ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာကနေ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ဘက်ကို ဈေးလာရောင်းတဲ့ မောင်မျိုးထိုက်ဝင်းဆိုသူဟာ အဲဒီဒေသက ရွာတချို့ကနေ ပစ္စည်းမှာလို့ သွားပို့ရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။
မောင်မျိုးထိုက်ဝင်း ပြန်မလာတာကြောင့် နောက်တရက်မှာ သူ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဦးစိုးနိုင်နဲ့ မောင်ရာဇာထွန်းတို့က ထပ်မံ လိုက်ရှာကြတဲ့အခါ သူတို့ ၂ ယောက်လည်း ထပ်ပျောက်ဆုံးသွားပါတယ်။
သူတို့ ၃ ယောက်စလုံး ပျောက်ဆုံးသွားတာကို အဲဒီဒေသက တိမ်ညိုရဲစခန်းမှ အမှုဖွင်ခဲ့ပေမယ့် လုံးဝ ရှာမတွေ့ တဲ့အခါ သူတို့ ၃ ယောက်နဲ့ ဈေးရောင်းဖော်ဖြစ်သူ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာမှာနေတဲ့ ဦးသိန်းလွင်ဆိုသူက ၂၀၁၉ ခုနှစ်၊ ဧပြီလမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးဆီကို စာရေး အကူအညီ တောင်းခဲ့ပါတယ်။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းမှာတော့ အသက် ၂၀ ဝန်းကျင်ရှိတဲ့ လူငယ်တဦးကို ရခိုင်စကားပြော လူတစုက နှိပ်စပ်နေတဲ့ ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်မှာ တက်လာပါတယ်။ အဲဒီလူငယ်ကို ဘယ်ကလဲ၊ ဘာလာလုပ်တာလဲ ဆိုတာတွေ မေးပြီး သူပြန်ပြောတာတွေကို မယုံတဲ့အတွက် ဇက်ပိုးအုတ်တာ၊ ပါးရိုက်တာနဲ့ နောက်ကျောကို တုတ်နဲ့ရိုက်တာ၊ ခြေထောက်နဲ့ တက်နင်းတာမျိုးတွေ လုပ်နေတာ တွေ့ရပါတယ်။
အဲဒီ ဗီဒီယိုဖိုင်ထဲမှာ အနှိပ်စက်ခံနေရတဲ့ ၂ ယောက်စလုံးဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခု နှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပျောက်သွားတဲ့ ဦးစိုးနိုင်နဲ့ မောင်ရာဇာထွန်းတို့ ဖြစ်ကြောင်း၊ သူတို့ ၂ ယောက် စလုံးဟာ မြောက်ဦးမြို့နယ်၊ မကြားရွာ အဝင်လမ်းမှာ ရက္ခိုင့် တပ်မတော် (AA) က တာဝန်ခံ ဗန်ဒို ခေါင်းဆောင်တဲ့ အဖွဲ့ ရဲ့ နှိပ်စက်မှုကို ခံခဲ့ရပြီး အဲဒီနှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားခဲ့တယ်လို့ တပ်မတော်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဒီလို ပြောနိုင်တာဟာ အဲဒီအရပ်သား ၂ ယောက် နှိပ်စက်ခံရတဲ့ ဗီဒီယိုဖိုင်ကို တပ်မတော်က AA အဖွဲ့ ဝင် အမာခံတယောက်ဆီကနေ ရရှိခဲ့လို့ လို့ ပြောပါတယ်။
