မနီလာ အရှေ့ဘက် ၁၆ ကီလိုမီတာခန့် အကွာ Rizal ပြည်နယ်မှ အသက် ၄၆ နှစ် အရွယ် ပြုပြင်ထိန်းသိမ်းရေးလုပ်သား Adriano O Mantiel က ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် သူ၏ မိုဘိုင်းဖုန်းမျက်နှာပြင်မှ ပြာများကို သုတ်ပစ်လိုက်ပြီးသည့်နောက် တစုံတရာ မှားယွင်းနေသည်ကို သိခဲ့သည်။
“မိုးလို့ထင်ခဲ့တယ်။ ဒါပေမယ့် အဲဒါ ဖြစ်လာတဲ့အခါ ကျနော့်ရဲ့ ဓာတ်မတည့်တတ်တဲ့ ရောဂါက ချက်ချင်းတုံ့ပြန်လာတယ်။ ကျနော် စပြီးတော့ နှာချေလာတယ်။ မျက်စိတွေက အရမ်းနီလာပြီးတော့ အသက်ရှူရတာ ခက်ခဲလာပါတယ်” ဟု သူက Ceritalah အဖွဲ့ကို ပြောသည်။
ထိုအဖြစ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်က မနီလာ၏တောင်ဘက်ကီလိုမီတာ ၇၀ အကွာ Batangas ပြည်နယ်ရှိ Taal မီးတောင် ပေါက်ကွဲမှု ဖြစ်ပါသည်။ အနှစ် ၄၀ ကျော်အတွင်း ၎င်း၏ ပထမဆုံးသော ငလျင်ဆိုင်ရာလှုပ်ရှားမှုလည်း ဖြစ်သည်။
Taal ပေါက်ကွဲမှုမြင်ကွင်းနှင့် ထိတ်လန့်ဖွယ်ရာ ပြာမှုန့်များ ကောင်းကင်သို့ ကြီးမားစွာ အလိပ်လိုက် လွင့်တက်သွားခြင်းကို မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းများနှင့်အတူ ကမာ္ဘအနှံ့ လူမှုမီဒီယာများတွင် မိနစ်ပိုင်းအတွင်း မြင်တွေ့ခဲ့ကြရသည်။

လေယာဉ် အဝင်အထွက်များကို လမ်းကြောင်းပြောင်းလိုက်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့သောကြောင့် ချက်ချင်း ဖိလစ်ပိုင်နိုင်ငံ Luzon (မနီလာနှင့် Taal နှစ်ခုလုံးတည်ရှိသောနေရာ) ကျွန်းတွင် အားလုံးနီးပါး ငြိမ်သက်ရပ်တန့် သွားရသည်။ စတော့အိတ်ချိန်းပိတ်သွားပြီး စီးပွားရေးလုပ်ငန်းများလည်း ရပ်ဆိုင်း လိုက်ရသည်။ လူဦးရေ ၂၄ သန်းရှိသော မက်ထရိုမနီလာတခုလုံးက အဆိုးရွားဆုံးကို မျှော်လင့်ပြီး ၎င်း၏ အသက်ရှုမှုကို ရပ်တန့်ကာ ငြိမ်သက်သွားသည့် အလားပင်။
မှန်ပါသည်။ မီးတောင်နှင့်အနီးဆုံးတွင် နေထိုင်သူများက အကြောက်ရွံ့့ဆုံး အစိုးရိမ်ဆုံးသူများ ဖြစ်ပါသည်။ ဖိလစ်ပိုင် မြောက်ပိုင်းမှ နေ၍ Sulawesi နှင့် Maluku တို့ကို ဖြတ်သန်း၍ အနောက်ဘက် အစွန်းဆုံးရှိ ဂျာဗားနှင့် ဆူမာတြားအထိ ရောက်သော အရှေ့တောင်အာရှ၏ မီးကွင်း “Ring of Fire” တွင် Taal မီးတောင်က အဆန်းကြယ်ဆုံးပင် ဖြစ်နိုင်ပါသည်။
အလွန်သေးငယ်သော Taal မီးတောင်က မယုံနိုင်စရာကောင်းလောက်အောင် လှပသော တောင်ထိပ်ဝ ရေကန်တခု၏ အလယ်မှ ကျွန်းလေးတကျွန်းပေါ်တွင် တည်ရှိသည်။ ရေကန်တဝိုက်ပတ်လည်တွင် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ချမ်းသာကြွယ်ဝသော မနီလာမြို့ကြီးသားများ အတွက် ကစားကွင်းအဖြစ် အသွင်ပြောင်းသွားခဲ့သည့် Tagatay ကဲ့သို့ သော မြို့ငယ်လေး များနှင့် ပြည့်နှက်နေပြီး (ဘီလျံနာများ နေ့လည်စာအတွက် ရဟတ်ယာဉ်ဖြင့် လာရောက်နိုင်သည့်) လူဂုဏ်တန် စားသောက်ဆိုင် Antonio’s နှင့် ကျေးလက်ဆန်သည့် အရက်ဆိုင်ငယ် Sonya’s Garden တို့က လမ်းတလျှောက်တွင် ရှိနေကြသည်။

