ပြီးခဲ့သည့် ရက်သတ္တပတ်က ရန်ကုန်အခြေစိုက် Myanmar Now သတင်းဌာန အယ်ဒီတာ ကိုဆွေဝင်းသည် မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ်တရားရုံးသို့ ၅၂ ကြိမ်မြောက်အဖြစ် သွားရောက်ခဲ့ရသည်။ ထိုတရားရုံးသည် အမျိုးသားရေးဝါဒီ သံဃာ ဦးဝီရသူကို ထောက်ခံသူတဦးက ကိုဆွေဝင်းကို ၂၀၁၇ ခုနှစ် မတ်လက စွဲဆိုသော အသရေဖျက်မှု ကြားနာနေသော တရားရုံး ဖြစ်သည်။
အသွားအပြန် မိုင်ပေါင်း ၇၈၀ ရှိသော ထိုခရီးသည် အနည်းဆုံး ၁၆ နာရီကြာသောကြောင့် ကိုဆွေဝင်းသည် လွန်ခဲ့သော တနှစ်နှင့် ကိုးလအတွင်း ခရီးမိုင်ပေါင်း ၃၇၀၀၀ သွားခဲ့ပြီး လမ်းပေါ်တွင် နာရီပေါင်း ၁၅၀၀ ခန့် အချိန်ဖြုန်းခဲ့ရပြီး ဖြစ်နေသည်။ ထိုအချိန်နှင့် အကွာအဝေးသည် ရန်ကုန်မှ ဆန်ဖရန်စစ္စကိုသို့ အသွားအပြန် နှစ်ခေါက်ခရီးစာနှင့် ညီမျှနေသည်။
ထိုကဲ့သို့သောအမှုများကို ပုံမှန်အားဖြင့် စွပ်စွဲခံရသူ နေထိုင်သော မြို့နယ်တွင်သာ စစ်ဆေးလေ့ရှိသည်။ တလလျှင် အနည်းဆုံး နှစ်ကြိမ်ခန့် နေအိမ်မှ မိုင်ပေါင်းရာချီဝေးသည့် တရားရုံးသို့ တလပြီးတလ သွားနေရသော ကိုဆွေဝင်း ရင်ဆိုင်ရသည့် ခါးသီးသော အတွေ့အကြုံ၏ ကျိုးကြောင်းဆီလျှော်မှု ကင်းမဲ့ခြင်းသည် မြန်မာသတင်းသမားများ လုပ်ကိုင်နေရသည့် ဆိုးရွားသော အနေအထားကို အလေးအနက် ဖော်ပြနေသည်။
၎င်းတို့အလုပ်ကို ၎င်းတို့ လုပ်ကိုင်နေစဉ်အတွင်း သတင်းသမားများသည် အစိုးရ၊ တပ်မတော်၊ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံသူများနှင့် တခြားအုပ်စုများအပါအဝင် ဘက်ပေါင်းစုံနီးပါးမှ အရေးယူ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကြရသည်။
ထို အသရေဖျက်မှုတွင် အချိန်၊ စွမ်းအင်နှင့် ငွေကြေးရင်းမြစ်အရ ကိုဆွေဝင်း ပေးဆပ်ရသော ကြီးမားသည့်တန်ဖိုးကိုပင် ပြစ်ဒဏ်တခုအဖြစ် ရှုမြင်နိုင်သည်။ အမှုကြာလာသည်နှင့်အမျှ သူနှင့် သူ့မိသားစုအတွက် ထိခိုက်စရာများ ပိုများလာသည်။
လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်က ၎င်းတို့အား ဝေဖန်သူများကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အသုံးပြု တရားစွဲဆိုခြင်းကို သတင်းလောကတွင် သိသိသာသာ အာရုံစိုက်ကြသည်။ ထိုပုဒ်မအရ မီဒီယာကို အသုံးပြုပြီး တစုံတဦးကို အသရေဖျက်ကြောင်း