဲ့ကို ဦးဆောင်နေသော အာဏာရပါတီ NLD ကလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများ စတင် ဆောင်ရွက်မည်ဟု ဇူလိုင်လ ၂ ရက်တွင် သတင်း ထုတ်ပြန်သည်။
ထိုသို့ UEC ကြေညာအပြီး နောက်တရက်တွင် ချက်ချင်းဆိုသလို NLD ဘက်က သတင်း ထုတ်ပြန်လိုက်သည့် အပေါ် နိုင်ငံ ရေး ပါတီအချို့က UEC နှင့် NLD တို့ အတိုင်အဖောက် ညီနေသည်ဟု ဝေဖန်သည်များလည်း ရှိကာ လာမည့် ရွေးကောက် ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှု အပေါ် စိုးရိမ်မကင်း ဖြစ်နေကြသည်။
နိုင်ငံရေး ပါတီအချို့ကလည်း အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များလည်းဖြစ်၊ NLD ပါတီ ထိပ်တန်း ခေါင်းဆောင်များလည်း ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ ပါတီ စည်းရုံးရေးလုပ်မည် ဆိုသည့် အချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ မေးခွန်း ထုတ်ကြသည်။
တဖက်တွင်လည်း COVID -19 ကပ်ရောဂါ၏ ခြိမ်းခြောက်မှု အပါအဝင် ယင်းနှင့် ဆက်စပ်သည့် အစိုးရ၏ လူ ၅ ဦး ထက် ပို၍ အခမ်းအနားများ မကျင်းပရ ဆိုသည့် ကန့်သတ်ချက်ကလည်း ဇူလိုင်လအကုန်ထိ ရှိနေရာ UEC ၏ ကြေညာချက် သည် လက်တွေ့ ဆောင်ရွက်ရန် မလွယ်သည့် သဘောလည်း ဖြစ်နေသည်။
ရွေးကောက်ပွဲ ကျင်းပရန် အချိန်များစွာ မလိုတော့သည့် ကာလ၌ အစိုးရ၏ ကန့်သတ်ချက်များအောက်၌ နိုင်ငံရေးပါတီများ အနေဖြင့် ပါတီနှင့် နယ်မြေစည်းရုံးရေးကို မည်ကဲ့သို့ လုပ်ကြမည်နည်း ဆိုသည့် ကိစ္စမှာလည်း အလေးအနက် မေးခွန်း ထုတ်ရမည့် အချက် ဖြစ်သည်။
ပါတီများ လမ်းညွှန်ချက် လိုအပ်နေ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ တွဲဖက် အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်ကမူ ကိုဗစ်ကာ ကွယ်ရေး အစိုးရ ကန့်သတ်ချက်များအောက်တွင် ပါတီနှင့် နယ်မြေစည်းရုံး လုပ်ဆောင်ရမည့် ကိစ္စနှင့် ပတ်သက်၍ ဘက်လိုက်မှုများ ရှိလာမည်ကို စိုးရိမ်မိကြောင်း ဧရာဝတီသို့ ပြောကြားသည်။
အစိုးရ၏ ထုတ်ပြန်ချက်အရ လူ ၅ ဦးအထက် ပိုစုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာရမည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ် အာဏာပိုင်အဖွဲ့များ၏ ခွင့်ပြုချက် ရယူရမည့် ကိစ္စများ ပါဝင်နေ သည်။
ပါတီနှင့် နယ်မြေစည်းရုံးရေးအတွက် ထိုသို့ အာဏာပိုင်များထံမှ ခွင့်ပြုချက်ယူရပါက အစိုးရအာဏာပိုင်များသည် ကိုဗစ်ရောဂါ အကြောင်းပြ၍ ခွင့်ပြုချက် မပေးမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်ဟုလည်း ဦးစိုင်းကျော်ညွန့်က ပြောသည်။
