Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

မြန်မာမီဒီယာတွေကို ခြိမ်းခြောက်နေတဲ့ “ရိုဟင်ဂျာ”လော်ဘီများ

$
0
0

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ မြန်မာ့မီဒီယာအနေနဲ့ ထူးခြားတဲ့ ခြိမ်းခြောက်ဖိအားပေးခြင်း ခံခဲ့ရပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ကလည်း မဟုတ်၊ အာဏာပိုင်တွေကလည်း မဟုတ်ပါဘူး။

“ရိုဟင်ဂျာ” ဆိုတဲ့ အမည်နာမကို မြန်မာအစိုးရက အသိအမှတ်ပြုရေး ကြိုးပမ်းနေတဲ့ ပြည်ပရောက်တွေပါ။

သူတို့ဟာ ပြည်တွင်း အခြေစိုက် မီဒီယာတွေအပေါ် ခြိမ်းခြောက်တာတွေ၊ လူပုဂ္ဂိုလ်တဦးချင်းအပေါ် ပစ်မှတ်ထား စွပ်စွဲတိုက်ခိုက်တာတွေ Facebook စာမျက်နှာတွေပေါ်မှာ လုပ်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင် (ယင်းဒေသအခေါ် ဘင်္ဂါလီ) တွေကို “ရိုဟင်ဂျာ” အဖြစ် မြန်မာအစိုးရက အသိအမှတ်ပြုရေး ကြိုးပမ်းနေတဲ့ Ro Nay San Lwin ဆိုတဲ့ အမည်နဲ့ သုံးစွဲသူရဲ့ လူမှုကွန်ရက် အကောင့်က တဆင့် မြန်မာမီဒီယာ တချို့ကို ဖိအားပေးခြိမ်းခြောက်တဲ့ စာကို ဒီဇင်ဘာ ၁၅ ရက်နေ့က ရက်စွဲနဲ့ ရေးတင်ထားတာ တွေ့ရပါတယ်။

မြန်မာမီဒီယာများအပေါ် ခြိမ်းခြောက်မှု

“DVB အပါအဝင် ဘင်္ဂါလီ သုံးတဲ့ မြန်မာမီဒီယာအားလုံးကို ပြင်းပြင်းထန်ထန် သတိပေးချင်ပါတယ်၊ ခင်ဗျားတို့ ဘင်္ဂါလီ သုံးတာရပ်ပြီး ရိုဟင်ဂျာလို့ သုံးမလား၊ ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ မီဒီယာ စီးပွားရေးကို အပြုတ်တိုက်ရမလား၊ ကြိုက်တဲ့လမ်းကို ရွေးပါ၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အချိန်ပေးပါတယ်” လို့ ရေးသား ဖော်ပြထားပါတယ်။

အမည်တပ် ခြိမ်းခြောက်ခံလိုက်ရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ တုန့်ပြန် နေမှာ မဟုတ်ဘဲ လွတ်လပ်တဲ့ သတင်းမီဒီယာ တခုရဲ့ ရပ်တည်ချက်အတိုင်းသာ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့  DVB ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအေးချမ်းနိုင် က ဆိုပါတယ်။

“ကျနော်တို့ DVB အနေနဲ့ပြောရရင် ရိုဟင်ဂျာဘက်ကလည်း ဝေဖန်သလို ဒီဘက်ခြမ်းကသူတွေကလည်း ဝေဖန်နေကြတာပဲ။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ရပ်တည်ချက် မှန်တယ်ပေါ့ဗျာ။ နှစ်ဖက်လုံးက ဝေဖန်တာကို ခံနေရပေမယ့် ကျနော်တို့ရဲ့ ရပ်တည်ချက်အတိုင်း မှန်တဲ့အရာကို ပြောနေမှာပါပဲ။ ကျနော်တို့ အလုပ်ကို ကျနော်တို့ လုပ်နေမှာပဲလေ။ မီဒီယာအနေနဲ့ကတော့ မျှတမှု အရှိဆုံး လုပ်နေတာပဲ” လို့ ဦးအေးချမ်းနိုင်က ပြောပါတယ်။

ဒီလို ခြိမ်းခြောက်၊ စွပ်စွဲတိုက်ခိုက်တာကို DVB မီဒီယာအပြင် The Irrawaddy၊ Myanamr Time၊ The Voice Myanmar နဲ့ BBC မြန်မာပိုင်းတို့လည်း ကြုံတွေ့ခဲ့ကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများအား စွပ်စွဲထားမှု

နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သံရုံးတွေက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုင်ရာ ပရောဂျက်တွေကို လျှောက်ထားသုံးစွဲပေမယ့် အယ်ဒီတာ့အာဘော် မူဝါဒအရ လွတ်လပ်စွာ ရပ်တည်ကြတဲ့ မြန်မာမီဒီယာတွေအတွက် ယခုလို ခြိမ်းခြောက်မှုဟာ မီဒီယာတွေရဲ့  ရှင်သန်ရပ်တည်ရေးကို ထိုးနှက် တိုက်ခိုက်တာလို့ ရှုမြင်ချက်တွေ ရှိပါတယ်။

သတင်းစာဆရာ တဦးဖြစ်တဲ့ ဦးမြင့်ကျော်က “ဒီအသုံးအနှုန်း မသုံးရင် အကြောင်းသိစေရမယ် ဘာမယ် ဆိုတာက အရပ်ထဲက ပြောစကားဆန်တယ်။ ဒါက မူအရ ပြောတာမဟုတ်ဘူး။ ကျင့်ဝတ်ဆိုင်ရာ ထောက်ပြတာလည်း မဟုတ်ဘူး။ ခြိမ်းခြောက်တဲ့ ပြောဆိုမှုပဲလို့ ကျနော်ထင်တယ်။ သူ့ရဲ့နောက်ကွယ်က ရည်ရွယ်ချက်ကို ခန့်မှန်းကြည့်ရင်တော့ နိုင်ငံတကာ အဖွဲ့အစည်း တချို့က ပေးတဲ့ funding (ထောက်ပံ့ငွေ) ရထားတဲ့ မီဒီယာ တချို့ကို funding ပေးတဲ့သူကို တိုင်မယ်ဆိုတဲ့ ကလေးကလား စကားမျိုးလို့ပဲ နားလည်ပါတယ်။ လူမိုက်စကားလိုမျိုး ပြောတာလို့ပဲ နားလည်တယ်” လို့ မှတ်ချက်ပြုပါတယ်။

ရိုဟင်ဂျာ အမည်ခံ လှုပ်ရှားနေသူတွေရဲ့  မီဒီယာတွေအပေါ် ခြိမ်းခြောက်မှုတွေဟာ သူတို့ရဲ့ ရည်ရွယ်ချက် အထမြောက်ရေးအတွက် ဖိအားပေးခြင်းလည်း ဖြစ်ပြီး မီဒီယာတွေအပေါ် လွှမ်းမိုးရန် ကြိုးပမ်းမှုတခုသာဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အမည်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေအကြား အငြင်းပွားဖွယ် အသုံးအနှုန်း တခုအဖြစ် ရှိနေဆဲဖြစ်တာမို့ ပြည်တွင်းအခြေစိုက် မီဒီယာအဖွဲ့အစည်းတွေဟာ ဒီနာမည် အသုံးအနှုန်းအပေါ် သတိထား သုံးစွဲနေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲထားမှု

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေမှူးချုပ်ဟောင်းလည်းဖြစ် နိုလ်ဘယ် ငြိမ်းချမ်းရေး ဆုရှင်လည်းဖြစ်တဲ့ ဒေါက်တာ ကိုဖီအာနန် ကိုယ်တိုင်လည်း အမုန်းပွားစေမယ့် ဒီအမည်နာမကို မသုံးခဲ့ပါဘူး။ မတူကွဲပြားတဲ့ နှစ်ဘက်အသိုင်းအဝိုင်းတွေအကြား သဟဇာတ ဖြစ်စေဖို့ အတွက် “ဘင်္ဂါလီ” “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနုန်းအစား “ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များ” လို့သာ နှစ်ဘက် မထိခိုက်အောင် သုံးစွဲပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကလည်း ကိုဖီအာနန် ကော်မရှင် အတိုင်းအဲဒီ အမည်နာမကို သုံးစွဲခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မကြာသေးခင်က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကို တင်ပြချက်ထဲမှာလည်း “ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်များ” လို့ပဲ သုံးစွဲခဲ့ပါတယ်။

တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့် က “လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ သူတို့လည်း သူတို့ အခွင့်အရေး ပြောခွင့်ရှိပါတယ်။ ဥပဒေနဲ့အညီတော့ ပြောရမှာပေါ့။ ဘင်္ဂါလီလို့ သုံးလို့ မီဒီယာတွေအပေါ် ခြိမ်းခြောက် ပြောဆိုမှုတွေကတော့ အကြမ်းဖက်ချင်တဲ့ စိတ်ဓာတ်ပဲ။ တို့လည်း သူတို့ကို မခြိမ်းခြောက်ဘူး၊ သူတို့လည်း တို့ကို မခြိမ်းခြောက်နဲ့။ ဒါကတော့ အကြမ်းဖက် ဝါဒကို အားပေးရာရောက်တယ်။ ဒါကိုတော့ လက်မခံဘူး။ ကန့်ကွက်တယ်” လို့ ဆိုပါတယ်။

မြန်မာတိုင်းမ် သတင်းဌာနအား စွပ်စွဲထားမှု

Ro Nay San Lwin အကောင့်ရှင် အနေနဲ့ ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး မြန်မာမီဒီယာတွေအပေါ် ဖိအားပေး ခြိမ်ခြောက်မှုတွေ လုပ်ခဲ့တဲ့အပြင် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရှေ့ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရပ်တည်ကြောင်း ငြိမ်းချမ်းစွာ ပြသခဲ့သူတွေကိုလည်း လူမျိုသုဉ်းသတ်ဖြတ်မှု အားပေးသူတွေအဖြစ် စွပ်စွဲ တိုက်ခိုက်ခဲ့ပြီး ထောက်ခံသူတွေရဲ့  ဓာတ်ပုံကို သူ့ရဲ့ လူမှုကွန်ရက်မှာ လွှင့်တင်ပြီး သရော်ခဲ့ပါတယ်။

ဒါ့အပြင် အငြင်းပွားဖွယ် အသုံးအနှုန်းနဲ့ ပတ်သက်လို့ ရုပ်သံအင်တာဗျူးတခုမှာ “ဘင်္ဂါလီ” လို့သုံးနှုန်းပြောဆိုခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama ကိုလည်း သူတို့ရဲ့ Twitter စာမျက်နှာပေါ်ကနေ ဝေဖန်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလို သူတို့ရဲ့ စွပ်စွဲတိုက်ခိုက်မှုကို ခံရသူတွေထဲမှာ မြန်မာနိုင်ငံရဲ့ တဦးတည်းသော ရဟန်းအမတ်ဖြစ်တဲ့ ကာဒီ နယ် ချားလ်စ်မောင်ဘိုလည်း မလွတ်မြောက်ခဲ့ပါဘူး။ ခရစ်စမတ် နှစ်သစ်ကူးပွဲတော်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အတူ ယှဉ်တွဲ လမ်းလျှောက်လာတဲ့ ကာဒီနယ် ချားလ်စ်မောင်ဘို ကိုလည်း နာဇီစစ်သားတွေနဲ့ ဘာသာရေးခေါင်းဆောင် တဦး အတူရှိနေတဲ့ ပုံနဲ့ ခိုင်းနှိုင်းကာ ဝေဖန်ပုတ်ခတ်ထားပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲထားမှု

Ro Nay San Lwin အကောင့်ရှင်လိုပဲ Maung Zarni နာမည်နဲ့ အကောင့်ရှင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေနဲ့ မီဒီယာတွေအပေါ်မှာ ပစ်မှတ်ထား စွပ်စွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတာ ကိုလည်း တွေ့ရပါတယ်။

Maung Zarni ဆိုသူဟာ ယခင် စစ်အစိုးရ လက်ထက် အမေရိကန် အချိုရည် ပက်ဆီကို သပိတ်မှောက်ရေးကန်ပိန်းကြောင့် လူသိများလာသူပါ။ နောက်ပိုင်း စစ်အစိုးရနဲ့ ပြန်ပူးပေါင်းခဲ့ပြီး မြန်မာ့ဒီမိုကရေစီအကူးအပြောင်းမှာ အထီးကျန်နေရာက  ရခိုင်ပြည်နယ် မြောက်ပိုင်းမှာနေထိုင်တဲ့ မွတ်စလင်အသိုင်း အဝိုင်းအရေး ပေါ်ပေါက်လာချိန်မှာ “ရိုဟင်ဂျာ” အရေး လှုပ်ရှားသူ အမည်ခံကာ မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်နေသူဖြစ်ပါတယ်။

