တရုတ်–မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းရှိ ဂိုဒေါင်များထဲတွင် မြန်မာ့ ဆန်၊ သကြား နှင့် ပြောင်း အိတ်ရေ သိန်းနှင့် ချီ၍ တရုတ်ကို မတင်ပို့နိုင်ဘဲ သောင်တင်နေသည်မှာ ၁ နှစ်ခန့် ရှိနေပြီဖြစ်သည်။
အကြောင်းအရင်းမှာ တရုတ်အစိုးရ၏ တရားမဝင် ကုန်သွယ်မှု တားဆီးနှိမ်နင်းရေးကို ယူနန်ပြည်နယ် အစိုးရက ပြီးခဲ့သည့်နှစ် ဧပြီလမှ စတင်ကာ တင်းတင်း ကြပ်ကြပ် ဆောင်ရွက်နေခြင်းကြောင့် ဖြစ်သည်။
ထိုသို့ ယူနန် အစိုးရမှ ကုန်သွယ်ရေး တင်းကြပ်မှုကြောင့် မူဆယ် နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ အနယ်နယ် အရပ် ရပ်မှ လာရောက် စီးပွားရေး လုပ်ကိုင်သော ကုန်သည်၊ ပွဲစားများက အရှုံးနှင့် ရင်ဆိုင်၍ နေရပ် ပြန်ခဲ့ရသူများပင် ရှိနေသည်။
မူဆယ်နယ်စပ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်း က “ပြီးခဲ့တဲ့နှစ်က ဆိုရင် ၂ ရက်၊ ၃ ရက်လောက်ဖွင့်။ ကုန်ပစ္စည်းက ဝင်သွားရင် အဲဒီ အချိန်မှာ ဝုန်းဆို ဖမ်းလိုက်ပြန်ပြီ။ အဲဒီတော့ ပစ္စည်းတွေက ပါသွားပြန်ရော။ စီးပွားရေး လုပ်စားလို့ မရသ လောက်ကို ဖြစ်သွားတာ။ ဒီလို လုပ်လို့ လုပ်ငန်းရပ်ပြီး စီးပွားရေး ပျက်သွားတဲ့ သူတွေ အများကြီးပဲ။ မူဆယ်ဆိုတာက နယ်ပေါင်းစုံက လာလုပ်တဲ့ သူတွေ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းက စီးပွားပျက်ပြီး ပြန်ကုန်တယ်” ဟု ဧရာဝတီ သို့ ပြောသည်။
တရုတ်– မြန်မာ နယ်စပ်ရှိ မူဆယ် နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှ တင်ပို့သည့် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ သကြား အစ ရှိသည်တို့က တရားဝင် ကုန်သွယ်မှုအနေဖြင့် သွားသော်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရောက်လျှင် တရားမဝင် ကုန်သွယ်မှု ဖြစ်သောကြောင့် တဖက် နိုင်ငံ၏ လိုသလို ခြယ်လှယ်မှု ခံနေရသည်ဟုလည်း ကုန်သည်များက ပြောဆိုမှုများ ရှိနေသည်။
ထိုကြောင့်လည်း ယခု ဇန်နဝါရီလ ၁၇ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်နိုင်ငံ သမ္မတ ရှီးကျင့်ဖျင်ခရီး စဉ်တွင် နှစ်နိုင်ငံ အစိုးရချင်း ဆွေးနွေးကြမည့် အချက်များ ထဲတွင် နယ်စပ် ကုန်သွယ်ရေးကိုလည်း ထည့်သွင်း ဆွေနွေး စေချင်ကြောင်းလည်း ကုန်သည်များက ဆိုသည်။
ထိုသို့ ဆွေးနွေးပြီး ကုန်သွယ်ရေးကဏ္ဍတွင် အဆင်ပြေချောမွေ့လာစေရေးမှာ ကုန်သည်များ၏ မျှော်လင့်ချက် ဖြစ်နေသည်။
သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်တွင် နယ်စပ်စီးပွားရေးဇုန်အတွက် MOU တခုနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ၏ Concessional Agreement (ရင်းနှီးမြှုပ်နံှမှု ဆိုင်ရာ သဘောတူညီချက်) တခုကို စီးပွားရေးနှင့် ကူူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ ရေးထိုးနိုင်ရန် ပြင်ဆင်နေသည်ဟု ယင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောသည်။
၎င်းက “စီးပွားကူးသန်းနဲ့ နှစ်ခုက ထိုးဖို့က ပြင်ဆင်နေတဲ့ အနေအထား ဖြစ်တယ်။ ထိုးမယ်လို့ ပြောတာ မဟုတ်ဘူး။ လောလောဆယ်မှာတော့ အသေးစိတ် အချက်အလက်ကို ပြောလို့ မရသေးဘူး။ ကျန်တဲ့ ဝန်ကြီးဌာနတွေ ထိုးဖို့လည်း ရှိတယ်” ဟု ရှင်းပြသည်။
လက်ရှိတွင် တရုတ်နိုင်ငံက မြန်မာအတွက် အကန့်အသတ်များစွာ ပြုလုပ်ထားပြီး အရေအတွက် နည်းပါးသည်ဟု ဆိုရမည့် ဘိန်းအစားထိုး သွင်းကုန်ပါမစ်ဖြင့် ဆန်၊ သကြား အပါအဝင် စိုက်ပျိုးရေးထွက်ကုန်များကို တင်ပို့ခွင့်ပြုထားသည်။
သို့သော် ယင်းပါမစ်မှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်မှ စတင်၍ သက်တမ်း ကုန်နေသဖြင့် လက်ရှိ မူနယ်စပ် ကုန်သွယ်မှုမှာ ရပ်တန့်သလောက် ဖြစ်နေသည်ဟု သိရသည်။

ပါမစ်ခွဲတမ်း မပေးထားသော ကုန်ပစ္စည်း အမယ်များကို ယူနန်ပြည်နယ်သို့ တင်သွင်းမည်ဆိုပါကလည်း အခွန်စည်းကြပ် မှုက မြင့်မားသည်။
တရုတ်–မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် အကြောင်း တစုံတရာ ဖြစ်ပေါ်ပါက ကုန်သည်များ၏ ငွေကြေး ဆုံးရှုံး ထိခိုက်မှု များအပြင် ဈေးနှုန်း ထိုးကျသွားခြင်းများကြောင့်လည်း စိုက်ပျိုးရေး တောင်သူများအထိ နစ်နာမှုများနှင့် ကြုံတွေ့နေရသည်။
ယင်းအခြေအနေများကြောင့် မြန်မာပြည်၏ တရုတ်သမ္မတ ခရီးစဉ်တွင် နယ်စပ် ကုန်သည်များနှင့် တောင်သူများက နယ်စပ်ကုန်သွယ်ရေးတွင် ထူးခြားသည့် အပြောင်းအလဲများ ရှိလာမည်ဟုလည်း မျှော်လင့်နေကြသည်။
နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဦး က “စီးပွားကူးသန်းက MOU ထိုးမယ့် နှစ်ခုထဲမှာ ကျနော်တို့ ဆီက နွားတို့ ကျွဲတို့ တရားဝင် ရောင်းလို့ရရင် ယေဘုယျအားဖြင့် ကောင်းကျိုးဘက်ကို ဦးတည်တယ်။ ကုန်သွယ်ရေး မှာတော့ ဆက်ပြီး ဆွေးနွေးစရာတွေရှိတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ဆန်ကွဲ နဲ့ပတ်သက်လို့တော့ MOU ရေးထိုးဖို့ ညိုနှိုင်းနေတာကြာပြီ။ အစိုးရချင်း ချိတ်ဆက် ဆောင်ရွက်တဲ့အခါ နည်းနည်း ကြာတတ်တဲ့ သဘောလေးတော့ ရှိပေမယ့် ၁၀ လလောက် ကြာတယ်ဆိုတာတော့ ပုံမှန်ဖြစ်တာထက် နည်းနည်းလောက် ပိုကြာတဲ့ သဘောရှိတယ်” ဟု ထောက်ပြသည်။