“ဒီအထောက်အထားက ခိုင်လုံတဲ့နေရာကပဲ ရရှိတာ ဖြစ်တယ်။ ဒီလူတွေကို လုံခြုံရေးအရ ဖော်ထုတ်မပြောနိုင်လို့ ဖော်ထုတ်မပြောတာပဲ ရှိမယ်။ ဒီလူသည် AA တပ်ဖွဲ့ ဝင်တပိုင်း ဖြစ်နေသူ တယောက်ပဲ။ AA က သတင်း စုံစမ်းရေးအတွက် တာဝန်ပေးထားသူတယောက် ဖြစ်တယ်။ AA အမာခံလို့ ပြောလို့ရတယ်”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ တခြား ဥပဒေတွေနဲ့ အမှုဖွင့် ဆောင်ရွက်လျက်ရှိပြီး အခုလို အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အမှုဖွင့်ပြီ ဆိုရင်တော့ လက်နက်ကိုင်အဖွဲ့ ဆိုရင်တော့ ခေါင်းဆောင်မှာပဲ တာဝန်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ အခုလို အရပ်သားတချို့ သေဆုံးခဲ့ရတာတွေကို တပ်မတော်ဘက်မှ ပြောဆိုထုတ်ပြန်မှုတွေဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်အောင် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီ ဗီဒီယိုဖိုင်တွေ facebook ပေါ်မှာ မြန်မာစစ်တပ်ဘက်က ထုတ်ပြန်တာတော့ ကျနော်တို့လည်း တွေ့ပါတယ်။ ဒါပေမယ့် အဲဒီဗီဒီယိုဖိုင်က ဘယ်တုန်းကရိုက်ထားပြီးတော့ ဘယ်နေရာမှာ ဘယ်သူ့ကို လုပ်ခဲ့တာလဲဆိုတာ ကျနော်တို့လည်း ရှင်းရှင်းလင်းလင်း မသိဘူး”လို့ ခိုင်သုခက ပြောပါတယ်။
လူတယောက်ကို လူတစုကနေ နှိပ်စက်နေတဲ့ ဗီဒီယိုကို စစ်တပ်က တင်လာတဲ့ ကိစ္စသည် ရည်ရွယ်ချက် ရှိရှိနဲ့ လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခတွေ ဖြစ်လာအောင် ဖန်တီးနေတာလို့ AA ဘက်က စွပ်စွဲပါတယ်။ ဒီဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး အမှန်တရားသိအောင် အဖြေရှာတာမျိုး လုပ်မယ်လို့လည်း ပြောပါတယ်။
ပြည်တွင်းစစ်သမိုင်းကြောင်းတလျှောက် လက်နက်ကိုင်သူပုန်များ ဝင်ထွက်သွားလာရာ အညိုရောင်နယ်မြေအတွင်းကို ဝင်ရောက်ထောက်လှမ်းဖို့ တပ်မတော်က စစ်မြေပြင်ထောက်လှမ်းရေးတွေကို ဈေးသည်အသွင်ယူပြီး စေလွှတ်တတ်ကြပြီး ယင်းစစ်မြေပြင်ထောက်လှမ်းရေးတွေကို လက်နက်ကိုင်သူပုန်တွေဘက်ကလည်း သုတ်သင်တတ်ကြတယ်လို့ အမည်မဖော်လိုသူ စောင့်ကြည့်လေ့လာသူတွေက ဧရာဝတီကို ပြောဆိုကြပါတယ်။
ဒါပေမယ့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကို တင်ပြခဲ့တဲ့ ဦးသိန်းလွင်ရဲ့ စာအရ ရွှေဘိုဒေသက ပုဏ္ဏကားရွာသားတွေဟာ ၂၀၀၆ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်ဘက်ကို ရောက်လာတာ ဖြစ်ပြီး မိုးကာ၊ သံသေတ္တာ၊ ဘက်ထရီ၊ ဆိုလာ စတဲ့ လူသုံးကုန် ပစ္စည်းတွေကို တရွာဝင်၊ တရွာထွက် လှည့်လည်ရောင်းချနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုဖြစ်စဉ်မှာ ဖမ်းဆီး အသတ်ခံခဲ့ရသူ ၂ ဦးဟာ ရွှေဘိုဘက်ကလာတဲ့ ဗမာတိုင်းရင်းသား၊ အရပ်သားတွေ ဖြစ်လို့ လူမျိုးရေးအရ ပဋိပက္ခပိုကြီးလာမှာကို စိုးရိမ်နေကြသူတွေလည်း ရှိပါတယ်။