“NLD က အစိုးရ ဖြစ်နေတော့ သူတို့ လုပ်ချင်တဲ့ စည်းရုံးရေး ကိစ္စတွေကို လွယ်လွယ်ကူကူ ခွင့်ပြုပြီးတော့ ကျန်တဲ့ ပါတီတွေက စည်းရုံးရေးတို့ ဒါမှမဟုတ် အစည်းအဝေးတို့ လုပ်မယ်ဆိုရင် ခွင့်မပြုဘူး ဆိုရင်တော့ အဲဒါက သမာသမတ် မကျတဲ့ ကိစ္စတွေဖြစ်လာနိုင်ချေ ရှိတယ်ပေါ့။ အဲဒီလိုတော့ မဖြစ်စေချင်ပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့ပြင် အစိုးရ ဝန်ထမ်းများကလည်း ၎င်းတို့အားပေးသည့် ပါတီကိုသာ ခွင့်ပြုပြီး၊ ၎င်းတို့ မထောက်ခံသည့် ပါတီကို ခွင့်မပြု သည်များ မဖြစ်စေဘဲ၊ တန်းတူ အခွင့်အရေးပေးရန် လိုအပ်သည်ဟု ဦးစိုင်းကျော်ညွန့်က ထောက်ပြသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကမူ နိုင်ငံရေးပါတီများ စည်းရုံးရေး လုပ်ငန်း လုပ်ခွင့်ရရန် လက်ရှိ အာဏာရပါတီ ဦးဆောင်သည့် အစိုးရအနေနှင့် ဖြေလျှော့မှုများ ဆောင်ရွက်ပေးသင့်သည်ဟု ဆိုသည်။
“အစိုးရက ဖြေလျှော့ပေးဖို့ လိုတယ်။ ဥပမာ လူတွေနဲ့တွေ့ရမှာ။ ဘယ်လို ကျန်းမာရေးနဲ့အညီ လုပ်နိုင်အောင်လို့ တချို့ ကိစ္စတွေကတော့ နိုင်ငံရေးပါတီတွေ ဆင်ခြင်သင့်တာပေါ့။ နေတာ၊ ထိုင်တာ၊ သွားတာ၊ လာတာတွေပေါ့။ တဖက်ကလည်း ကာဖြူးလို ကိစ္စမျိုးကတော့ ရုတ်မှဖြစ်မယ်။ မရုတ်ရင် လုပ်လို့ရမှာ မဟုတ်ဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။
ရွေးကောက်ပွဲ ဆိုင်ရာ စောင့်ကြည့် လေ့လာနေသူများကမူ ကိုဗစ်ကာလအတွင်း နိုင်ငံရေး ပါတီများ ပါတီနှင့် နယ်မြေ စည်းရုံးရေး လုပ်ဆောင်နိုင်ရန်အတွက် UEC ဘက်က ရှင်းလင်းတိကျသည့် လမ်းညွှန်ချက် (Guideline) များ ထုတ်ပြန် ကြေညာသင့်သည်ဟု အကြံပြုကြသည်။
“ပြည်သူသို့ ပန်ကြားလွှာကို နောက်ထပ် ရက်တိုးထားတာဆိုတော့ ကျနော် ထင်တယ် အဆင်ပြေမှာ မဟုတ်ဘူး။ နိုင်ငံရေး ပါတီတွေအတွက်က တိကျတဲ့ လမ်းညွှန်ချက်တွေ လိုတယ်” ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) ၏ အမှုဆောင် ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောသည်။
လက်တွေ့အားဖြင့် ပါတီစည်းရုံးရေးနှင့် နယ်မြေ စည်းရုံးရေး လုပ်ပါက အနည်းဆုံး လူ ၂၀ အထက် ပါဝင်လေ့ရှိသည်။
သို့ဖြစ်ရာ အစိုးရ၏ ကန့်သတ်ချက်ကို ဖောက်ဖျက်ပြီး ပါတီနှင့် နယ်မြေ စည်းရုံးရေး လုပ်ပါက ဆောင်ရွက်သည့် နိုင်ငံရေး ပါတီများသည် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအက်ဥပဒေဖြင့် ငြိစွန်းမည့် အခြေအနေ ရှိနေကြောင်း ကိုစိုင်းရဲကျော် စွာမြင့်က ပြောသည်။
“တိကျတဲ့ လမ်းညွှန်ချက်တွေ ဆိုတာက ဥပမာ- ဆိုကြပါစို့ဗျာ။ Indoor ထဲမှာဆိုရင် လူဘယ်နှယောက်ပဲ လုပ်သင့်တယ်။ Social Distancing နဲ့ လုပ်ရမယ်။ အဲဒါမျိုးတွေ။ နောက်ပြီး Outdoor မှာ ဆိုရင် ဘယ်လို ကျင်းပ ဆောင်ရွက်ရမယ် ဆိုတာမျိုးတွေလိုတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ကိုစိုင်းရဲကျော်စွာမြင့်က UEC က ထုတ်ပြန်ရမည့် ကိုဗစ်ကာလအတွင်း ပါတီနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများ အတွက် နိုင်ငံရေး ပါတီများ လိုက်နာ ဆောင်ရွက်သင့်သည့် တိကျသော လမ်းညွှန်ချက်များသည် ကျေးရွာအဆင့် အထိ ရောက်ရှိရန် လိုအပ်သည်ဟု ဆိုသည်။
