မျှော်လင့်မထားဘဲ ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းက ဗီယက်နမ်နိုင်ငံသို့ ၁၀ ရက်ခရီး သွားရောက် ဖြစ်ခဲ့သည်။
ဗီယက်နမ် နိုင်ငံ၏ မီဒီယာကဏ္ဍ အပါအဝင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်လို သဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ စာရေးသူ အပါအဝင် ကောင်စီဝင် ၄ ဦးအား စက်တင်ဘာ ၃၀ မှ အောက်တိုဘာ ၉ ရက် အထိ ဗီယက်နမ်နိုင်ငံသို့ ဖိတ်ကြားခြင်းကြောင်း ရန်ကုန်ရှိ ဗီယက်နမ် သံရုံး အတွင်းဝန် Ms.Thao ၏ ဆက်သွယ် ပြောကြားချက်အရ ခရီးစဉ် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
ခရီးစဉ်ကို ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်ဆံရေး ဝန်ကြီးဌာနက စီစဉ်ပေးခြင်းဖြစ်သည်ဟု ဝန်ကြီး ဌာန၏ ဒုတိယ အထွေထွေ ညွှန်ကြားရေးမှူး ဖြစ်သူ မစ္စတာ မိုင်အန်းဟွန် (Mr. Mai Anh Hong) က အောက်တိုဘာ ၁၀ ရက်နေ့ ဟနွိုင်း မြို့ စားသောက်ဆိုင်တခုတွင် နေ့လယ်စာ တည်ခင်းဧည့်ခံစဉ် ရှင်းပြသည်။ သူ၏ မူလတာဝန်မှာ နိုင်ငံခြားရေးရာ အချက် အလက် ဝန်ဆောင်မှု ပေးရေး ဌာန (The Authority of Foreign Information Service) ကို စီမံဆောင်ရွက်ရသည်ဟု ဆိုသည်။
မိမိတို့ ခရီးစဉ်နှင့် ပတ်သက်၍ သွားရောက် လေ့လာသင့်သော နေရာဌာနများကို မစ္စတာ မိုင်အန်းဟွန်က စီစဉ်ရေးဆွဲ ပေး ခဲ့သည်။
ဦးစွာပထမ Bkav ဆိုသည့် စမတ်ဖုန်း ကုမ္ပဏီသို့ သွားရောက် လေ့လာနိုင်ရန် စီစဉ်ပေးသည်။ ဗီယက်နမ်နိုင်ငံ၏ နည်း ပညာ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု အခြေအနေကို သိစေလိုသည့် သဘောဟု မိမိအနေဖြင့် မြင်သည်။
Bkav ၏ Managing Director ဖြစ်သူ မစ္စတာ ဟိုင်ထရန် (Hai Tran) က ဘီဖုန်းဟု အမည်ပေးထားသော ဗီယက်နမ်လုပ် စမတ်ဖုန်း (Bphone – The hi-end smartphone, Made in Vietnam) ကို မိမိတို့အား မိတ်ဆက် ရှင်းပြပေးသည်။
Bkav နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကုမ္ပဏီ ၏ အဓိက ထုတ်ကုန်များမှာ ကွန်ပျူတာ၊ စမတ်ဖုန်း အစရှိသည့် အီလက်ထရွန်နစ် ပစ္စည်းများကို အင်တာနက်အတွင်း ဗိုင်းရပ်စ် တိုက်ခိုက်ခံရမှု အန္တရာယ် ကင်းဝေးစေရေး အတွက် လုံခြုံရေး စနစ် ဆိုင်ရာ ဝန်ဆောင်မှုများ ပေးခြင်းဖြစ်သည်ဟု သိရသည်။
Bkav က အဆင့်မြင့် နည်းပညာ အထောက်အကူပေးသည့် ဆော့ဖ်ဝဲ အမျိုးမျိုး ထုတ်လုပ်ကြောင်းလည်း ရှင်းပြသည်။ ကုမ္ပဏီ၏ Antivirus software သည် အထူးကောင်းမွန်သဖြင့် ပြည်တွင်းဈေးကွက်၏ ၇၃ ဒသမ ၉၅ ရာခိုင်နှုန်း ရရှိ ထား သည်ဟု ဆိုသည်။
