ရေအဆုံး ကုန်းတဝက်
လှိုင်းလေ ကြမ်းတမ်းသည့် ပင်လယ်ပြင်သည် အန္တရာယ် များလှပါသည်။
ငွေကြေး လိုအပ်ချက် အတွက် ပင်လယ်နှင့် အသက်မွေးရသူများ၏ အရင်းအနှီးက ကြီးမားလွန်းလှသည်။ ဘဝ နှင့် အသက်ကို ရင်းကြရသည်။ အကြောင်း မသင့်ပါက အသက်နှင့် ခန္ဓာ ဆုံးရှုံးကြရပါသည်။
ရေအဆုံး ကုန်းတဝက် ဟူသည့် ဆိုရိုး စကားပင် ရှိသည် မဟုတ်ပါလား။
ထိုစကားသည် ရေလုပ်သားများ အတွက် မှန်လွန်းလှသည်ဟု ဆိုရပါမည်။ ရေလုပ်သားများ အသက် ဆုံးရှုံးသွားသည် အထိ ဖြစ်ရပ်မျိုး ကြုံတွေ့ကြရသော်လည်း အကျိုးခံစားခွင့်သည် ထက်ဝက်မျှပင် မရကြသည်က များပါသည်။ တချို့ အသက် ဆုံးရှုံးရရုံမျှမက၊ ရုပ်အလောင်းပင် ပြန်မရ၊ ပင်လယ် ရေပြင်တွင် အားလုံး အဆုံးခံလိုက်ကြရ သူများလည်း ရှိ နေသည်။

ကျား ခံတွင်းသို့ သက်ဆင်းရသူများ
တောတောင်များတွင်ပင် ကျားရှိသည် မဟုတ် ပင်လယ် ရေပြင်တွင်လည်း ကျားများ ရှိပါသည်။ ငါး၊ ပုစွန်များကို ဖမ်းဆီးရန် အတွက် သစ်ဝါးများဖြင့် ဖွဲ့စည်းထားသည့် သက်မဲ့ကျား ကျားဖောင် နှင့် ထို ကျားဖောင်များကို ဦးစီး ပဲ့ကိုင်နေသည့် ရေလုပ်ငန်းရှင်များနှင့် သူ၏ အပေါင်းအပါ သက်ရှိ ကျားများ ဖြစ်သည်။
ထိုသို့သော ကျားဖောင် လုပ်ငန်းတွင် ငါး၊ ပုဇွန် ဖမ်းနေသည့် ခင်ပွန်း ဖြစ်သူ ကိုစိုးမိုးနိုင်တယောက် ပြန်မလာနိုင်တော့ မှန်း သိလိုက်ရသည့် အချိန် ဇနီးသည် မသီတာအေး ဆောက်တည်ရာမရ တုန်လှုပ် ခဲ့ရသည်။
ကျားဖောင် ရာသီပိတ်ချိန် မေလအတွင်း ရန်ကုန်မှ မိုင် ၁၀၀ ကျော်ဝေးကွာသော ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ခါးပြတ် ရွာရှိ ဂွတ်ရှယ် ကျားဖောင်လုပ်ငန်းအထိ မသီတာအေး သွားရောက် စောင့်ကြိုခဲ့သည်။
တခြားသော ရေလုပ်သားများ အားလုံးပြန်လည် ရောက်ရှိလာသော်လည်း အသက် ၃၄ နှစ်အရွယ် ရှိပြီ ဖြစ်သည့် ကိုစိုးမိုးနိုင် တယောက်ကတော့ ပြန်ရောက် မလာနိုင်တော့ပေ။
