Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုသူ မန်ဆူ ရှမ်းကျောင်း ဆရာတော်

$
0
0

အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ဧည့်သည်များနှင့် မန်ဆူ ရှမ်းကျောင်းတိုက် အတွင်း ပြည့်လု နီးပါး ဖြစ်နေ သည်။

ယုံကြည် သက်ဝင်မှုနှင့် ဦးညွတ်နေသည့် လူငယ် တဦးကို ဆရာတော်က ဂုဏ်တော် ရွတ်ဖတ်၍ အနီရောင် အဆောင် လက်ဖွဲ့ကြိုးလေး လက်၌ ချည်နှောင်ပေးလိုက်သည်။

ထိုလူငယ် နည်းတူ ဆရာတော်ကြီး၏ ဆုတောင်း မေတ္တာ ခံယူရန် ရောက်နေကြသည့် ဧည့်သည်မှာ ၁၀၀ ကျော်ခန့် ရှိ သည်။

မန်ဆူရှမ်းကျောင်းဟု လူသိများလှသည့် သီရိမင်္ဂလာ မန်ဆူ ရှမ်းကျောင်းတိုက်သည် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၌ တည်ရှိပြီး ကျောင်းတွင် သီတင်းသုံး နေထိုင်သည့် ဆရာတော်ကိုလည်း မန်ဆူရှမ်းကျောင်း ဆရာတော်ဟု ကျော်ကြား သည်။

မန်ဆူ ရှမ်းကျောင်း ဆရာတော် ဘဒ္ဒန္တပုညနန္ဒ(မဟာ သဒ္ဒမ္မ ဇောတိကဓဇ) ၏ ထူးခြားချက်မှာ ဗုဒ္ဓဘာသာ တင်မက မည်သည့် ဘာသာဝင် မဆို ဆရာတော် ထံသို့ ချဉ်းကပ် ပူဇော်ကြခြင်းပင် ဖြစ်သည်။

“ဘာသာမတူလည်း မေးကြ မြန်းကြတယ်။ ဆရာတော်ကို လာဖူးကြတယ်၊ ဆုတောင်းကြတယ်” ဟု သက်တော် ၅၈ နှစ် ခန့်ရှိသည့် မန်ဆူ ဆရာတော်က မိန့်သည်။

ဆရာတော်၏ သွင်ပြင်မှာ အရပ်မြင့်မားပြီး ပြုံးရွှင်သည့် မျက်နှာမျိုးရှိကာ ကြည်ညိုဖွယ်ရာ ပုံသဏ္ဌာန် ရှိသည်။

ဆရာတော်၏ ရည်ရွယ်ချက်များတွင် လူမှုရေး ကိစ္စများ၊ သာရေး နာရေး သာမက ဒေသတွင်း ငြိမ်းချမ်းရေး ရရှိစေရန်၊ လူသားချင်း မေတ္တာ တရားထားရှိရေး၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်သွားရေး တို့ ဖြစ်ပြီး ယင်းအတွက် တဖက် တလမ်းမှ ကြိုးပမ်းနေသူလည်း ဖြစ်သည်။

ဆရာတော်၏ ဝိဉာဉ် ခေါ် ဆုတောင်းမှုကို ခံယူရန် အနယ်နယ် အရပ်ရပ်ရှိ တရုတ်၊ ဟိန္ဒိူ၊ ကချင်၊ ပလောင်၊ ရှမ်း၊ “ဝ” အစရှိသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံက ၎င်းတို့၏ လူမှုကိစ္စ အဝဝ အဆင်ပြေစေရန် နေ့စဉ် လာရောက် ကြသည်။