သို့သော်လည်း ဇန်နဝါရီ ၁၂ ရက်တွင် အရာရာတိုင်းက ပြောင်းလဲသွားခဲ့သည်။ မီးတောင်နှင့် နီးသည့် ဒေသခံ အသိုင်းအဝိုင်းများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရန် အာဏာပိုင်များက အသည်းအသန် လုပ်ဆောင်ခဲ့ကြသည့်အတွက် အဖြစ်အပျက်များက ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ရသည်။ ဆိုင် ၂ ဆိုင်လုံး ပိတ်ပစ်ခဲ့ရသည်။ လေးရက်အတွင်း လူ ၈၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ကြိုတင် သတိပေးချက်မရှိခဲ့ဟု ယူဆ၍ မရပါ။ မီးတောင်ငလျင်များကြောင့် ၂၀၁၉ ခုနှစ် မတ်လမှစတင်၍ Taal က အဆင့် ၁ သတိပေးချက် တခုအဖြစ် ရှိနေခဲ့သည်။ ထို့ပြင် မီးတောင်က ရာစုနှစ်များစွာအတွင်း အလွန်တက်ကြွစွာ လှုပ်ရှားနေခဲ့သည်။ ၎င်း၏ သမိုင်းတလျှောက်တွင် မီးတောင်ပေါက်ကွဲမှု ၃၄ ကြိမ် ကျော် ရှိခဲ့သည်။
သို့သော်လည်း ပြည်သူများက ထိုနေရာတွင် နေထိုင် သို့မဟုတ် သွားရောက်လည်ပတ်ရန် ရွေးချယ်နေကြဆဲ ဖြစ်သည်။ ၂၀၁၈ အနီးအနားရှိ Talisay မြို့ တခုတည်းမှာပင် ဧည့်သည် ၆၀၀၀၀၀ နီးပါး လက်ခံခဲ့ရသည်။
“မီးကွင်း” ပြင်ပ (အရှေ့တောင်အာရှ ပင်မကုန်းမြေနှင့် ဘော်နီယိုကျွန်း) တွင် နေထိုင်ကြသော ကျနော်တို့ အတွက် မီးတောင်များက ဝန်းရံထားပြီး ငလျင်များ၊ ဆူနာမီများနှင့် မြေသား ပျော်ဝင်မှု (soil liquefaction ) များပင်လျှင် ဖြစ်နိုင်ချေ ရှိသည့် အန္တရာယ် ဖြစ်လုလု အခြေအနေတွင် နေထိုင်ရသည့် ဘဝကို စိတ်ကူးကြည့်ဖို့ပင် ခဲယဉ်းပါသည်။ အနီးဆုံး သက်သေ အထောက်အထား အနေဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလက Palu ဆူနာမီတွင် မြေပြင် ကိုယ်တိုင်က ၎င်း၏ စွမ်းအားနှင့် တုန့်ပြန်နိုင်မှုများ ပျောက်ဆုံးသွားပြီး ရွှံ့ပင်လယ်ပြင်ထဲသို့ လုံးလုံးလျားလျား ပျော်ဝင်သွားခဲ့ရသည်။
မလေးရှားနှင့် ထိုင်း နိုင်ငံသားများအတွက် ထိုကဲ့သို့သော သဘောတရားမျိုးက မှန်းဆ ကြည့်၍ မရနိုင်စရာ ဖြစ်သည်။ ကျနော်တို့က မြေကြီးကို အာမခံချက်တခုအဖြစ် ယူဆနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျနော်တို့ အတွက် ကမာ္ဘ မြေကြီးကိုယ်တိုင်က ပြောင်းလဲ၍မရသော၊ မပြောင်းလဲနိုင်သော အရာ ဖြစ်သောကြောင့်ပင်။