လွန်ခဲ့သော ၃ လခန့်က ကိုစိုးမိုးနိုင် ကျားဖောင်ပေါ်တွင် ရိုက်နှက်ခံရသည့် ဒဏ်ရာကြောင့် သေဆုံးသွားပြီး အလောင်း ကို ပင်လယ်ထဲ မျှောချလိုက်ကြောင်း၊ တွံတေးမြို့နယ်ရှိ တမာတကောအရှေ့ကျောင်း ဆရာတော် ဦးနန္ဒိတေနက ဘယ် နေ့၊ ဘယ် အချိန်၊ ဘယ်လိုသေခဲ့ပုံကို တိတိကျကျ လာပြောသော်လည်း ကျားဖောင်လုပ်ငန်းက စာရေးဆီ ဖုန်း ဆက်မေးရာတွင် ကိုစိုးမိုးနိုင်က ကမ်းလွန်ပင်လယ်ပြင်ရှိ လုပ်ကွက်အတွင်း ရှိနေသည်ဟု ဖြေကြားသဖြင့် မသီတာအေး က ယုံကြည်ရ ခက်နေခဲ့သည်။
မသီတာအေးက“ဆရာတော်က ကိုစိုးမိုးနိုင်ဟာ ဖောင်ပေါ်က ခုန်ချထွက်ပြေးလို့ဆိုပြီး တဖောင်ကို ၃ ချက်နှုန်းနဲ့ ဝါးလုံး နဲ့ ရိုက်တာတဲ့။ အဲ့ဒီဒဏ်နဲ့ သေတာတဲ့။ ဆရာတော်ဘာ့ကြောင့် သိရလဲဆိုတော့ ဂွတ်ရှယ်လုပ်ငန်းမှာ လုပ်နေတဲ့ တွံတေး မြို့နယ်က သူ့ဒကာတဦး အဲ့ဒီလို ပင်လယ်ပြင်ထဲ ခုန်ချထွက်ပြေးရင်း အိမ်ပြန်ရောက်လာလို့ သူသိရတာတဲ့” ဟု ပြောပြသည်။
အဆိုပါ ခါးပြတ်ရွာတွင် ကျားဖောင်လုပ်ငန်းရှင် ၂၀၀ ဝန်းကျင်ရှိပြီး ငါးဖမ်းတရာသီလျှင် အနယ်နယ်အရပ်ရပ်မှ ကျားဖောင် လုပ်သား သောင်းနှင့်ချီ လာရောက်လုပ်ကိုင်နေကြသည်။
ဂွတ်ရှယ် ကျားဖောင်လုပ်ငန်း လုပ်ကွက်သည် ခါးပြတ်ရွာမှ ရေမိုင် ၁၇ မိုင်ခန့် ဝေးကွာသည့်နေရာတွင်ရှိပြီး ကျားဖောင် ၃၉ ဖောင် ရှိကြောင်း သိရသည်။
ရေလုပ်သားများ အနေဖြင့် ကျားဖောင်များ ပင်လယ်ထဲသို့ စတင်ထွက်ခွာသည့် စက်တင်ဘာလမှ ဧပြီ၊ မေ အထိ ၇ လ၊ ၈ လတာ ကာလ တခုလုံး ကုန်းမြေဟူသည်ကို မမြင်ရဘဲ ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ရေပြင်ရှိ ဖောင်ပေါ်မှာ ပင် အလုပ်လုပ်ရင်း အချိန် ကုန်ဆုံးရသည်။
၂၀၁၈ – ၂၀၁၉ ငါးဖမ်းရာသီတွင် ဖျာပုံမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် ငါးဖမ်းလှေနှင့် ဖောင်တွဲ ၁၅၅ ဖောင် ရှိကြောင်း သိရသည်။ ဖောင်တွဲတတွဲလျှင် ကျားဖောင် ၈ ဖောင် ပါဝင်သည်။
အဆိုပါ ကိန်းဂဏန်းအရ ငါးလုပ်ငန်း ဦးစီးဌာနတွင် ကျားဖောင်ပေါင်း ၁၂၄၀ တရားဝင် မှတ်ပုံတင်ထားသည်။ ကျားဖောင် ၁ ဖောင်တွင် ဖောင်ဦးစီး ၁ ဦးနှင့် ဖောင်နောက်လိုက် ၂ ဦး၊ စုစုပေါင်း လူ ၃ ဦးနေထိုင် အလုပ်လုပ်ကိုင် သည့် အတွက် ဖျာပုံမြို့နယ်တွင် တရားဝင် မှတ်ပုံတင်ထားသည့် ကျားဖောင်လုပ်သား ၃၇၂၀ ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန စာရင်းများ အရ သိရသည်။
