Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်မှာလား

$
0
0

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ နိုင်ငံရေး မျှော်မှန်းချက် ရှိတယ်ဆိုရင် ၂၀၂၀ အလွန် မြန်မာပြည်ရဲ့ သမ္မတဖြစ်ဖို့ မျှော်မှန်းနိုင်တဲ့ နိုင်ငံရေးပြိုင်ပွဲမှာ ရွေးကောက်ခံစရာ မလိုဘဲ သမ္မတ ဖြစ်နိုင်တယ်လို့ ပြောသူတွေ ရှိသလို သူ့ထက် စီနီယာကျပြီး ပြုပြင်ပြောင်းလဲရေးကို အစပျိုးနိုင်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်တောင် သမ္မတပြန်ဖြစ်ဖို့ ရွေးကောက်ပွဲမှာ မဲအသာမရနိုင်ခဲ့တာကြောင့် အငြိမ်းစားပဲ သွားတော့မှာလို့ ပြောသူတွေလည်း ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က သူ့ရဲ့ နိုင်ငံရေး မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး တရားဝင် တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော် ပြောရေးဆိုခွင့် ဗိုလ်ချုပ် ထွန်းထွန်းညီရဲ့ ပြောဆိုမှုအရ တပ်ချုပ်မှာ နိုင်ငံရေး မျှော်လင့်ချက် ရှိနေပုံပါ။

“တနေရာမဟုတ် တနေရာတော့ နိုင်ငံ့တာဝန်တွေကို သူစွမ်းဆောင်နိုင်သမျှ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကျနော်တော့ ယုံကြည် ပါတယ်။ ဒီအပေါ်မှာလည်း သူ့ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဆက်ပြီး ဘယ်လို ဖြစ်လာမလဲ ကျနော်တို့ စောင့်ကြည့်ပါ”လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောဆိုခဲ့တာပါ။

အထူးသဖြင့် တပ်မတော် ခေါင်းဆောင်ပိုင်းတွေဟာ နိုင်ငံတာဝန်ကို ထမ်းဆောင်ဖို့အတွက် နိုင်ငံတာ်က လိုအပ်ချက် ရှိလာပြီဆိုရင် ဘယ်နေရာမှာမဆို တာဝန် ထမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်များဖြစ်ဖို့ ကြိုးစားနေလေ့ ရှိတယ်လို့ သူက သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ဖြစ်မယ့် ဒုတိယ သမ္မတ ၃ ဦး ရွေးချယ်ပေးရမယ့် နေရာမှာ ဒုတိယ သမ္မတ ၁ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စိတ်ကြိုက် ရွေးချယ်ခွင့် ရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၀ အလွန် နိုင်ငံရေး အခြေအနေတွေကို ကြည့်ပြီး သူ့ကိုယ်သူ ဒုတိယ သမ္မတ လောင်းစာရင်း တင်သွင်းပြီးတော့ သမ္မတပြေးလမ်းပေါ် ရောက်လာနိုင်တယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက ခန့်မှန်းထားပါတယ်။

မြန်မာပြည် နိုင်ငံရေး သမိုင်းမှာ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကစလို့ တိုင်းပြည်ကို ဦးဆောင်ခဲ့သူတွေထဲမှာ ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနု၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စောမောင်၊ ဦးစိန်လွင်၊ ဒေါက်တာ မောင်မောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်တို့မှာ အရပ်ဖက် နိုင်ငံ့ခေါင်းဆောင်ဆိုတာ အလွန်နည်းခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ စတင်နိုင်ခဲ့လို့ ၂၀၁၆ ခုနှစ် အရောက်မှာတော့ အမျိုးသား ဒီမိုက ရေစီ အဖွဲ့ ချုပ် (NLD)ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရလို့ အရပ်သား သမ္မတအဖြစ် ဦးထင်ကျော်၊ အခု နောက်ပိုင်းမှာတော့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဖြစ်ခဲ့သူ ဦးဝင်းမြင့်က သမ္မတ တာဝန်ထမ်းဆောင်နေပါပြီ။

