Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

အင်းတော်ကြီးကန်၏ မျက်နှာစာဝယ်

$
0
0

Face of Indawgyi သည် ကချင်ပြည်နယ် အင်းတော်ကြီးကန်တွင် အခြေစိုက်သော ရေရှည်တည်တံ့ခိုင်မြဲရေးကို ဦးတည်သည့် လူမှုလုပ်ငန်းတခုဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြီဆုံးဖြစ်သည့် အင်းတော်ကြီး ကန်တွင် ရေရှည်အကျိုးဖြစ်ထွန်းမည့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို ဖော်ဆောင်နေသကဲ့သို့ စီမံကိန်းက အဓိက အခြေခံ သဘောတရား ၄ ခု ဖြစ်သည့် ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် ရေရှည်ခိုင်မြဲသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို လုပ်ဆောင်နေသည်။

Face of Indawgyi အတွက် စိတ်ကူးမှာ ကန်၏ အရှေ့တောင်ဘက် ကမ်းစပ်ရှိ လုံးတုံ ကျေးရွာသို့ အမေရိကန်နိုင်ငံဖွား စတီဖင် ထရိန်နာဒေါ့ဂျ် Stephen Traina-Dorge လာရောက်လည်ပတ်သည့် အချိန်တွင် ပေါ်ပေါက်လာခဲ့သည်။ မှတ်တမ်းတင် ဗီဒီယို တခု ရိုက်ကူးရန် ၂၀၁၅ ခုနှစ်က သူ လာရောက်ခဲ့ခြင်း ဖြစ်သည်။

အင်းတော်ကြီး ကန်၏ အေးချမ်းငြိမ်သက်မှု၊ ပွင့်လင်းဖော်ရွေသော ဒေသခံပြည်သူများနှင့် ထူးခြားသည့် ယဉ်ကျေးမှုတို့က သူ့ကို ဆွဲဆောင်ခဲ့သည်။

မြေအကျယ်အဝန်း ဟက်တာ ၇၃၆၀၀ ကျယ်ပြီး ကမ္ဘာ့ရှားပါး ငှက် ၁၀ မျိုးအပါအဝင် တောရိုင်းတိရိစ္ဆာန်များ ကျက်စားသည်/Marie Starr

“ဒါတွေ အားလုံးက ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ကျနော်တို့က သနပ်ခါးနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရေး မှတ်တမ်းတခုကို ပြုလုပ်နေခဲ့ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း ကျေးလက်ဒေသကို မှတ်တမ်းတင်ဖို့ လာရောက်ခဲ့ပါတယ်။ ကျနော်တို့ ရောက်တဲ့ အချိန်မှာပဲ ကျနော်တို့ တစုံတခုကို ထပ်တူ ခံစားခဲ့ကြရပါတယ်။ ဒီနေရာက မယုံနိုင်စရာ ကောင်းလောက်အောင် ထူးခြားပါတယ်။ သနပ်ခါး မှတ်တမ်းတင် ဗီဒီယိုထက် ပိုပြီး သက်ရောက်တာ တခုကို ကျနော်တို့ ရချင်ခဲ့ပါတယ်” ဟု စတီဖင်က ပြောသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လတွင် လုံးတုံသို့ သူပြောင်းရွှေ့လာခဲ့ပြီး Face of Indawgyi ကို တည်ထောင် ခဲ့သည်။ အမေရိကန်နိုင်ငံသားတဦးပင် ဖြစ်သော ပက်ထရစ် ကော့ပ်တန် Patrick Compton က စိတ်တူကိုယ်တူ စီးပွားဘက်အနေဖြင့် ပူးပေါင်း ပါဝင်လာခဲ့ပြီး သူက တွဲဖက် ဒါရိုက်တာ ဖြစ်လာသည်။