“AA နဲ့ တပ်မတော် ဖြစ်တဲ့ ကိစ္စမှာ လူမျိုးရေးလိုင်းဘက်ကို အတင်းဆွဲတင်ချင်တာမျိုးတွေ တွေ့ နေရတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလည်း ပါကောင်းပါမှာပေါ့။ စစ်ပွဲတခုကို အကြောင်းပြုပြီးတော့ လူမျိုးရေး ပြဿနာ ဖြစ်အောင် ဖန်တီးနေချင်တဲ့သူတွေ ရှိတယ်။ ဒါတွေကို ပြည်သူက သတိထားဖို့ လိုတယ်”လို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
ဒီလို တိုက်ပွဲတွေကို အကြောင်းပြုလို့ လူမျိုးရေး ပုံစံမျိုး ဖြစ်သွားရင်တော့ ဖြေရှင်းလို့ မရတဲ့ နောက်ထပ် ပြဿနာတခု၊ နောက်ထပ် ခက်ခဲတဲ့ ပြဿနာတခု ဖြစ်လာမယ်ဆိုရင် နိုင်ငံအတွက်ပါ တော်တော်ကို အန္တရာယ် ကြီးမားနိုင်တဲ့ အတွက် ဒီလိုမျိုး မဖြစ်သင့်သလို လုပ်လည်း မလုပ်သင့်ဘူးလို့ ဦးဖေသန်းက ပြောပါတယ်။
အခုဖြစ်စဉ်မှာလည်း စစ်သားမဟုတ်တဲ့ အရပ်သားတွေကို AA က သတ်လိုက်တယ်ဆိုတာမျိုး ပတ်ဝန်းကျင်က ထင်အောင် ဖန်တီးထားတာ ဖြစ်ပြီး ဗီဒီယိုဖိုင်အရ ရခိုင်က သတ်တယ်ဆိုတဲ့ အထောက်အထားမျိုးလို့ ပြောလို့ ရပေမယ့် AA က သတ်တယ်ဆိုတဲ့ အထောက်အထားမျိုးကတော့ ပြောဖို့ ခက်တယ်လို့ သူကပဲ ပြောပါတယ်။
“ရာဇဝတ်မှုတခုနဲ့ ပတ်သက်လို့ကတော့ သက်သေအထောက်အထားတွေနဲ့မှ အတည်ပြုလို့ရမယ့် ကိစ္စဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အရပ်သားတွေ ပါလာအောင် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာအောင် လုပ်တယ်ဆိုရင်တော့ ဒါဟာ မကောင်းဖူး။ လုံးဝ မဖြစ်စေချင်ဘူး”လို့ ဦးဖေသန်းက ပြောပါတယ်။
အဲဒီဗီဒီယိုဖိုင်ကို သူတို့ နားထောင်ကြည့်တဲ့အခါ ဗမာစကား အသံတွေ ရခိုင်စကား အသံတွေ လုံးနေကြောင်း၊ အဲဒါကြောင့် ရခိုင်လူမျိုးတွေကို အသုံးပြုပြီးတော့ ရိုက်ထားတာလည်း ဖြစ်နိုင်ကြောင်း၊ နောက်တခုကတော့ ဈေးသည်အချင်းချင်း ဈေးရောင်းဈေးဝယ်မှာ အရပ်သား အချင်းချင်း ပြဿနာ ဖြစ်တာလည်း ဖြစ်နိုင်တယ်တယ်လို့ ခိုင်သုခက ပြောပါတယ်။
“သေချာတာကတော့ ကျနော်တို့နဲ့ ပတ်သက်မှု မရှိဘူး။ ကျနော်တို့မှာက ဒီဟာတွေကို သင်တန်းမှာကတည်းက ထည့်ပြီးတော့ သင်ကြားပေးတာ ရှိတယ်။ လူမျိုးဘာသာ မတူတဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ နိုင်ထက်စီးနင်း လုပ်တာတွေ မလုပ်ရဘူး ဆိုတာတွေကို တခါတည်း ထည့်ပြီးတော့ သင်ကြားထားတာ ဖြစ်တယ်”လို့ ခိုင်သုခက ပြောပါတယ်။