အခြားသော Security software, e-government, smartphone manufacturing and smart electronic devices များ လည်း ထုတ်လုပ်သည်ဟု ဆိုသည်။

ဝန်ထမ်းအင်အား ၈၀၀ ကျော်ရှိသည့် Bkav နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်း ကုမ္ပဏီ ၁၀ ခု အနက် တခုအဖြစ် သတ်မှတ်ခံရသည်။ ထူးခြားသည့် အချက်မှာ Bphone ထုတ်လုပ်မှုအဖွဲ့ကို ဗီယက်နမ် နည်းပညာတက္ကသိုလ် ကျောင်ဆင်း လူငယ်များဖြင့်သာ ဖွဲ့စည်းထားပြီး ပျမ်းမျှအသက် ၂၅ နှစ်သာ ရှိကြောင်း မစ္စတာ ဟိုင်ထရန် က ရှင်းပြသည်။ ဘီဖုန်းဟု အမည်ပေးထားသည့် ဗီယက်နမ်နိုင်ငံလုပ် စမတ်ဖုန်းများကို မြန်မာနိုင်ငံတွင်လည်း စတင် မိတ်ဆက်ရောင်းချ နေပြီဟု ဆိုသည်။
ဗီယက်နမ်တို့၏ နည်းပညာ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုအဖြစ် ဗီယက်နမ်ပိုင် စီလီကွန်ဗယ်လီ (Silicon Valley) တခု ထူထောင် နေသည်ကိုလည်း လေ့လာခဲ့ရသည်။ ကွမ်ထရုန်း နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး (Quang Trung Software City) နယ်မြေ၏ ပင်မ အဆောက်အအုံတွင် မြေအောက်အလွှာ အပါအဝင် ၁၀ ထပ် အဆောက်အအုံ ဖြစ်သည်။
ဌာန အလိုက် ရုံးခန်းများ၊ အစည်းအဝေး ခန်းများ၊ မှတ်တမ်းနှင့် သုတေသန အခန်းများ၊ အပန်းဖြေ နားနေခန်းများ၊ စသည် ဖြင့် အတော်ပြည့်ပြည့်စုံစုံ ဖန်တီး ခင်းကျင်းထားသည်။ ထို့ပြင် နိုင်ငံခြားပညာရှင်တချို့ အပါအဝင် နည်းပညာကျွမ်းကျင် ဝန်ထမ်းများ ထောင်နှင့်ချီ အလုပ်ခန့်ထားသည်။ ထိုဝန်ထမ်းများအား မိသားစုနှင့်အတူ နေထိုင်ရန် Quang Trung Software City နယ်မြေအတွင်းမှာပင် နေစရာ အိမ်ခန်းများ စီစဉ်ပေးထားသည်။
ကလေးများအတွက် ကျောင်း၊ ကစားကွင်း၊ ပန်းခြံများလည်း ဖန်တီးပေးထားသည်။ ဈေးဝယ်စရာ City mart ကဲ့သို့သော အခြေခံ ဆိုင်များလည်း ထိုနယ်မြေ ခြံဝန်းထဲမှာပင် စီစဉ်ပေးထားသည်။
Quang Trung Software City နယ်မြေထဲတွင် အခြေခံနည်းပညာ သင်တန်းကျောင်း တကျောင်း၊ နည်းပညာ ကောလိပ် ၂ ကျောင်း၊ နည်းပညာတက္ကသိုလ် ၂ ကျောင်း တည်ထောင် ဖွင့်လှစ်ထားသည်။ တက္ကသိုလ်အဆင့် ကျောင်းသား ၁ သောင်းကျော် လက်ခံ သင်ကြားနေသည်ဟု မိမိတို့အား နယ်မြေအတွင်း လိုက်ပြသူ Ms. Ha Thi Thanh Thao က ပြောပြသည်။
ထို့ပြင် QTSC နယ်မြေအတွင်း လက်ငင်းနည်းပညာ ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်နေသည့် ကုမ္ပဏီများကိုလည်း တိုက်ခန်း နေရာများ အငှားချထားသည်ဟု ဆိုသည်။ စက်မှုသိပ္ပံ နည်းပညာဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှု အတွက် နိုင်ငံတကာ သင်တန်း အစီအစဉ်များလည်း QTSC ပရဝုဏ် အတွင်း ဖွင့်လှစ်ထားကြောင်း သိရသည်။
