Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

Bilateral ထိုးနိုင်ရေး အောက်တိုဘာ ဆွေးနွေးပွဲ အလုပ်ဖြစ်မှာလား

$
0
0

ပဏာမ အပစ်အခတ် ရပ်စဲရေး စာချုပ် (Bilateral) လက်မှတ် ထိုးနိုင်ရန် အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင် ၄ ဖွဲ့ ကြား အချက် ၇ ချက်ကို အောက်တိုဘာလတွင် ဆက်လက် ဆွေးနွေးရန် သဘောတူထားကြသည်။

အဆိုပါ သဘောတူညီချက်ကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် နှစ်ဖက် ကိုယ်စားလှယ်များက ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် တွေ့ဆုံ ဆွေးနွေးပြီး သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

ဆက်လက် ဆွေးနွေးရန် သဘောတူညီခဲ့သော အချက်များမှာ –

(၁) Bilateral Ceasefire Agreement လက်မှတ် ထိုးနိုင်ရေးနှင့် လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများ လုံးဝ ချုပ်ငြိမ်း သွားစေရန်အတွက် လိုအပ်သည်များ ဆက်လက် ဆွေးနွေး လုပ်ဆောင်သွားကြမည်။

(၂) တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူများ မိမိနေရပ်သို့ ပြန်နိုင်ရေး၊ ပြန်လည် နေရာချထားရေး နှင့် ပြန်လည် ထူထောင်ရေးကို အစိုးရ၊ NRPC၊ တပ်မတော် တို့နှင့် ညှိနှိုင်းဆွေးနွေး ပူးပေါင်း ဆောင်ရွက် သွားကြမည်။

(၃) တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရန် မည်သို့ ဆောင်ရွက်မည်ဆိုသည့် နှစ်ဖက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက် ဆွေးနွေးသွားရန် ထပ်လောင်း သဘောတူညီကြသည်။

(၄) တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်းနှင့် လိုအပ်သော လုပ်ငန်းကိစ္စများ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေး စနစ်နှင့် ဆက်ဆံရေးရုံးများ ထားရှိရေး ဆွေးနွေး ဆောင်ရွက်သွားကြမည်။

(၅) ယုံကြည်မှု တည်ဆောက်နိုင်ရေး အတွက် နှစ်ဖက် ဖမ်းဆီးခြင်း ချုပ်နှောင်ခြင်း၊ အရေးယူခြင်း ဆိုင်ရာ ကိစ္စရပ်များ အား ဆက်လက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြမည်။

(၆) တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ဆိုင်ရာ ဆွေးနွေးမှုများအား နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် လုပ်ငန်းစဉ်ကို ဆက်လက် ဆွေးနွေးဆောင်ရွက် သွားကြမည်။

(၇) အပစ်အခတ်ရပ်စဲမှု ခိုင်မာစေရေး ဆောင်ရွက်ရာတွင် စေ့စပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ရေး အတွက် နှစ်ဖက် သဘောတူ လက်ခံသည့် ပဋိပက္ခဖြေရှင်းရေး နည်းလမ်း ရရှိနိုင်ရေး ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားကြမည် စသည့် အချက်များ ဖြစ်သည်။

စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့ ဆွေးနွေးပွဲတွင် မီဒီယာများကို ဖြေကြားနေသည့် AA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်ကို တွေ့ရစဉ်။

ထို အချက် ၇ ချက်ကို ဆက်လက် ဆွေးနွေး၍ သဘောတူညီမှု ရရှိပါက ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင် (တအန်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင်စစ်တပ် (AA)နှင့် အစိုးရကြား Bilateral စာချုပ်ကို လက်မှတ်ထိုးကြမည်ဟု ကြားဝင် စေ့စပ် ညှိနှိုင်းပေးနေသော ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့(PCG)မှ ဦးလမိုင်ဂွန်ဂျာက ဧရာဝတီသို့ ပြောသည်။

“ကျနော်ထင်တာတော့ အဲဒီ ၇ ချက်လုံးကိုအရင်ညှိမယ် ညှိပြီးမှပဲ လက်မှတ်ထိုးကြမယ်လို့ ကျနော်က ဒီလိုပဲ နားလည် တယ်။ ဘာပဲဖြစ်ဖြစ် ဒီ ၇ ချက်ကို အရင်ညှိမယ် အဲဒါညှိပြီးလို့ အားလုံး အဆင်ပြေမှပဲ Bilateral လက်မှတ် ထိုးမယ် ဆိုတဲ့ သဘောဗျ”ဟု ၎င်းက ပြောဆိုသည်။