တကယ့် ပင်လယ်ပြင်တွင်တော့ အဆိုပါ စာရင်းများထက် ပိုမိုကာ တရားဝင် ကျားဖောင်များအပြင် တရားမဝင် ကျားဖောင်များပါ ထားပြီး လုပ်ကိုင်လျက်ရှိပါသည်။
ကိုစိုးမိုးနိုင် ပြန်ရောက်မလာမှန်း သေချာတော့မှ လုပ်ငန်းရှင်ဘက်က နစ်နာကြေး ကျပ် ၆ သိန်း ပေးမည်ဟု ကမ်းလှမ်း လာခဲ့သည်။
ဖျာပုံမြို့နယ် ဒေါ်ညိမ်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရွှေပေါက“ကျပ် ၆ သိန်းလို့ သတ်မှတ်ထားတာက ဖျာပုံ မှာ ဖောင်လုပ်သား ကိုယ်စားလှယ်တွေ၊ လုပ်ငန်းရှင် ကိုယ်စားလှယ်တွေ၊ ငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီး သတ်မှတ်ထားတာ။ အဲ့ဒီ ၆ သိန်းက ကျနော်တို့ဆီမှာတော့ ထုံးစံလိုပဲ။ ရိုက်လို့ပဲသေသေ၊ ပင်လယ်ထဲ ပြုတ်ကျလို့ပဲ သေသေ၊ ဘယ်လိုသေသေ ၆ သိန်းလျော်ပဲ”ဟု ဆိုသည်။
ကိုစိုးမိုးနိုင် ဘယ်လို သေဆုံးရသလဲ
ကိုစိုးမိုးနိုင်သည် မသီတာအေး၏ ဒုတိယ အိမ်ထောင်အဖြစ် အိမ်ထောင်ကျခဲ့သည်မှာ ၅ နှစ်ခန့်ရှိပြီး ကျားဖောင် လုပ်ငန်း တချို့မှာ လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။
အိမ်ငှားစရိတ်၊ မိသားစုကြွေးပူ စသော အခက်အခဲ များကြောင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လပိုင်းတွင် သံလျင် မြို့နယ်က ပွဲစား အမျိုးသမီးတဦး၏ ချိတ်ဆက်ပေးမှုဖြင့် ယခု ကျားဖောင် လုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။
ကနဦးကြိုတင်ငွေ အဖြစ် ငွေ ၈ သိန်းကျပ် ရရှိသည့်အတွက် လတ်တလော မိသားစု၏ အဆင်မပြေမှုများကို ပြေလည် စေခဲ့ သော်လည်း မိမိလုပ်ရမည့်ကာလ ၈ လနီးပါးနှင့် မည်ကဲ့သို့ လုပ်ကိုင်နေရမည်ကို ဇနီးဖြစ်သူကို တိတိကျကျ မပြော ခဲ့ကြောင်း အသက် ၄၂ နှစ်အရွယ်ရှိပြီ ဖြစ်သည့် မသီတာအေးက ဧရာဝတီကို ပြောပြသည်။