QTSC နှင့် အခြားကုမ္ပဏီများ နည်းပညာပစ္စည်း ဖက်စပ်ထုတ်လုပ်သော လုပ်ငန်းများလည်း ဆောင်ရွက်နေသည်ဟု ဆို သည်။
ထို့ကြောင့် QTSC သည် ဗီယက်နမ်နိုင်ငံအတွက် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာဆိုင်ရာ ပစ္စည်းများသာ မက နည်းပညာ ကဏ္ဍတွင် အားဖြည့်ရန် လူသားအရင်းအမြစ် ပညာရှင်များလည်း မွေးထုတ်ပေးရန် ကြိုးပမ်း ဆောင်ရွက် နေသည်ကို မြင်တွေ့ခဲ့ရသည်။
ဗီယက်နိုင်ငံ တနံတလျား ခရီးသွားရင်းလာရင်း သတိပြုမိသည် အချက်တချို့ကိုလည်း တင်ပြလိုပါသည်။
ဗီယက်နမ် ဖွံ့ဖြိုးတိုးတက်လာရာ၌ လျှပ်စစ်စွမ်းအင် အလျှံအပယ်ရရှိနေခြင်းသည် အရေးပါသည်။ လျှပ်စစ်မီး ပြတ်တောက် မှု မရှိသလောက် ဖြစ်သည်ဟု မဲခေါင် မြစ်ဝကျွန်းပေါ်ရှိ ဒေသခံတို့က ဆိုသည်။ ဟနွိုင်း၊ ဆိုင်ဂုံနှင့် ကန်သို တို့ ကဲ့သို့သော မြို့ကြီးများတွင်လည်း ညဘက်တွင် လမ်းမီးနှင့် ပန်းခြံမီးများ ထိန်ထိန်လင်းနေသည်။ ကျေးရွာများအထိ လျှပ်စစ် အလုံ အလောက် ရရှိနေသည်။
ထို့ကြောင့် ကျေးရွာများ၏ ကုန်ထုတ်လုပ်မှုများလည်း မြင့်မားသည်ကို တွေ့ခဲ့ရသည်။ လောင်စာဆီဈေးလည်း တည်ငြိမ်မှု ရှိကြောင်း သိရသည်။ ပုဂ္ဂလိက မော်တော်ယာဉ်များထက် အများပြည်သူသုံး ဘတ်စ်ကားနှင့် ကုန်တင်ကားများ အတွက် ဆီဈေး အတန်ငယ် သက်သာကြောင်းလည်း သိရသည်။

ယခု အောက်တိုဘာလ၌ ကမ္ဘာ့ပေါက်ဈေး ဓာတ်ဆီ တလီတာ ဗီယက်နမ် ဒေါင်ငွေ ၃၃,၉၀၀ ပေါက်နေချိန်တွင် ဗီယက်နမ် ၌ ၂၁,၀၀၀ ဒေါင်ဖြင့် ရောင်းနေသည်ဟု သိရသည်။ အမေရိကန် တဒေါ်လာသည် ၂၃,၀၀၀ ဒေါင် ဖြစ်သည်။
လမ်းပန်း ဆက်သွယ်ရေး စီမံ ဆောင်ရွက်မှုများသည်လည်း မြန်မာနိုင်ငံထက် အဘက်ဘက်မှ သာလွန်သည်ကို မြင်ခဲ့ရ သည်။
ဆိုင်ဂုံ ခေါ် ဟိုချီမင်း မြို့တော်မှ ဗီယက် တောင်ပိုင်း မဲခေါင် ဖြစ်ဝကျွန်းပေါ် ဒေသရှိ ကန်သိုမြို့ (Can Tho) သို့ သွယ်တန်း ဖောက်လုပ်ထားသော လမ်းသည် ၁၇၀ ကီလိုမီတာ (၁၀၄ မိုင်) ခန့် ရှည်လျားပြီး မိုးပျံ အဝေးပြေးလမ်း အဖြစ် ဖောက်လုပ် ထားခြင်း ဖြစ်သည်။ နိုင်လွန်ကတ္တရာ ခင်းထားသဖြင့် ညက်ညောနေသည်။
တံတား ၄ စင်းခန့်ဖြတ်ရပြီး အကြီးဆုံး ကန်သိုတံတားသည် ချဉ်းကပ်လမ်း အပါအဝင် ၁၅,၈၅၀ မီတာ (၅၂,၀၀၁ ပေ) ရှည် လျားသည်။ မြစ်ရေပြင်မှ အထက် အမြင့် ၁၇၅.၃ မီတာ (၅၇၅ ပေ) ရှိသည်။ ဗျက်အကျယ် ၂၃.၁ မီတာ (၇၆ ပေ) ရှိသည်။ အရှည်ဆုံး ခုံးတံတား အကန့်မှာ ၅၅၀ မီတာ (၁,၈၀၄ ပေ) ရှိသည်။ ၂၀၀၄ ခုနှစ် စက်တင်ဘာ ၂၅ တွင် တံတား စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၀ ဧပြီလ ၂၄ ရက်တွင် တံတားဖွင့်ပွဲ လုပ်ခဲ့ကြောင်း သိရသည်။