လက်ရှိ ခွဲတမ်းစနစ်ဖြင့်သာ မြန်မာ့ လယ်ယာထွက်ကုန်များကို တရုတ်က ဝယ်ယူခြင်းမှာ စိုက်ပျိုးရေး နိုင်ငံဖြစ်သည့် မြန်မာ့ အတွက် အခက်အခဲ ရှိသည့် အနေအထားလည်း ဖြစ်သဖြင့် ယခုကဲ့သို့ တရုတ်သမ္မတ ခရီးစဉ်တွင် ဆန်ကွဲ လွတ်လပ်စွာ တင်ပို့ခွင့် MOU ရေးထိုးနိုင်မည် ဆိုလျှင် စီးပွားရေးအရ အနည်းငယ် တွန်းအားပေးသည့် အခြေအနေတခု ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
မူဆယ် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းသည် တရုတ်–မြန်မာ စီးပွားရေးစင်္ကြ ံစီမံကိန်း (CMEC) များထဲမှ တခု ဖြစ် သည့် တရုတ် ယူနန်ပြည်နယ် ကူမင်းမြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူ ရထားလမ်း စီမံကိန်းတွင် အရေးပါသည့် နေရာတွင် ရှိနေသည်။
မူဆယ်နယ်စပ်မှ သကြားကုန်သည် ဦးဝင်းဌေး က “တရုတ်ရဲ့ စီမံကိန်းတွေမှာ ဒီနေရာက (မူဆယ်) အဓိက ပါဝင်နေတော့ ဒီအပေါ်မှာ ဖြေလျှော့မှုတွေ ပါဝင်လာမယ် မျှော်လင့်တယ်” ဟု ဆိုသည်။
တည်ငြိမ်သည့် ဈေးကွက် တခုအထိ ပြောင်းလဲ လာမည်ကိုမူ အချိန်တခု စောင့်ရအုန်းမည်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
ယင်းသို့ ဈေးကွက်က ခိုင်မာမှု မရှိသည့်အတွက် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များကို ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့် ထုတ်ကုန် အဖြစ် အဆင့်သို့ ပြောင်းလဲရန် ရင်းနှီးမြှုပ်နှံသူများက မဝင့်မရဲ ဖြစ်နေကြသည်။
သကြား ၁ တန်လျှင် ကျပ် ၆ သိန်းခွဲ ၇ သိန်း နီးပါး အထိ ဈေးကျ ဆင်းခဲ့ပြီး ယင်းနှုန်းထားသည် ငွေပြန်ပေါ်ရန်အတွက် အရှုံးခံ ရောင်းချသည့် ဈေးနှုန်းဖြစ်သည်ဟု ဦးဝင်းဋ္ဌေးက ပြောသည်။ ယခင်က သကြား တတန်လျှင် ကျပ် ၁၀ သိန်းမှ ၁၂ သိန်း ဝန်းကျင်အထိ ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် နှစ်အတွင်းက သကြား အိတ်ရေပေါင်း ၁၀ သိန်းကျော် အထိ ပိတ်မိခဲ့ပြီး လက်ရှိတွင်လည်း မူဆယ် ဂိုဒေါင် များ ထဲတွင် သကြား အိတ်ရေ ၄ သိန်းမှ ၅ သိန်း အထိ ရှိနေကြောင်း သကြားကုန်သည် ဦးမင်းသိန်းက ပြောသည်။