မသီတာအေးက“သူက ဖောင်မှာ အလုပ်လုပ်ရမယ်။ ဖောင်ပိတ်ချိန်မှ ပြန်ရောက်မယ်လောက်ပဲ ပြောတယ်။ ကျမ ကိုယ်တိုင် သူဖောင်မှာ စလုပ်တော့ ငွေ ၈ သိန်းကို ခါးပြတ်ရွာအထိ သွားယူခဲ့ပါတယ်။ သူက သံလျင်မြို့နယ်ထဲက တခြား ၃ ယောက်နဲ့ အတူတူသွားလုပ်တာ။ သူတို့ကို ချိတ်ပေးတဲ့ ပွဲစားရှေ့မှာပဲ ဖောင်ပိုင်ရှင်က တဦးချင်းစီကို ပိုက်ဆံပေးခဲ့တာ”ဟုလည်း ပြောသည်။
ကိုစိုးမိုးနိုင်နှင့်အတူ ဂွတ်ရှယ် ကျားဖောင်များပေါ်တွင် လုပ်ကိုင်ခဲ့သည့် အသက် ၂၆ နှစ်အရွယ် ကရင်လေး (ခ) ကိုမြတ်မင်းအောင်က အဆိုပါ ကျားဖောင်လုပ်ကွက်မှ ပထမဆုံး ပြန်လာရသူအဖြစ် သံလျင်မြို့နယ်သို့ ရောက်သည့် အခါမှ ၃ လခန့်က သိထားသည့် ကိုစိုးမိုးနိုင် ဖောင်ပေါ်တွင် အရိုက်ခံရသည်မှာ မှန်ကန်ကြောင်း သိလိုက်ရသည်ဟု မသီတာအေးက ဆက်ပြောပြသည်။
ထိုသို့ လူသေဆုံးသည် အထိ ရိုက်နှက်ခဲ့ခြင်းကို ဒေါ်ညိမ်း ကျေးရွာအုပ်စုရှိ နယ်မြေရဲကင်းတွင် အမှု သွားရောက် ဖွင့်လှစ် ရာ လူပျောက်မှုဖြင့်သာ အမှုဖွင့်ပေးသည်ဟုလည်း ဆိုသည်။
ကရင်လေး ဆိုသူက ကိုစိုးမိုးနိုင်နှင့်အတူ ကျားဖောင်တွင် လုပ်ကိုရန်အတွက် ပွဲစားတဦးတည်းက ချိတ်ဆက် ခေါ်ယူ ခဲ့သည့် တမြို့တည်းနေ ဖြစ်သည်။ သူသည်လည်း ဖောင်ပေါ်တွင် ၅ လခန့် လုပ်ခဲ့ပြီးနောက် ပင်လယ်ထဲသို့ ခုန်ချ ထွက်ပြေးရန် ကြိုးစားမှုဖြင့် ၎င်းတို့ လုပ်ကွက်ရှိ ကျားဖောင် ၃၉ ဖောင်အတွင်း တဖောင်ကျော် ၃ ချက် နှုန်းဖြင့် (ကျားဖောင် ၂၀ အရေ အတွက်ဖြင့်) လက်မောင်းလုံး ခန့်ရှိ ဝါးဖြင့် အရိုက်ခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။
ကရင်လေးက“ကျနော့်ကို မော်တော်ပေါ်တင်ပြီး ဖောင်တွေမှာ လိုက်ရိုက်ခံရတာ ဝါးလုံး ၃ လုံး ကုန်တယ်။ ရိုက်တာ ခံလည်းပြီးရော ကျနော့်မှာ ခွေကျသွားတယ်။ ၂ ရက်ကျော်လောက် အလုပ်တောင် မလုပ်နိုင်ဘူး။ တကယ်ပါဗျာ။ ဖောင်ပေါ်မှာ အလုပ်လုပ်ရတာ တကယ့်ငရဲအတိုင်းပါပဲ။ အိပ်ရတာလဲ တနေ့မှ ၄ နာရီသာသာပဲ အိပ်ရတာ။ အခု ရာသီ ပိတ်လို့ အိမ်ပြန်လာတော့ ကျနော့်ကို ကျပ် တသိန်းခွဲကျော်လေးပဲ ပေးတယ်။ စသွားတုန်းက ၇ သိန်းနဲ့ဆို ကျနော် ၈ လ လောက် လုပ်ခက ၉ သိန်းတောင်မပြည့်ဘူး”ဟုလည်း ပြောပြသည်။