ပုဇွန်ဖမ်းမည့် တံငါလှေများကို ကမ်းစပ်တွင် မြင်ရစဉ်/ Marie Starr

ကန်ရေ မျက်နှာမြင်ထက်တွင် ပေါလောပေါ်နေသလို ထင်ရသည့် ဘုရားတဆူဖြစ်သော ရွှေမဉ္စူဘုရားပွဲတော်သို့ နှစ်စဉ် ဘုရားဖူး ၇၀၀၀၀ ကျော် လာရောက်သော်လည်း ခရီးသွားအနေဖြင့် လာရောက်သည့် ဧည့်သည်က နည်းပါးသည်။ သို့သော်လည်း တိုးလာနေပါသည်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) ၏ ဇီဝ အဝန်းအဝိုင်း နယ်မြေ (Biosphere Reserve) တခု၏ အစိတ်အပိုင်းဖြစ်သော အင်းတော်ကြီးကန်သို့ ရောက်လာကြသည့် ခရီးသည်များမှာ ၎င်း၏ စုံလင်ကြွယ်ဝသော ငှက်များနှင့် ထိုနေရာတွင်သာ တွေ့ရှိရသည့် တခြားသော သဘာဝတောရိုင်း တိရစ္ဆာန် များပြားစွာ ရှိနေခြင်းတို့၏ ဆွဲဆောင်မှုကြောင့် ဖြစ်သည်။

လုံးတုံရှိ ဧည့်ရိပ်သာ ၂ ခုထဲမှ တခုဖြစ်သော အင်းတော်ကြီးမိုတယ်၏ ဖေဖော်ဝါရီလ မနက်ခင်းတခုတွင် ထူးခြားပြီး ပြိုင်ဘက်ကင်းသည့် ဤဒေသကို တွေ့ကြုံခံစားရန် ထိုဒေသသို့ရောက်ရှိရေးအတွက် ခရီးရှည်ကြီးကို နှင်ခဲ့ကြသည့် ဧည့်သည်များ၏ မြန်မာ၊ အင်္ဂလိပ်၊ ဂျာမန်နှင့် ကိုရီးယား ဘာသာတို့ဖြင့် စကားပြောဆိုသံများကို ကြားရနိုင်ပါသည်။

ဆိုက်ဘေးရီးယားက ငှက် ၂ သောင်းခန့် နှစ်စဉ် ဆောင်းလာခိုကြသည်/ Marie Starr

ရပ်ရွာနှင့် အသိုင်းအဝိုင်းအတွက် ခရီးသွားလုပ်ငန်း

Face of Indawgyi က အင်းတော်ကြီးကန်သို့ ခရီးစဉ်များကို အဆင်ပြေအောင် ကူညီဆောင်ရွက် ပေးနေသကဲ့သို့ အသိုင်းအဝိုင်းကို အကူအညီများ ပေးနေသည်။ လှုပ်ရှားမှုအသစ်များ သို့မဟုတ် အတွေ့အကြုံသစ်များ အပေါ်တွင် ၎င်းတို့က ဦးစားမပေးပါ။ သို့သော်လည်း ဧည့်သည်များကို ရေရှည်တည်တံ့ရေး ရည်ရွယ်ပြီး ရပ်ရွာကို အလေးပေးသည့် ဆောင်ရွက်မှု အများအပြားနှင့် ဆက်သွယ်ပေးနေသည်။ အဆိုပါ လုပ်ဆောင်ချက်များမှာ ရရှိနေပြီ ဖြစ်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသေးပါ။

၂၆၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည့် ကန်ထဲတွင် လှေစီးမည်ဆိုလျှင် နိုဝင်ဘာမှ မတ်လအတွင်းတွင် ရုရှနိုင်ငံ မြောက်ပိုင်း၏ ပြင်းထန်သော ဆောင်းရာသီမှ လွတ်မြောက်ရန်အတွက် နှစ်စဉ် ဆိုက်ဘေးရီးယားမှ ပျံသန်း ရောက်ရှိ လာကြသည့် ငှက် ၂၀၀၀၀ ခန့်ကို တွေ့ရနိုင်ပါသည်။ နေဝင်စ အချိန်၌ သူတို့၏ လှေများပေါ်တွင် မြံှုးများကို ပြင်ဆင် နေကြသည့် ပုစွန်ဖမ်း တံငါများနှင့်လည်း ပူးပေါင်းနိုင်ပါသည်။ ဝင်လုဆဲဆဲနေရောင်ကြောင့် ရွှေရောင်လက်နေသည့် ရေပြင် အတွင်းသို့ မြံှုးများက တိတ်ဆိတ်စွာ မြုပ်ဝင်သွားကြသည်။