တွေ့ရှိသူသည် ထောင်ဒဏ် ချမှတ်ခံရနိုင်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအတိုင်ပင်ခံ မွတ်စလင် ရှေ့နေကြီး ဦးကိုနီကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလက သေနတ်သမား ကြည်လင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ဦးဝီရသူက ကြည်လင်းနှင့် အပေါင်းပါများကို လူသိရှင်ကြား ချီးကျူးခဲ့သည်။ လူသတ်သမားများကို ချီးကျူးသောကြောင့် ဦးဝီရသူသည် ပါရာဇိကကံထိုက်ကာ သံဃာအဖြစ်မှ ပျက်ပျယ်ကြောင်း ဆောင်းပါးတပုဒ်ကို Myanmar Now သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ ကိုဆွေဝင်းက ထိုဆောင်းပါးကို သူ၏ Facebook အကောင့်မှ ဖြန့်ချိခဲ့သည်။
ထိုဆောင်ရွက်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ဦးဝီရသူ၏ နောက်လိုက် မန္တလေးအခြေစိုက် အမျိုးသားရေးဝါဒီ ဦးကျော်မျိုးဆွေက ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေအရ မန္တလေးတိုင်း မဟာအောင်မြေ ရဲစခန်းတွင် တရားစွဲဆိုသည်။ လေးလကြာပြီးနောက် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းကို ပြောင်ကျကျ ချိုးဖောက်လိုက်ပြီး မန္တလေး ရဲတပ်ဖွဲ့သည် ပြည်ပခရီးသွားမည့် Myanmar Now အယ်ဒီတာ ကိုဆွေဝင်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးလိုက်သည်။
နောက်တနေ့တွင် ကိုဆွေဝင်းသည် ရုံးချိန်းအတိုင်း မပျက်မကွက် လာမည်ဖြစ်ကြောင်း ကတိကို တရားသူကြီးရှေ့တွင် လက်မှတ်ထိုးပြီး အာမခံဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။
အချိန်ကုန်၊ ငွေကုန် ခါးသီးသော အတွေ့အကြုံ

တရားရုံးသို့ အသွားအပြန် ခရီးတခေါက်တိုင်း ကိုဆွေဝင်းအတွက် ငွေကျပ် ၅ သိန်းကျော် ကုန်ကျနေသည်။ ရှေ့နေခနှင့် စာချုပ်စာတမ်း ကိစ္စများအပါအဝင် ကိုဆွေဝင်း၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်သိန်း ၂၅၀ ကျော်နေပြီဖြစ်သည်။ သူသည် ယခင်က ရှေ့နေနှင့် ဥပဒေ အကြံပေး အများအပြားကို ငှားရမ်းခဲ့သော်လည်း စွမ်းဆောင်မှုကို မကြိုက်နှစ်သက် သောကြောင့် လမ်းခွဲခဲ့ရသည်။
ယခုအခါ ကိုဆွေဝင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ရှေ့နေကြီး ဦးသိန်းအောင်နှင့် စာချုပ်ချုပ်ဆိုထားသည်။ ရှေ့နေခကို ကျပ်သိန်း ၆၀ အဖြစ် သတ်မှတ်ထားသည်။ ဦးသိန်းအောင်၏ ဥပဒေအတိုင်ပင်ခံ အဖွဲ့က ဒေါ်ရွက်နုအောင်ကို ကိုဆွေဝင်း၏ ခုခံချေပရှေ့နေအဖြစ် တာဝန် ပေးအပ်ထားသည်။
