Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

မတူကွဲပြားသူများ အားထားရာ မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ

$
0
0

ရန်ကုန်မြို့လည်ခေါင်တွင် လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး ကုသပေးလျက်ရှိသည့် မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ တရုံရှိသည်။ ယင်းဆေးရုံကို တည်ထောင်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး ရန်ကုန်မြို့သာမက အနယ်နယ်အရပ်ရပ်မှ လူနာအများအပြား ယနေ့အထိ လာရောက်ကုသလျက်ရှိသည်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်တွင် တည်ရှိသော ထိုဆေးရုံကို မွတ်ဆလင် ကုသိုလ် ဖြစ်ဆေးရုံဟုဆိုသော်လည်း လာရောက်ကုသသူများက ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင်အပြင် ဟိန္ဒူလူမျိုး များလည်း လာရောက်ကုသကြသည်။

၁၉၃၇ ခုနစ်တွင် မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံကို ဆေးပေးခန်းအဖြစ် စတင်ခဲ့ရာမှ ယခုအခါ ကုတင် ၁၆၀ ဆန့် ဆေးရုံကြီးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ၎င်းဆေးရုံသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကတည်းက မွတ်ဆလင် လူငယ်များ၏ ကြိုးစားအားထုတ်မှုကြောင့် ပေါ်ပေါက်လာသည်ဟု တဆင့်စကားအရ သိရသည်။

ဆေးရုံ၏အဓိက မူဝါဒသည် ခွဲခြားဆက်ဆံမှုမရှိပဲ လူတန်းစားအားလုံး ဆေးဝါးကုသမှု ခံယူနိုင်ရေးသာလျှင် ဖြစ်သည့်အတွက် ၎င်းဆေးရုံက ဘာသာရေးခွဲခြားမှု မရှိသည့် လက္ခဏာတခုအဖြစ် ယနေ့တိုင် နာမည်ကောင်းဖြင့် ရပ်တည်လျှက် ရှိသည်။ အခမဲ့ ဆေးရုံအဖြစ် ရန်ကုန်မြို့မှ ဆင်းရဲနွမ်းပါးသူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ဆွဲဆောင်မှု တခု ရှိသည်။

မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ၏ဥက္ကဌ မူဆာအေ မဒေါးက “ လူမျိုးဘာသာမရွေး ကုရတာကို ဂုဏ်အယူဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဆီ ဆေးလာကုတဲ့အထဲမှာ ၆၅ ရာခိုင်နှုန်းက မွတ်ဆလင်မဟုတ်တာများတယ်”ဟု ဝံ့ကြွားစွာဖြင့် ဆိုသည်။

ရန်ကုန်မြို့လည်ခေါင်က လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး ကုသပေးလျက်ရှိသည့် မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ/ဧရာဝတီ

လက်ရှိတွင် ဆေးရုံကို အုပ်ချုပ်သည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦးရှိပြီး လုပ်ငန်းနှင့်ပတ်သက်သည့် လည်ပတ်နေသော အလုပ်အဖွဲ့၌ ၅ ဦးရှိသည်။ ဆေးရုံတွင် ဝန်ထမ်းပေါင်း ၁၂၀ ဦးရှိပြီး တနေ့လျှင် လူနာ ၂၅၀ကို လက်ခံကုသပေး လျှက်ရှိသည်။

ဆေးရုံတွင် လာရောက်ကုသလိုသူများသည် မည်သည့်အထောက်အထားမှ မလိုအပ်ပဲ အမှန်တကယ်ဆင်းရဲ နွမ်းပါးသူဖြစ်ရန်လိုပြီး ဆေးစာအုပ်စတင်ပြုလုပ်ရမည် ဖြစ်သည်။ ခွဲစိပ်ရန်လိုအပ်ပါက ဆေးရုံအုပ်ကြီးများ၏ ထောက်ခံချက်ရရန်လိုအပ်ကြောင်း သိရသည်။