သူတို့ ၂ ဦးက ရိုဟင်ဂျာလို့ လက်မခံ မခေါ်ဝေါ်သူတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုကို အားပေးသူတွေလို့ စွပ်စွဲပြောဆိုတတ်ကြပါတယ်။

သတင်းစာဆရာ ဦးမြင့်ကျော်က “Genocide supporters လို့ စွပ်စွဲတာတွေက ဆိုက်ဝါးလုပ်တဲ့ဟာတွေပေါ့။ တကယ် ဒီအရေးကို အမှန်တကယ် ယုံကြည်တယ်ဆိုရင် လုပ်ဆောင်သူတွေက မူဝါဒနဲ့ နည်းလမ်းတကျ လုပ်သင့်တာပေါ့။ ဒီလိုတွေ ပြောနေတာကတော့ ဘာမှအဆင့် မရှိတဲ့ဟာတွေလို့ပဲ ပြောချင်ပါတယ်။ နောက်တခုက ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်ကနေ ဖိအားပေးမယ်။ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တယ်ဆိုတာက တွန့်ဆုတ်သွားအောင် လုပ်တဲ့သဘောလို့ပဲ ထင်ပါတယ်” လို့ သုံးသပ်ပါတယ်။

မြန်မာအစိုးရက ICJ မှာ ရင်ဆိုင်ဖြေရှင်းနေချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရပ်တည်သူတွေအပေါ် ဂျီနိုဆိုက် ကျူးလွန်ကြောင်း တွန်းအားပေးနေ သူတွေက ဖိအားပေး တိုက်ခိုက်ခံနေရမှုတွေ ရှိနေတယ်လို့ ကလောမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် က ထောက်ပြပါတယ်။

“ဂျီဆိုဆိုက်ကို ကျူးလွန်ပါတယ်ဆိုပြီး စွပ်စွဲနေတဲ့သူတွေဘက်က သိပ်ပြီးတော့ ရန်လိုတယ်။ ရိုင်းတယ်။ ပုဂ္ဂိုလ်ရေးအရ ထိုးနှက်မှုတွေကို ပြောင်ပြောင်တင်းတင်းပဲ ဆိုရှယ်မီဒီယာတွေ။ press အင်တာဗျူးတွေမှာ ဖော်ပြလာတာတွေ့ရတယ်။ အရမ်းကို တဖက်သတ် ဆန်တယ်။ ပြင်းထန်တယ်။ လူ့ဂုဏ်သိက္ခာနဲ့မညီတဲ့ စော်ကားတာတွေ။ အထူးသဖြင့် ခြိမ်းခြောက်တာတွေ လုပ်လာတာတွေ့တယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ကို လူ့အခွင့်အရေးကို လေးစားလိုက်နာကြတဲ့ အဖွဲ့အစည်းတွေ။ အစိုးရတွေ။ လူပုဂ္ဂိုလ်တွေကနေ ဘာမှမပြောတာကလည်း အရမ်းပဲ ထူးခြားပါတယ်” လို့ ဒေါ်ပြုံးကေသီနိုင်က ရှင်းပြပါတယ်။

သူက “တကယ် လူ့အခွင့်အရေးကို လေးစားလိုက်နာကြတယ်ဆိုရင် ဒီလောက်အထိ ပြင်းပြင်းထန်ထန် တုန့်ပြန်စရာ အကြောင်းမရှိဘူး။ လူ့ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ခြိမ်းခြောက်တာ။ နှောက်ယှက်တာ။ လူသား အချင်းချင်း ရန်ဘက် ဖြစ်သွားအောင် အမုန်းစကားကို မျှဝေတာတွေ အားလုံးကို လူ့အခွင့်အရေး တကယ်ပဲ လေးစား လိုက်ကြ တယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ မလုပ်အပ်တဲ့အရာတွေဖြစ်တယ်” လို့ လည်း ပြောပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီးအား စွပ်စွဲထားမှု

Ro Nay San Lwin အကောင့်ပိုင်ရှင် အပါအဝင် ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတချို့ရဲ့ ဒီလိုစွပ်စွဲ တိုက်ခိုက်မှုဟာ လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့လာခဲ့ပြီး မတူညီတဲ့ အသိုင်းအဝိုင်းတွေ အကြေား သာမကဘဲ လူမှုကွန်ရက်သုံးတဲ့ မြန်မာတွေအကြားမှာ ဒေါသဆွပေးသလို ဖြစ်စေပါတယ်။