ဗီယက်နမ် နိုင်ငံသားများသည် မြို့ပြသန့်ရှင်းရေး ဆိုင်ရာကိုလည်း အထူးဂရုစိုက်ပုံ ရသည်။ လူတဦးချင်း အတော် စည်းကမ်း ရှိသည်ဟု ဆိုနိုင်သည်။ ရောက်ခဲ့သမျှ မြို့ရွာ နေရာဒေသများတွင် အမှိုက်သရိုက် အတော်ကင်းစင်၍ သန့်ရှင်းမှု ရှိသည်ကို မြင်ခဲ့ရသည်။
အထူးသတိပြုမိသည့် အချက်မှာ ကွမ်းစားသည့် အလေ့အထ မတွေ့ရသကဲ့သို့ ဆေးလိပ်သောက်သူလည်း အတော် နည်းပါးကြောင်း သတိပြုမိသည်။ မြို့ပေါ်နှင့် တောရွာများရှိ လမ်းများပေါ်တွင် ခွေးလေခွေးလွင့် တကောင်မှ မတွေ့ရ သဖြင့် ထိုကိစ္စကို စကားပြန်အား မေးကြည့်မိသည်။ အိမ်အတွင်းမှာသာ မှတ်ပုံတင်ပြီး ခွေးမွေးခွင့် ရှိသည်ဟု သိရသည်။
ထို့နောက် မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသက ဒီရေတောထိန်းသိမ်းရေး ဒေသ၊ နာမည်ကျော် ရေပေါ်ဈေး၊ သစ်သီးခြံများရှိရာ ကျွန်းများဆီသို့ သွားသောအခါ ချောင်းကြိုချောင်းကြား ဖြတ်သွားရသည်။ အထူးသတိပြုမိသည်မှာ ချောင်းကမ်းပါးများ တလျှောက် အိမ်သာဆောက်ထားခြင်း လုံး၀ မတွေ့ခဲ့ရ။ ချောင်းရိုးတလျှောက် အမှိုက်သရိုက် ကင်းစင်နေသည်။
ပလတ်စတစ်အမှိုက်နှင့် ရေသန့်ဘူးခွံများ မြစ်ထဲချောင်းထဲ ပစ်ချထားခြင်းမျိုး မတွေ့ခဲ့ရ။ နိုင်ငံသားတဦးချင်းစီက တာဝန် သိသိ အမှိုက်ကင်းစင်ရန် သန့်ရှင်းရေးကို သတိထား လိုက်နာကြပုံရသည်။ ထိုကောင်းသော အလေ့အထများကို ဗီယက် နမ် တို့ထံမှ မြန်မာတို့ အတုယူရမည်ဟု ဆိုချင်သည်။
ဗီယက်နမ်နိုင်ငံ တိုးတက်ဖွံ့ဖြိုး လာခြင်း၏ အရေးကြီးသည့် အချက်များတွင် နိုင်ငံသားများ စည်းကမ်းရိုသေသည့် အချက် သည်လည်း ပဓာန အချက်တခုဟု ဆိုနိုင်သည်။
ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် တည်ရှိ၍ အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ အရှေ့ ဘက် အစွန်း၌ တည်ရှိသည်။ ၂၀၁၇ ခုနှစ် စာရင်းအရ လူဦးရေ ၉၃ ဒသမ ၆ သန်း ရှိသဖြင့် ကမ္ဘာပေါ်တွင် ၁၄ ခု မြောက် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည်။ အာရှတိုက်၏ အဋ္ဌမမြောက် လူဦးရေ အများဆုံးနိုင်ငံလည်း ဖြစ်သည်။
ဗီယက်နမ်၏ မြောက်ဘက်၌ တရုတ်နိုင်ငံ၊ အနောက်မြောက်ဘက်၌ လောနိုင်ငံ၊ အနောက်တောင်ဘက်၌ ကမ္ဘောဒီးယား နိုင်ငံနှင့် အရှေ့တောင်ဘက်၌ မလေးရှားနှင့် ပိုင်းခြားထားသည့် တောင်တရုတ်ပင်လယ် ရှိသည်။
