Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

လူဖြူအမျိုးသားရေးဝါဒီများက အမေရိကကို စိန်ခေါ်နေပြီ

$
0
0

ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက တက္ကဆက် ပြည်နယ်နှင့် အိုဟိုင်းယိုး ပြည်နယ်တို့တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့၍ အနည်းဆုံး လူ ၂၉ ဦး သေဆုံးခဲ့ရသဖြင့် အာဏာပိုင်များအတွက် လူအစုလိုက် အပြုံလိုက် ပစ်သတ်မှုနှင့် ပြည်တွင်း အကြမ်းဖက်ဝါဒတို့၏ စိန်ခေါ်မှုတို့ကို ရင်ဆိုင်နေရသည်။

တိုက်ခိုက်မှု အများစုမှာ လူဖြူ အမျိုးသားရေးဝါဒီများ၏ တိုက်ခိုက်မှုများ ဖြစ်သည်။

လူဖြူများက ကျူးလွန်သည်ဟု ဝန်ခံသော အကြမ်းဖက်မှုများသည် အစွန်းရောက် ဝါဒကြောင့် ပျံ့နှံ့ခဲ့ပြီး အမေရိကန် ပြည်တွင်းအကြမ်းဖက်မှု အမြောက်အမြားကို ဖန်တီးခဲ့ကြောင်း ဖက်ဒရယ် စုံစမ်းရေးဗျူရို (FBI) အဆိုအရ သိရသည်။

လတ်တလော ဖြစ်ပွားခဲ့သော ပြည်တွင်းအကြမ်းဖက်မှု ၈၅၀ ဝန်းကျင်အနက် ၄၀ ရာခိုင်နှုန်းမှာ လူမျိုးရေးအရ အစွန်းရောက် အကြမ်းဖက်ဝါဒီများ၏ စေ့ဆော်မှုများကြောင့် ဖြစ်ပြီး အကြမ်းဖက်မှု အများစုတွင် လူဖြူ လူမျိုးကြီးဝါဒီများ ပါဝင်ပတ်သက်နေကြောင်း FBI က ပြောသည်။

စနေနေ့က တက္ကဆက်ပြည်နယ် နယ်ခြားမြို့ El Paso တိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး အသက် ၂၀ ရှိ လူဖြူတဦးက ၎င်းလက်ချက်ဖြစ်ကြောင်း ဝန်ခံထားသည်။ ကျူးလွန်သူမှာ ၎င်းပစ်ခတ်မှုမပြုမီက လူကြည့်များသော လက်ယာ အစွန်းရောက် ဝက်ဘ်ဆိုက်တခုပေါ်သို့ ရွှေ့ပြောင်း နေထိုင်လာသူများအား ဆန့်ကျင်ရေးနှင့် လူဖြူအမျိုးသားဝါဒ ထောက်ခံအားပေးသည့် စာတမ်းတစောင်ကို လွှင့်တင်ခဲ့သည်ဟု ယုံကြည်ရသူဖြစ်သည်။

အခြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော နေရာများတွင် Pittsburgh, Poway နှင့် ကယ်လီဖိုးနီးယားတို့ရှိ ဂျူးဘုရားကျောင်းများ ပါဝင်သည်။

“တကိုယ်တော် ပြစ်မှုကျူးလွန်သူတွေဟာ ပြည်တွင်း အကြမ်းဖက်သမားတွေနဲ့ ပတ်သက်လို့ (အာဏာပိုင်တွေ) မရှူနိုင် မကယ်နိုင် ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ အဓိကအားဖြင့် သေနတ်သုံးပြီးတော့ ပစ်ခတ်မှုတွေ ကျူးလွန်ကြတယ်။ တကိုယ်တော် ကျူးလွန်တဲ့ သူတွေကို ကျနော်တို့ အစိုးရိမ်ဆုံးပါပဲ” ဟု FBI ထိပ်တန်း အကြမ်းဖက် နှိမ်နင်းရေး အရာရှိဖြစ်သူ မိုက်ကယ် မက်ဂါရစ်တီက လွှတ်တော်အမတ်များကို မကြာသေးမီက ထုတ်ဖော် ပြောကြားခဲ့သည်။