ကယက်လှေများ၊ ဝါးစက်ဘီးများနှင့် စွန့်ပစ် ပလတ်စတစ်မှ ပြုလုပ်ထားသည့် စကိတ်ဘုတ်များကိုလည်း ငှားရမ်း နိုင်ပါသည်။ ပတ်ဝန်းကျင်မှ တောင်ကုန်းများနှင့် ကန်အနီးမှ ရှုခင်း ကောင်းသည့် နေရာအမျိုးမျိုးသို့ တောလမ်း ခရီးသွားခြင်းက ဒေသခံ မိသားစုများအတွက် ဝင်ငွေရရှိစေမည့် (သဘာဝ ပတ်ဝန်းကျင်အပေါ်) သက်ရောက်မှုနည်းသော လုပ်ငန်းများ ဖြစ်ကြသည်။

ဒေသတွင်းတွင် ဝင်ငွေဖော်ထုတ်ခြင်းနှင့် ဒေသခံ အသိုင်းအဝိုင်းမှ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးခြင်းတို့က စီမံကိန်း၏ အပြုသဘောဆောင်သော အရေးပါသည့် လူမှုရေး သက်ရောက်မှုတခု ဖြစ်ပါသည်။ ထိုဧရိယာများမှာ မူးယစ်ဆေးစွဲမှု ပြဿနာကို ကာလရှည်ကြာစွာ ရင်ဆိုင်ခဲ့ရပြီး လူငယ်အမျိုးသား အများအပြားမှာ ၈၀ ကီလိုမီတာ အကွာတွင်ရှိသည့် ဖားကန့်မှ နာမည်ဆိုးနှင့် ကျော်ကြားသည့် ကျောက်စိမ်းတွင်းများတွင် သွားရောက် လုပ်ကိုင်နေကြရသည်။

Face of Indawgyi က ပြုလုပ်ထားသည့် လုံးတုံ မြေပုံ/ Marie Starr

“တခြားနေရာတွေ ဆိုရင်တော့ ကမ္ဘာလှည့် ခရီးသည်တွေက အဓိကပဲ။ ဒီမှာကတော့ ခင်ဗျားတို့ရဲ့ အတွေ့အကြုံ တွေကနေတဆင့် ရပ်ရွာ အသိုင်းအဝိုင်းအတွင်းမှာ ပါဝင်ပတ်သက်ဖို့ ဖြစ်ပါတယ်” ဟု စတီဖင်က Face of Indawgyi အတွက် မကြာသေးမီက ရရှိထားသည့် ကမ်းခြေမှ အဆောက်အဦး တခုတွင် ပြောကြားခဲ့သည်။ လုံးတုံ လူမှုအကျိုးပြု ဧည့်ရိပ်သာ (Lon Ton Social Impact Guesthouse) တည်ဆောက်ရန် သူတို့ ရည်ရွယ်ထားသည့် နေရာဖြစ်သည်။

“ကျနော်တို့က အင်းတော်ကြီးကို အချက်အချာနေရာတခု၊ တခြားနေရာတွေအတွက် နမူနာတခု ဖြစ်အောင်လုပ်ဖို့ ကြိုးစားနေပါတယ်။ ကျနော်တို့က ဒါတွေအားလုံးကို ကျနော်တို့ချည်း လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ကျနော်တို့က မိတ်ဖက်တွေ ရှာဖွေနေပါတယ်။ တကယ်လို့ ကျနော်တို့က ဒေသတွင်း စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ၂၁ ရာစုရဲ့ အကောင်းဆုံး စိတ်ကူးတွေကို ယူဆောင်နိုင်ခဲ့ရင် တကယ်ကို ထူးခြားတဲ့ တစုံတခု ဖြစ်လာပါလိမ့်မယ်” ဟု ပက်ထရစ်က ပြောသည်။
Face of Indawgyi က အစားအသောက် ရရှိနိုင်မည့် နေရာများ၊ ကန်အတွင်းမှ လမ်းကြောင်းများ၊ ဆိုင်များနှင့် ရှုခင်းကောင်းသောနေရာများ အပါအဝင် အသုံးဝင်သော သတင်းအချက်အလက်များ ဖော်ပြထားသည့် လုံးတုံ မြေပုံတခုကို ဖန်တီးထားသည်။ ခရီးသွားများ စားသောက်ကြမည့် စားသောက်ဆိုင်များအတွက် ဘာသာစကား အစုံ ပါသည့် မီနူးများကိုလည်း ဖန်တီးခဲ့သည်။ ထို့အပြင် လုပ်ချင်သည့် အစီအစဉ် အများအပြားကိုလည်း Face of Indawgyi ၏ ဝက်ဘ်ဆိုက်ပေါ်တွင် ကြိုတင်စီစဉ် နိုင်ပါသည်။ ရည်ညွှန်းဖော်ပြပြီးသည့် လုပ်ဆောင်မှုများအပြင် ရှမ်းနီ တိုင်းရင်းသားတို့၏ ရိုးရာချည်ထည်ရက်လုပ်သည့် အလုပ်ရုံ၊ ဒေသတွင်း အရက်ချက်လုပ်ငန်းနှင့် ရှမ်းနီ ရိုးရာ အစားအစာ ချက်ပြုတ်နည်း သင်တန်းများ အပါအဝင် ဖြစ်သည်။