၁၉၇၅ ခုနှစ်က တောင် ဗီယက်နမ်နှင့် မြောက် ဗီယက်နမ်တို့ နှစ်နိုင်ငံ ပေါင်းစည်းပြီးနောက် မြို့တော်အဖြစ် ဟနွိုင်းမြို့ (Hanoi) ကို သတ်မှတ်ခဲ့သည်။
ဗီယက်နမ်ဆိုသော အမည်သည် နမ်ဗီယက် (NAM VIET) ဆိုသည့် အမည်မှတဆင့် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ငုယင် ခက်ဗြန် (Nguyen Khac Vien) ရေးသားသည့် ဗီယက်နမ်သမိုင်း (Viet Nam, a long history) စာအုပ်တွင် ဖော်ပြ ထားသည်။

၁၈၀၂ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ငုယင်အန်း(Nguyen Anh) က ငုယင်မင်းဆက် (Nguyen Dynasty) ကို တည်ထောင် ခဲ့ပြီး ကီယာလောင် (Gia Long) ဆိုသော ဘွဲ့အမည်ခံယူ၍ ၁၈၀၄ ခုနှစ်မှ ၁၈၁၃ ခုနှစ် အတွင်း ကီယာလောင် ဧကရာဇ် ဆိုသည့် အမည်ကို တရားဝင် သုံးစွဲခဲ့သည်ဟု ဆိုသည်။ ဟွေးမြို့(Hue)ကို မြို့တော် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ထိုစဉ်က နိုင်ငံအမည်မှာ အန်နမ် (An Nam) ဖြစ်သည်။ ၁၉၄၅ ခုနှစ် အထိ နိုင်ငံအမည်ကို အန်နမ် (An Nam) ဟု သုံးစွဲ ခဲ့ သည်။ ၁၉၄၅ သြဂုတ်လ တော်လှန်ရေး (The August Revolution of 1945) အတွင်း နှစ်ပေါင်း ၈၀ ကြာ ပြင်သစ် ကိုလို နီ အုပ်ချုပ်ရေးစနစ်နှင့် ဂျပန် ကျောထောက်နောက်ခံ ပေးထားသော ဘုရင်ဧကရာဇ် အုပ်ချုပ်ရေးစနစ်တို့ကို ဗီယက်မင်း အဖွဲ့ (Viet Minh-Vietnam Federation of Independence) နှင့် ကွန်မြူနစ် ပါတီတို့ ပူးပေါင်း ဖယ်ရှားခဲ့သည်ဟု ဆို သည်။
၁၉၄၅ သြဂုတ်လ တော်လှန်ရေး နောက်ပိုင်းက စတင်၍ နိုင်ငံအမည်ကို ဗီယက်နမ်ဟု ပြောင်းလဲ ခေါ်ဝေါ် သုံးစွဲခဲ့ကြောင်း သိရသည်။
ယင်း သမိုင်း အချက်အလက်များမှာ ဆိုင်ဂုံ (Saigon) ခေါ် ဟိုချီမင်းမြို့တော် (Hochimin City) ရောက်ရှိခိုက် အမှတ်တရ ဝယ်ဖြစ်သည့် ငုယင် ခက်ဗြန် (Nguyen Khac Vien) ရေးသားသော ဗီယက်နမ်သမိုင်း (Viet Nam, a long history) စာအုပ်တွင် ဖော်ပြထားသည့် သမိုင်းကောက်ကြောင်း ဖြစ်သည်။
သမိုင်ဆရာ ငုယင် ခက်ဗြန်၏ အဆိုအရ ဗီယက်နမ် သမိုင်းတလျှောက်တွင် တရုတ်နိုင်ငံ၏ သြဇာ ထီးရိပ်အောက်မှ လွတ် မြောက်ရန် ကြိမ်ဖန်များစွာ တွန်းလှန်ရသည်ဟု သိရသည်။ ၁၈၅၈ ခုနှစ် သြဂုတ် ၃၁ ရက်နေ့တွင် ပြင်သစ် ရေတပ်က ဒါနန်း (Da Nang) ကို ကျူးကျော်သိမ်းယူခြင်းဖြင့် ပြင်သစ် ကိုလိုနီလက်အောက် စတင်ရောက်ခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် ဗီယက်နမ်သည် ပြင်သစ်ပိုင် အင်ဒိုချိုင်းနားအဖြစ် လာအို၊ ကမ္ဘောဒီးယား တို့နှင့်အတူ ကျရောက်ခဲ့သည်။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက် ၁၉၄၅ တွင် ဂျပန်စစ်ရှုံးသဖြင့် အင်ဒိုချိုင်းနားမှ ထွက်သွားခဲ့ရသည်။ ဂျပန်ဆုတ်ခွာမှုကို ပြင်သစ်က အခွင့်ကောင်းယူ၍ ဗီယက်နမ်ကို ပြန်လည်သိမ်းပိုက် စိုးမိုးရန် ကြံစည်ခဲ့သည်။ သို့သော် ဟိုချီမင်း ဦးဆောင် သော ကွန်မြူနစ် ပါတီ နှင့် ဗီယက်မင်း တပ်များက ပြင်သစ် တို့ကို တော်လှန် တိုက်ခိုက် ခဲ့ကြသည်။
၁၉၅၄ ခုနှစ် ဒိန်ဘင်ဖူးတိုက်ပွဲ (Dien Bien Phu Battle) ၌ ဗီယက်နမ်တို့ အောင်ပွဲခံခဲ့သည်။ ဂျနီဗာကွန်ဖရင့် ကျင်းပ၍ ပြင်သစ်-ဗီယက်နမ် စစ်ပြေငြိမ်းခဲ့ကြသည်။ သို့သော်လည်း ၁၉၅၄ ခုနှစ် ဂျနီဗာ သဘောတူညီချက်အရ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီမျဉ်းပြိုင်ကို ဗဟိုပြု၍ မြောက်ဗီယက်နမ် နှင့် တောင်ဗီယက်နမ် နှစ်ပိုင်း ကွဲသွားခဲ့ရသည်။
မြောက်ဗီယက်နမ် နှင့် တောင်ဗီယက်နမ် တို့ ဆက်ဆံရေး တင်းမာနေစဉ် ၁၉၆၄ ခုနှစ် သြဂုတ်လ၌ တုံကင်း ပင်လယ်ကွေ့ အတွင်း အမေရိကန် စစ်သင်္ဘောများအား မြောက်ဗီယက်နမ်က တိုက်ခိုက်ခဲ့ခြင်းကို အကြောင်းပြု၍ ၁၉၆၄ ခုနှစ် သြဂုတ် ၇ ရက်တွင် ဒုတိယ အင်ဒိုချိုင်းနားစစ်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်။
ကွန်မြူနစ်ဝါဒနှင့် အရင်းရှင် ဒီမိုကရေစီ ဝါဒတို့ ဝါဒရေးရာ အားပြိုင်မှု ပြင်းထန်သော ကာလဖြစ်သဖြင့် မြောက် ဗီယက်နမ် ကို ဆိုဗီယက်ရုရှား၊ တရုတ် အစရှိသည့် ကွန်မြူနစ်အုပ်စု နိုင်ငံများက ထောက်ခံအားပေးခဲ့သည်။ တောင်ဗီယက်နမ် ကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန် အစရှိသော ကွန်မြူနစ် ဆန့်ကျင်သည့် အနောက်အုပ်စု နိုင်ငံများ က အားပေး ကူညီခဲ့သည်။
၁၉၆၄ ခုနှစ် သြဂုတ် ၇ ရက်က စတင်ခဲ့သော ဒုတိယအင်ဒိုချိုင်းနား စစ်ပွဲသည် မြောက်ဗီယက်နမ် တပ်များ တောင်ဗီယက် နမ် နိုင်ငံ ဆိုင်ဂုံမြို့ကို သိမ်းပိုက်ခဲ့သည့် ၁၉၇၅ ခုနှစ် ဧပြီ ၃ဝ ရက်အထိ ၁၁ နှစ်ခန့် ကြာမြင့်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် တောင်မြောက် နှစ်နိုင်ငံပြန်လည် ပေါင်းစည်းခဲ့သည်။ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ကို ထူထောင်ခဲ့ကြသည်။
တောင် ဗီယက်နမ် မြို့တော် ဆိုင်ဂုံကို ဟိုချီမင်း မြို့တော် ဟု အမည် ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ တောင်မြောက် ဗီယက် နမ် စစ်ပွဲ ကာလအတွင်း ဗီယက်နမ်ပြည်သူ ၃ သန်းခန့် သေဆုံးခဲ့ကြောင်း သတင်းစာ မှတ်တမ်းများက ဆိုသည်။ အမေရိ ကန် စစ်သား ၅ သောင်း ၈ ထောင်ကျော် ဗီယက်နမ် စစ်ပွဲကာလ အတွင်း ကျဆုံးခဲ့ကြောင်း မှတ်တမ်းများ၌ ဖော်ပြသည်။