သို့သော်လည်း ရှူရှိုက်မိပါက အန္တရာယ်ရှိသည့် ပြာများက ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာပါသည်။ မြေဆီလွှာအတွက် နောက်ပိုင်းတွင် ကောက်ပဲသီးနှံများ မြောက်များစွာ ရိတ်သိမ်းယူနိုင်ရေးကို ဖြစ်စေမည့် အာဟာရများ ပြည့်ဝစေသောကြောင့် ဖြစ်သည်။
ပေါက်ကွဲမှုကို တီဗီမှ စောင့်ကြည့်နေခဲ့သည့် Adriano မှာ မီးတောင်နှင့် ၈၄ ကီလိုမီတာ အကွာအဝေးတွင် ရှိသည့်တိုင် သူ၏ ရပ်ကွက်ထဲတွင် ပြာများ မည်မျှထူထပ်သည်ကို မြင်တွေ့ရသည့်အခါ အံ့အားသင့်ခဲ့ရသည်။
သူက သူ့ဇနီးကို မျက်နှာဖုံးများ ဝယ်ခိုင်းခဲ့သည်။ “ ဒါပေမယ့် ဝိသမ လောဘသမားတွေ ဈေးကွက်ထဲကို ဝင်လာတာနဲ့ အတူ စတိုးဆိုင် တော်တော်များများမှာ ပစ္စည်းတွေ ပြတ်သွားတယ်။”
အခြေအနေက ပို၍ပင် ဆိုးလာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့်ငလျင်ပညာဌာန (PHIVOLCS) က အဆင့် ၄ သတိပေးချက် ထုတ်ပြန်ထားပြီး နောက်ထပ် အန္တရာယ်ရှိသော မီးတောင်ပေါက်ကွဲမှု တခု ဖြစ်နိုင်ချေရှိကြောင်း ပြောကြားခဲ့သည်။
သမိုင်း အထောက်အထား အချက်အလက်များပေါ် အခြေခံ၍ကြည့်လျှင် အဆိုးဆုံးဖြစ်နိုင်သည့် အခြေအနေက ၁ ခုပင် မဟုတ်ဘဲ ၂ ခုရှိနေသည်။ ပထမ တခုမှာ ရက်အနည်းငယ်အတွင်း နောက်ထပ် ပေါက်ကွဲမှုတခု ဖြစ်နိုင်ချေနှင့် အခြား တခုမှာ မီးတောင်ပေါက်ကွဲမှုက ရက်သတ္တပတ်နှင့် ချီ၍ ကြာမြင့်နိုင်ချေဖြစ်သည်။ ထို့ပြင် နောက်ထပ် ငလျင်နှင့် ဆူနာမီ များ ပေါ်ပေါက်နိုင်သည့် အလားအလာကလည်း အပြည့်အဝ ရှိနေသည်။
နောက် လာမည့် နေ့များသည် မီးတောင်ပေါက်ကွဲမှု ပိုမိုပြင်းထန်လာမည်လား သို့မဟုတ် ရပ်တန့်သွားမည်လား ဆိုသည် ကို ရင်တမမ စောင့်ကြည့်နေရမည့် ကာလတခု ဖြစ်ပါသည်။
Adriano က ပြီးခဲ့သည့် ပေါက်ကွဲမှုတခုကိုလည်း ဖြတ်သန်းနေထိုင်ခဲ့ပြီး ဖြစ်သည်။ ၁၉၉၁ ခုနှစ်က Pinatubo မီးတောင် ပေါက်ကွဲမှု ဖြစ်သည်။ ၎င်းက မည်မျှအထိ ထိခိုက်ပျက်စီးစေခဲ့သည်ကို သူက ထင်ထင်ရှားရှား အမှတ်ရနေသည်။ မီးတောင်မှ စီးကျလာသော ရွှံ့ရည်များ (ကျောက်တုံး အပိုင်းအစများနှင့် ရေများ ရောနှောပါဝင်သည့် ရွှံ့နွံများ) က ကျေးရွာများကို မည်သို့ နစ်မြုပ်စေခဲ့ပုံကို သူမှတ်မိနေဆဲ ဖြစ်သည်။ ထိုအချိန်က ကီလိုမီတာ ၁၁၂၀ ကီလိုမီတာခန့် အကွာရှိ မလေးရှားနိုင်ငံ Kota Kinabalu မြို့တွင်ပင် ကားရှေ့မှန်ပေါ်မှ ပြာများကို သုတ်ပစ်နေခဲ့ရသည်ကို ကျနော်ကိုယ်တိုင် အမှတ်ရနေဆဲ ဖြစ်သည်။
Adriano က Pinatubo နှင့် သူ၏အတွေ့အကြုံများကြောင့် စိတ်ထိခိုက်နေရဆဲ ဖြစ်ပါသည်။ “ပြာတွေ ကျတာက နည်းနည်း ကျဆင်းသွားပေမယ့် မလုံခြုံဘူးလို့ ခံစားနေရတုန်းပဲ။ ကျနော့် ကလေးတွေကို ကျောင်းပြန်သွားခွင့်မပေးတော့ဘူ