သူတို့ စီစဉ်သည့် ခရီးသွားလုပ်ငန်း လှုပ်ရှားမှုများမှတဆင့် ဖော်ဆောင်ပေးသည့် ဝင်ငွေများက ဝန်ဆောင်မှုပေးသည့် ဒေသခံများလက်သို့ တည့်တည့်မတ်မတ် ရောက်ရှိသွားသည်။ အခြားသော ငွေများ အားလုံးက ကန်တဝိုက်တွင် အကောင် အထည်ဖော်နေသော စီမံကိန်း၏ အခြားတိုးချဲ့မှုများဆီသို့ သွားသည်။

Face of Indawgyi က စီစဉ်သော အင်းတော်ကြီးကန် ခရီးစဉ်အတွင်း အောက်ချင်းငှက်များကို တွေ့နိုင်သည်/ Marie Starr

“အင်းတော်ကြီးကို မြန်မာနိုင်ငံက အခြားနေရာတွေနဲ့ ကွဲပြားခြားနားစေတာကတော့ ဒီနေရာက အလွန်အကျွံ တိုးတက် ဖွံ့ဖြိုးမှု မရှိသေးတာပါပဲ။ တကယ်တော့ တိုးတက်မှု အနည်းငယ်လောက်ပဲ ရှိပါတယ်။ ဒီမှာ ထူးခြားကွဲပြားတဲ့ စရိုက် လက္ခဏာတခု ရှိနေတုန်းပါပဲ” ဟု ပက်ထရစ်က ပြောသည်။

ဧည့်သည် အရေအတွက်နှင့် ကမ်းခြေများတွင် ဆောက်လုပ်ရေး စီမံကိန်းများ တိုးလာခြင်းကြောင့် အင်းလေးကန်တွင် အမှိုက်စွန့်ပစ်မှု ဝန်ထုတ်ဝန်ပိုး ပိုပိလာချိန် အင်းတော်ကြီးက ဧည့်သည် အရေအတွက် အမှန်တကယ် စတင်၍ တိုးပွားမလာမီ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်သည့် ခရီးသွားလုပ်ငန်း နည်းလမ်းများကို တည်ထောင်ရန် အခွင့်အရေး ရှိနေသည်။

သဘာဝပတ်ဝန်းကျင် လုပ်ငန်း၏ တစိတ်တပိုင်း အနေဖြင့် Face of Indawgyi က စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခုကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုတွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ အသိပညာမြှင့်တင်ပေးခြင်းနှင့် ပတ်ဝန်းကျင် ကျေးရွာ ၄ ခုနှင့် ရွှေမဉ္စူဘုရားတွင် အမှိုက်ပုံးများ ထားရှိ ပေးခြင်းတို့ ပါဝင်သည်။ နမူနာ အမှိုက်ပုံးများကို ငါးဖမ်းပိုက် ဟောင်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး အနာဂတ်အတွက် ကောင်းမွန်သော အစဉ်အလာတခု ချမှတ်ပေးခြင်း ဖြစ်သည်။

ရှမ်းနီ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်း

Face of Indawgyi က ဒေသခံတို့၏ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မှတ်တမ်းတင်ရန် စိတ်အားထက်သန်နေသည်။