ရခိုင်တပ်မတော်ကနေ ပြည်သူလူထုအပေါ်မှာ ဆက်ဆံတဲ့အခါမှာ မကြာခင်ကာလက ဖမ်းဆီးစစ်ဆေးခဲ့တဲ့ အောင် တံခွန် ရေယာဉ်ပေါ်ကနေပြီးတော့ ဗမာတိုင်းရင်းသား ၁၆ ယောက်ကို မျက်နှာစိမ်းလို့ ခေါ်ယူစစ်ဆေးခဲ့ပေမယ့် နောက် ပိုင်းမှာ တပ်မတော်နဲ့ မပတ်သက်ဘူးဆိုတာ သိတာနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ AA ဘက်က ဆိုပါတယ်။
“အဲဒါကြောင့်မိုလို့ ကျနော်တို့ လုပ်တဲ့ဥစ္စာတွေကို ခင်ဗျားတို့ ကြည့်ပါ။ ကျနော်တို့မှာ ဗမာ မုန်းတီးရေး လှုံ့ဆော်နေတာ လုံးဝ မရှိဘူး။ အခု ကျနော်တို့ကို ဖိနှိပ်အုပ်ချုပ်နေတဲ့သူ အားလုံးကလည်း ဗမာလူမျိုး အားလုံး မဟုတ်ဘူး။ ဗမာစစ် ဘက်ပဲ ဖြစ်တယ်”လို့ ခိုင်သုခက ပြောပါတယ်။
၎င်းက ဆက်၍ “ကျန်တဲ့ ဘာမှ အပြစ်မရှိတဲ့ ရိုးရိုးအရပ်သားတွေကို ကျနော်တို့ ဘာမှ လုပ်စရာအကြောင်း မရှိဘူး။ အဲဒါကတော့ ကျနော်တို့ဘက်က ရှင်းရှင်းလင်းလင်း ပြောနိုင်တဲ့ မူဝါဒပါ”လို့ ပြောပါတယ်။
တပ်မတော်ကတော့ ၎င်းတို့အနေနဲ့ AA ကိုပဲ သောင်းကျန်းသူလို့ မြင်ကြောင်း၊ ရခိုင်ပြည်သူလူထုနဲ့ AA ကို ခွဲခြားပြီးတော့ မြင်ပေမယ့် AA ခေါင်းဆောင်တွေကတော့ “ဗမာ” ဆိုတဲ့ စကားလုံးကို မကြာခဏ ဆိုသလို သုံးနေတာ အားလုံး သိမြင်နိုင်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“လူမျိုးရေး မုန်းတီးမှုကို အခြေခံတဲ့ သွေးထိုးလှုံဆော်မှုတွေကိုတော့ ရပ်တန်းက ရပ်ဖို့လိုတယ်လို့ ကျနော် ပြောချင်တယ်။ နိုမို့ဆိုရင် သူတို့ စွပ်စွဲနေတဲ့ လူမျိုးရေး မုန်းတီးမှုအပေါ်မှာပဲ ပြန်ပြီး အခြေခံတာပဲ ဖြစ်နေလိ့မ်မယ်။ သူတို့ ဖြစ် အောင်လုပ်နေတာ ဒါတွေပဲ”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
၎င်းက ဆက်၍ “ဥပမာ ကျနော်တို့ ပြောရမယ်ဆိုရင် အမုန်းတရားတွေ သွတ်သွင်းပေးနေတာသည် AA က ဦးဆောင် ပြီးတော့ သွတ်သွင်းပေးနေတာပဲ။ သူတို့ တပ်ဖွဲ့ ဝင်တွေကိုယ်တိုင်က အုပ်စုခွဲတာတွေ လုပ်တယ်။ ဘယ်လူမျိုးဆိုရင် ဘယ်နေရာမှာ ထိုင် ဆိုတာမျိုးတွေပေါ့။ ရွာသားတွေ ကိုယ်တိုင်လည်း အော်ဟစ်ခဲ့တာလည်း ရှိတယ်။ ဒါတွေက အထင်အရှားပါပဲ”လို့ ပြောပါတယ်။
တပ်မတော်နှင့် AA တို့ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့လို့ အခုချိန် အ ထိ တိုက်ပွဲမှာ ၂ ဖက် အကျဆုံးတွေ ပိုများလာသလို အရပ်သား ထိခိုက်မှု၊ အရပ်သားတွေ အဖမ်းခံရမှု ရှိခဲ့ပါတယ်။
လူဖမ်းပွဲတွေကို တပ်မတော်ကရော၊ AA ကရော ၂ ဖက်စလုံးက လုပ်ဆောင်ခဲ့ကြတာပါ။ အဖမ်းခံရစဉ်မှာ လူသေဆုံးမှု ကလည်း တပ်မတော်လက်ထဲမှာရော၊ AA လက်ထဲမှာရော ဖြစ်ခဲ့ပါတယ်။