သွေးတိုး၊ အသည်းရောဂါခံစားနေရသဖြင့် မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံသို့ ပထမဆုံးအကြိမ်လာရောက် ပြသသည့် ကိုဇော်ဟိန်းကလည်း “ဒီမှာက အရမ်းအဆင်ပြေတယ်။ လူမျိုး ခွဲခြားမယ်ထင်လို့ အားငယ်နေတာ။ ကျနော်က မြန်မာဆိုတော့လေ။ ဒီရောက်တော့ အားလုံးက ကျနော်ထင်ထားသလို မဟုတ်ဘူး။ နွေးထွေးတယ်”ဟု ပြောပြသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ်တွင် ပြည်သူများ၏ ကိုယ်ပိုင်ငွေမှ ကျခံရခြင်းက အဓိကဖြစ်နေဆဲဟု ဆိုရမည်ဖြစ်သည်။ ဆေးကုသရန် ရာခိုင်နှုန်းအနည်းငယ်ကိုသာ အစိုးရမှ ထောက်ပံ့ပေးနေပြီး ကျန်ရာခိုင်နှုန်း အနည်းငယ်ကို အခြားဝန်ကြီးဌာန များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ထောက်ပံ့ပေးသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင် ငွေကြေးအကန့်အသတ်ရှိသည့် လူနာများအတွက် ရှိနေသည့် ရွေးချယ်စရာမှာလည်း အနည်းငယ်သာရှိသည်။

“အားလုံးရဲ့မေတ္တာကြောင့် ပဋိပက္ခမဖြစ်တာလို့ ထင်ပါတယ်။ သူတို့အားလုံးက စေတနာထားပြီး မေတ္တာနဲ့ ကုကြတော့ သူတို့လည်း အားကိုးတာကြောင့် ဘာပြဿနာမှ မရှိတာလို့ ထင်တယ်။ ကျမတို့ကလည်း သူတို့ကို ဘာလူမျိုးရယ်မဟုတ်ပဲ ခုနစ်ရက်သားသမီးလို့ မှတ်တာလေ”ဟု ဆရာဝန်ဒေါ်စန်းစန်းက ပြုံးရယ်စွာဖြင့် ပြောပါသည်။

ဆေးရုံအတွင်း ဝင်လိုက်သည်နှင့် ဆေးယူရန် တန်းစီသူ၊ ဓာတ်မှန်ရိုက်ရန် စောင့်ဆိုင်းသူ၊ ဆေးကုသမှု ခံယူမည့် သူများနှင့် လူနာများအား လိုက်ပါကူညီပေးနေသည့် နာစ့်များဖြင့် လူများစွာ သွားလာနေကြသည်။

မွတ်ဆလင်ကုသိုလ်ဖြစ် ဆေးရုံသို့ ၂ ကြိမ်မြောက် လာရောက်မွေးဖွားသည့် မွေးလူနာ မခိုင်ဇာဝေ က“ ဒီမှာလာမွေးတာ ၂ ခါရှိပြီ။ ဆရာမတွေက ဂရုစိုက်ပါတယ်။ ကျမက ဗုဒ္ဓဘာသာပါ။အရင်က သူတို့လူမျိုးပဲ ကုပေးတယ်ထင်တာ။ အသိတယောက်ပြောလို့ ဒီမှာ အခမဲ့လာကုနေတာ”ဟု ရှင်းပြသည်။

မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံသို့ လာရောက်ကုသနေသည်မှာ ၆ နှစ်ကျော်ရှိပြီဖြစ်သည့် ပန်းနာရင်ကျပ်လူနာ ဒေါ်သန်းသန်းအေးက “ကျမက ဗုဒ္ဓဘာသာပါပဲ။ဒီမှာ ခွဲခြားဆက်ဆံတာ မရှိဘူး။ ဒီမှာ အခမဲ့ပေမယ့် စည်းကမ်း ရှိတယ်။ ဆေးတွေဆို သောက်ပြီးရင် အခွံပြန်ပေးမှ ဆေးရတယ်။ ဆေးရုံကို ကျမ ယုံကြည်တယ်လေ”ဟု ဆိုသည်။

လူမျိုးဘာသာမရွေးလာရောက်ကုသကြသည့် မွတ်ဆလင်ကုသိုလ်ဖြစ် ဆေးရုံတွင် လာရောက်ကုသသူသည် ယခင်က ဗုဒ္ဓဘာသာဝင် အများဆုံးဖြစ်ခဲ့သည်။

ရန်ကုန်မြို့လည်ခေါင်က လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး ကုသပေးလျက်ရှိသည့် မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ/ဧရာဝတီ