ဆရာတော့်ထံ လာရောက်ကြသည့် လူဦးရေမှာ တရက်လျှင်၂၀၀ မှ ၅၀၀ အထိ ရှိသည်ဟု သိရသည်။

ဆရာတော်ကြီးသည် လူမှုရေး ကိစ္စများ သာမက စစ်ရှောင် ဒုက္ခသည်များ၊ သဘာဝ ဘေးကြောင့် ဒုက္ခရောက်သူများ၊ လူမျိုးရေး ပဋိပက္ခကြောင့် ထိခိုက် နစ်နာသူများကိုပါ ဘာသာ လူမျိုး မခွဲခြားဘဲ ကူညီဆောင်ရွက်ပေးမှုကြောင့် မန်ဆူရှမ်း ကျောင်းမှာ ဒုက္ခရောက်နေသူများ အတွက် အားကိုးရာ နေရာ တခု ဖြစ်လာခဲ့သည်။

အစ္စလာမ် ဘာသာဝင်များကို ခွဲခြားမှု မရှိဘဲ ကူညီသည့် အတွက် အစ္စလာမ် ဘာသာ အဖွဲ့ချုပ်က ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းလွှာ ဆရာတော့်ထံ ပေးအပ်ခဲ့သည်။

မန်ဆူ ရှမ်းကျောင်း ဆရာတော်က “ပြီးခဲ့တဲ့ ကိုးကန့် တိုက်ပွဲလိုမျိုး တခြား သိန္နီ၊ လာရှိုး အနီးတဝိုက်မှာ ဖြစ်တဲ့နေရာမှာ စစ်ဘေးရှောင် တော်တော်များများ ဒီမန်ဆူကျောင်းကို ရောက်လာတယ်။ ရောက်လာတဲ့ လူမျိုးဘာသာ မရွေး နေထိုင် စားသောက်မှု အဆင်ပြေအောင် ဆောင်ရွက်ပေးတယ်” ဟု မိန့်ကြားသည်။

ဆရာတော်၏ ဂုဏ်သတင်းနှင့် စွမ်းဆောင်မှုများကြောင့် သမ္မတ ဦးဝင်းမြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် အပါအဝင် ခရစ်ယာန်ဘာသာ ကိုးကွယ်သည့် နိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တို့က အစ ပါဝင် ထောက်ပံ့ လှူဒါန်းကြသည်။

ထို့အပြင် ခရစ်ယာန်၊ အစ္စလာမ် စသည့် ဘာသာဝင်များကလည်း လှူဒါန်းမှုများလည်း ရှိသည်။ နေ့စဉ် လှူဒါန်းမှုများလည်း ရှိနေသည်။

ဆရာတော်သည် ၁၉၉၆ ခုနှစ်က လားရှိုးမြို့၌ လူမျိုး ဘာသာမရွေး သာရေး/နာရေး လူမှုကူညီ စောင့်ရှောက်ရေး အသင်း ကြီး ပေါ်ပေါက်လာရန် အတွက် ဦးဆောင် နှိုးဆော်ခဲ့သူလည်း ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ အနှံ့ တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းဒဏ်ကြောင့် ထိခိုက် နစ်နာရသူများအား ကူညီပေး ခြင်း၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလ လားရှိုးမြို့ ရေကြီးမှုတွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကိုလည်း ဆရာတော်က ဦးဆောင်၍ ဆောင်ရွက်ခဲ့သည်။

၂၀၁၃ ခုနှစ်၊ မေလ၂၈ ရက်တွင် လားရှိုးမြို့၌ ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခ ဖြစ်စဉ်ကြောင့် မန်ဆူကျောင်းတိုက်သို့ လာရောက် ခိုလှုံကြသည့် အစ္စလာမ် ဘာသာဝင် ဒုက္ခသည် ၁၂၆၆ ဦးအား လက်ခံ စောင့်ရှောက်ပေးခဲ့သေးသည်။

ဆရာတော်က “မိတ္ထီလာမှာ ဖြစ်ပြီးတော့ မကြာခင် လာရှိုးမှာ ဖြစ်တယ် ဆိုတော့ အဲဒီ သင်ခန်းစာကို ဘုန်းဘုန်းက ယူ လိုက်တယ်။ အဲဒီလို ရေရှည်လည်း မဖြစ်အောင် အဆုံးအရှုံးလည်း မများအောင် လူအနည်းစုကို ကူညီလိုက်ရင် ကျန် တာက အေးချမ်းနိုင်တယ် ဆိုပြီး အနည်းစု ဖြစ်တဲ့ အစ္စလာမ်ဘာသာ အားလုံးကို ကျောင်းထဲမှာ ခေါ်ထားလိုက်တယ်” ဟု မိန့် သည်။