ဒါပေမယ့် NLD ပါတီ အာဏာရပြီး ၄ နှစ် နီးပါးအကြာ ၎င်းတို့ရဲ့ နိုင်ငံရေး စွမ်းဆောင်ချက်တွေကို ကြည့်ပြီး ၂၀၂၀ မှာ ရွေးကောက်ပွဲမှာ ပါတီကြီးတခုတည်းက မဲအများစုကို အနိုင် မရနိုင်ဘူးဆိုတဲ့ တွက်ဆချက်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်လာနိုင်တယ်ဆိုပြီး ပြောဆိုလာကြတာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ သမ္မတ ဖြစ်ချင်တယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲအပြီး ရလဒ်တွေ ထွက်လာတဲ့အချိန်အထိ ထိုင်စောင့်နေပြီး ပေါ်ပေါက်လာမယ့် မဲရလဒ်တွေနဲ့ နိုင်ငံရေး အခြေအနေကိုကြည့်ပြီး ဆုံးဖြတ်လို့ ရတယ်လို့ သီပေါ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

“ဆိုလိုချင်တာက ပြည်ခိုင်ဖြိုးနဲ့ သူ့တိုင်းရင်းသား မဟာမိတ်ပါတီတွေက ၂၆ ရာခိုင်နှုန်းလောက်ရှိတယ် ဆိုရင် သူက အဲဒီအချိန် ကျမှ ဆုံးဖြတ်လို့ ရတယ်။ အေးအေးဆေးဆေး စောင့်နေလို့ ရတယ်။ အရှက်ကွဲပြီးတော့ ဒုတိယ သမ္မတလောက်နဲ့ တင်းတိမ်ရ တာမျိုး အဖြစ်ခံစရာ မလိုဘဲနဲ့ သူက အေးအေးဆေးဆေး ဆုံးဖြတ်လို့ ရတယ်”လို့ ဦးရဲထွန်းက ပြောပါတယ်။

အဲဒီလိုမျိုး ရလဒ် ထွက်လာတဲ့အချိန်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး)နဲ့ ညှိနှိုင်းလို့ သူ့ကို သမ္မတအဖြစ် လက်ခံတယ်ဆိုရင် အဲဒီအချိန်ရောက်မှ တပ်ချုပ်အဖြစ်က အနားယူလိုက်လို့ ရကြောင်း၊ ကြံ့ခိုင်ရေးပါတီမှာ ဦးသိန်းစိန်က အသက်ကြီးသွားပြီ ဖြစ်သလို လက်ရှိ ဥက္ကဌ ဦးသန်းဌေးကတော့ တပ်ချုပ်လောက် အစွမ်းအစ ပြထားတာ မရှိဘူးလို့ ရှမ်းနိုင်ငံရေးသမား ဦးရဲထွန်းက သုံးသပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်ချုပ်တယောက်အနေနဲ့ သိပ်မထင်ရှားပေမယ့် သူ့ရဲ့ ပြောပုံဆိုပုံတွေဟာ နိုင်ငံရေးသမား ဆန်လို့ ကြံ့ခိုင်ရေးနဲ့ သူ့မဟာမိတ်တွေက သဘောကျနိုင်တယ်လို့လည်း ဆိုပါတယ်။

“သူ့ရဲ့ Personality က ပျော့ပျော့ပြောင်းပြောင်း ရှိတယ်။ တပ်ခေါင်းဆောင် တယောက်နဲ့တောင် သိပ်မတူဘူး ဖြစ်နေတယ်။ နိုင်ငံရေး ခေါင်းဆောင်လို ဖြစ်နေတယ်”လို့ ဦးရဲထွန်းက ဆက်ပြောပါတယ်။