အစိုးရနှင့်နီးစပ်သူ တဦးကမူ မြောက်ပိုင်း ၄ ဖွဲ့နှင့် အစိုးရကြား တချို့သော အချက်များသည် လက်တွေ့ ဆွေးနွေးသည့် အခါ ပြေလည်ရန် ရာခိုင်နှုန်းနည်းကြောင်း၊ အဘယ်ကြောင့်ဆိုသော် အစိုးရနှင့်တပ်မတော်ဘက်က တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရေး နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း (Code of Conduct)ကို အရင် ညှိနှိုင်းလိုပြီး မြောက်ပိုင်း ၄ ဖွဲ့ ဘက်က Bilateral ထိုးပြီးမှသာ Code of Conduct ကို ဆွေးနွေးလိုကြောင်း ရပ်တည်နေခြင်းကြောင့် Bilateral ထိုးနိုင်ရေး နှစ်ဖက်ကြား ကွာဟနေသည်ဟု ပြောဆိုသည်။

“မြောက်ပိုင်းအဖွဲ့က အပစ်အခတ်ရပ်စဲရေး လက်မှတ် အရင်ထိုးမယ်။ လက်မှတ်ထိုးပြီးမှ တိုက်ပွဲ ထပ်မံမဖြစ်ပွားရေး အတွက် စည်းမျဉ်းစည်းကမ်းတွေကို ညှိချင်တယ်။ အစိုးရဘက်က စည်းမျဉ်းစည်းကမ်းတွေ အရင် ညှိချင်တယ်၊ အဲဒီလို ညှိနှိုင်းနိုင်အောင် ယာယီအပစ်အခတ်ရပ်စဲရေး လုပ်မယ်။ စည်းမျဉ်းစည်းကမ်းတွေ သဘောတူပြီးမှ အပစ် အခတ် ရပ်စဲရေးကို လက်မှတ်ထိုးမယ်။ Concept က အဲဒီလို လွဲနေတယ်လို့ သိရတယ်”ဟုလည်း ၎င်းက ပြောသည်။

ကျိုင်းတုံ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ AA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်ကလည်း အကြိတ်အနယ် ဆက်ပြီး ညှိနှိုင်းရဦးမည့် အနေအထား ရှိနေကြောင်း စက်တင်ဘာ ၁၉ ရက်နေ့ BBC နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

“တချို့အချက်တွေကတော့ အပြန်အလှန် ထပ်ဆွေးနွေးဖို့ လိုပါတယ်။ အချက်အားလုံးကို သဘောတူနိုင်တဲ့ အခါ Bilateral အထမြောက် လာပါလိမ့်မယ်။ ဘယ်အချိန်မှာ အထမြောက်မလဲဆိုတာ ပြောဖို့ စောပါသေးတယ်”ဟု ၎င်းက ဆိုသည်။

အစိုးရဘက်ကမူ –
(၁) KIA၊ TNLA၊ MNDAA၊ AA တို့ အားလုံး ပါဝင်သည့် ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တခုကို စာရွက် တရွက်တည်းတွင် လက်မှတ်ထိုးရန်။
(၂) တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး နှစ်ဖက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ညှိနှိုင်းရန်။
(၃) သဘောတူညီမှုများ ရပါက တဖွဲ့ချင်း Bilateral ထိုးရန်။
(၄) IDP (စစ်ဘေးရှောင်) ကိစ္စများကို ဆောင်ရွက်ရန်။
(၅) NCA လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းရန် စသဖြင့် တဆင့်ချင်း သွားလိုသော ဆန္ဒရှိနေကြောင်း သိရသည်။
ထိုသို့ အစိုးရဘက်က သဘောထား ဆန္ဒရှိလာခြင်းကလည်း ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်ကြား လည်းကောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် TNLA၊ MNDAA၊ AA တို့နှင့် တပ်မတော်ကြား လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်မှ ၂၀ ရက်နေ့အထိ မူဆယ်-မန္တလေး ပြည်ထောင်စု လမ်းမ ကြီး ပေါ်တွင် TNLA၊ MNDAA၊ AA တို့သည် ကားများ မီးရှို့ဖျက်ဆီး၍ လမ်းပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
လမ်းများ ပိတ်ဆို့ခြင်းကြောင့် တရုတ်-မြန်မာ ကုန်သွယ်ရေး ပြတ်တောက်သွားခဲ့သလို အရပ်သားများ ထိခိုက် သေဆုံး မှုများ ရှိခဲ့၍ တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ပထမဆုံး ညှိနှိုင်းလိုခြင်း ဖြစ်ကြောင်း သိရသည်။

မြောက်ပိုင်း ၄ ဖွဲ့မှ ကိုယ်စားလှယ်များကို စက်တင်ဘာ ၁၇ ရက်က NRPC နှင့် Bilateral ထိုးနိုင်ရေး ဆွေးနွေးပွဲတွင် တွေ့ရစဉ်။