၎င်းက “နယ်စပ်ဒေသမှာ ဆိုရင် စီးပွားရေးကို တဘက်က ဖိထားတယ် ခေါ်ရမှာပေါ့။ အဲဒီအတွက် ကျနော်တို့ လုပ်ငန်းရှင်တွေ ကတော့ ညီညီမျှမျှလေး ဖြစ်စေချင်တယ်။ ဒါကို တာဝန်ရှိသူတွေ အနေနဲ့ ဒီခရီးစဉ်မှာ ဆွေးနွေးပေးချင်တယ်။ အခုက အင်အားကြီး နိုင်ငံတခုကို မှီခိုနေတာဆိုတော့ အသာစီးယူမှုကို ခံနေရတယ်။ သာတူညီမျှတဲ့ စီးပွားရေး ကုန်သွယ်ဘက် မျိုးဆိုရင် ပိုပြီးတော့ ကောင်းမှာပါ”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်၍ တရုတ်– မြန်မာကုန်သွယ်ရေးမှာ စတင် ဆိုးရွားလာခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလ နောက်ပိုင်း တွင် ပို၍ ဆိုးလာခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ယခုအချိန်တွင် သကြားနှင့် ပြောင်းမှာ တရုတ်ဘက်မှ အဖမ်းအဆီး ရှိနေသောကြောင့် တင်ပို့မရသကဲ့သို့ ဆန်နှင့် ဆန်ကွဲ မှာလည်း ၎င်းတို့ နိုင်ငံက ထုတ်ပေးထားသည့် ပါမစ် သက်တမ်းကုန်နေသည့် အတွက် တင်ပို့နိုင်ခြင်း မရှိခြင်းက မြန်မာလုပ်ငန်းရှင်များကို များစွာ နစ်နာစေသည်။
တရုတ်နှစ်သစ်ကူး ကာလမှာလည်း နီးလာပြီ ဖြစ်ရာ လာမည့် ဖေဖော်ဝါရီလမှသာ ကုန်သွယ်မှု ပြန်လည် ကောင်းမွန်နိုင် မည်ဟု မျှော်လင့်ရကြောင်း ကုန်သည်များထံမှ သိရသည်။
ထို့အပြင် ယခု ခရီးစဉ်တွင် ဆန်ကွဲနှင့် ပတ်သက်၍ လွတ်လပ်စွာ တင်ပို့ခွင့် MOU ရေးထိုးမည် ဆိုသော်လည်း မသေချာ သေးဘဲ ကြားရသည့် အဆင့်သာ ရှိသေးကြောင့် လက်တွေ့ပေး၊ မပေးကို မသိရသေးကြောင်း ကုန်သည်များက ပြောသည်။
အဆိုပါ ဆန်ကွဲ လွတ်လပ်စွာ တင်ပို့မှု MOU ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရေးထိုးရန် ပြင်ဆင် နေကြောင်း ယင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောသည်။
“ကျနော်တို့ ဝန်ကြီးဌာန အနေနဲ့ ဘယ်နှစ်ခုလောက် ထိုးမယ်တော့ ပြောလို့ မရသေးပါဘူး။ တချို့ကိစ္စတွေက ဆောင် ရွက်ဆဲ ဆိုတော့ မီချင်မှလည်း မီမှာဖြစ်တယ်။ ဆန်ကွဲနဲ့ ပတ်သက်ပြီး MOU ရေးထိုးဖို့ လုပ်ဆောင်နေတာ ၂ နှစ် လောက် တော့ ရှိပြီဆိုတော့ ဒီဟာက ရေးထိုးနိုင်ဖို့ များပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဓိကအားဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၌ အရောင်းအဝယ် ပြုလုပ်ရာတွင် MOU ရေးထိုးထားခြင်း အားဖြင့် ကုန် သွယ်မှု ပို၍ လွယ်ကူချောမွေ့လာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စာချုပ်ပါ အချက်အလက်များကို အသေးစိတ် ပြောဆို၍ မရသေးကြောင်းလည်း ၎င်းက ဆိုသည်။
ယခု တရုတ် သမ္မတ ခရီးစဉ်အတွင်း နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု MOU များ ရေးထိုးမည် ဆိုသော် လည်း ရေထွက်ကုန်များ ပါဝင်ခြင်း မရှိသေးသည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အကြံပေး ဒေါ်တိုးနန္ဒာတင်က ပြော သည်။
