Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

မြန်မာကိုယ်စားပြု ဖိုက်တာ ၃ ဦး အောင်ပွဲဆင်နိုင်မလား

$
0
0

အာရှတလွှား ကိုယ်ခံပညာဘက်စုံသုံး တိုက်ခိုက်ရေး အားကစားပြိုင်ပွဲများ စီစဉ်ကျင်းပနေသည့် ဝမ်းချန်ပီယံရှစ်အဖွဲ့က မြန်မာပြည်ဖွား ကိုယ်ခံပညာဘက်စုံသုံး MMA ကစားသမားသစ်တယောက်ကို စတင်ပွဲထုတ်လာခဲ့ပြီဖြစ်သည်။

သူ့နာမည်က တီရယ်လ်ထန် Tial Thang ဖြစ်သည်။ တီရယ်လ်ထန်က ချင်းပြည်နယ် ဟားခါးမြို့တွင် မွေးဖွားခဲ့သည့် ချင်းလူမျိုးတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံရှိ ကိုယ်ခံပညာ ဘက်စုံသုံး MMA ပြိုင်ပွဲများနှင့် ဘရာဇီးကိုယ်ခံပညာ ဂျူဂျစ်ဆုပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်သည်။

ဝမ်းချန်ပီယံရှစ်အဖွဲ့၏ ကမ္ဘာ့လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် မြန်မာပြည်သားတို့၏ အချစ်တော် အောင်လအန်ဆန်း၏ အနီးကပ် လေ့ကျင့်သင်ကြားပေးမှုဖြင့် MMA လောကတွင် ပြိုင်ပွဲများ ယှဉ်ပြိုင်ထိုးသတ်နေသူ တီရယ်လ်ထန်တယောက် သူ၏မွေးရပ်မြေ မြန်မာပြည်တွင် မတ်လ ၈ ရက်နေ့တွင် ကျင်းပမည့် Region of Vlar ပြိုင်ပွဲတွင် ကမ္ဘောဒီးယားဖိုက်တာနှင့် ထိုးသတ်မည်ဖြစ်သည်။

တီရယ်လ်ထန်ကို ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဦးသော့ခ်ကျဲမ်နှင့် ဒေါ်မန်စီးတို့မှ ၁၉၉၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ တီရယ်လ်ထန်မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် နပန်းပြိုင်ပွဲတွင် ချန်ပီယံဆု ၂ ကြိမ်၊ ဘရာဇီး ဂျူဂျစ်ဆုပညာတွင်လည်း ခါးပတ်ပြာ အဆင့် ရရှိထားသူဖြစ်ပြီး ချင်းရိုးရာနပန်းပြိုင်ပွဲတွင် ချန်ပီယံဆု ၄ ကြိမ်ရထားသူ ဖြစ်သည်။

တီရယ်လ်ထန်အတွက်တော့ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံတွင် ထိုးသတ်မည့် Reign of Valor
ပြိုင်ပွဲက ဝမ်းချန်ပီယံရှစ်တွင် ပထမဆုံး ထိုးသတ်သည့်ပွဲစဉ်ဖြစ်သလို မွေးရပ်မြေဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း ပထမဆုံး ထိုးသတ်မည့်ပွဲစဉ် ဖြစ်သည်။

သူနှင့်ယှဉ်ပြိုင်ထိုးသတ်မည့်သူက ကမ္ဘောဒီးယားနိုင်ငံသားဖိုက်တာ ရင်ဆာရို့ Rin Saroth ဖြစ်သည်။ MMA လောကသို့ ၂၀၁၃ ခုနှစ်က စတင်ဝင်ရောက်ကာ ပြိုင်ပွဲများထိုးသတ်ခဲ့သည့် ရင်ဆာရို့အနေဖြင့် ၆ နှစ်တာ ကာလအတွင်း ၉ ပွဲထိုးသတ်ထားပြီး ၃ ပွဲနိုင် ၆ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားသူဖြစ်သည်။ MMA ပြိုင်ပွဲရလဒ်များအရ မွေ့ထိုင်းဖိုက်တာ ရင်ဆာရို့က နိုင်ပွဲထက် ရှုံးပွဲ ပိုများနေသည့် သာမာန်ဖိုက်တာတစ်ဦးသာဖြစ်ကြောင်း ပြသ နေသည်။

လက်သီး၊ ဒူး၊ တံတောင်၊ ခြေကန်ချက်များကို အများဆုံးအသုံးပြုတိုက်ခိုက်သည့် ရင်ဆာရို့ကို ချင်းဖိုက်တာ တီရယ်လ်ထန်က ပထမအချီအတွင်း အနိုင်ရအောင်ထိုးသတ်သွားမည်ဟု ဧရာဝတီကို ပြောပြသည်။