တပ်မတော်ဘက်က ဆန္ဒရှိပါက မိမိတို့ ၃ ဖွဲ့အနေဖြင့် တပ်မတော်နှင့် ပူးတွဲ အပစ်အခတ်ရပ်ဆိုင်းရန် အဆင်သင့်ရှိ ကြောင်း၊ မိမိတို့ ၃ ဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း၊ ထိုသို့ အပစ်အခတ် ရပ်စဲရခြင်းကလည်း ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ် (Bilateral Ceasefire Agreement) လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးပွဲများ လက်တွေ့ကျကျ ထိထိရောက်ရောက် ဆွေးနွေးနိုင်ရန် အတွက် ရည်ရွယ်ကြောင်း TNLA၊ MNDAA၊ AA တို့ က ပူးတွဲ၍ စက်တင်ဘာလ ၂၀ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

ကျိုင်းတုံဆွေးနွေးပွဲ တက်ခဲ့သူ TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် ကလည်း“Bilateral လက်မှတ် ထိုးနိုင်ရေးကိစ္စကို သေချာပြန်ဆွေးနွေးမယ်။ နှစ်ဖက်တပ်က ကိုယ့်အောက်ခြေတပ်ကို ကိုယ်ဘယ်လောက် အထိ ထိန်းနိုင်လဲ။ တကယ်အခုဖြစ်နေတဲ့ တိုက်ပွဲကို ဘယ်လောက်အထိ အရှိန်လျှော့ချင်လဲ အပေါ်မှာပဲ မူတည်တယ် လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆွေးနွေးပွဲကနေပြီးတော့ တိတိကျကျ တိုက်ပွဲလျှော့ချရေးကိစ္စကို ကျနော် တို့ မဆွေးနွေးနိုင်ခဲ့ဘူး”ဟု စက်တင်ဘာ ၁၇ ရက် ဆွေးနွေးပွဲအပြီး ဧရာဝတီသို့ ပြောဆိုထားသည်။

PCG မှ ဦးလမိုင်ဂွန်ဂျာကမူ“အခုဖြစ်နေတဲ့ တိုက်ပွဲတွေ စစ်ရှိန်လျှော့ချနိုင်အောင်လို့ အဲဒါ အရင်ညှိနှိုင်းမှာပေါ့ အဲဒါ ၇ ချက်ထဲမှာပါတယ်၊ အဲဒါတွေ ဆွေးနွေးမယ်၊ ဆွေးနွေးလို့ အားလုံး အဆင်ပြေပြီးဆိုရင်တော့ Bilateral လက်မှတ် ထိုးရေး စမယ်၊ အပစ်အခတ် ရပ်စဲရေး လုပ်မယ်ပေါ့”ဟု ပြောသည်။

Bilateral စာချုပ် အပါအဝင် NCA ပါ ထိုးထားသည့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဒု ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက မိမိတို့ ငြိမ်းချမ်းရေး ဆွေးနွေးစဉ်က နှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ် (Code of Conduct) မရှိသေး သည့်အတွက် Bilateral အရင်ထိုးပြီးမှ Code of Conduct ကို ညှိနှိုင်းခဲ့ရကြောင်း၊ ယခုအခါ အခြေအနေ ကွာခြား သွားပြီ ဖြစ်သလို NCA ပေါ်လာပြီး Code of Conduct များ ရှိလာခဲ့ပြီဟု ပြောဆိုသည်။

NRPC မှ တပ်မတော်နှင့် အစိုးရ ကိုယ်စားလှယ်များကို စက်တင်ဘာ ၁၇ ရက်က မြောက်ပိုင်း ၄ ဖွဲ့နှင့် Bilateral ထိုးနိုင်ရေး ဆွေးနွေးပွဲ၌ တွေ့ရစဉ်။

“Code of Conduct ဆိုတာ ရှိလာတော့ ဒီ NCA ထိုးကြတဲ့ လူတွေနဲ့ အစိုးရ၊ တပ်မတော်နဲ့ကြားမှာ ကျနော်တို့ ဒါကို နှစ် ဖက် လိုက်နာရမယ်ဆိုပြီးတော့ သဘောတူထားပြီးသား ဖြစ်တယ်။ အခု ဒီမြောက်ပိုင်းအဖွဲ့တွေ အနေနဲ့ကတော့ သူတို့ ကတော့ လက်မှတ်ထိုးတယ်ဆိုတာမှာ ကျနော်တို့ နားလည်တာကတော့ အခု Bilateral ထိုးပြီးရင် NCA လမ်းကြောင်းကို ဆက်သွားမယ်ဆိုတဲ့ အခြေခံပေါ်ကနေ လုပ်တာလို့ နားလည်တယ်။ Bilateral ပြီးရင် NCA ကို ဆက် သွားမယ်ဆိုရင်တော့ အခု လက်ရှိပြဋ္ဌာန်းတဲ့ Code of Conduct ပေါ့၊ ဒါကို ဆွေးနွေးကြရတော့မယ်လို့ မြင်တယ်၊ အရင် တုန်းကတော့ Code of Conduct ဆိုတာ မရှိသေးဘူးဗျာ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် Bilateral စာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့ရှိသည်။