ပင်လယ်ထဲ ခုန်ချ ပျောက်ဆုံးဟု ဆို
ကိုစိုးမိုးနိုင် သေဆုံးမှုက ပင်လယ်ထဲခုန်ချပြီး ပျောက်ဆုံးသွားမှုသာ ဖြစ်ကြောင်း၊ ကိုစိုးမိုးနိုင်နှင့် အတူ ဖောင်ပေါ်တွင် ရှိနေသည့် ၂ ဦးကိုလည်း ခေါ်ယူစစ်မေးခဲ့ပြီး သက်ဆိုင်ရာ ဌာနများသို့ သတင်းပို့ ထားပြီးဖြစ်သည်ဟု ဂွတ်ရှယ် ကျားဖောင် လုပ်ငန်းရှင်ဘက်မှ ကိုယ်စားလှယ် ဖြစ်သည့် ဦးသန့်ဇင်က ပြောသည်။
ဦးသန့်ဇင်သည် ကျားဖောင် လုပ်ငန်းရှင်များနှင့် အလုပ်သမားများ ညှိနှိုင်း ဖျန်ဖြေရေး တာဝန်ခံလည်း ဖြစ်ပြီး ဒေါ်ညိမ်း ကျေးရွာ အုပ်စုမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရပ်ကျေးဆိုင်ရာ ဒု ဥက္ကဋ္ဌ လည်းဖြစ်ကြောင်း သိရ သည်။
ဦးသန့်ဇင်က“အဲ့ဒီနေ့ကဗျာ။ သူက (ကိုစိုးမိုးနိုင်) ဗိုက်အောင့်လို့ ဆိုပြီး အိပ်နေတယ်။ ကျနော်တို့ ကျားဖောင်တွေမှာ က တရက် (၂၄ နာရီ) မှာ ရေတက်ရေကျနဲ့ အလုပ်လုပ်ချိန် ၄ ချိန်ရှိတယ်။ တချိန်မှာ ၃ နာရီလောက် လုပ်ကြရတယ်။ ည သန်းခေါင် ၂ နာရီကျော်လောက်မှာ အလုပ်လုပ်ချိန်ရောက်တော့ ဖောင်ပေါ်မှာ သူမရှိတော့ဘူး။ ဖောင်ပေါ်မှာရှိတဲ့ ပိုက်သွယ်တဲ့ ကော်ဘောလုံး ၂ လုံးလည်း မရှိတော့ဘူး။ အဲ့ဒီတော့ သူက ဒီဘောလုံး ၂ လုံးနဲ့ ခုန်ချသွားတယ်လို့ ယူဆ လိုက်ရတယ်”ဟု ပြောဆိုသည်။
ကျားဖောင် လုပ်ငန်းခွင်အနေဖြင့် ဖောင်တဖောင်မှ ရရှိသည့် ငါးများ၊ ပုဇွန်များ အပေါ်တွင် ငါးခြောက် တပိဿာလျှင် ၅၀၀ ကျပ်၊ ပုဇွန်ခြောက် တပိဿာလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ရာခိုင်နှုန်း သတ်မှတ်ကာ ရာသီပိတ်လျှင် ဖောင်တဖောင်မှ ရရှိသည့် ပမာဏပေါ်မူတည်ပြီး ဖောင်တွင်လုပ်သည့် ၃ ဦးကို ခွဲဝေပေးသည်ဟု သူက ရှင်းပြသည်။
ကျားဖောင် ရာသီအတွက် လုပ်သားများကို မြန်မာနိုင်ငံအနှံ့မှ ပွဲစားများက လာရောက်ချိတ်ဆက်ရှာပေးပြီး ဂွတ်ရှယ် လုပ်ငန်း တခုတည်း၌ ရေပြင်တွင် လုပ်ရသည့် ဖောင်လုပ်သား ၁၀၀ ကျော်နှင့် ကုန်းပေါ်တွင် လုပ်ရသော ငါးခြောက် လှန်းသည့် လုပ်သားများနှင့် ပေါင်းလျှင် လုပ်သား ၁၅၀ ခန့်အထိ ရှိ၍ လုပ်ငန်းရှင် အနေဖြင့် မည်သည့် ဖောင်လုပ် သား က မည်ကဲ့သို့ အခြေအနေရှိသည်ကို မသိနိုင်ကြောင်းလည်း ဦးသန့်ဇင်က ဆက်လက် ပြောဆိုသည်။