စစ်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသော ဗီယက်နမ်သည် ၁၉၈၆ ခုနှစ်နောက်ပိုင်းက စတင်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ သည်။
၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဆဋ္ဌမ အကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြုပြင် ပြောင်းလဲ ရေး လိုလားသူ နိုင်ငံရေးသမားများက အိမ်စောင့် အစိုးရဟောင်းကို ဖြုတ်ချခဲ့သည်။

အသက် ၇၁ နှစ် အရွယ် ငုယင်ဗန်လင်းက ပြုပြင်ပြောင်းလဲရေးသမားများကို ဦးဆောင်ခဲ့သည်။ ငုယင်ဗန်လင်း ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးအသစ် ဖြစ်လာခဲ့သည်။
ပြုပြင်ပြောင်လဲရေး အတွက် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရာ၌ ပုဂ္ဂလိကကဏ္ဍ နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ ကို အားပေးခဲ့သည်။ ထိုအချိန်က စ၍ ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး နှင့် စက်မှု ကုန်ထုတ်လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ပြည်ပပို့ကုန် လုပ်ငန်းများ စတင် တိုးတက်လာခဲ့သည်။
ထို့ကြောင့် အာရှနိုင်ငံ အများစု ကြုံတွေ့ခဲ့ရသော ၁၉၉၇ ခုနှစ် အာရှစီးပွားရေး အကျပ်အတည်းအတွင်း ထိခိုက်မှု အနည်း ငယ်သာ ဗီယက်နမ် ကြုံခဲ့ရသည်ဟု ဆိုသည်။
ဗီယက်နမ် နိုင်ငံသားများ၏ ဇွဲလုံ့လ သတ္တိဗျတ္တိရှိမှု သင်္ကေတပုံရိပ်ကို ဖော်ပြနေသော သမိုင်းဝင် နေရာတခုသို့လည်း ရောက်ခဲ့သည်။
ယင်းနေရာသည် ကူချီရွာ (Củ Chi) နယ်မြေအတွင်းရှိ ဥမင်လှိုင်ခေါင်း ကွန်ရက်များ ဖြစ်သည်။ အမေရိကန် ကျူးကျော်စစ် ကို ခုခံတိုက်ခိုက်သော စစ်ပွဲများအတွင်း ဗီယက်ကောင်း (Viet Cong) စစ်သားများ ပုန်းအောင်းခိုနားရန်၊ ရိက္ခာ ဆေးဝါး သိုလှောင်ရန်၊ လက်နက်ခဲယမ်း သိုလှောင်ရန်၊ လျှို့ဝှက် စစ်ဆင်ရေး အစည်းအဝေးများ လုပ်ရန် စသည့် ရည်ရွယ်ချက် များဖြင့် ဥမင်လှိုင်ခေါင်း ကွန်ရက်များကို နှစ်ပေါင်း ၂၀ ကျော်မျှ ဇွဲကြီးကြီးဖြင့် ဖောက်လုပ်ခဲ့သည်ဟု ဆိုသည်။
နာမည်ကျော် ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် အထွေထွေထိုးစစ်ကြီး (Tết Offensive in 1968) ဆင်နွှဲရန် ဗီယက် ကောင်း စစ်သည် တို့သည် ကူချီ ဥမင်လှိုင်ခေါင်း ကွန်ရက်ကို စစ်ဆင်ရေး အခြေခံဒေသအဖြစ် အသုံးပြုခဲ့သည်ဟု ဆို သည်။ ဗီယက်ကောင်း (Viet Cong) စစ်သားများ ဥမင်လှိုင်ခေါင်းအတွင်း မြေအောက်၌ ပုန်းခိုနေထိုင်ရသည့် ဒုက္ခက မသေးလှဟု ပြန်ပြောပြကြသည်။ ပုန်းခိုနေစဉ် သောက်ရေနှင့် အစားအစာ ရရှိရန် ခက်ခဲရုံမက၊ အသက် ၀၀ရှုရန်လည်း ခက်ခဲလှသည်ဟု ဆိုသည်။