၎င်းက “အခုလို သမ္မတခရီးစဉ်မှာ ကိုယ့်ဘက်က လိုအပ်ချက်တွေပေါ့ အရည်အသွေး စံချိန်စံညွှန်း သတ်မှတ်ချက်လို ကိစ္စမျိုးကို အပြီးသတ် လုပ်ဆောင်သင့်တယ်။ ရေထွက်ကုန် ဆိုရင် တရားဝင် ဆွေးနွေး ထားရတာ မရှိဘူး အခုက ဆန်းစပါးလုပ်တဲ့ ဟာတွေကို လိုက်ကြည့်ပြီး လုပ်နေကြတယ်” ဟု ဆိုသည်။
မြန်မာအစိုးရ အနေဖြင့် ကုန်ပစ္စည်း အမျိုးအစား တခုချင်းစီအလိုက် တရားဝင်တင်ပို့နိုင်ရေးကို လုပ်ဆောင်နေခြင်းထက် ကုန်သွယ်ရေး တခုလုံးကို တရားဝင် လုပ်ဆောင်နိုင်မည့် မူဘောင် သဘောတူညီချက်များကို ရရှိရန် လုပ်ဆောင် သင့်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်း က “အခု ခရီးစဉ်မှာ ကျနော်တို့က ဘာရနိုင်မလဲဆိုတာ ကျနော်တို့ဆီက လူကြီးတွေအပေါ် မူတည်တာပေ့ါ သူတို့ ဘာတောင်းမလဲပေါ့” ဟု ဆိုသည်။
တဖက်သတ် ဖြစ်နေသည့် တရုတ်– မြန်မာ နယ်စပ်ကုန်သွယ်ရေးကို တရားဝင် ပုံမှန်လမ်းကြောင်း အဖြစ် ပြောင်းလဲဆော င်ရွက်နိုင်မည် ဆိုပါက မြန်မာ့ပို့ကုန် ကဏ္ဍအတွက် များစွာ တိုးတက်လာမည် ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ယင်းအပြင် တရုတ်နိုင်ငံ၏ သဘာဝအရလည်း နိုင်ငံတော် အကြီးအကဲများ အနေဖြင့် ကဏ္ဍပေါင်းစုံကို ဆွေးနွေးလေ့လာ ထားမှုများ ရှိနေသဖြင့် နှစ်နိုင်ငံ ဆွေးနွေးပါက အပြန်အလှန် မိမိတို့ လိုအပ်သော အတိုင်းအတာကို ထိထိရောက်ရောက် လေ့လာ ဆွေးနွေးသင့်ကြောင်းလည်း ဆိုသည်။
တရုတ်–မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်သည်များအတွက် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ အန္တရာယ်ကလည်း ရှိနေသေးသည်။
သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ် အတွင်း ထိုကိစ္စကိုလည်း ဖြေရှင်းနိုင်ရန် မျှော်လင့်နေသည့် ကုန်သည်များလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုသုံးဖွဲ့သည် နှစ်နိုင်ငံကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တိုက်ပွဲများ မကြာခန ဆင်နွှဲသဖြင့် ကုန်သွယ်မှု ရပ်ဆိုင်းခဲ့ရမှုများလည်းရှိပြီး ကုန်ကားများထံမှ ဆပ်ကြေးကောက်ခြင်း၊ ကုန်ကားများကို ပစ်ခတ်ခြင်းများ ရှိခဲ့သည်။
ယခုခရီးစဉ်တခုထဲနှင့် နယ်စပ်ကုန်သွယ်ရေး ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်ရန်မှာလည်း ခက်ခဲကြောင်း၊ အိမ်နီး နားချင်း ကုန်သွယ်ဘက် နိုင်ငံဖြစ်သည့် အတွက်လည်း ရေရှည် ညိုနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နယ်စပ် ကုန်သွယ်မှု မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဦးက ရှင်းပြသည်။