“မကြာခဏဆိုသလို ဒီ တကိုယ်တော် သမားတွေဟာ ဘယ်အဖွဲ့အစည်း၊ ဘယ်က စေခိုင်းတာမှန်းမသိအောင် ကျူးလွန်ကြပြီးတော့ သူတို့ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ စုံစမ်းဖို့ အခက်အခဲဖြစ်အောင် စိန်ခေါ်တတ် ကြပါတယ်” ဟု သူက ဆက်ပြောသည်။

တနင်္ဂနွေညက အိုဟိုင်းယိုးပြည်နယ်၊ ဒေးတန်မြို့တွင် လူ ၉ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရခဲ့သော ပစ်ခတ်မှု ကျူးလွန်သူသည် မည်သူမည်ဝါမှန်း ရှင်းရှင်းလင်းလင်း မသိရကြောင်း အာဏာပိုင်များက ပြောသည်။ ထိုသူမှာ ရဲ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယင်းကဲ့သို့ ရာဇဝတ်မှုများအတွက် အကာအကွယ် ပြုရေးနှင့် ဖော်ထုတ်ရေးတို့မှာ ဖက်ဒရယ် ဒုစရိုက် နှိမ်နင်းရေး အရာရှိများအတွက် များစွာ စိတ်အနှောင့်အယှက် ဖြစ်ရသည်။

မကြာသေးမီ နှစ်များအထိ ထိုအရာရှိများက အစ္စလာမ် အစွန်းရောက်များ၏ ခြိမ်းခြောက်မှုများနှင့် အစ္စလာမ္မစ် နိုင်ငံတော် (Islamic State) အိုင်အက်စ်တို့ထံ သစ္စာခံသည့် ပြည်တွင်း အကြမ်းဖက်သမားများထံသို့ အာရုံစိုက်နေခဲ့သည်။ သို့သော် ယခုအခါ ယင်းသို့အာရုံစိုက် ချဉ်းကပ်မှုမှာ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း၊ အကြောင်းမှာ ပြည်တွင်း အကြမ်းဖက်ဝါဒနှင့် ဆက်စပ်၍ ဖမ်းဆီးမှုများနှင့် သတ်ဖြတ်မှုများသည် မကြာသေးမီနှစ်များက အစ္စလာမ္မစ် အစွန်းရောက် ဝါဒ ပါဝင်ပတ်သက်မှုများကို စံချိန်ချိုးသွားခဲ့၍ ဖြစ်ကြောင်း မစ္စတာမက်ဂါရစ်တီက ပြောကြားခဲ့သည်။

မကြာသေးမီက ပစ်ခတ်မှု အများအပြားကို ပြင်ဆင်ခဲ့သည့် လူငယ်လူဖြူများကို ဒုစရိုက် နှိမ်နင်းရေးအဖွဲ့များ ထင်ရှားပီပြင်စွာ ဖော်ထုတ်နိုင်ခြင်း မရှိ (သို့မဟုတ်) မည်သည့်အဖွဲ့အစည်းက စေခိုင်းမှန်း မဖော်ထုတ် နိုင်ခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြသည်။

“အင်တာနက်၏ အမှောင်ဆုံး အချိန်များ ရောက်လာပြီ” ဟု ဖော်ပြထားသည့် 8chan ကဲ့သို့ လျှို့ဝှက် ဝက်ဘ်ဆိုက် များတွင် သူတို့က မကြာခဏ တောင်းဆိုမှုများ လွှင့်တင်လေ့ရှိသည်။

ယင်းကဲ့သို့ အင်တာနက် အချိုးအကွေ့များကို ဥပဒေဘက်တော်သားများ ဖော်ထုတ်ရန် ခဲယှဉ်းလှကြောင်း နိုင်ငံခြားရေး မူဝါဒ သုတေသနသိပ္ပံမှ သုတေသီတဦး ဖြစ်သူ ကလင့်ဝပ်စ်က ပြောသည်။