“ဝမ်းချန်ပီယံရှစ်မှာလာပြီးတော့ ကျနော့်မွေးရပ်မြေမှာထိုးမယ်ဆိုတော့ ကျနော်အရမ်းကို ပျော်မိတယ်။ Training (လေ့ကျင့်မှု) လည်း ကောင်းကောင်းလုပ်ထားပါတယ်။ သူ့ကို ပထမအချီမှာတင် နိုင်အောင် ထိုးဖို့ရည်မှန်းထားတယ်။ နိုင်မယ်လို့လည်း အရမ်းကို ယုံကြည်မှုရှိပါတယ်”ဟု ပြောသည်။

ကမ္ဘောဒီးယားဖိုက်တာ ရင်ဆာရို့နှင့် ထိုးသတ်ရန်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက နေ့စဉ် လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ဝမ်းချန်ပီယံရှစ်၏ နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်းကလည်း တိုက်ခိုက်ရေးနည်းစနစ်များ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း တီရယ်လ်ထန်က ပြောပြသည်။

“သူက ကျနော့်ကို သင်ပေးတာက မကြောက်ရဘူး။ ထိုးတဲ့အချိန်မှာ နာအောင်ထိုးဖို့ သင်ပေးတယ်။ ဒီပွဲကိုလည်း သူလာအားပေးမယ်ဆိုတဲ့အတွက် အရမ်းအားရှိပါတယ်”ဟု တီရယ်လ်ထန်က ဧရာဝတီကို ပြောသည်။

အမေရိကန်နိုင်ငံတွင် MMA ပြိုင်ပွဲများ ထိုးသတ်စဉ်အချိန်ကတည်းက အောင်လအန်ဆန်းက တီရယ်လ်ထန်၏ ကြိုးဝိုင်းအကူလူအဖြစ် လိုက်ပါဆောင်ရွက်ကာ ပြိုင်ဘက်ကို တိုက်ခိုက်လှဲဖြိုသည့် တိုက်ခိုက်ရေး နည်းဗျူဟာများ အကြံပေးပြောဆိုပြီး မြန်မာပြည်ကိုယ်စားပြု MMA ဖိုက်တာကောင်းတဦး ပေါ်ထွက်လာအောင် ကြိုးပမ်းခဲ့သည်။ တနည်းအားဖြင့် ကချင်အစ်ကိုကြီး အောင်လက ချင်းညီလေး တီရယ်လ်ထန်ကို ကမ္ဘာ့အဆင့်တက်လှမ်းနိုင်မည့် MMA ကြိုးဝိုင်းထဲသို့ လက်တွဲခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ချင်းဖိုက်တာ တီရယ်လ်ထန်၏အိပ်မက်ကတော့ အောင်လအန်ဆန်းကဲ့သို့ပင် မြန်မာ့ဂုဏ်ဆောင် MMA အားကစားသမားတစ်ဦးအဖြစ် ကမ္ဘာ့ချန်ပီယံရွှေခါးပတ် ဆွတ်ခူးနိုင်ရေး ဖြစ်သည်။

မတ်လ ၈ ရက် ဝမ်းချန်ပီယံရှစ် ပွဲစဉ်များ စာရင်း

“ကျနော် ၂ နှစ်အတွင်းက ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကျနော်တို့ မြန်မာပြည်အတွက် ရယူသွားဖို့ အစီအစဉ် ရှိပါတယ်”ဟု သူ၏အနာဂါတ်အစီအစဉ်ကို တီရယ်လ်ထန်က ပြောပြသည်။

မတ်လ ၈ ရက်နေ့တွင် သုဝဏ္ဏမိုးလုံလေလုံအားကစားရုံတွင် ကျင်းပမည့် Reign of Valor ပြိုင်ပွဲတွင် မြန်မာတို့၏ အချစ်တော် အောင်လအန်ဆန်း၏ ပွဲစဉ် မပါဝင်သော်လည်း ချင်းဖိုက်တာ တီရယ်လ်ထန်နှင့် ကမ္ဘောဒီယားဖိုက်တာ ရင်ဆာရို့၊ အောင်လအန်ဆန်းပြီးလျှင် မြန်မာနိုင်ငံတွင် အလားအလာအရှိဆုံးဖြစ်သည့် ဖိုက်တာ ဖိုးသော်နှင့် အင်ဒိုနီးရှားဖိုက်တာ ရိုဟန်မူလီယာ လီဂိုဝို၊ ကယန်းသူလေး ဘိုဇီနာ အန်တိုနီယာနှင့် မလေးရှား အမျိုးသမီးဖိုက်တာ ဘိုနီဖေ့စ်တို့၏ ပွဲစဉ်များက ပရိတ်သတ်များကို ဆွဲဆောင်နေပြီ ဖြစ်သည်။