အချို့သော ကျေးရွာများတွင် ကိုဗစ် ခြိမ်းခြောက်မှုကြောင့် မိမိဒေသခံ မဟုတ်သူများကို ရွာထဲသို့ ပေးမဝင်ခြင်းများ ရှိရာ UEC ၏ ကြေညာချက်သည် ကျေးရွာအဆင့်အထိ မရောက်ပါက ပါတီနှင့်နယ်မြေ စည်းရုံးရေး ဆင်းမည့် နိုင်ငံရေးပါတီများ အတွက် အခက်အခဲ တွေ့စေမည့် အခြေအနေလည်း ရှိသည်။
“အဲဒီ ညွှန်ကြားချက်တွေ ရွာတွေအထိ ရောက်မှ ဖြစ်မှာ။ အဲဒီလိုမှ မဟုတ်ရင် ရွာထဲကို ပေးမဝင်တာတွေ၊ ဘာတွေရှိလာနိုင်တယ်။ တချို့ရွာတွေဆိုရင် အစိုးရကြောင့် မဟုတ်ဘူး။ သူတို့ဘာသာ သူတို့ ပေးမဝင်တာ” ဟု ကိုစိုင်းရဲကျော်စွာမြင့်က ပြောပြသည်။
လက်ရှိအချိန်အထိ ကိုဗစ်ကာလအတွင်း နိုင်ငံရေးပါတီများအတွက် ပါတီနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများ မည်ကဲ့သို့ ဆောင်ရွက်ရမည် ဆိုသည့် တိကျသော လမ်းညွှန်ချက်များကို UEC ဘက်က မထုတ်ပြန်ရသေးပေ။
ထိုလမ်းညွှန်ချက်များတွင် မည်သည့် အချက်များ ပါဝင်ပြီး မည်သည့်ကာလတွင် ထုတ်ပြန်မည်ကို သိရှိနိုင်ရန် UEC ပြော ရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်အား ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရပေ။
ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်ကမူ အဆိုပါ အချက်များသည် နိုင်ငံရေး ပါတီများအတွက် မဖြစ်မနေ လိုအပ်သည့် ကိစ္စဖြစ်ရာ UEC ဘက်က မကြာမီတွင် ထုတ်ပြန်လိမ့်မည်ဟု မျှော်လင့် ကြောင်း ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ပါတီစည်းရုံးရေး လုပ်သင့် ၊ မလုပ်သင့်
နိုင်ငံရေးပါတီများ၏ ပါတီနှင့် နယ်မြေ စည်းရုံးရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများကြား ဝေဖန် ငြင်းခုံနေကြသည့် နောက်ထပ် အကြောင်းအရာ တခုလည်း ရှိသည်။
၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ပါတီ စည်းရုံးရေးလုပ်မည် ဆိုသည့် အချက်ဖြစ်ပြီး နိုင်ငံရေးပါတီ အချို့ကမူ ယင်းအချက်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီညွတ်ဟု ထောက်ပြကြသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်က သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ မဲဆွယ်သည့် ခရီးစဉ်များတွင် ပါဝင်သည်ဟု ဆိုကာ NLD ပါတီက ၂၀၁၅ နိုဝင်ဘာ ၂ ရက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆၄ ပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်သည်ဟု ဝေဖန်ခဲ့ဖူးသည်။
နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုသမ္မတများသည် နိုင်ငံရေးပါတီ တခုခု၏ အဖွဲ့ဝင် ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှ စ၍ မိမိရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အ စည်း၏ ပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဆိုသည့် အချက်ကို ချိုးဖောက်သည်ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။