ငွေကြေး ဝန်ထုပ်ဝန်ပိုးနှင့် အချိန်ဆုံးရှုံးခြင်းသည် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအတွက် ကြီးမားသော ပြဿနာ ဖြစ်လာသည်။ တရားလို လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ကိုဆွေဝင်းသည် တရားရုံးသို့ သွားနေရပြီး ထိုခရီးသည် အနည်းဆုံး နှစ်ရက်ကြာသည်။
“ရုံးချိန်းက ရုံးဖွင့်ရက်ဆိုရင် ကျနော့် အလုပ်လုပ်ရက်က တပတ်ကို နှစ်ရက်၊ သုံးရက်ပဲဖြစ်သွားတော့ ပြန်ဖြည့်ပေးဖို့ စနေ၊ တနင်္ဂနွေ တွေမှာပါ အလုပ်လုပ်နေရပြီး အားချိန်ဆိုတာ မရှိတော့ဘူး” ဟု ကိုဆွေဝင်းက ပြောသည်။
သို့သော် ကိုဆွေဝင်းသည် ရုံးချိန်းတခုမျှ ပျက်ကွက်ခဲ့ခြင်း မရှိပေ။ တဖက်တွင်မူ တရားလိုပြသက်သေ ဦးဝီရသူသည် တရားရုံးမှ ကားဖြင့် ဆယ်မိနစ် ခရီးအကွာအဝေးတွင် သီတင်းသုံးသည်။ ကိုဆွေဝင်းသည် ၄၈ ကြိမ်မြောက် ရုံးချိန်းကို ဒီဇင်ဘာလက သွားရောက်ခဲ့သည်။ ဦးဝီရသူသည် တရားသူကြီးထံ နှုတ်ဖြင့် ထွက်ဆိုရန်နှင့် ပြန်လှန် စစ်မေးမှုများ ပြုလုပ်ရန် တရားရုံးသို့ လာရောက်ခြင်း မရှိသော်လည်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအသင်း (မဘသ) ၏ ကားဖြင့် ကိုရင် လေး၊ ငါးပါး လာရောက် နားထောင်သည်ကို တွေ့ရသည်။
မဘသ နောက်လိုက်များက တရားရုံးအတွင်းမှာပင် ကိုဆွေဝင်းကို နှုတ်ဖြင့် ခြိမ်းခြောက်ကြပြီး တကြိမ်တွင်မူ ထိုစဉ်က သူ၏ ရှေ့နေဖြစ်သော ဦးမျိုးမင်းဇော်က တရားလိုကို မေးခွန်းမေးရန် ကြိုးစားသောအခါ အမျိုးသားရေးဝါဒီ အုပ်စုတစုက ဟန့်တား နှောက်ယှက်ကြသည်။ အမျိုးသားရေး ဝါဒီများက ထိုရှေ့နေကို “မင်း ဗုဒ္ဓဘာသာ မဟုတ်ဘူးလား” ဟူသော မေးခွန်းများဖြင့် စိန်ခေါ်ကြသည်။ ကိုဆွေဝင်း၏ အမှုကို စစ်ဆေးတိုင်း တရားရုံးတွင် သာမန်လေ့လာသူများ ရှိသလို အမျိုးသားရေး ဝါဒီများ၊ သံဃာများဖြင့် ပြည့်နှက်နေတတ်သည်။
“ဦးဝီရသူရဲ့ မဟာအောင်မြေ နယ်နမိတ်ကို ကျနော်ရောက်လာတိုင်း ရန်လိုပြုမူခြင်း မရှိတဲ့အတွက် လာရောက် ကြည့်ရှု နားထောင်သူတွေကို ကျနော် ကျေးဇူးတင်တယ်” ဟု ကိုဆွေဝင်းက အမျိုးသားရေးဝါဒီများကို ရည်ညွှန်း ပြောဆိုသည်။