“ မြန်မာနိုင်ငံမှာနေပြီး မွတ်ဆလင်မဟုတ်တဲ့သူတွေကို မကုဘူးဆိုရင် ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ ကျနော်တို့ရဲ့ တကယ့်ရည်ရွယ်ချက်က လူသားကို ကုပေးတာ။ ဒီမှာ သံယာတွေကအစ လာတယ်”ဟု မစ္စတာ မူဆာအေ မဒေါးက ရှင်းပြပြောဆိုသည်။

ဆေးရုံတွင် သံဃာတော်များ အများဆုံးလာရောက်ပြသကြသည့် မျက်စိခွဲစိတ်ခြင်း အပြင် ကျောက်ကပ် ဝေဒနာရှင်များလည်း ရှိပြီး သံဃာတော်များအတွက် အထူးအစီအစဉ်အနေဖြင့် အချိန် ကြာရှည်စွာ စောင့်ဆိုင်းမနေရစေရန် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးထားသည်ကိုလည်း သိရှိရသည်။

မျက်စိခွဲစိတ်ဌာနတွင် အညာဒေသမှ လာရောက်တာဝန်ထမ်းဆောင်နေသည့် အပြာဝတ်နာစ့် ဒေါ်ခင် လေးသွယ်က “တနင်္လာနေ့တွေ ဆိုရင် ဦးဇင်းတွေ လာတတ်တယ်။ အလှူရှင်တယောက်က ခေါ်လာတာ။ အေးဆေးပါပဲ။ အပြင်က ပြဿနာတွေကြောင့်တော့ ဘာမှဖြစ်တာ မရှိဘူး”ဟု ပြောပြသည်။

ထို့ပြင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌလည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကျန်းမာရေးဆရာဝန်ဖြစ်သည့် ဒေါက်တာတင်မျိုးဝင်းကလည်း မွတ်ဆလင်ဆေးရုံတွင် အခမဲ့ လာရောက်ခွဲစိတ် ကုသပေးလျှက်ရှိသည်။

မြန်မာပြည်ဟု ဆိုလိုက်လျှင်ဖြင့် လူမျိုးရေးပဋိပက္ခရှိသည့် နိုင်ငံဟု အများက သိရှိထားကြသော်လည်း မွတ်ဆလင်များက မွတ်ဆလင်မဟုတ်သည့် တခြားဘာသာဝင်များကို ကူညီစောင့်ရှောက်မှု ပေးနေ အဖွဲ့ များ ရှိနေသည်ကို သိရှိသူ နည်းပါးနေပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားမှုရှိသည့်အပြင် မိတ္ထီလာမြို့တွင်လည်း လူမျိုးရေးကို အခြေခံသည့် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် မွတ်ဆလင်အသိုင်းအဝိုင်းကြားတွင်လည်း စိုးရိမ်မှုမြင့်တက်ခဲ့သည်။

ပဋိပက္ခများနှင့်ပတ်သက်ပြီး “ကျနော်တို့က စိတ်မကောင်းတာပဲ။ စိုးရိမ်လည်း စိုးရိမ်တယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ ဗမာလူမျိုးနဲ့ ကျနော်တို့ အတူတူနေလာတာ။ ကျနော်တို့လည်း ဗမာလူမျိုးဆိုရင် မမှားဘူး”ဟု မွတ်ဆလင်ဆေးရုံ၏ ဒုဥက္ကဌ မစ္စတာအက်ဆီမဒေါးက ဖွင့်ဟသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခကြောင့် မွတ်ဆလင်များနှင့်ပတ်သက်ပြီး အမုန်းစကား ပြော ဆိုမှုများ ယနေ့အထိ ရှိနေသေးသည်။ သို့သော် ထိုဆေးရုံကတော့ ယင်းအခြေအနေများနှင့် လုံးဝ မတူညီစွာ လူမျိုးဘာသာ မရွေး နေ့စဉ် လူ ၂၀၀ ကျော် ၃၀၀ နီးပါးကို ဆေးကုသမှု ပေးလျက်ရှိသည်။

“ ဘာမှကို မရှိခဲ့ဘူး။ အရင်ပုံမှန် ဘယ်လိုသွားလဲ။ အဲဒီအတိုင်းပဲ ဘာမှ ကွာဟချက် ဘာမှ မရှိဘူး။ ရခိုင်တွေမှာ ရုတ်ရုတ်သဲသဲဖြစ်တဲ့အချိန်မှာလည်း မွတ်ဆလင်တွေနဲ့ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ ဆေးရုံမှာ ဘာမှ မဖြစ်ဘူး ”ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်မြို့လည်ခေါင်က လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး ကုသပေးလျက်ရှိသည့် မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ/ဧရာဝတီ