NLD အနေနှင့် အတိုက်အခံ နိုင်ငံရေးပါတီ ဘဝက ထိုသို့ ဝေဖန်ခဲ့သော်လည်း လက်ရှိ အာဏာရပါတီဖြစ်လာသော အခါ တွင် သမ္မတဦးသိန်းစိန် လက်ထက်က ဆောင်ရွက်ခဲ့သည့်ပုံစံအတိုင်း ဆောင်ရွက်လာခြင်းသည် မသင့်လျော်ဟု နိုင်ငံရေး ပါတီ တချို့က ထောက်ပြကြသည်။
“ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ခဲ့တဲ့ ကိစ္စ ဖြစ်တယ်။ ကိုယ့်အလှည့်ကျတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီသွားတယ်လို့ ဆိုရင်တော့ဖြင့် ညီတယ်လို့တော့ သူတို့ပြောတာ မကြားသေးပါဘူး။ ဒါပေမယ့် အဲဒါကြီးကို အတင်းကြီး ဖော်ဆောင်ဖို့ လုပ်ဆောင်နေတယ် ဆိုတော့ကာ သူတို့ NLD ရဲ့ ရပ်တည်ချက်က ဘာလဲပေါ့။ ကိုယ်ရောက် ရှိတဲ့ နေရာပေါ် မူတည်ပြီးတော့ အခုတမျိုး တော်ကြာတမျိုး လုပ်ခွင့်ရှိသလား” ဟု SNLD တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က မေးခွန်းထုတ်သည်။
အတိုက်ခံ ပါတီ ဖြစ်စဉ်က ကန့်ကွက်ခဲ့သည့် လုပ်ရပ်တခုကို အာဏာရပါတီဖြစ်လာသည့်အခါတွင် ပြန်လည် ဆောင်ရွက် သည့် ကိစ္စနှင့်ပတ်သက်၍ NLD ပါတီအနေနှင့် ပြန်လည် စဉ်းစားသုံးသပ်ဖို့ ကောင်းသည်ဟုလည်း ၎င်းက ဆိုသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း UEC ဘက်က ကြေညာချက်ထုတ်ပြီး နောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ ပါတီစည်းရုံးရေးလုပ်မည်ဟု ကြေညာခြင်းသည် ရှေ့ဆင့်နောက်ဆင့် ဖြစ်နေ သဖြင့် UEC နှင့် NLD တို့ တိုင်ပင် ဆောင်ရွက်နေကြသလော ဟု မေးခွန်းထုတ်သည်။
“အချင်းချင်းတွေက တယောက်နဲ့တယောက် အပြန်အလှန် တိုင်ပင်ပြီး ဆောင်ရွက်နေကြပုံ ရတယ်။ တခြားနိုင်ငံရေးပါတီတွေအနေနဲ့ နည်းနည်း ဒီကိစ္စက ကြည့်ရ ရှုရတာ ရုပ်ပျက်တယ်လို့ မြင်တယ်။ နည်းနည်းတော့ ထိန်းထိန်းသိမ်းသိမ်း လုပ် ကြရင်ကောင်းမယ်” ဟု ၎င်းက ဝေဖန်သည်။
ထိုသို့ ဝေဖန်ထောက်ပြသည့် အချက်နှင့် ပတ်သက်၍ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က NLD ပါတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပေးထားအချက်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သတင်းမီဒီယာများသို့ ပြောကြားသည်။
“အရင်တုန်းကလည်း ဒီအတိုင်း လုပ်တာပဲ။ အခုလည်း ကျနော်တို့ ဒီအတိုင်း လုပ်တာပဲ။ ဒါက ဘာလဲဆိုရင် ပေးထားချက် တွေကို အသုံးပြုတာပဲ ရှိတယ်။ ပိုပြီးယူတာ တခုမှမရှိဘူး” ဟု ဇူလိုင်လ ၅ ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ပြုလုပ်သည့် NLD ယာယီဌာနချုပ် (ရုံးခွဲ) ဖွင့်ပွဲတွင် ၎င်းက ပြောကြားသည်။
ယေဘုယျအားဖြင့် ကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ ပါတီစည်းရုံးရေး လုပ်မည် ဆိုသည့် အချက်သည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ဦးသိန်းစိန်ဆောင်ရွက်ခဲ့သည့် အခြေအနေနှင့် တူညီသည်ဟု ယူဆစရာ ရှိသော် လည်း သေသေချာချာ လေ့လာပါက ကွဲလွဲချက်တချို့လည်း ရှိသည်။