ဦးလှဦး က “ကိုယ်လည်း လိုအပ်နေတဲ့ အရာ ထည့်သွင်းဆွေးနွေး ပူးပေါင်း ပါဝင် ညိုနှိုင်းပြီးတော့ သဘော တူလိုက်ကြပေါ့ဗျာ။ တချို့ဟာတွေ ကျတော့လည်း အခြေအနေအရ အဆင်သင့် မဖြစ်တာတွေ ရှိတယ်။ ဒါလေးတွေလည်း နည်းနည်းတော့ အချိန်ယူပြီး လုပ်ဆောင်ရမယ့် အပိုင်းရှိတယ်လို့ ထင်တယ်” ဟု ပြောပြသည်။

တရုတ်–မြန်မာ အဓိက ကုန်သွယ်ရေး နယ်စပ်စခန်း၏ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ ကျော် မှ ၆၀၀၀ ဝန်းကျင်အထိ ရှိပြီး ပို့ကုန် သည် အမေရိကန်ဒေါ်လာ ၄၀၀၀ ကျော်အထိ ပါဝင်လျက်ရှိသည်။
မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနှင့် လာအိုနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခု ဖွင့်လှစ် ထားပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု အများဆုံးပြုလုပ်သည့် နယ်စပ်ကုန်သွယ်ရေး စခန်း တခု ဖြစ်သည်။
ယခု ၂၀၁၉– ၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပို့ကုန် အမေရိကန် ဒေါ်လာ သန်း ၁၅ ဒသမ ၅ ဘီလီယံနှင့် သွင်းကုန် ဒေါ်လာသန်း ၁၇ ဒသမ ၅ ဘီလီယံ အပါ စုစုပေါင်း ကုန်သွယ်မှု ဒေါ်လာသန်းပေါင်း ၃၃ ဘီ လီယံ ကျော် ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယခုလ ဒုတိယပတ်တွင်း ချစ်ကြည်ရေးခရီး လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်တွင် နှစ်နိုင်ငံ ကုန်သွယ် ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများကို ယခင်ထက် ပို၍ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေး ပညာရှင်များက မျှော်လင့်ထားကြသေည်။
သို့သော် ယင်းတို့ကို လက်တွေ့ ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိကို လာမည့် ၁၈ ရက်နေ့ သမ္မတ ခရီးစဉ် အပြီးတွင် စောင့် ကြည့်ရ မည်လည်း ဖြစ်ပေသည်။
မျိုးပပစန်းနှင့် အောင်သီဟ ပူးပေါင်းရေးသားသည်။
ဆက်စပ်လင့်
တရုတ်သမ္မတ ခရီးစဉ်အတွင်း ဆန်ကွဲ လွတ်လပ်စွာ တင်ပို့နိုင်ရေး MOU ရေးထိုးမည်
တရုတ်သမ္မတ၏ မြန်မာခရီးစဉ်သည် BRI စီမံကိန်းများအတွက် ကတိကဝတ်ရရန် အားထုတ်မှုဟု ဆို
တရုတ်သမ္မတ ရှီကျင့်ဖျင် ရှေ့အပတ် သောကြာနေ့ ရောက်မည်
The post တရုတ်သမ္မတ၏ မြန်မာပြည် ခရီးစဉ်နှင့် နယ်စပ်ကုန်သွယ်ရေး မျှော်လင့်ချက် appeared first on ဧရာဝတီ.