ထို့ပြင် မြေအောက်ဥမင်ထဲတွင် ပုရွက်ဆိတ် အပါအဝင် အဆိပ်ရှိသော ပိုးမွှားများ၊ ကင်းမြီးကောက်များ၊ အဆိပ်ပြင်း မြွေ များ နှင့် တွေ့ကြုံကြရသည့် ပြဿနာမျိုးလည်း ရှိကြောင်း သိရသည်။
အထူးသဖြင့် မြေအောက်တွင် နေရသည့်အတွက် ငှက်ဖျား မိခြင်းကလည်း အလွန်ဆိုးသည့် ဒုက္ခဟု ဆိုသည်။ တိုက်ပွဲ ဒဏ်ရာကြောင့် သေရသည့် စစ်သား အရေအတွက်သည် အများဆုံးဟု ဆိုသော်လည်း ငှက်ဖျားကြောင့် သေရသည့် အရေအတွက်က ဒုတိယ လိုက်သည်ဟု မှတ်တမ်းများ၌ ဖော်ပြသည်။
လက်ရှိ ဗီယက်နမ် အစိုးရက ကမ္ဘာလှည့်ခရီးသည်များကိုဆွဲဆောင်ရန် ၇၅ မိုင် (၁၂၁ ကီလိုမီတာ) ရှည်လျားသော ကူချီ (Củ Chi) ဥမင်လှိုင်ခေါင်း ကွန်ရက်များကို မပျက်စီးရန် ထိန်းသိမ်းထားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။
လှိုင်ခေါင်းများ၏ အကျယ်အဝန်းသည် ပိန်ပိန်သေးသေး ဗီယက်ကောင်း စစ်သားများ ဝင်သာရုံမျှသာ ကျယ်သည်။ အမေရိကန် စစ်သားများ၏ ခန္ဓာကိုယ်ကြီးများ ဝင်ဆံ့ရန် မလွယ်ကြောင်း တွေ့ရသည်။
ကိုယ်တိုင် ဥမင်လှိုင်ခေါင်း ခပ်တိုတို တနေရာကို ဝင်ကြည့်ရာတွင် လေးဘက်ထောက် သွား၍ ရရုံသာ ကျယ်သည်။ ခဏ ကလေး အတွင်းမှာပင် ဒူးများအတော်တုန်လာပြီး ဆက်သွားရန် မတတ်နိုင်သည်ကို ခံစားသိရှိခဲ့ရသည်။
အမေရိကန်များ စိတ်ဓာတ် ကျစရာကောင်းသော ဆူးညှောင့်ကျင်းကြီးများ ဆင်ထားသည့် ထောင်ချောက်များကိုလည်း တွေ့ခဲ့ရသည်။ သွေးပျက်လောက်စရာ ကောင်းသော ထောင်ချောက်များပင် ဖြစ်သည်။
ထို့ကြောင့် ကူချီ ဥမင်လှိုင်ခေါင်း ကွန်ရက်များသည် ဗီယက်နမ် နိုင်ငံသားများ၏ ဇွဲလုံ့လနှင့် သတ္တိဗျတ္တိရှိမှု၊ စည်းကမ်းရိုသေ မှု တို့၏ သင်္ကေတဟု ဆိုလောက်သည်။
ပြင်သစ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် ဗီယက်နမ်တို့ကို စစ်ရှုံးရကြောင်းကိုလည်း သိရှိ ခံစားလိုက်မိ ပါသည်။ ။
(စာရေးသူ ဇင်လင်းသည် သတင်းစာဆရာ တဦးဖြစ်ပြီး နိုင်ငံရေး စာပေများကို အစဉ်တစိုက် ရေးသားလျက် ရှိသော ရန်ကုန် အခြေစိုက် စာရေးဆရာ တဦးလည်း ဖြစ်ပါသည်။)
ဆက်စပ်ဖတ်ရှု့ရန်
စင်ကာပူကို ဆယ်စုနှစ်တခုအတွင်း ဗီယက်နမ် ကျော်တက်မည်
ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်း ပြဿနာကို ဖြေရှင်းနေရတဲ့ ဗီယက်နမ် ခရီးသွားလုပ်ငန်း
ဗီယက်နမ် ပြန်လည်ပေါင်းစည်းရေး အမြန်ရထား စီးခြင်း
The post ပြောင်းလဲ တိုးတက်မှု အရှိန်များ နှင့် ဗီယက်နမ် appeared first on ဧရာဝတီ.