လက်ရှိ NLD က ပြောထားသည်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ ပါတီစည်းရုံးရေး လုပ်မည်ဟူ၍သာ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် လက်ထက်က NLD က ကန့်ကွက်သည်မှာ မဲဆွယ်စည်းရုံးသည့် နေရာတွင် သမ္မတဦးသိန်းစိန်က ပါဝင်လာခြင်းကြောင့် ဖြစ်သည်။
ပါတီနှင့် နယ်မြေစည်းရုံးရေးသည် မဲဆွယ်စည်းရုံးရေး ဆိုသည့် အခြေအနေနှင့်တော့ မတူညီပေ။ မဲဆွယ်စည်းရုံးခွင့်နှင့် ပတ်သက်၍မူ နိုင်ငံရေးပါတီများ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုပြီးပါက ထပ်မံ ထုတ်ပြန်ပေးမည်ဟု UEC က ဆိုထား သည်။
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့အမှုဆောင် ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့သည် NLD ပါတီတွင်လည်း ခေါင်းဆောင်ပိုင်း တာဝန်များယူထားသဖြင့် အခြားသော ပါတီများကဲ့သို့ ပါတီနှင့် နယ်မြေ စည်းရုံးခွင့်များ ပေးသင့်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်က UEC က အခွင့်ပေးလိုက်သည်မှာလည်း နည်းလမ်းကျကြောင်း ဆိုသည်။ ဒေါ်အောင်ဆန်း စုကြည်သည် NLD ပါတီတွင် ဥက္ကဋ္ဌ တာဝန်ယူထားပြီး သမ္မတ ဦးဝင်းမြင့်သည် ဒု ဥက္ကဋ္ဌ (၁) တာဝန်ယူထားသည်။
“ဒီမှာမေးခွန်းမေးစရာ ၂ ခု ရှိတာက သူတို့ကို ဘယ်အချိန်မှာ ပေးမလဲပေါ့။ သူတို့ကို လေးလမတိုင်ခင်မှာပဲ ပါတီစည်းရုံးရေး နယ်မြေစည်းရုံးရေးကို ပေးမလား။ ဒါမှမဟုတ် မဲဆွယ်စည်းရုံးတဲ့ကာလကျမှ ပေးမလား။ ဒါကတော့ ကျနော့်မှာလည်း အဖြေမရှိဘူး။ နိုင်ငံရေး ပါတီတွေ အနေနဲ့ ဘယ်ဟာ ကြိုက်သလဲ။ နောက်ပြီး ရေရှည်ကြည့်ပြီးလည်း စဉ်းစားဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။
စောင့်ထိန်းရမည့် ကျင့်ဝတ်
လက်ရှိ ကာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ ပါတီနှင့် နယ်မြေစည်းရုံးရေး အပါအဝင် မဲဆွယ်စည်း ရုံးရေး လုပ်ခွင့် ရှိမရှိ ငြင်းခုံနေခြင်းထက် ပိုအရေးကြီးသည့် ကိစ္စလည်း ရှိသည်။
ယင်းကိစ္စမှာ နိုင်ငံရေး ရာထူး ရယူထားသူများ မဲဆွယ်စည်းရုံးပါက နိုင်ငံတော်က ပေးထားသည့် နိုင်ငံရေး ရာထူးနှင့် အဆောင် အသုံးမပြုရေး ဖြစ်သည်။
ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေး ရာထူးရယူထားသော အစိုးရ အာဏာပိုင်များက နိုင်ငံတော် အဆောင်အယောင်များ အသုံးပြုပါက နိုင်ငံရေး ရာထူးမရသော၊ နိုင်ငံတော်က ပေးထားသော အဆောင်အယောင်များ မရသော အခြားနိုင်ငံရေး ပါတီများထက် အလိုလို အခွင့်အလမ်း ပိုရနေမည် ဖြစ်သည်။