ကျားဖောင် လုပ်ငန်းခွင်တွင် ရဲဘက် ပြေးများ၊ တရားခံ ပြေးများလည်း ပါလာနိုင်သလို လက်ရဲဇက်ရဲသူများလည်း ပါလာနိုင်ကြောင်း၊ ၈ လခန့်မျှ ရေထဲတွင်နေရပြီး ဖောင်တဖောင်ရှိ ၃ ဦးက တက်ညီလက်ညီ မလုပ်ကိုင်ကြသည့် အတွက် ပြဿနာများလည်း ရှိလာနိုင်ကြောင်း ဂွတ်ရှယ် ကျားဖောင်လုပ်ငန်းမှ စာရေးဖြစ်သူ ကိုဇော်လင်းထွန်း က ပြောသည်။
ကိုဇော်လင်းထွန်းက“ကျနော်တို့က ကုန်းပေါ်မှာနေတာ။ သူတို့တွေက ရေထဲမှာ လနဲ့ချီ အလုပ်လုပ်ရတာ။ ဘယ်သူက ဘာဆိုတာ ကျနော်တို့လည်း မသိဘူး။ တခုခုဖြစ်တယ်ဆို ဖောင်ဦးစီးက အကြောင်းကြားမှ ကျနော်တို့ သိရတာ။ လာ လုပ်သူတွေကလည်း နယ်မြေအစုံက၊ စရိုက်အစုံဆိုတော့ ကျနော်တို့မှာ သူတို့အကြောင်း အကုန်မသိနိုင်ဘူး။ အဲ့ဒီ တော့ ထိန်းချုပ်ရတာကလည်း တော်တော့်ကိုခက်တယ်”ဟုလည်း ဆိုသည်။
ကိုစိုးမိုးနိုင် ရေထဲခုန်ချပြီး ပျောက်ဆုံးမှုဖြစ်စဉ်တွင် မိသားစုထံသို့ အကြောင်းမကြားခဲ့ရသည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ခြင်း က လာရောက်အပ်နှံသည့် ပွဲစားနှင့် စာရေးဖြစ်သူတို့၏ နားလည်မှုလွဲခြင်း ဖြစ်ခဲ့သည်ဟု ကျားဖောင် လုပ်ငန်းရှင်များ နှင့် အလုပ်သမားများ ညှိနှိုင်း ဖျန်ဖြေရေး တာဝန်ခံဖြစ်သူ ဦးသန့်ဇင်က ပြောသည်။
ဦးသန့်ဇင်က“အဓိက စာရေးပေါ့။ စာရေးက သန်လျင်ကပဲ၊ ခုန်ချသူက သန်လျင်ပြန်ရောက်တယ်ဆိုတော့ ဒီအတိုင်း ထားလိုက်တာ။ အဲ့ဒီမှာ အခုလို မိသားစုကို အကြောင်းမကြားတဲ့ ပြဿနာ ဖြစ်လာတာ။ စာရေးဖြစ်သူရဲ့ ပေါ့လျော့မှု ကြောင့် အခုလိုဖြစ်တာ”ဟုလည်း ဆက်ပြောသည်။
ယခုနှစ် ၂၀၁၈- ၂၀၁၉ ကျားဖောင်ရာသီတွင် အကြောင်းအမျိုးမျိုးကြောင့် သေမှုသေခင်း ဖြစ်ပျက်ခဲ့သည့် အမှုပေါင်း ၂၀၀ ကျော်အထိ ရှိခဲ့ပြီး နှစ်စဉ်နှစ်တိုင်း သေမှုသေခင်း ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ် အမှုပေါင်း ၁၀၀ ကျော်အထိ ဖြစ်ပျက် နေကြောင်း ဦးသန့်ဇင်က ပြောပြပါသည်။