မြန်မာ့ဂုဏ်ဆောင်ဖိုက်တာတစ်ဦးဖြစ်သည့် ဖိုးသော်အနေဖြင့် MMA ကစားသမားဘဝအစ ပြိုင်ပွဲ ၆ ပွဲဆက်အနိုင်ရရှိခဲ့သော်လည်း ၇ ပွဲမြောက်ဖြစ်သည့် Pursuit of Greatness ပြိုင်ပွဲတွင် မလေးရှားဖိုက်တာ ကီယာနူး ဆပ်ဘာ၏ ချုပ်ကွက်အတွင်း သက်ဆင်းသွားခဲ့သည့်အတွက် ပွဲချိန်ပထမအချီမှာပင် MMA ကစားသမားဘ၀ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။

သူ၏ MMA ကစားသမားဘ၀ ၈ ပွဲမြောက်တွင် ဖိုးသော် ရင်ဆိုင်ရမည့်သူက MMA ပြိုင်ပွဲအတွေ့အကြုံ များပြားသည့် အင်ဒိုနီးရှားဖိုက်တာ ရိုဟန်မူလီယာ လီဂိုဝို ဖြစ်သည်။ အသက် ၃၈ နှစ်အရွယ်ရှိသည့် လီဂိုဝိုက ၂၀၀၂ ခုနှစ်ကတည်းက MMA လောကကို ဝင်ရောက်ခဲ့သူဖြစ်ပြီး ၁၇ နှစ်တာကာလအတွင်း MMA ပြိုင်ပွဲ ၁၅ ပွဲ ထိုးသတ်ခဲ့ရာ ၈ ပွဲနိုင် ၇ ပွဲ ရှုံးနိမ့်မှတ်တမ်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဝမ်းချန်ပီယံရှစ်အဖွဲ့နှင့် ၂၀၁၅ ခုနှစ်တွင် စာချုပ်ချုပ်ဆိုကာ ထိုးသတ်ခဲ့သူဖြစ်ပြီး နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ထားသည့်ဖိုက်တာဖြစ်သည်။

အင်ဒိုနီးရှားဖိုက်တာကို ထိုးသတ်ယှဉ်ပြိုင်ဖို့အတွက် ထိုင်းနိုင်ငံရှိ တိုက်ဂါးမွေ့ထိုင်းကလပ်သို့ သွားရောက် လေ့ကျင့်ခဲ့ပြီး နပန်းနှင့် ပြိုင်ဘက်ကို ချုပ်ကိုင်သည့် Griping ပညာရပ်များကို ဂျပန်ဖိုက်တာ ရှီမီဇူထံမှ လေ့လာသင်ယူကာ ပြင်ဆင်ထားခဲ့သည်ဟု ဖိုးသော်က ပြောသည်။

“လာမယ့်ပွဲမှာတော့ ကျနော့်အနေနဲ့ ၂ ချီလောက်အတွင်း ကစားပွဲပြတ်အောင် ကြိုးစားမယ်။ အထူးသဖြင့် ကျနော်က Stand Fight (လက်သီး၊ ဒူး၊ တံတောင်၊ ခြေကန်ချက်များဖြင့် တိုက်ခိုက်ခြင်း) အားသန်တဲ့အတွက် သူ့ကို Stand Fight ကစားပြီး အနိုင်ယူမယ်။ ကျန်တဲ့မမျှော်လင့်ထားတဲ့အခြေအနေ ရောက်သွားရင်တော့ အဲ့အပေါ်မှာ အခြေအနေကြည့်ပြီး ကစားသွားမယ်။ ပွဲဆိုတာက နတ်ကြီးတော့ ကိုယ်ထင်သလို ဖြစ်မလာခဲ့ရင် ရုန်းထွက်နိုင်အောင် ပြင်ဆင်ထားပါတယ်”ဟု ဖိုးသော်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောဆိုသည်။

မြန်မာ့ဂုဏ်ဆောင် ဖိုက်တာတစ်ဦးဖြစ်သည့် ဖိုးသော်အနေဖြင့် MMA ကြိုးဝိုင်းအတွင်း၌ ပြည်ပမှ နိုင်ငံခြားသား ဖိုက်တာများနှင့် တတိယ အကြိမ်မြောက် ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပြီး အင်ဒိုနီးရှားဖိုက်တာ လီဂိုဝိုကို အလဲထိုးကာ မြန်မာနိုင်ငံအတွက် နိုင်ပွဲပြန်လည် ရယူမလား၊ ကိုယ့်မြေကိုယ့်ပရိတ်သတ်ရှေ့မှောက်မှာပဲ ရှုံးပွဲထပ်မံကြုံတွေ့သွားမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေသည်။

မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသားဖိုက်တာ နှစ်ဦး၏ပွဲစဉ်နှင့်အတူ ကယန်းတိုင်းရင်းသူ အန်တိုနီယာနှင့် မလေးရှားနိုင်ငံသူ ဖိုက်တာ ဘိုနီဖေ့စ် ရာဖယ်တို့ပွဲစဉ်ကလည်း စိတ်ဝင်စားဖို့ကောင်းသည်။ မြန်မာနိုင်ငံ၏ တဦးတည်းသော MMA အမျိုးသမီးဖိုက်တာ ဘိုဇီနာ အန်တိုနီယာအနေဖြင့် MMA ကစားသမားဘ၀ ပွဲဦးထွက်တွင် ပြည်တွင်းဖိုက်တာ ရွှေစင်ကို အလဲထိုးဖြင့် အမြန်ဆုံးပွဲသိမ်းကာ ပထမဆုံးနိုင်ပွဲ ရယူခဲံသည်။

ဒုတိယမြောက်ပွဲစဉ်အဖြစ် ထိုင်းနိုင်ငံသူ ရီကာ အရှီဂီနှင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်းက ထိုင်းနိုင်ငံတွင် ထိုးသတ်ခဲ့ချိန်၌ ပထမအချီမှာပင် အရှီဂီ၏ လက်သီးချက်နှင့် တံတောင်ရိုက်ချက်ကြောင့် အန်တိုနီယာတယောက် ရှုံးပွဲကြုံတွေ့ခဲ့သည်။ ယခုတော့ သူမ၏ MMA ကစားသမားဘ၀ တတိယမြောက် ပွဲစဉ်ကို ကိုယ့်မြေကိုယ့်ရေ ကိုယ့်ပရိတ်သတ်ရှေ့တွင် မလေးရှားနိုင်ငံသူ ဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ် တော့မည် ဖြစ်သည်။

အန်တိုနီယာနှင့် ရင်ဆိုင်ထိုးသတ်မည့် မလေးရှားနိုင်ငံသူ ဖိုက်တာ ဘိုနီဖေ့စ်ရာဖယ်က MMA ကစားသမားဘ၀ ၃ ပွဲယှဉ်ပြိုင်ရာမှာ ၃ ပွဲစလုံး ရှုံးနိမ့်ထားသူ ဖြစ်သည်။ ဘိုနီဖေ့စ်၏ MMA ကစားသမားဘ၀ ပထမဆုံးပွဲတွင် ပြိုင်ဘက်၏ လက်သီးချက်ကြောင့် ဒုတိယအချီတွင် ရှုံးနိမ့်ခဲ့ပြီး ဝမ်းချန်ပီယံရှစ်နှင့် စာချုပ်ချုပ်ဆိုထိုးသတ်သည့် နောက်ဆုံးပွဲစဉ် ၂ ပွဲတွင်လည်း ပြိုင်ဘက်၏လက်သီးချက်ကြောင့် ပထမအချီမှာပင် ရှုံးပွဲကြုံတွေ့ခဲ့သူ ဖြစ်သည်။

“ပရိတ်သတ်တွေက ကျမကို အမြန်ဆုံး ပွဲသိမ်းစေချင်ကြတယ်။ ကျမကတည်း ပြိုင်ဘက်ကို အမြန်ဆုံး ပွဲသိမ်းနိုင်အောင် ကြိုးစားသွားပါ့မယ်”လို့ ဘိုဇီနာ အန်တိုနီယာက ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ကြမည့် ဖိုက်တာ ၃ ဦးတို့၏တွဲဆိုင်းများပါဝင်နေသည့် Reign of Valor ပြိုင်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံအားကစားခန်းမ၌ မတ်လ ၈ ရက်နေ့ ညနေ ၆ နာရီမှစတင်၍ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ မြန်မာဖိုက်တာများဖြစ်သည့် ဖိုးသော်၊ တီရယ်လ်ထန်နှင့် အန်တိုနီယာတို့အနေဖြင့် မိမိတို့ ပရိတ်သတ်များရှေ့မှောက်တွင် ပြိုင်ဘက်များကို အနိုင်ယူကာ အောင်မြင်မှုမှတ်တမ်းသစ်များ ရေးထိုးနိုင်မလား ဆိုတာ ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်သည်။

The post မြန်မာကိုယ်စားပြု ဖိုက်တာ ၃ ဦး အောင်ပွဲဆင်နိုင်မလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...