ထိုသို့ဆိုလျှင် ရွေးကောက်ပွဲသည် ဝိတ်တန်းတူခြင်း ယှဉ်ရသည့် မျှတသော ကစားကွင်း ဖြစ်လာတော့မည် မဟုတ်ပေ။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က “နယ်မြေစည်းရုံးရေး၊ ပါတီ စည်းရုံးရေး မဲဆွယ်စည်းရုံးရေး လုပ်တဲ့အခါမှာ နိုင်ငံတော် ပရောဂျက်တွေက သူတို့ရဲ့ ပါတီ စည်းရုံးရေး၊ နယ်မြေစည်းရုံးရေးနဲ့ မရောဖို့ အရေးကြီးတယ်။ ရာထူး အဆောင်အယောင်တွေကို အသုံးမပြုဖို့ အရေးကြီး တယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက “မဲဆွယ်တဲ့ အသုံးစားရိတ်တွေကို ဘယ်ကနေ ထည့်မလဲပေါ့။ ဆိုလိုတာက နယ်မြေစည်းရုံးရေး ဆင်းတယ် ပြောတယ်။ ပြီးလည်းပြီးရော ဆည်ဖွင့်ပွဲ သွားတက်တယ်။ ဒါဆိုရင်တော့ ရောသွားပြီ” ဟု ရှင်းပြသည်။
မဲဆွယ်စည်းရုံးမှု၊ ပါတီနှင့် နယ်မြေ စည်းရုံးမှုတို့၌ နိုင်ငံရေးပါတီများသည် နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ပိုင်ရင်းမြစ်များကို အလွဲသုံးစား မလုပ်ရဟူ၍ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ် (Code of Conduct) တွင် ရေးသား ဖော်ပြထားသည်။
သို့သော် ကျင့်ဝတ်ဆိုသည်မှာ ဥပဒေကဲ့သို့ အာဏာ မတည်ဘဲ လိုက်နာပါက လိုက်နာသည့် ပါတီသည် ဂုဏ်သိက္ခာ တက်စရာ ရှိပြီး၊ မလိုက်နာပါက ဂုဏ်သိက္ခာ ကျစရာသာ ရှိသည်။ ပြစ်မှု၊ ပြစ်ဒဏ်မရှိချေ။
သို့ဖြစ်ရာ အာဏာရပါတီ NLD အနေနှင့် နိုင်ငံတော် အဆောင်အယောင်များ အသုံးပြုခြင်း၊ အစိုးရ လုပ်ငန်းတာဝန်နဲ့ ပါတီ တာဝန်ရောထွေးခြင်း ကိစ္စတို့အတွက် လိုက်နာရင်လည်း ရသည် သို့မဟုတ် မလိုက်နာရင်လည်း ရသည့် အခြေအနေ ရှိနေသည်။
ယင်းအချက်ကို ရှင်းရှင်းလင်းလင်း ဖြစ်ရန် ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများက ပြောသည်။
နိုင်ငံရေး ရာထူးရှိသူများ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရာတွင် ၎င်းတို့၏ ရာထူးအဆောင်အယောင်များ အသုံး ပြုမှုနှင့် ပတ်သက်၍ ရှင်းလင်းတိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုမှု မပြုပါက စွပ်စွဲဝေဖန်မှုများသည် မည်သည့်ပါတီ အစိုးရတက် တက်ကြုံနေရမည့် ပြဿနာ ဖြစ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ထောက်ပြကြသည်။
“နောက်ပိုင်းဆိုရင် ဒီထက်ပိုပြီးတောင် ရှုပ်ထွေးလာဦးမှာ။ ပြန်ပြီးတော့ အဓိပ္ပာယ်ဖွင့်ဖို့ လိုတယ်။ ပြန်ပြီးတော့ ရှင်းလင်းဖို့ လိုတယ်။ မဲဆွယ်စည်းရုံးခွင့် ဆိုလည်း ဘယ်လောက်အထိ လုပ်လို့ရတယ်။ အဲဒါမျိုးတွေပေါ့ဗျာ” ဟု ကိုစိုင်းရဲကျော်စွာ မြင့်က ပြောသည်။
သို့သော် ထိုသို့ ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုရန် ဆိုပါက ယင်းကိစ္စကို လုပ်ထုံးလုပ်နည်းအရ လွှတ်တော်တွင် ဆွေးနွေး ညှိနှိုင်း အတည်ပြုရမည် ဖြစ်သည်။
ရွေးကောက်ပွဲသည် လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ ကျင်းပရန် ၄ လခန့်သာ လိုတော့ သည့် ကာလတွင် အဆိုပါကိစ္စကို လွှတ်တော်၌ တကြိမ်တည်း အပြီးအပြတ် ဆွေးနွေးရန်မှာ မဖြစ်နိုင်တော့ချေ။