ယင်းသို့ အစ္စလာမ် ဘာသာဝင်များကို ကူညီသည့် အတွက် ဆရာတော်အား စာဖြင့် ခြိမ်းခြောက်မှုများ ရှိသကဲ့သို့ ဖုန်းနှင့် လည်း ခြိမ်းခြောက်မှုများ ခံခဲ့ရသည်ဟု ဆိုသည်။

အစ္စလာမ် ဘာသာဝင်များကို ခွဲခြားမှု မရှိဘဲ ကူညီသည့် အတွက် အစ္စလာမ် ဘာသာ အဖွဲ့ချုပ်က ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းလွှာ ဆရာတော့်ထံ ပေးအပ်ခဲ့သည်။

ဆရာတော်၏ ကျန်းမာရေး ကိစ္စ အဝဝ အတွက်လည်း လားရှိုး ဒေသခံ အစ္စလာမ် ဘာသာဝင် တဦး ဖြစ်သည့် ဒေါက်တာ တင်အောင်က တာဝန်ယူ ကုပေးလျက် ရှိသည်။

ထို့ပြင် ရှမ်း/မြောက် ဒေသ အတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် စစ်ဘေးရှောင် ရောက်ရှိလာသည့် ရှမ်း ပလောင် တိုင်းရင်းသားများ အတွက် လိုအပ်သော ပစ္စည်းများ ပံ့ပိုးနိုင်ရန် ဆရာတော်၏ အလှူခံပေးခြင်းကို အစ္စလာမ် ဘာသာဝင် များကလည်း ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။

မန်ဆူရှမ်း ကျောင်းမှာ ဒုက္ခရောက်နေသူများ အတွက် အားကိုးရာ နေရာ တခု ဖြစ်လာခဲ့သည်။

ဆရာတော်က စောင့်ရှောက်ထားခဲ့သည့် အစ္စလာမ် ဒုက္ခသည်များထဲတွင် ပါဝင်ခဲ့သူ ကိုတင်ဦးက “လူမျိုး ဘာသာ မခွဲခြား ဘဲ မေတ္တာကို အဓိကထားတဲ့ သာသနာပြု ပုဂ္ဂိုလ်ကို ဘာသာအသီးသီးမှာ ရှိနေရင်တော့ အားလုံး ငြိမ်းချမ်းသွားမယ်လို့ ကျနော် မြင်ပါတယ်။ တတိုင်းပြည်လုံးမှာ ရှိတဲ့ ဘာသာအသီးသီးက ဆရာတော်တွေက ဆရာတော်ကြီးလို စိတ်မျိုးရှိမယ် ဆိုရင် တကမ္ဘာလုံးက ငြိမ်းချမ်းသွားမယ် ထင်ပါတယ်” ဟု မှတ်ချက် ပြုသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ရှမ်းပြည်နယ် လောက်ကိုင် ဒေသ၌ ဖြစ်ပွားခဲ့သော စစ်ပွဲများမှ စစ်ဘေးရှောင် ဒုက္ခ သည်များ အတွက် ကယ်ဆယ်ရေး စခန်း တခုကို မန်ဆူ ရှမ်းကျောင်းတိုက်တွင်း၌ ဖွင့်လှစ် ထားရှိ ပေးခဲ့သည်။

လောက်ကိုင် ဒေသမှ စစ်ရှောင် ၂ သောင်းကျော်၏ နေထိုင် စားသောက်ရေး အပြင် ကျန်းမာရေး ဆေးကုသမှု အတွက် အထူး စီမံ ဆောက်ရွက်ပေးခဲ့သည်။