အသက် တချောင်း ၁၄ သိန်းလား
မသီတာအေးသည် သံလျင်မြို့နယ်မှ လူကုန်ကူးမှုများကို ကြားသိလျှင် ရန်ကုန်တိုင်း လူကုန်ကူး ရဲတပ်ဖွဲ့နှင့် ချိတ်ဆက် ဖော်ထုတ်နေသည့် ပရဟိတအဖွဲ့ အကူအညီဖြင့် ရန်ကုန်တိုင်း လူကုန်ကူး ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ခဲ့သည်။
ရန်ကုန်တိုင်း လူကုန်ကူး ရဲတပ်ဖွဲ့က ဖျာပုံမြို့နယ်ရှိ လူကုန်ကူး ရဲတပ်ဖွဲ့ထံသို့ ချိတ်ဆက်ပြီး အဆိုပါဖြစ်စဉ် မှန်၊ မမှန် ကို စုံစမ်းရန် အတွက် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ဖျာပုံ လူကုန်ကူး ရဲတပ်ဖွဲ့ရုံးသို့ ညွှန်ကြားစာ ရောက်သည်နှင့် တာဝန်ခံဖြစ်သူ ဒုရဲမှူး တိုးမြို့က သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးမှ တဆင့် ဂွတ်ရှယ် ကျားဖောင်လုပ်ငန်းရှင် ဘက်သို့ ဆက်သွယ်၍ ခေါ်ယူခဲ့သည်ဟု ဆိုသည်။
မသီတာအေးနှင့်အတူ လိုက်ပါကူညီသူများက ဖျာပုံ ရဲတပ်ဖွဲ့ရုံးသို့ မေလ ၂၅ ရက်နေ့ ညနေပိုင်း အချိန်တွင် ရောက်ရှိ သည့်အခါ ကာယကံရှင်နှင့် လုပ်ငန်းရှင်ဘက်မှ ကိုယ်စားလှယ်များကို မျက်နှာချင်းဆိုင် တွေ့ဆုံစေပြီး ညှိနှိုင်းစေခဲ့ ကြောင်း ကာယကံရှင် မသီတာအေး ဘက်က နောက်ဆုံးတွင် ကျပ် ၁၄ သိန်းဖြင့် နစ်နာကြေးကို လက်ခံခဲ့ကြောင်း သိရ သည်။
ဖျာပုံမြို့နယ် လူကုန်ကူးတပ်ဖွဲ့ ဒုရဲမှူး တိုးမြို့က“ကျနော့်ဆီ ညွှန်ကြားချက် ရောက်တဲ့အတွက် တဖက် စွပ်စွဲခံရသူကို လည်း ကျနော်ခေါ်ပြီး မေးတာပါ။ ဒါဟာ လူကုန်ကူးမှု မြောက်မမြောက်က ကျနော်မပြောချင်ဘူး။ ရန်ကုန်ဘက်ကသာ ဆုံးဖြတ်မှာပါ။ ကျနော်က ဒီကအခြေအနေကို စုံစမ်းခိုင်းလို့ စုံစမ်းပေးတာပါ။ တကယ်လို့ အမှုဖွင့်တယ် ဆိုရင်တောင် ဒါက ရန်ကုန်မှာပဲ အမှုဖွင့်ရမှာ”ဟု ပြောဆိုသည်။
ငွေ ၁၄ သိန်းယူခြင်းကလည်း အလုပ်ရှင်နှင့် အလုပ်သမားကြား နစ်နာမှုအနေဖြင့် ပေးအပ်သည့် ငွေကြေးသာဖြစ်ပြီး လူကုန်ကူးမှု အမှုဖွင့် ဆောင်ရွက်ခြင်းများနှင့် တိုက်ရိုက် သက်ဆိုင်မှုမရှိဟု ရန်ကုန်တိုင်း လူကုန်ကူး ရဲတပ်ဖွဲ့မှ ဒုရဲအုပ် နိုင်ဇော်လှ က ပြောသည်။