ကြားနာစစ်ဆေးမှု ၂ နှစ်နီးပါးကြာသောအခါ ခြိမ်းခြောက်စကားများနှင့် ငွေကြေး အခက်အခဲများကြောင့် ကိုဆွေဝင်း၏ မိသားစုမှာ ထိခိုက်လာတော့သည်။ အလုပ်အကိုင် ပြောင်းရန်ပင် ဇနီးဖြစ်သူက ကိုဆွေဝင်းကို ပြောလာသည်။
ဥပဒေ လုပ်ထုံးလုပ်နည်း မူမမှန်မှုများ
ဧရာဝတီ သတင်းဌာနသည် ဒီဇင်ဘာလက ပြုလုပ်သော ၄၈ ကြိမ်မြောက် ရုံးချိန်းသို့ သွားရောက်ခဲ့ပြီး ရဲအရာရှိ နိုင်မိုးအေး၏ ထွက်ဆိုချက်နှင့် ခုခံချေပ ရှေ့နေ ဒေါ်ရွက်နုအောင်၏ ပြန်လှန် စစ်မေးခြင်းတို့ကို တွေ့မြင်ခဲ့သည်။ ဦးကိုနီကို သတ်ဖြတ်သူများအား ဦးဝီရသူက ချီးကျူးသည်ကို သိပါသလား ဟူသော မေးခွန်းနှင့် ထိုချီးကျူးခြင်းသည် Myanmar Now ဆောင်းပါး၏ အခြေခံ အကြောင်းအရာဖြစ်ကာ အယ်ဒီတာက သူ၏ Facebook တွင် ဝေမျှသည်ကို သိပါလား ဟူသော မေးခွန်းများကို ရှေ့နေ ဒေါ်ရွက်နုအောင်က အမှုစစ် ရဲအရာရှိကို မေးသည်။
ထိုအချက်များကို မသိကြောင်း ရဲအရာရှိက ရိုးရှင်းစွာ ဖြေသည်။ တရားရုံး မှတ်တမ်းများအရ ကိုဆွေဝင်းက ထိုဆောင်းပါးကို မျှဝေသည် ဟူသောအချက်ကို တရားလိုက စွဲဆိုချက်တွင် ပယ်ထုတ်ထားကြောင်း ဧရာဝတီက သိရှိခဲ့သည်။ သူ၏ အမှုကို စီရင်ရာတွင် များပြားလှသော ဥပဒေ လုပ်ထုံးလုပ်နည်း မညီမှုများ တွေ့ရကြောင်း ကိုဆွေဝင်းက ပြောသည်။

“ဥပမာပြောရရင် ကျနော့်ရှေ့နေက ရဲအရာရှိကို တရားခွင်အတွင်းမှာ အရေးအကြီးဆုံး မေးခွန်းကို မေးခဲ့တယ်။ ဒီအမှုကို အမှု ဖြစ်ပွားရာ ရန်ကုန်မှာ မဟုတ်ဘဲနဲ့ ဘာလို့ မန္တလေးမှာ ဖွင့်တာ လက်ခံရတာလဲ၊ တနင်္သာရီတိုင်း ထားဝယ်က စွပ်စွဲခံရသူကို ကချင်ပြည်နယ် ပူတာအို တရားရုံးမှာ လာရောက် ထွက်ဆိုခိုင်းမှာလား။ စွပ်စွဲခံရသူက ရုံးချိန်းပျက်ကွက်ရင် ထောင်ချ ခံရမှာလား စသည်ဖြင့် မေးတယ်” ဟု ကိုဆွေဝင်းက ရှင်းပြသည်။
တရားလိုဘက်က ရုံးချိန်းပျက်ကွက်လျှင် ထိုပျက်ကွက်ရုံးချိန်းတွင် စွပ်စွဲခံရသူ၏ ရှေ့နေသည် အမှုသည် ကိုယ်စား လာရောက်ခွင့် တောင်းဆိုနိုင်သည်။ ကိုဆွေဝင်း၏ ရှေ့နေက ထိုအချက်ကို တောင်းဆိုသော်လည်း တရားရုံးက ထိုတောင်းဆိုမှုကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပယ်ချခဲ့သည်။