မွတ်စလင်ဆေးရုံတွင် ဆေးကုသပေးနေသည့် ခရစ်ယာန်ဘာသာဝင်ဖြစ်သည့် အပြာဝတ်နာစ့် နော်ခင်စိန်က လည်း “ဒီမှာက ဗုဒ္ဓ၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူလည်း ရှိတော့ သူတို့တွေက အပြင်မှာ ဘာပဲဖြစ်ဖြစ် ဒီမှာ အရမ်းစည်းလုံးတယ်။ အကုန်လုံးညီတူမျှတူပဲ စည်းလုံးတယ်”ဟု ၎င်း၏ဆိုသည်။

ဆေးရုံကြီး၏ တနှစ်ကုန်ကျစရိတ်သည် သိန်း ၈ ထောင်၊ ၉ ထောင်ခန့် ကုန်ကျပြီး ဆေးရုံဥက္ကဌ အပါအဝင် ဆေးရုံအုပ်ချုပ်သူများကအစ လစာမယူပဲ အခမဲ့ လာရောက်လုပ်ကိုင်ပေးနေခြင်းဖြစ်သည်။ ဆေးရုံတွင် ဆရာဝန် ၄၅ ဦးအနက် အနည်းငယ်သော ဆရာဝန်များကိုသာ လစာပေးရပြီး ကျန်သောဆရာဝန်များက အခမဲ့ကုသပေး ခြင်းဖြစ်သည်။

မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံတွင် ကျောက်ကပ်ခွဲစိတ်ခြင်း၊ နှလုံးအစို့ရှင် ပျက်စီးခြင်းနှင့် ဦးနှောက်ခွဲစိတ် ခြင်းတို့မှ လွဲပြီး ကျန်သည့်ရောဂါမျိုးစုံကို ခွဲစိပ်ကုသပေးပါသည်။ ဆေးရုံအတွက် တနှစ်စာဆေးစရိတ်က သိန်း ၁၅၀၀ ခန့် ရှိသည်ဟု သိရသည်။

ဆေးရုံ၏ တနှစ်ပတ်လုံး စရိတ်ကို မွတ်ဆလင်အသိုင်း အဝိုင်းက အမေရိကန်ဒေါ်လာ ၄ သိန်းပံ့ပိုးကူညီလျှက် ရှိသည်။ထို့အပြင် ငွေကြေးတတ်နိုင်သူများက မွတ်ဆလင်ဆေးရုံတွင် လာရောက်ကုသပါက ၅ ရာခိုင်နှုန်းခန့် အလှူငွေ ပေးရသည်။

ဆေးရုံတွင် အနိမ့်ဆုံး ၉ တန်းအောင်သည့် မိန်းကလေးများကို အခမဲ့ နာစ့်အကူ တနှစ်သင်တန်းကိုလည်း ဖွင့်ထားပေးပြီး ဆေးရုံဝန်ထမ်း အပါအဝင် ၎င်းမိသားစုဝင်တဦးဦး နာမကျန်းဖြစ်ပါက ဆေးကုသစရိတ် ၅ သိန်း ထုတ်ပေးသည့်အပြင် အခမဲ့ဆေးကုသခွင့်ကိုလည်း ပေးထားကြောင်း သိရသည်။

မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံသည် ၂၀၁၈ ခုနစ်တွင် အမေရိကန်ပြည်ထောင်စုက ပေးအပ်သည့် ပြည်သူ့ဂုဏ် ရည်ဆုကို ရရှိထားသည့်အတွက် ဒေါ်လာတသောင်းရရှိခဲ့သည်။

ထိုကြောင့် ပြင်ဆင်အသုံးစရိတ်၊ မွမ်းမံကုန်ကျစရိတ်နှင့် တိုးချဲ့ဆောင် ကုသမှုများအတွက် ဘဏ္ဍာငွေကြေး လိုအပ်လျှက်ရှိသည်။ ၎င်းငွေကြေးရရှိပါက အစိုးရဖွင့်လှစ်ထားသည့် ဒေသန္တရကျန်းမာရေးဆေးခန်းကို တိုးချဲ့ ဖွင့်လှစ်ရန် ဆန္ဒရှိကြောင်း သိရသည်။

The post မတူကွဲပြားသူများ အားထားရာ မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...