မြောက်ဦးမြို့နယ် ပြည်နယ်အမတ် ဦးထွန်းသာစိန်ရဲ့ အဆို အရ စစ်ပွဲကာလအတွင်း အရပ်သား သေဆုံးသူဦးရေ ၈၀ နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၂၀ ကျော်အထိ ရှိတယ်လို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလက ရခိုင်ပြည်နယ်လွှတ်တော် မှာ ပြောဆိုခဲ့ဖူးပါတယ်။
AA ဟာ ၂၀၁၅ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်ထဲကို ထိုးဖောက်ဝင်ရောက်လာပြီးတော့ ချင်းပြည်နယ် ပလက်ဝဒေသမှာ စတင် ခြေကုပ်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း၊ မင်းပြားနဲ့ မြောက်ဦး မြို့နယ်တွေမှာ ဝင်ရောက် လှုပ်ရှားလာပြီးတော့ သူတို့ရဲ့ တပ်စခန်းနေရာ အခိုင် အမာ ရရှိဖို့ ကြိုးစားနေတာပါ။
AA ဟာ ဒီနေ့ ဒီအချိန်အထိ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ် တော်တော်များများမှာ အခြေပြု လှုပ်ရှားနိုင်တာ ဖြစ်လို့ ရခိုင်လူထုရဲ့ ထောက်ခံမှုကိုလည်း အတိုင်းအတာတခုထိ ရရှိထားတယ်လို့ သုံးသပ်နိုင်ပါတယ်။
နိုင်ငံရေးလေ့လာသူ စာရေးဆရာ သန်းစိုးနိုင်ကတော့ အခု ရခိုင်ပြဿနာဟာ သမိုင်းဟောင်းကို ပြန်တူးဖော်လို့ ဖြစ်ရတာ ဖြစ်ပြီး ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေ ကိုယ်တိုင် လူမျိုးရေး မုန်းတီးမှုတွေကို စတင်လှှုံဆော်ခဲ့ကြောင်း၊ အဲဒါကို မြန်မာ့ တပ်မတော်ကလည်း အမုန်းနဲ့ တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့ ရည်ရွယ်ချက်မှာက လူမျိုးရေး တိမ်းညွှတ်မှု သဘောထားတွေ ရှိတယ်။ သမိုင်းဟောင်းတွေကို ပြန်ပြီးတော့ တူးဖော်ပြီးတော့မှ လူမျိုးရေးမုန်းတီးမှုတွေကို လှုံ့ဆော်တယ်။ အဲဒီလမ်းကြောင်းက တော်တော်ကို တင်လာတော့ တပ်မတော်ဘက်က တုန့်ပြန်တဲ့အခါမှာလည်း အမုန်းကို အမုန်းနဲ့ တုန့်ပြန်တယ်။ အပြန်အလှန် လူဖမ်းပွဲတွေ လုပ်ကြတယ်”လို့ သူက ပြောပါတယ်။
ပြီးတော့ ရခိုင်အချုပ်အခြာအာဏာ ပြန်လည်ရရှိရေးဆိုတဲ့ သဘောထားတွေက မမှန်ကန်ကြောင်း၊ ဒါတွေကို ရခိုင်နိုင်ငံရေးသမားတွေက ဖြေရှင်းပေးဖို့ လိုတယ်လို့ ထင်တယ်လို့ ဆိုပါတယ်။
“ရခိုင်နိုင်ငံရေးသမားတွေက တုန့်ပြန်ဖွင့်ချတာတွေ မလုပ်ဖူးဆိုရင်၊ AA ကလည်း ဆက်ပြီးတော့ ဒီလုပ်ငန်းတွေ လုပ်နေမယ်ဆိုရင် ရခိုင်ပြဿနာဟာ ပြေလည်မှာ မဟုတ်ပါဖူး”လို့ စာရေးဆရာ သန်းစိုးနိုင်က ပြောပါတယ်။
You may also like these stories:
ရခိုင်စစ်ပွဲမှာ ဘယ်သူတွေ နစ်နာနေသလဲ (၁)
ရခိုင်စစ်ပွဲမှာ ဘယ်သူတွေ နစ်နာနေသလဲ (၂)
တိုက်ပွဲကြောင့် ရသေ့တောင် ဒေသခံ ၄၀၀ ကျော် စစ်တွေသို့ တိမ်းရှောင်လာ
ဒေါက်တာအေးမောင်အမှု၏နောက်ဆုံးအယူခံပယ်ချခံရ
The post သံသယတွေကြား သွေးစွန်းလာတဲ့ ရခိုင်-မြန်မာ ဆက်ဆံရေး appeared first on ဧရာဝတီ.