ဒုရဲအုပ် နိုင်ဇော်လှက“အခုက လူကုန်ကူးခံရပါတယ် ဆိုတဲ့ ကာယကံရှင် မရှိတာက ကျနော်တို့ အတွက် အမှုဖွင့်ဖို့ ခက်ခဲ စေတယ်။ ကျန်တဲ့သူတွေဆိုတာ တဆင့်စကားကနေ သိကြတဲ့သူတွေ။ သူတို့က အဓိကမဟုတ်ဘူး။ ဘယ်လောက် အထိ ခေါင်းပုံဖြတ် ခံရလဲဆိုတာ ကာယကံရှင်က အဓိကကျတယ်”ဟုလည်း ပြောဆိုသည်။
ကိုစိုးမိုးနိုင် သေဆုံးမှုနှင့် ပတ်သက်ပြီး မိမိတို့ရရှိခဲ့သော အချက်အလက်များသည် လူကုန်ကူးမှုတွင် အကျုံးဝင်သည့် ဖြစ်ရပ်များနှင့် ငြိစွန်းခြင်း မရှိသဖြင့် လူကုန်ကူးမှုနှင့် အမှုဖွင့် ဆောင်ရွက်နိုင်ခြင်း မရှိဟုလည်း ၎င်းက ပြောသည်။
လူကုန်ကူးမှုများကို ကူညီ ဖော်ထုတ်နေသည့် သံလျင်ရှိ ပရဟိတ အဖွဲ့မှ ဦးဆောင်သူ တဦးဖြစ်သော ကိုအောင်ဒင် ကမူ ကိုစိုးမိုးနိုင် ဇနီးနှင့် မိသားစု၏ ဆင်းရဲမှုကြောင့် ငွေကြေး လိုအပ်ချက်အရ ညှိနှိုင်းလိုက်မှုအပေါ် ဘဝင်မကျမိ ကြောင်း၊ လူတဦး၏ အသက်ကို ၆ သိန်း တန်ဖိုး ဖြတ်ထားရာကနေ ၁၄ သိန်းအထိ ရရှိသည် ဆိုသော်လည်း ကျားဖောင် လုပ်ငန်းများတွင် ဥပဒေ စိုးမိုးမှု မရှိသည့်အချက်ကို တိုက်ဖျက်ရန် လိုအပ်ကြောင်း ပြောသည်။
ကိုအောင်ဒင်က“အခြေခံ လုပ်သားတယောက်ရဲ့ တနေ့ ၈ နာရီလုပ်ခတောင်မှ ၄၈၀၀ ကျပ် သတ်မှတ်ထားတယ်။ အခု ၈ လ လုပ်တာ ၈ သိန်း၊ လုပ်ရတဲ့ အချိန်ကလည်း အချိန်ပြည့်ဆိုတော့ သူတို့ကို ပေးတာနဲ့ ခိုင်းတာက မမျှဘူး။ အဲ့ဒီထဲ က ခေါင်းပုံဖြတ်နေပြီးသားပဲ။ အဲ့ဒီလို ကျားဖောင် လုပ်သားတွေကို အတင်းခိုင်းနေတယ်။ မလုပ်ရင်ရိုက်တယ်။ သေရင် ပင်လယ်ထဲ ပစ်ချ။ ပြီး ၆ သိန်း လျော်လိုက် ပြီးတာပဲ ဆိုတာ ဘယ်လိုမှမဖြစ်သင့်ဘူး”ဟုလည်း ပြောဆိုသည်။
ထို ကိုစိုးမိုးနိုင်သည် မိသားစု အခက်အခဲကို ဖြေရှင်းရင်း ကမ်းမမြင် လမ်းမမြင် ပယ်လယ်ရေပြင်တွင် သူ၏ အသက် နှင့် ခန္ဓာ ၂ ခု စလုံးကို အဆုံးခံလိုက်ရသူ ဖြစ်ပါသည်။ ရေ အဆုံး ဖြစ်နေရသည် မဟုတ်ပါလား…။ ။
The post ပင်လယ် ကျားများနှင့် ရေအဆုံး ကုန်းတဝက် appeared first on ဧရာဝတီ.