“အင်တာနက်ပေါ်မှာ အားလုံးက လွတ်လွတ်လပ်လပ်ပဲ ဖြစ်ပြီးတော့ အမည်မဖော်ဘဲ လှုပ်ရှားလို့ရတယ်” ဟု မစ္စတာဝပ်စ်က ပြောသည်။

ဥပဒေ ဘက်တော်သားများအနေဖြင့် လူသားအရင်းအမြစ် ထောက်လှမ်းရေးကို ပိုသုံးရန် ဖြစ်လာကြောင်း မစ္စတာဝပ်စ်က ဆိုသည်။

အစွန်းရောက် အုပ်စုများ၏ တဦးချင်းစီ ချိတ်ဆက်ခြင်းနှင့် စိမ့်ဝင်လာခြင်း သတင်းအချက်အလက် စုဆောင်းရန် အတွက် သံသယဖြစ်ဖွယ် လှုပ်ရှားများကို ကွန်ပျူတာများသုံး၍ ဝက်ဘ်ဆိုက်များ၊ ဖိုရမ်ဆိုက်များကို အမှီပြု ခြေရာခံခြင်းထက် တရားဥပဒေ စိုးမိုးရေးအဖွဲ့ အင်အား မဖြစ်မနေ တိုးမြှင့်ရခြင်းသည် ကုန်ကျစရိတ်များပြားပြီး ခဲယဉ်းလှကြောင်း သူက ရှင်းပြသည်။

တိုက်ခိုက်မှုများကို ဟန့်တားရခြင်းသည်လည်း နောက်ထပ် ရင်ဆိုင်ရသော အခက်အခဲတခုဖြစ်သည်။ လူဖြူအမျိုးသားဝါဒကို လက်ခံကြသည့် ငယ်ရွယ်ပြီး မကျေမလည်ဖြစ်လေ့ရှိသော ယောက်ျားလေး အများစုသည် လူအစုလိုက် အပြုံလိုက်အပေါ် အကြမ်းဖက်မှု ကျူးလွန်ခြင်းကို ဝန်ခံဖွယ် မရှိကြောင်း ဒေါက်တာဂျွန်နသန် မက်ဇယ်က ပြောသည်။

ဒေါက်တာဂျွန်နသန် မက်ဇယ်သည် လူအုပ်ထဲ ပစ်ခတ်မှု ကျူးလွန်သည့် လူဖြူ အမျိုးသားဝါဒ အခန်းကဏ္ဍကို အထူးပြု လေ့လာနေသူ ဗန်ဒါဘစ်လ် တက္ကသိုလ် ပါမောက္ခဖြစ်သည်။

အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ တိုက်ဖျက်မှုအတွက် လုံးလုံးလျားလျား နှစ်မြုပ်ထားကြသည့် ကျယ်ပြန့်လှသော ရင်းမြစ်အချို့ကြောင့် ပြည်တွင်း အမုန်းတရား အုပ်စုဆန့်ကျင်ရေး လုပ်ဆောင်ရာတွင် FBI အနေဖြင့် နှေးကွေးလွန်းနေကြောင်း အမေရိကန် ကွန်ဂရက်အမတ်များနှင့် အမေရိကန် အစွန်းရောက်ဝါဒ ကျွမ်းကျင်သူများက ထောက်ပြကြသည်။

FBI သည် ၁၉၉၀ ပြည့်လွန် နှစ်များက လူဖြူများ ကြီးစိုးရေး လုပ်ဆောင်နေသည့် ရင်းမြစ်များကို ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခဲ့သော်လည်း ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် 9/11 အကြမ်းဖက် တိုက်ခိုက်မှု အပြီးတွင်မူ ဗျူရိုက အာရုံပြောင်းသွားခဲ့သည်။