ယင်းအပြင် ဆရာတော်ကြီး ဦးဆောင်၍ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ လူနာများကို ဆေးကုသပေးခြင်း၊ မျက်စိ ဝေဒနာရှင်နှင့် သွား ဝေဒနာရှင်များ အစရှိသည်တို့ကိုလည်း ဆေးကုသပေးခြင်းများ လုပ်ဆောင်ပေးခဲ့သည်။

လူသားချင်း စာနာထောက်ထားရေး ဆိုင်ရာ အကူအညီပေးမှုများကြောင့် ဆရာတော့်ထံသို့ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ် စားလှယ်များ၊ ကမ္ဘာ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်၊ နိုင်ငံတကာ သံအမတ်ကြီးများ၊ နိုင်ငံတကာ အဖွဲ့အစည်း အသီး သီး တို့ကလည်း လာရောက် တွေ့ဆုံမှုများ ရှိခဲ့သည်။

ဘာသာ လူမျိုး မခွဲဘဲ ကူညီ ထောက်ပံ့မှုများကြောင့် မန်ဆူရှမ်းကျောင်း ဆရာတော်ကြီးကို ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် မေလတွင် “နိုင်ငံ့ စွမ်းဆောင်ရည်ဆု” ချီးမြှင့်ပေးခဲ့သည်။

မန်ဆူ ရှမ်းကျောင်းတိုက်နှင့် အတူ ဆရာတော်ကြီး၏ ဂုဏ်သတင်းကြောင့် အလှူရှင်များ၏ လှူဒါန်းရာ နေရာတခု ဖြစ်လာ သလို ဒုက္ခ ရောက်သူများ အတွက်လည်း နားခိုးရာ တခု ဖြစ်နေခဲ့သည်။

ဘာသာမတူ၊ လူမျိုးပင် မတူသော်ငြားလည်း ဆရာတော်ကြီး၏ ဆုတောင်း မေတ္တာကို အနီးအနားဝန်းကျင် သာမက အဝေးနယ်များမှလည်း တကူးတက လာရောက် ဖူးမြော်ခံယူကြသည်။

ဆရာတော်၏ ရွတ်ဖတ်မှုများ၊ ဆုတောင်းမှုများမှာ ကံအညံ့များ ပြေပျောက်စေနိုင်သည်ဟု ယုံကြည်ကြသူများလည်း ရှိ သည်။ အဆိုးတွေ ဖယ်ရှားပေးပြီး ကောင်းကျိုးတွေ ရရှိလာမည်ဟု သက်ဝင်သူများလည်း ရှိနေသည်။

ဆရာတော်က ယုံကြည်စွာ လာရောက် ကြသူများထဲမှ တချို့ကို အနီရောင် ဆီမန်းကြိုး (လက်ပတ်ကြိုး) ပေးလေ့ ရှိသလို များသောအားဖြင့် ဖယောင်းတိုင်ထွန်း ဆုတောင်းပေးသူများလည်း ရှိသည်။

ဆရာတော်ထံသို့ ဆီမန်းကြိုး(အနီရောင်ကြိုး) လာယူသည့် ခရစ္စယာန် ဘာသာဝင် မနော်ခရစ္စကလည်း “သူငယ်ချင်းက သူ့ ကလေး ဘာလို့ ငိုမှန်း မသိဘူး။ ဆေးနည်းလည်း စုံပြီ။ ကုတာ မပျောက်ဘူး။ ဆရာတော်ပေးတဲ့ ဖယောင်းတိုင် ထွန်း လိုက်တာ မငိုတော့ဘူး ပြောလို့ ကျမ ကလေးအတွက် လာတာပါ” ဟု ပြောဆိုသည်။

ဆရာတော်ကြီးထံ ချည်းကပ်လာကြသူ အသီးသီး အတွက် ဆရာတော်သည် မျှော်လင့်ချက်ဖြင့် ဖမ်းဆုပ်နိုင်မည့် ကြိုးတစ သဖွယ် ဖြစ်နေလေသည်။

The post ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုသူ မန်ဆူ ရှမ်းကျောင်း ဆရာတော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...