ဒီလုပ်ရပ်တွေဟာ ပုဂ္ဂိုလ်ရေးအရ ပြင်းထန်တဲ့ စွပ်စွဲချက်ဖြစ်သလို Facebook ကို အသုံးပြုပြီး အသရေဖျက်မှုကို ကျူးလွန်တာ၊ Cyberbullying လုပ်တာဖြစ်တယ်။ အမျိုးသားရေးဆရာတော် ဦးဝီရသူရဲ့ Facebook စာမျက်နှာ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ရဲ့ စာမျက်နှာတွေတုန်းက အရေးယူသလိုမျိုး ဘာကြောင့် မလုပ်တာလဲ စတဲ့ မေးခွန်းတွေ လူမှုကွန်ရက်သုံးစွဲသူ မြန်မာတွေဆီကနေ ထွက်လာနေပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတိုင်း ဂျီနိုဆိုက်ကို ထောက်ခံနေတာ မဟုတ်ဘူး၊ ဒါကိုပဲ လူတွေက ထောက်ခံနေပါဆိုပြီး လုပ်တာက တဖက်ကကြည့်ရင် အသရေဖျက်မှု မြောက်ပါတယ်၊ အကြမ်းဖက်မှုဖြစ်အောင် တွန်းအားပေးတဲ့ ဟာတွေ ပါလာရင် အမုန်းစကားတွေထဲမှာ အဆိုးဆုံး အခြေအနေပါပဲ၊ ဒါတွေအပေါ်မှာ တစုံတရာ အရေးယူ၊ တားဆီးတာတွေ လုပ်သင့်ပါတယ်” လို့ ပြောပါတယ်။

တကယ့် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာကမဟုတ်ဘဲ တိုင်းပြည်ပြင်ပကနေပြီး ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုနေသူတွေဟာ ဒီလို အခြေအနေမျိုးမှာ ထိလွယ် ရှလွယ်တဲ့ စွပ်စွဲချက်တွေနဲ့ မတူကွဲပြားတဲ့ အသိုင်းအဝိုင်း အကြား အမုန်းမီးစ ပွားစေမယ့် အသုံးအနှုန်းတွေနဲ့ တိုက်ခိုက်နေမှုတွေအပေါ် မြန်မာနိုင်ငံထဲမှာ နေထိုင်တဲ့ မွတ်ဆလင် အသိုင်းအဝိုင်း အကြားမှာလဲ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အနှုတ်သဘောဆောင်တဲ့ အမုန်းစကားတွေ၊ အမုန်းတရားတွေကို တွင်တွင် ကျယ်ကျယ် သုံးလာတာက ကောင်းတဲ့လက္ခဏာတော့ မဟုတ်တဲ့ အပြင် ပြောဆိုသူကိုယ်တိုင်ရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုးတွေကိုတော့ ကိုယ့်ကိုကိုယ် ထိန်းသိမ်းသင့်တယ်လို့လည်း အစ္စလာမ်ဘာသာဝင် တဦးဖြစ်တဲ့ ဦးထွန်းကြည် က ဆိုပါတယ်။

“လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးတွေကိုတော့ လေးစားလိုက်နာဖို့လိုလိမ့်မယ်။ အခုလို ပြောဆိုနေတာတွေက အဖြေမဟုတ်ဘူး၊ ပြဿနာကို ဖန်တီးနေတယ်လို့ပဲ ရှုမြင်သုံးသပ်တယ်၊ အဖြေကို အမှန်တကယ် ရှာဖွေမယ်ဆိုရင် ဒီလိုပြောဆိုနေတာတွေကို ရပ်တန်းက ရပ်သင့်ပြီ။ တရားရုံးရဲ့ အဆုံးအဖြတ်ကို စောင့်ပါ၊ တရားရုံးရဲ့ အဆုံးအဖြတ်က အဖြေပါပဲ။ တရားရုံးရဲ့ ကြားဖြတ်အမိန့်က ဘယ်ဆီနေမှန်း မသိသေးဘူး၊ အဲ့ဒီအပေါ်မှာ တိုက်ခိုက်တာ၊ ခြိမ်းခြောက်တာ၊ အမနာပ ပြောတာတွေကတော့ မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်နဲ့ စိတ်ဓာတ်လို့ပဲ သုံးသပ် မိပါတယ်” လို့ ဦးထွန်းကြည်က ပြောပါတယ်။