“တရားရေးဌာနက အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေးကို သူတို့ ဦးစားပေး ကိစ္စတခုအနေနဲ့ ကိုင်တွယ်နေတဲ့ အတွက် ကျနော်တို့ အကြမ်းဖက်ဝါဒ အားလုံးကို တပြေးညီ ရှုမြင်တာ မရှိပါဘူး” ဟု FBI အေးဂျင့်ဟောင်း တဦးဖြစ်သူ မိုက်ကယ် ဂျာမန်က ပြောသည်။ ၎င်းသည် ၁၉၉၀ ပြည့်လွန် နှစ်များက ဝါရှင်တန်နှင့် ကယ်လီဖိုးနီးယား ပြည်နယ်တို့တွင် ခေတ်သစ် နာဇီအုပ်စုများနှင့် လူဖြူကြီးစိုးရေး သမားများအကြောင်း လျှို့ဝှက် ထောက်လှမ်းခဲ့ရသူ ဖြစ်သည်။

မေလက ထရမ့်အစိုးရအဖွဲ့ထဲမှ နုတ်ထွက်ခဲ့သူ ယခင်ဒုတိယရှေ့နေချုပ် ရော့ရိုစန်စတိန်းက အင်တာဗျူး တခုတွင် အစွန်းရောက်ဝါဒများ တိုက်ဖျက်ရေးသည် တရားဥပဒေ စိုးမိုးရေးအဖွဲ့များရော၊ နိုင်ငံသမားများပါ လုပ်ဆောင်ရမည့် အလုပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူဖြူ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း စနေနေ့ တွစ်တာ လူမှုကွန်ရက် ပေါ်သို့ မစ္စတာရိုစန် စတိန်းက ၎င်း၏ သဘောထားမှတ်ချက်ကို ရေးသား လွှင့်တင်ခဲ့သည်။ သမ္မတအနေဖြင့် လူဖြူ အကြမ်းဖက်ဝါဒကို မထောက်ခံကြောင်း အတိအလင်း ပြသခြင်းဖြင့် ထိုဝါဒကို ဟန့်တားနိုင်သလို အစ္စလာမ္မစ် အကြမ်းဖက်ဝါဒကို အလားတူ ဟန့်တားနိုင်သည်ဟု စတိန်းက သုံးသပ်သည်။

ထရမ့်သည် ယခင်က ထိုအုပ်စုများနှင့် တလေသံတည်း ထွက်ခဲ့သူဖြစ်သည်။ ဗာဂျီးနီးယား ပြည်နယ် Charlottesville မြို့တွင် ၂၀၁၇ ခုနှစ်က လူဖြူကြီးစိုးရေး ဝါဒီများ တန်ပြန်ဆန္ဒပြမှု ရုတ်ရုတ်သည်းသည်း ဖြစ်ခဲ့ပြီး အမျိုးသမီးတဦး သေဆုံးခဲ့ရာ သမ္မတ ယင်းကိစ္စကို “နှစ်ဘက်စလုံးက လူတွေ သိပ်ကောင်းပါတယ်” ဟု ပြောခဲ့ဖူးသည်။

၂၀၁၁ ခုနှစ်၊ နော်ဝေးနိုင်ငံမှ ယခုနှစ် အစောပိုင်း နယူးဇီလန်နိုင်ငံသို့ ကူးစက်လျှက် ယခု El Paso အထိ ဖြစ်ပွားလာနေသော ကမ္ဘာတလွှား လူဖြူအမျိုးသားရေးဝါဒဖြင့် လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှု ကျူးလွန်နေသူများနှင့် ဆက်စပ်၍ ပျံ့နှံ့နေသော ယုံကြည်သက်ဝင်မှု တခုမှာ ၎င်းတို့နှင့် ၎င်းတို့ တိုင်းပြည်များသည် လူဖြူမဟုတ်သူများနှင့် ရွှေ့ပြောင်းနေထိုင်သူများ၏ သိမ်းပိုက် တိုက်ခိုက် ခံနေရသည်ဟူသော ယုံကြည် သက်ဝင်မှုဖြစ်သည်။

El Paso တွင် ပစ်ခတ်ခဲ့သူများနှင့် ပြီးခဲ့သည့် ဧပြီလ Poway မြို့၊ ဂျူးဘုရားကျောင်းအတွင်း ပစ်ခတ်ခဲ့သူများ နှစ်မျိုးစလုံးတို့ကို နယူးဇီလန်နိုင်ငံတွင် ခရစ်ယာန် ဘုရားကျောင်းနှင့် မွတ်စလင်ဗလီထဲ ဝင်ရောက် တိုက်ခိုက်ခဲ့သူက စေ့ဆော်ပေးခဲ့ကြောင်း စွပ်စွဲရေးသားမှုများ ရှိနေသည်။