ဒါပေမယ့် မေးခွန်းက ပြုပြင်ပြောင်းလဲရေး အစပျိုးချက်တွေနဲ့ အမှတ်ရခဲ့တဲ့ သမ္မတဦးသိန်းစိန် ခေါင်းဆောင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ မဲအသာမရခဲ့တာ အခု ဥက္ကဋ္ဌ ဦးသန်းဌေးဦးဆောင်မှုနဲ့ လုံလောက်တဲ့ မဲအသာရနိုင်ပါ့မလား ဆိုတာပါ။ မဲအသာရပြီပဲ ထား၊ မဲအသာရအောင် စွမ်းဆောင်နိုင်တဲ့ ပါတီဥက္ကဋ္ဌက သဘောထားကြီးကြီးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် နေရာပေးနိုင်မှာလား။

ကြံ့ခိုင်ရေးပါတီက အမည်မဖော်လိုတဲ့ ဗဟိုကော်မတီဝင်တဦးကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရရင် ပါတီက အဆိုပြုမယ့် သမ္မတလောင်းဟာ ဦးသန်းဌေးပဲ ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

ဒါပေမယ့် အပေါ်ပိုင်းမှာ ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြား ကြိုတင်ညှိနှိုင်းမှုတွေ ရှိ၊ မရှိ ဆိုတာတော့ ယနေ့ အချိန်အထိ မကြားမိသေးသလို တကယ်လို့ ရှိနေရင်လည်း သူမသိနိုင်ဘူးလို့ ဆိုပါတယ်။

ပြီးတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီဟာ တပ်မတော်က တည်ထောင်ပေးခဲ့တဲ့ ကြံ့ခိုင်ရေး အသင်းကနေ ကူးပြောင်း လာတာ ဖြစ်ပြီး တပ်မတော် အရာရှိတွေ အငြိမ်းစား ယူပြီး နိုင်ငံရေးလောကထဲ ဝင်မယ်ဆိုရင် အများစုဟာ ဒီပါတီထဲကို ဝင်ရောက်လာကြတာကို တွေ့ ရပါတယ်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူဖြတ်သန်းလာတဲ့ နိုင်ငံရေး အတွေ့ အကြုံ ၊ တိုင်းပြည်ရဲ့ အတွေ့ အကြုံတွေအရ အတွေ့ အ ကြုံ ပြည့်ဝနေတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်တယ်။ သူတကယ်လို့ နိုင်ငံရေး လောကထဲကို ဝင်ရောက်လာမယ်ဆိုရင် သမ္မတဖြစ်ချင်း၊ မဖြစ်ချင်းက ပြည်သူရဲ့ လိုလားချက်နဲ့ လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် အများစုရဲ့ မဲပေးရွေးချယ်မှုက အဓိကကျတယ်”လို့ အဲဒီ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်က ပြောပါတယ်။

နိုင်ငံရေး လေ့လာသူ ဒေါက်တာ ခင်ဇော်ဝင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်လာမလားဆိုတဲ့ ကိစ္စဟာ အခု ဆိုရင် လူပြောများနေတဲ့ ကိစ္စတခု ဖြစ်နေပြီး တပ်မတော်နဲ့ နီးစပ်သူ တချို့ကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကိုယ်တိုင်က သမ္မတအဖြစ် လျာထားခဲ့သူလို့ ပြောတာ သူကြားဖူးကြောင်း ဆိုပါတယ်။

“အခု သူက ဗိုလ်ချုပ်မှူးကြီး ဖြစ်ထားတာဆိုတော့ နိုင်ငံရေးလောကထဲဝင်ရင် ဒုတိယ သမ္မတ ရာထူးလောက်ကတော့ ကျေနပ်ချင်မှ ကျေနပ်လိမ့်မယ်။ သူက ဗိုလ်ချုပ်မှူးကြီး ဖြစ်ထားတာကိုး။ မရတဲ့အဆုံးမှ ဒုတိယ သမ္မတ တနေရာကို မှန်းလိမ့်မယ်”လို့ ဒေါက်တာ ခင်ဇော်ဝင်းက ပြောပါတယ်။

တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုချက်တွေအပေါ် သုံးသပ်ကြည့်ရရင် သူ့ရည်မှန်းချက်အရ နိုင်ငံရေးလောကကို ဝင်လာ နိုင်တဲ့ အနေအထားမျိုး တွေ့ ရပြီး ဗိုလ်ချုပ်မှူးကြီးမှာ နိုင်ငံရေး ရည်မှန်းချက် ရှိတယ်လို့ သုံးသပ်လို့ ရကြောင်း သေနင်္ဂ အင်စတီကျူ ရဲ့ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

“ကာကွယ်ရေး ဦးစီးချုပ် အဖြစ်ကနေ အနားယူသွားပြီး အရပ်သားသမ္မတအဖြစ် ပြန်လာမယ်ဆိုရင်တော့ အခုနောက်ပိုင်း အပြော များကြတဲ့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးမှာတော့ ရိုးရိုးအရပ်သားထက် စာရင်တော့ တပ်ပိုင်းဆိုင်ရာ နားလည်တဲ့သူ အနေနဲ့ ဆက်ဆံရေးက ဒီထက်ပိုပြီးတော့ အဆင်ပြေ ချောမွေ့ လာမယ်ဆိုတာကတော့ သေချာတယ်”လို့ သူက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး အနေနဲ့ လွှတ်တော်ထဲ ရောက်ရုံ ဆိုရင်တော့ ကိုကိုးကျွန်းလို နေရာမျိုးမှာ အမတ်တနေရာ ဝင်ရွေးလိုက်ရုံနဲ့ ဖြစ် နိုင်ပေမယ့် တိုင်းပြည်ခေါင်းဆောင်အထိကတော့ မှန်းဖို့ မလွယ်ကြောင်း၊ တကယ်လို့ ဒုတိယ သမ္မတသာ ဖြစ်ပြီး အခု ဦးမြင့်ဆွေ နေရာမျိုး ဆိုရင်တော့ သူ့ရဲ့ နိုင်ငံရေးဘဝက သိပ်ပျော်စရာ ကောင်းမယ် မထင်ဘူးလို့ ရန်ကုန်မြို့ က သတင်းစာဆရာ ဦးသီဟသွေးက ပြောပါတယ်။

“ညွှန့်ပေါင်း အစိုးရလိုမျိုး ဖြစ်သွားရင်တော့ သူ့အတွက်က အခြေအနေကောင်းနိုင်တယ်။ ညွှန့်ပေါင်း အစိုးရဖြစ်နိုင်၊ မဖြစ်နိုင်က လည်း NLD က Landslide နိုင်၊ မနိုင်ဆိုတဲ့ အပေါ်မှာ မူတည်တယ်။ အဲဒါကလည်း အခုချိန်မှာ ပြောဖို့ စောသေးတယ်။ သူ့မှာ ရည် မှန်းချက်တွေတော့ ရှိလိမ့်မယ်။ ဒါပေမယ့် နီးမှ ဆုံးဖြတ်လိမ့်မယ်”လို့ သူက ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ လုပ်ပုံကိုင်ပုံတွေ ကြည့်ရတာ နိုင်ငံရေး အတွေးအခေါ်တွေ ရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ သမ္မတ ဦးသိန်းစိန်နဲ့ အတူ တွဲထွက်လာပြီးနောက် အဲဒီအချိန်ကစလို့ သူ့မှာ နိုင်ငံရေး ရည်မှန်းချက် ရှိသွားပုံရကြောင်း၊ တပ်မတော် ခေါင်းဆောင် တယောက် အနေနဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေမှာ စိတ်ဝင်စားပြတဲ့ အတွက်ကြောင့်မိုလို့ သူ့မှာ နိုင်ငံရေး အိမ်မက် ရှိတယ်လို့ ပြောနိုင်ကြောင်း ဦးသီဟသွေးက သုံးသပ်ပါတယ်။