အင်းတော်ကြီးတဝိုက်တွင် နေထိုင်ကြသူများမှာ ရှမ်းတိုင်းရင်းသား မျိုးနွယ်တခု ဖြစ်သည့်် ရှမ်းနီ သို့မဟုတ် သူတို့၏ ကိုယ်ပိုင် အသံထွက်အရဆိုလျှင် တိုင်းလျံ တိုင်းရင်းသား အများစု ဖြစ်သည်။ စစ်အစိုးရ၏ ဆယ်စုနှစ်များစွာ ဖိနှိပ်ခဲ့မှုနှင့် ဒေသတွင်းတွင် ကချင်လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တပ်မတော်တို့ကြားမှ ပဋိပက္ခများ၏ သက်ရောက်မှုများကို ခံစားခဲ့ရသောကြောင့် ရှမ်းနီ ယဉ်ကျေးမှုမှာ တချိန်က ရှိခဲ့သလောက် ခိုင်မာ အားကောင်းမှု မရှိတော့ပါ။

လူငယ်များအတွက် ဘာသာစကား သင်တန်းအများအပြားကို စတင်နေခဲ့ပြီ ဖြစ်သော်လည်း ဒေသခံ သက်ကြီးပိုင်း တချို့နှင့် ဘုန်းတော်ကြီးများသာ ရှမ်းနီ ဘာသာစကားကို ပြောတတ်ကြတော့သည်။ အင်းတော်ကြီးမျက်နှာ (Face of Indawgyi) က နှုတ်ပြော ရာဇဝင် မော်ကွန်းတိုက် တခုနှင့် ရှမ်းနီဘာသာစကားနှင့် ပတ်သက်သည့် ဗီဒီယို မှတ်တမ်း တခုကို ဖန်တီးနေခဲ့သည်။ ကန်တဝိုက်ရှိ ကျေးရွာ ၃ ရွာ၏ ထူးခြားသော ပါးစပ်ရာဇဝင်များကို သုတေသနပြု မှတ်တမ်းတင်ခဲ့သည်။

အရှေ့တောင် အာရှတွင် တတိယမြောက် အကြီးဆုံးကန်မှ ဇီဝမျိုးကွဲများ

အင်းတော်ကြီး ဘေးမဲ့တောကို ၁၉၉၉ ခုနှစ်တွင် မြန်မာအစိုးရက စတင်တည်ထောင်ခဲ့ပြီး UNESCO ၏ ဇီဝ အဝန်းနယ်မြေ (UNESCO Biosphere Reserve) တခုအဖြစ် ၂၀၁၇ ခုနှစ်တွင် စာရင်းသွင်းခဲ့သည်။ ဘေးမဲ့ ဧရိယာ ၇၃၆၀၀ ဟက်တာ (ဧက ၁၈၂၀၀၀ ခန့်) တွင် ကန်က ဟက်တာ ၁၂၀၀၀ (ဧက ၃၀၀၀၀ ခန့်) ဖုံးလွှမ်းထားသည်။ ဘေးမဲ့တော အတွင်းတွင် တကမ္ဘာလုံး အတိုင်းအတာအရ မျိုးသုဉ်းမည့် အန္တရာယ်ရှိနေသော ငှက်မျိုးစိတ် ၁၀ ခု အပါအဝင် မြန်မာနိုင်ငံတွင်သာ ရှိသော ဒေသရင်းဖွား မြန်မာ လေးကွက်လိပ် (Burmese peacock turtle) နှင့် ဒေသရင်းဖွား ငါးမျိုးစိတ် အများအပြား လည်း ရှိသည်။

သို့သော်လည်း အင်းတော်ကြီးကန်၏ ကျန်းမာရေးမှာ အနီးအနားမှ အသေးစား ရွှေတူးဖော်ရေးလုပ်ငန်းများနှင့် နှစ်စဉ် ရွှေမဉ္စူ ဘုရားပွဲသို့ ရောက်လာကြသည့် ဘုရားဖူး အမြောက်အမြား၏ အထိန်းအချုပ်မဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်။