ခရစ်ယာန်ဘုရားကျောင်း ပစ်ခတ်ခဲ့သူက သူ့ကြေညာစာတမ်းကို “မဟာအစားထိုးမှု (Great Replacement)” ဟု ခေါင်းစဉ်တပ်ခဲ့သည်။ ယင်းခေါင်းစဉ်သည် ပြင်သစ်စာရေးဆရာ Renaud Camus က ၂၀၁၁ ခုနှစ် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး ရေးသားထုတ်ဝေခဲ့သည့် စာအုပ်အမည်လည်း ဖြစ်သည်။ ယင်းစာအုပ်ထဲတွင် ရွှေ့ပြောင်း နေထိုင်သူများနှင့် လူနည်းစု တိုးပွားလာခြင်းတို့ကြောင့် လူဖြူများ နေရာဖယ်ပေးရသည့် အန္တရာယ်ရှိနေကြောင်း လှုံ့ဆော် ရေးသားထားခြင်း ဖြစ်သည်။

El Paso ပစ်ခတ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသူသည်လည်း ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး ကွန့်မြူး ရေးသားထားသည့် “မဟာအစားထိုးမှု” သီအိုရီကို ကိုးကား အသုံးချသွားခြင်းဖြစ်သည်။ ကျူးလွန်သူ၏ အကြောင်းပြချက်တွင် ဟစ်စပန်းနစ် ရွှေ့ပြောင်းနေထိုင်သူများ တက္ကဆတ်ပြည်နယ် ကျူးကျော် နေခြင်းကို တုံ့ပြန်သည့်အနေဖြင့် လူအစုလိုက် အပြုံလိုက် ပစ်ခတ်ရန် ရှိလာသည်ဟု ဆိုသည်။

၎င်း၏ ကြေညာချက်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို မောင်းထုတ်ရန် လှုံ့ဆော် ပေးလိုက်ခြင်းဖြစ်ပြီး ရွှေ့ပြောင်းလာသူများသည် အရှက်ကင်းမဲ့စွာဖြင့် သယံဇာတ ရင်းမြစ်များကို ဖြုန်းတီးပစ်ခြင်းဖြင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေသူများသာ ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ပုတ်ခတ်ထားသည်။

ပြီးခဲ့သည့် ၇ နှစ်အတွင်း မဟာအစားထိုးမှု သီအိုရီကို ရည်ညွန်းလျှက် တွစ်တာ လူမှုကွန်ရက်တွင် ရေးသား ဖြန့်ဝေမှုပေါင်း ၁ ဒသမ ၄ သန်းရှိနေကြောင်း မဟာဗျူဟာ ဆွေးနွေးမှု သိပ္ပံကျောင်း၏ အစွန်းရောက် ဝါဒ ဆန့်ကျင်ရေး သုတေသနအစီရင်ခံစာသစ် အရ သိရသည်။ ၂၀၁၄ ခုနှစ်တွင် ယင်းသို့ လူမှုကွန်ရက် ရေးသားမှုပေါင်း ၁၂၀,၀၀၀ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်အရောက်တွင် ၃၃၀,၀၀၀ အထိ ၃ ဆနီးပါး ရှိလာကြောင်း အဆိုပါ သုတေသန လုပ်ငန်းက ဆိုသည်။

(The Wall Street Journal မှ White Nationalists Pose Challenge to Investigators ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

အွန်လိုင်းပေါ်က အနိုင်ကျင့်မှုတွေကို ပြန်တုံ့ပြန်ကြရအောင်

ရေက ရွှေထက် ရှားလာရာ

ဝန်ကြီးချုပ် ပရာရွတ်ဆီက ရွှေ့ပြောင်းနေတဲ့ ထိုင်းစစ်အာဏာ

The post လူဖြူအမျိုးသားရေးဝါဒီများက အမေရိကကို စိန်ခေါ်နေပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...