ရခိုင်အမျိုးသား ပါတီက ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင် ဦးဖေသန်းကတော့ ဗိုလ်ချုပ်မှူးကြီးဟာ တပ်မတော်ရဲ့ ကိုယ်စားလှယ် ရာခိုင်နှုန်းအရ အရပ်ဘက်ကို ပြောင်းလာရင် ဒုတိယ သမ္မတသာ ဖြစ်နိုင်ပြီး အဲဒီထက်တော့ မပိုနိုင်ဘူးလို့ ပြောပါတယ်။

“သူ သမ္မတတော့ မဖြစ်နိုင်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကြံ့ခိုင်ရေးပါတီကလည်း ၂၅ ရာခိုင်နှုန်းကျော်ဖို့ ဆိုတာ လက်ရှိ အခြေအနေအရ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဖြစ်မယ်ဆိုရင်တောင်မှ တခြားတိုင်းရင်းသား ပါတီတွေရယ်၊ ကြံ့ခိုင်ရေးပါတီရယ် ပေါင်းရင်တော့ ၂၅ ပြည့်မလား မပြောတတ်သေးဘူး”လို့ သူက ဆိုပါတယ်။

ဒါပေမယ့် တပ်ချုပ်ရဲ့ နိုင်ငံရေး အိပ်မက်တွေကို ခြိမ်းခြောက်ဖိအားပေးတာကတော့ ရခိုင်အရေးကို အကြောင်းပြုပြီး ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံတကာ ဖိအားတွေနဲ့ သူ့ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို တင်ဖို့ ကြိုးစားနေမှုတွေပဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းတွေကို အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (AR SA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခြင်းကို မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပြန်လည် တုန့်ပြန်တဲ့အခါမှာ ဒုက္ခသည် ၇ သိန်းကျော် အိမ် နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးသွားခဲ့တဲ့အပေါ် ဗိုလ်ချုပ်မှူးကြီးကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းအပြစ်တင်ခဲ့ကြ ပါတယ်။

ရခိုင်ပြည်နယ်အရေး ဆောင်ရွက်မှုတွေမှာ အဓိက တာဝန်ရှိတယ်လို့ ယူဆပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် အရာရှိများကို အမေရိကန် အပါအဝင် နိုင်ငံတကာရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေက တပ်မတော်ရဲ့ဂုဏ်သိက္ခာပိုင်းကိုလည်း ထိခိုက်ခဲ့ရပါတယ်။

“သူသမ္မတကြီး ဖြစ်တယ်ဆိုရင် သူ့ကို ဆန်ရှင်လုပ်ထားတဲ့ နိုင်ငံတွေကို သွားလည်လို့ ရမလား။ သူ့အတွက်လည်း မကောင်းဘူး။ တိုင်းပြည်အတွက်လည်း မကောင်းဘူး။ ဒီလို လူမျိုးက သမ္မတဖြစ်မယ်ဆိုရင် အမေရိကား သွားလို့ မရဘူး။ ဥရောပကို သွားလို့ မရဘူး။ ဟိုက ဆွဲချက် တင်ထားပြီ”လို့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ခင်ဇော်ဝင်းက ပြောပါတယ်။

သတင်းစာဆရာ ဦးသီဟသွေးကလည်း “နိုင်ငံ့ခေါင်းဆောင်တယောက်က အဲလို ပြဿနာနဲ့ ဖြစ်လာရမယ် ဆိုတာက သိပ်မလှဘူးလေဗျာ။ နိုင်ငံတနိုင်မှာ အသစ်တက်လာ မယ့် ခေါင်းဆောင်တယောက်က ဒီလို ပြဿနာရှိတဲ့သူက ခေါင်းဆောင်ဖြစ်လာတယ်ဆိုရင် နိုင်ငံတကာ အသိအမှတ်ပြုမှု အပိုင်းနဲ့ နိုင်ငံတကာရဲ့ ထင်ကြေး အပိုင်းမှာ မျက်နှာပန်း မလှဘူး”လို့ ပြောပါတယ်။