အပြုသဘောဆောင် လူမှု ဧည့်ရိပ်သာတခုအတွက် အခြေခံပုံစံ

အစိုးရ၏ ကိန်းဂဏန်းများအရ အင်းတော်ကြီးသို့ လာရောက်သည့် နိုင်ငံခြားသား ဧည့်သည် အရေအတွက်က တနှစ်လျှင် ၁၀၀၀ အောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြနေသည်။ အင်းတော်ကြီးသို့ လာရောက်ရေးက မလွယ်ကူပါ။ ရန်ကုန်မှ လုံးတုံသို့ အမြန်ဆုံးရောက်ရှိနိုင်မည့် နည်းလမ်းမှာ မြစ်ကြီးနားသို့ လေယာဉ်ဖြင့် သွားရောက်ပြီးနောက် လုံးတုံသို့ ၄ နာရီကြာ ခရီးကို ကားငှား၍ သွားရန် ဖြစ်သည်။ ခရီးသည် အများစုက မန္တလေးမှနေ၍ မြောက်ပိုင်းသို့ ရထားဖြင့် သို့မဟုတ် ဘတ်စ်ကားဖြင့် ရှည်လျားသော ခရီးစဉ်အတိုင်း လာကြရသည်။ ကသာနှင့် ဗန်းမော်တွင် တထောက်နားကြရသည်။

Face of Indawgyi တည်ထောင်သူ စတီဖင် (ဝဲ) နှင့် လက်ထောက်ဒါရိုက်တာ ပက်ထရစ်/ Marie Starr

သို့သော်လည်း ခရီးစဉ်ကို ပိုမို၍ ထိုက်တန်အောင် ပြုလုပ်ပေးသည်မှာ အရည်အသွေး ပိုမိုကောင်းမွန်သော နေရာထိုင်ခင်း ဖြစ်သည်။ Face of Indawgyi က ထိုအပိုင်းသို့ ဝင်ရောက်ခဲ့သည်။ မြေငှားရမ်းခွင့်ရရန် ရှုပ်ထွေးသော ဗျူရိုကရေစီ လုပ်ငန်းစဉ်တခုကို ဖြတ်ကျော်ခဲ့ပြီးနောက် Face of Indawgyi က ကန်၏ အရှေ့ဘက်စွန်း တောင်စောင်းနေရာတွင် အခန်း ၁၀ ခန်းပါသည့် ဧည့်ရိပ်သာတခု ဖွင့်လှစ်ရန် အစီအစဉ်ကို စတင် ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ်လတွင် ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ရသည်။ Face of Indawgyi ၏ အခြေခံ အုတ်မြစ်တခုအဖြစ် တည်ထောင်မည့် အဆိုပါ ဧည့်ရိပ်သာက Luxdev က ရံပုံငွေ ထောက်ပံ့သော ထူထောင်ထားသော ဟိုတယ် လေ့ကျင့်ရေးစင်တာ တခုနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။ ရပ်ရွာအသိုင်းအဝိုင်းအတွက် အခမ်းအနားပြုလုပ်ရာ နေရာတခု အဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

Face of Indawgyi ၏ စီမံကိန်းများက ကျယ်ပြန့်ပြီး ရည်မှန်းချက်ကြီးသည်။ အနာဂတ်အတွက် အစီအစဉ် စာရင်းရှည်ကြီးတခုနှင့် လုပ်ဆောင်ရမည့် စွန့်စားမှုများက စောင့်ဆိုင်းနေခြင်းနှင့်အတူ ဤ လူမှု စီးပွားလုပ်ငန်းက အင်းတော်ကြီးကန်၏ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံအသိုင်းအဝိုင်းအပေါ်တွင် ရေရှည် တည်တံ့မည့် စစ်မှန်သော အပြုသဘော သက်ရောက်မှုများအတွက် အလားအလာကောင်း အမြောက်အမြားကိုလည်း ကိုင်စွဲထားသည်။

ပက်ထရစ် ကော့ပ်တန် ပြောသည့် အတိုင်းဆိုလျှင် “ကျနော်တို့မှာ မြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိတယ်။ ဒါပေမယ့် ဒီအစောပိုင်း အဆင့်မှာ ကျနော်တို့ လုပ်နိုင်တဲ့ ခိုင်မာပြီး တိုင်းတာကြည့်လို့ ရနိုင်တဲ့ အရာတွေကို သိရှိနားလည်ခြင်းက နောက်လာမယ့် ကြီးကျယ်တဲ့ အရာတွေအတွက် အခြေခံ အုတ်မြစ်ကို ချမှတ်ပေးပါတယ်” ဟူ၍ပင်ဖြစ်သည်။

( ဧရာဝတီ အင်္ဂလိပ်ပိုင်း ကော်ပီအယ်ဒီတာ Marie Starr ၏ Introducing Indawgyi Lake: Community Tourism With a Social Impact ကို ဘာသာပြန်ဆိုသည်။)

The post အင်းတော်ကြီးကန်၏ မျက်နှာစာဝယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...