ထို ၁၄ ဖွဲ့ထဲမှ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်း ချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ် ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) အပါအဝင် ၁၀ ဖွဲ့က NCA လက်မှတ် ထိုးထားကြပြီး ဖြစ်သည်။

LDU ကမူ တပ်မရှိသည့် အတွက် Bilateral စာချုပ် ထိုးထားခြင်း မရှိဘဲ NCA ကို တိုက်ရိုက် လက်မှတ်ထိုးခဲ့သော အဖွဲ့ဖြစ်သည်။

ကျန်သည့် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ နာဂ အမျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ကမူ NCA ထိုးနိုင်ရေး အတွက် အစိုးရနှင့် ညှိနှိုင်းနေဆဲ ဖြစ်သည်။

စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့တွင် ကျင်းပသည့် Bilateral ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နှင့် တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့ကို တွေ့ရစဉ်။

အထက်ပါ လက်နက်ကိုင် ၅ ဖွဲ့အနက် UWSA၊ NDAA၊ SSPP တို့သည် KIA၊ TNLA၊ MNDAA၊ AA တို့နှင့်အတူ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ(FPNCC)ကို ဖွဲ့စည်းထားပြီး NCA ထိုးနိုင်ရေး ကြိုးပမ်းလျက် ရှိနေ သည်။

FPNCC တွင် အဖွဲ့ဝင် အဖြစ်ပါဝင်နေသော KIA၊ TNLA၊ MNDAA၊ AA တို့သည် အစိုးရနှင့် Bilateral စာချုပ် မထိုးရ သေးခြင်းကြောင့် ပထမအဆင့် အနေဖြင့် Bilateral လက်မှတ်ထိုးရန် လိုအပ်နေသည်။

ထို့ကြောင့် အစိုးရနှင့် KIA၊ TNLA၊ MNDAA၊ AA တို့သည် Bilateral လက်မှတ်ထိုးနိုင်ရေး ဆွေးနွေး ညှိနှိုင်းနေကြခြင်း ဖြစ်သည်။

အစိုးရနှင့် KIA၊ TNLA၊ MNDAA၊ AA တို့ကြား Bilateral လက်မှတ် ထိုးနိုင်ခဲ့ပြီဆိုပါက UWSA၊ NDAA၊ SSPP တို့နှင့် အတူ NCA ထိုးနိုင်ရေး ဆက်လက် ဆွေးနွေးကြရမည် ဖြစ်ပါသည်။

PNLO ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက“ကျနော့် အမြင်ကတော့ ကျနော်တို့ လုပ်ခဲ့စဉ်တုန်းကနေ အခြေအနေတွေ ကွာတယ် လေ၊ အခြေအနေတွေ ကွာတော့ တယောက်ကို တယောက် ဘယ်လိုပဲဖြစ်ဖြစ် အကြပ်ကိုင်ကြတဲ့ သဘောနဲ့ ဆိုရင် တော့ အောင်မြင်မှုကတော့ ရမှာမဟုတ်ဘူး။ အလုပ်မဖြစ်နိုင်ဘူး။ အဲဒီတော့ အကြပ်ကိုင်တဲ့ အခြေခံကနေ စဉ်းစား တာ တော့ သိပ်ပြီး မဟုတ်ဘူး၊ ဒါကတော့ နှစ်ဖက်စလုံးအပေါ်မှာ မူတည်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် KIA၊ TNLA၊ MNDAA၊ AA နှင့် အစိုးရကြား Bilateral ထိုးနိုင်ရေး ဆွေးနွေးမှုများသည် နှစ်ဖက် ကွာဟ ချက်များ ရှိနေခြင်းကြောင့် လာမည့် အောက်တိုဘာ ဆွေးနွေးပွဲသည်လည်း မည်မျှ အလုပ်ဖြစ် မဖြစ်ကိုမူ စောင့်ကြည့် ရမည်သာ ဖြစ်ပါသည်။ ။

The post Bilateral ထိုးနိုင်ရေး အောက်တိုဘာ ဆွေးနွေးပွဲ အလုပ်ဖြစ်မှာလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...