မည်သို့ပင် နိုင်ငံတကာ ဖိအားများ ရှိနေပါစေကာမူ အဓိက အကျဆုံးမှာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်လို့ သုံးသပ်ကြပါတယ်။

“တိုင်းရင်းသား ပါတီတွေ ဘယ်လောက်အထိ အနိုင်ရမလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ ပြီးတော့မှ NLD ပါတီနဲ့ တိုင်းရင်းသား ပါတီတွေရဲ့ ဆက်ဆံရေး၊ မပြေလည်ဘူးဆိုရင် တပ်၊ ပြည်ခိုင်ဖြိုးတို့နဲ့ ဆက်ဆံရေးမှာ တခုခု စည်းရုံးပြီးတော့ လုပ်ရင်တော့ သူ သမ္မတ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်”လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ဒါပေမယ့် လက်ရှိ အာဏာရ NLD ပါတီရဲ့ ရွေးကောက်ပွဲ အနိုင်ရရှိမှုဟာ အရင်ကထက် လျော့သွားရင်တောင် ၅၀ ရာခိုင်နှုန်းလောက်တော့ ရှိဦးမယ်လို့ ယူဆကြောင်း တကယ်လို့ သူလိုအပ်လာရင်လည်း တိုင်းရင်းသား ပါတီတွေကို စည်းရုံးနိုင်ပြီး တိုင်းရင်းသားပါတီတွေကို စည်းရုံးမယ်ဆိုရင် ကြံ့ခိုင်ရေးထက် NLD က အခွင့်အရေးသာမယ်လို့ သူထင်ကြောင်း သုံးသပ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ “ဖြစ်နိုင်ခြေကတော့ နည်းတယ်”လို့ ကောက်ချက်ချပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေး ယဉ်ကျေးမှု သမိုင်းထဲ Coalition Government (ညွှန့်ပေါင်း အစိုးရ)ဆိုတာ အင်မတန် ဖြစ်ခဲပြီး မြန်မာပြည် နိုင်ငံရေးသမားတွေဟာ ညွှန့်ပေါင်း အစိုးရ အယူအဆကို လက်မခံချင်ကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ခင်ဇော်ဝင်းကလည်း ပြောပါတယ်။

“ဗမာပြည်မှာ ပါတီတခုတည်းက ဘယ်ပါတီမဆိုပြောတာ။ ပါတီတခုတည်းကပဲ လက်ဝါးကြီး အုပ်ထားမယ်ဆိုရင် အဖြေတွေက မကောင်းဘူး။ ကျနော်တို့က မဲပြန့်စေချင်တယ်။ တပါတီတည်းကနိုင်တော့ တိုင်းရင်းသားတွေလည်း ဟတ်ကော့ကြီး ဖြစ်သွားတယ်လေ။ ပြောသာပြောရတယ်။ ဖြစ်လာနိုင်ခြေက နည်းတယ်”လို့ သူက ပြောပါတယ်။

မြန်မာပြည် နိုင်ငံရေး သမိုင်းမှာလည်း ညွှန့်ပေါင်း အစိုးရ ဆိုတာမျိုး မပေါ်ပေါက်ဖူးဘဲ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပါလီမန် ဒီမိုကရေစီခေတ်၊ မြန်မာပြည် ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ တပ်မတော် အစိုးရ၊ ကြံ့ခိုင်ရေး အစိုးရနဲ့ လက်ရှိ NLD အစိုးရ လက်ထက်အထိ တပါတီတည်းက ထိန်းချုပ်ခဲ့တာချည်းပါပဲ။

တကယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်လာရင်တောင် လက်ရှိ NLD ပါတီက လွှတ်တော်ထဲမှာ နေရာအများစု ရနေဦးမှာဆိုတော့ NLD က တက်လာတဲ့ သမ္မတနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးတွေ မလုပ်ဘူးဆိုရင် တိုင်းပြည်ရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေဟာ အောင်မြင်ဦးမှာ မဟုတ်ပါဘူး။

နိုင်ငံရေး လေ့လာသူတချို့ကတော့ တပ်ချုပ်ဟာ ၂၀၂၁ ခုနှစ်အထိ လက်ရှိ တာဝန်ကို ထမ်းဆောင်မှာ ဖြစ်ပေမယ့် သမ္မတ ဖြစ်ဖို့ မမျှော်လင့်တဲ့အပြင် သူအငြိမ်းစားယူပြီးရင် အနားယူဖို့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ မှာ အိမ်တလုံးတောင် ဆောက်နေပြီလို့ ပြောဆိုမှုတွေ ရှိပါတယ်။ ဒါပေမယ့် သီးခြား အတည်ပြုချက်တော့ ယူလို့ မရဘူး။

လက်ရှိ အသက် ၆၃ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၆ ခုနှစ်မှာ အသက် ၆၀ ပြည့်ခဲ့ပေမယ့် ပင်စင် မယူသေးဘဲ တပ်မတော် ဥပဒေအများအရ သူ့ရဲ့ ရာထူး သက်တမ်းကို တိုးထားခဲ့တာပါ။ သူ့ရဲ့ ရာထူးသက်တမ်း တိုးမှုကို NLD အစိုးရက အတည်ပြုချက် ပေး၊ မပေး ဆိုတာတော့ တိတိကျကျ မသိရပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တနင်္သာရီတိုင်း၊ ထားဝယ်မြိ့မှာ ၁၉၅၆ ခုနှစ်က မွေးဖွားခဲ့ပြီး တက္ကသိုလ်ဝင် စာမေးပွဲကို ရန်ကုန် အထက-၁ (လသာ) မှာ အောင်မြင်ခဲ့ပါတယ်။ ၁၉၇၃-၇၄ ခုနှစ်တွေမှာ တက္ကသိုလ်မှာ ဥပဒေပညာကို လေ့လာပြီး ၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၁၉ ကို တက်ရောက်ခဲ့ပါတယ်။

တပ်မတော်မှ အရာရှိငယ် ဘဝကတည်းက ရာထူးအတက်မြန်ခဲ့သူ တဦး ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ တပ်မှူး၊ ဗိုလ်မှူးချုပ်၊ ၂၀၀၃ ခုနှစ် မှာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ၂၀၀၄ ခုနှစ်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ နေရာဒေသ အမျိုးမျိုးမှာ ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ စစ်ဆင်ရေး အထူးအဖွဲ့ မှူး ရာထူးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၂၀၁၀ ခုနှစ် မှာတော့ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး၊ ဗိုလ်ချုပ်ကြီး ဖြစ်လာပါတယ်။ မကြာခင်မှာပဲ အဲဒီတုန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်မယ်လို့ ထင်ကြေး ပေးခံနေရတဲ့ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ကျော်ပြီး ၂၀၁၁ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ပဲ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ တပ်မတော် ဖွဲ့ စည်းပုံအတိုင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး၊ ၂၀၁၃ မှာ ဗိုလ်ချုပ်မှူးကြီး ရာထူးကို လက်ရှိ အချိန် အထိ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။

နိုင်ငံရေး စွမ်းရည်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြသနိုင်သည်

ငြိမ်းချမ်းရေး အမြန်ရချင်ကြောင်း တပ်ချုပ်က KBC ကို ပြော

မန္တလေးက ဘာသာရေး ကျောင်းများထံ တပ်ချုပ် သွားရောက်လှူဒါန်း

”စွန့်လွှတ်အနစ်နာ မခံဘဲ ငြိမ်းချမ်းရေး မရဘူး”

The post ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်မှာလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...