ယင်းသို့ဆိုလျှင် လာမည့် ရွေးကောက်ပွဲ အခင်းအကျင်း၌ နိုင်ငံရေးပါတီများ မျှမျှတတ ရွေးကောက်ပွဲ ဝင်နိုင်ရန်အတွက် ဆိုပါက နိုင်ငံရေး ရာထူးရှိသူများ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ၎င်းတို့၏ ရာထူး အဆောင်အယောင်များ အသုံးပြုမှုကို မည်သည့် နည်းလမ်းဖြင့် ထိန်းကြောင်းမည်နည်း ဆိုသည့် ကိစ္စသည် အရေးကြီးသည့် မေးခွန်းဖြစ်လာသည်။
အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ ကိုစိုင်းရဲကျော်စွာမြင့်ကမူ အာဏာရပါတီအနေနှင့် သဘောထားကြီး စွာ ကျင့်ဝတ်စောင့်ထိန်းလိုက်နာရန် အကြံပြုသည်။
“ပြင်ဆင်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ မဖြစ်နိုင်တော့တဲ့ အခါကျတော့ အကြံပြုချင်တာက ဒါကို အာဏာရှိတဲ့သူက ကျင့်ဝတ် အနေနဲ့ ကိုယ့်ကိုယ်ကို စောင့်ထိန်းဖို့ပဲ အရေးကြီးတယ်။ ဒါမှ အချင်းချင်းကြားထဲမှာ ယုံကြည်မှုတွေ ပိုတက်လာ မယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့အခါ အငြင်းပွားမှုတွေ ပိုနည်းမယ်” ဟု ၎င်းက ဆိုသည်။
NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်ကလည်း NLD ပါတီအနေနှင့် ရွေးကောက်ပွဲကို တည်ဆဲ ဥပဒေ၊ နည်းဥပဒေနှင့် အညီ တရားမျှတစွာ ယှဉ်ပြိုင်မည်ဟု ဆိုထားသည်။
ပါတီ ဥက္ကဋ္ဌ ဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် ပါတီယာယီဌာနချုပ်ဖွင့်ပွဲသို့ ကိုယ်ပိုင်ကားဖြင့်သာ လာရောက်သည်ကို ကြည့်ပါက နိုင်ငံတော် အဆောင်အယောင်များကို မသုံးသည်မှာ ထင်ရှားသည် ဟုလည်း ၎င်းက ဆိုသည်။
“ပါတီနဲ့ ပတ်သက်လို့ ဘာပွဲမှ မလုပ်ဘူး။ အဲဒီတော့ ကျနော်တို့ Advantage ရတယ်ဆိုတာ ကျနော် နားမလည်ဘူး။ ဘာ Advantage ရတာလဲ” ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုထားသည်။
မည်သို့ပင် ဖြစ်စေ ဝေဖန်မှုနှင့် ထောက်ပြမှုများသည်ကား မသွားမီက ရောက်နှင့်သည် ဆိုသည့်အတိုင်း ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးသည့် ကာလ မရောက်မီ၌ပင် ကြုံနေရပြီဖြစ်သည်။
NLD ပါတီ အနေနှင့် ၎င်းတို့ ပြောထားသည့် အတိုင်း နိုင်ငံတော် အဆောင်အယောင်များ မသုံးဘဲ ရွေးကောက်ပွဲကို မျှမျှ တတ ပြိုင်ဆိုင်မည်၊ မပြိုင်ဆိုင်မည် ဆိုသည့် လက်တွေ့ လုပ်ဆောင်ချက်သည်ကား ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးသည့် ကာလ ရောက်မှသာ မြင်သာ ထင်သာ လာမည်ဖြစ်ရာ ဆက်လက် စောင့်ကြည့်ရမည့် သဘော ရှိပေသည်။
You may also like these stories:
ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းကျစေမည်ဟု UEC ဥက္ကဋ္ဌပြော
ဝ အမျိုးသားပါတီ ရွေးကောက်ပွဲ ဝင်ဖို့ ဘာတွေ ပြင်ဆင်နေလဲ
တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော
The post ကိုဗစ်ကာလ နိုင်ငံရေး ပါတီတွေ စည်းရုံးရေး ဘယ်လိုလုပ်မလဲ appeared first on ဧရာဝတီ.