သို့သော်လည်း နေအိမ်စွန့်ခွာ၍ တိမ်းရှောင်လာခဲ့ရသူ အများစုက ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားနိုင်ရန် အလွန်အတရာ မျှော်လင့်နေကြသည်။
Adriano ကလည်း သူတို့ကို စာနာ နားလည်သည်။ သူတို့ အနေဖြင့် ခိုလှုံရန် နေရာများတွင် ကာလရှည် စောင့်ဆိုင်းနေရန် မတတ်နိုင်ကြဘဲ အာဏာပိုင်များကလည်း သူတို့ကို တားဆီးရေး လုပ်နိုင်သည့်အရာ အနည်းငယ်သာ ရှိပါသည်။
“ကျနော် နားလည်တယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့လိုချင်တာက ပြန်သွားပြီးတော့ သူတို့ မွေးမြူထားတဲ့ တိရိစာ္ဆန်တွေကို ကယ်တင်ဖို့ပဲ။ အဲဒါက သူတို့ အသက်မွေးဝမ်းကျောင်းအတွက် တခုတည်းသော လုပ်စရာ နည်းလမ်းပဲ။ တကယ်လို့ ကျနော်လည်း သူတို့နေရာမှာဆိုရင် တတ်နိုင်သမျှ အားလုံးကို ကယ်တင်ဖို့ ကြိုးစားမှာပဲ။”

အမြောက်အများ ပျက်စီးသေဆုံးရသည့် အချိန်တွင် ဒေသတွင်းမှ အဆောက်အဦး တခုက ဒေသခံ ပြည်သူလူထုနှင့် ဖိလစ်ပိုင် နိုင်ငံတခုလုံး၏ ခံနိုင်ရည်နှင့် ပြန်လည်ရပ်တည်ရေး ရုန်းကန်မှုကို ကိုယ်စားပြုသော အရာဖြစ်လာသည်။
၁၅၇၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော Minor Basilica of Saint Martin of Tours (သို့ မဟုတ် Taal Basicilia ဟု အလွယ်ခေါ်ကြသည်) က ဖိလစ်ပိုင်နှင့် အာရှ တွင် အကြီးဆုံး ခရစ်ယန်ဘုရားကျောင်းဖြစ်ပြီး အရှည် ၈၈.၆ မီတာနှင့် အကျယ် ၄၈ မီတာရှိသည်။
အစပိုင်းက Taal ရေကန်အနီးတွင် တည်ဆောက်ထားခဲ့ပြီး ၁၇၅၄ ခုနှစ်တွင် ထိုအချိန်က အကြီးဆုံးအဖြစ် မှတ်တမ်းဝင်သော မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရသည်။
ထို့နောက် Balayan ပင်လယ်အော်နှင့် မျက်နှာချင်းဆိုင်ရှိ မြင့်မားသော တောင်ကုန်းတခု ပေါ်တွင် ပြန်လည် တည်ဆောက်ခဲ့သော်လည်း ၁၈၅၂ နှင့် ၁၉၄၂ ခုနှစ်များတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီး ခဲ့ရသည်။ ၁၉၅၃ ခုနှစ် ရောက်မှ ပြန်လည် တည်ထောင်နိုင်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် နောက်တကြိမ်ပြန်လည် ပြုပြင်ခဲ့ရသည်။
လှပသော ဤဘုရားကျောင်းကြီးက နောက်ဆုံးပေါ်ပေါက်လာသည့် ကပ်ဘေးမှ လွတ်မြောက်လ်ိ့မ်မည်ဟု မျှော်လင့်ပါသည်။
သို့သော်လည်း အပျက်အစီးတစုံတရာ ရှိခဲ့ပါက မည်သည့်ပျက်စီးမှုကို မဆို ပြန်လည်ပြုပြင်လိမ့်မည် ဆိုသည်မှာ သံသယရှိစရာ မလိုပါ။ Taal မီးတောင် ဝန်းကျင်မှ ဘဝများသည်လည်း ရှေ့ဆက်၍ သွားကြပါလိမ့်မည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
You may also like these stories:
တောင်တရုတ်ပင်လယ်တွင် ရှီကျင့်ဖျင် အနိုင်ကျင့်နေသည်
The post မီးတောင်ကို ကျော်၍ ပြာပူများကို ဖြတ်သန်းခြင်း appeared first on ဧရာဝတီ.