သတင်းစာဆရာ ဦးမြင့်ကျော်က “အွန်လိုင်းပေါ်က hate speech တွေက နှစ်ဖက်လုံးမှာရှိတယ်။ လူတိုင်းတော့မဟုတ်ဘူး။ အစွန်းရောက်တဲ့ သူတွေမှာရှိတယ်။ ဒီဟာမျိုးကို ဖယ်ရှာဖို့က ပလက်ဖောင်းပိုင်ရှင်တွေမှာတာဝန်ရှိတယ်” လို့ ထောက်ပြ ပါတယ်။

ရဟန်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘိုအား သရော်ထားမှု

အမုန်းမီးပွားနေတဲ့ ဒီလိုလှုံ့ဆော်မှု စွပ်စွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် အထောက် အထားတွေ ကို အမုန်းစကားဆိုင်ရာ စောင့်ကြည့်နေတဲ့ အဖွဲ့ အစည်းတွေကိုတော့ ဆက်သွယ် ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ Facebook တာဝန်ရှိသူတွေဘက်ကတော့ အမုန်းမီးပွားစေမယ့် စွပ်စွဲတိုက်ခိုက်မှု အထောက် အထားတွေ ပေးပို့ထားချက်တွေအပေါ် ဆွေးနွေးနေကြောင်း အကြောင်း ပြန်ခဲ့ပေမယ့် အရေးယူမှု အပိုင်းကိုတော့ ဒီနေ့အထိ မတွေ့ရသေးပါဘူး။

အလားတူ ဒီလိုစွပ်စွဲ၊ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအခြေစိုက် အမုန်းစကား စောင့်ကြည့်ရေး အဖွဲ့ တွေဖြစ်တဲ့ ဖန်တီးရာ (Phandeeyar) နဲ့ မီဒို (MIDO) တို့ထံ ဧရာဝတီက ဆက်သွယ်ကာ သဘောထား မှတ်ချက်ပေးဖို့ မေးမြန်းခဲ့ပေမယ့် ဖြေဆိုပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီလို အမုန်းစကား စွပ်စွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အနောက်တိုင်း သံတမန်တဦး က “ရိုဟင်ဂျာ ဒုက္ခသည်တွေကို စာနာနားလည်ပါတယ်။ ဒါပေမယ့် ဒီလို နှစ်ဘက် ထိခိုက်စေမယ့် အမုန်းစကားတွေနဲ့ တိုက်ခိုက်နေမှုတွေကိုတော့ သံရုံးတွေဘက်က စောင့်ကြည့်နေတာရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြစ်မှုကျူးလွန် သူတွေကို ဖုံးကွယ်ငြင်းဆန်နေတာ မဟုတ်ကြောင်းနဲ့ ဖြစ်ရပ်တွေဟာ လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက် မရှိတာကို ရပ်တည် ဖြေရှင်းခဲ့တာ ဖြစ်တယ်လို့လည်း ICJ အရေး ပြည်သူထံ အစီအရင်ခံရာမှာ ထုတ်ဖော်ပြောကြားထားပါတယ်။

“လက်နက်ကိုင် ပဋိပက္ခတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနိုင်တယ်၊ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးမှုနဲ့ စပ်လျဉ်းပြီး နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ သွေဖည်နိုင်တယ် ဆိုတဲ့ အချက်ကို အငြင်းမပွားခဲ့ပါဘူး၊ ဒါပေမယ့်လည်း ဒီလိုချိုးဖောက်မှုတွေကို လူမျိုးပြုန်းတီးမှုနဲ့ လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တယ်လို့ မသတ်မှတ်နိုင်ပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

You may also like these stories:

ရခိုင်အရေး ICOE ထုတ်ပြန်ချက် တပ်မတော်က စစ်တရားရုံးဖြင့် ဆက်လက် စုံစမ်းမည်

ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ

လူမျိုးသုဉ်းသတ်ဖြတ်မှုကို ပယ်ချရန် ICJ တွင် ဒေါ်အောင်ဆန်းစုကြည် လျှောက်ထား

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း နိုင်ငံအနှံ့ ထောက်ခံပွဲများပြုလုပ်

The post မြန်မာမီဒီယာတွေကို ခြိမ်းခြောက်နေတဲ့ “ရိုဟင်ဂျာ”လော်ဘီများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...