သူ၏အမှုတွင် ရဲတပ်ဖွဲ့သည်လည်း လုပ်ထုံးလုပ်နည်း မညီကြောင်း ကိုဆွေဝင်းက ပြောသည်။ လုပ်ထုံးလုပ်နည်း အရ ဆိုပါက စွပ်စွဲထားသော ပြစ်မှုဖြစ်ပွားသော တရားစီရင်မှုနယ်မြေမှ ရဲတပ်ဖွဲ့သည် သာလျှင် သံသယရှိသူကို ဖမ်းဆီးခွင့် ရှိသည်။ သို့သော် သူ၏ အမှုတွင် မန္တလေးမှ ရဲက ရန်ကုန်ရောက်လာပြီး သူ့ကို လေဆိပ်တွင် ဖမ်းကြောင်း ပြောပြသည်။
“ဒါတွေလည်းလည်း လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး” ဟု ကိုဆွေဝင်းက ဆိုသည်။
“တကယ်တော့ အမှုက ရှင်းရှင်းလေးပဲ။ ကျမတို့က အမှုကို စနစ်တကျ စိစစ်ပြီးသွားပြီ။ ကြားနာမှုတွေမှာ အားနည်းချက်တွေ အများကြီး ရှိနေတယ်။ စီရင်ချက်ချတဲ့အခါ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားမယ်လို့ မျှော်လင့်ပါတယ်” ဟု ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။
တရားလိုပြ သက်သေသည် ရည်ရွယ်ချက်ရှိရှိဖြင့် တရားရုံးသို့လာရန် ပျက်ကွက်နေပါက အမှုသည် ၂ နှစ်ခန့် ကြာသွား နိုင်သည်ဟုလည်း သူက ဆက်ပြောသည်။
သက်သေ ၁၃ ဦးအနက် ၃ ဦးတို့သည် လာမည့် ရက်သတ္တပတ်များအတွင်း ထွက်ဆိုကြမည်ဖြစ်သည်။ ကြားနာ စစ်ဆေးမှုကို တရားရုံးတွင် မလုပ်ဘဲ သံဃာနာယကအဖွဲ့ အဆောက်အအုံတွင် ပြုလုပ်ရန်ပင် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုမှုကိုလည်း တရားရုံးက ဇန်နဝါရီလ ၁၆ ရက်နေ့မှာပင် ပယ်ချခဲ့သည်။
သံတိုင်များ နောက်သို့ ဦးတည်နေ
ကိုဆွေဝင်း၏ အမှုသည် တခုတည်းသော ထိုကဲ့သို့အမှုမဟုတ်ပေ။ ၂၀၁၈ ခုနှစ် တနှစ်တည်းမှာပင် သတင်းသမား ၁၂ ဦးကို နိုင်ငံတော် အသရေဖျက်မှုဖြင့် ဆယ်သွယ်ရေးဥပဒေအရ သို့မဟုတ် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေအရ တရားစွဲဆိုသည်။ အထင်ရှားဆုံးအမှုမှာ Reuters သတင်းထောက် နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို တနှစ်ကြား အမှုစစ်ဆေးပြီး ထောင် ၇ နှစ်ချခဲ့သည်။ ၎င်းတို့၏ ပထမဆုံး အယူခံကို တရားသူကြီး တဦးက လွန်ခဲ့သော ၂ ပတ်က ပယ်ချခဲ့သည်။
ကိုဆွေဝင်း၏ ရှေ့နေသည် တရားလို တိုင်ကြားသောအမှု၊ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် စုံစမ်းစစ်ဆေးရေးအရာရှိ၏ အစီရင်ခံစာတို့မှ ကြီးမားသော လစ်ဟာကွက်များကို ထောက်ပြသော်လည်း သူ၏ အမှုတွင် နိုင်ငံရေးနှင့် ရဲတပ်ဖွဲ့ လွတ်လပ်မှုတို့ ပတ်သက်နေသောကြောင့် ကိုဆွေဝင်းအနေဖြင့် အမှုနိုင်ရန် မျှော်လင့်ချက် ကြီးကြီးမားမား မထားနိုင်ပေ။
ရဲတပ်ဖွဲ့အနေဖြင့် လုပ်ထုံးလုပ်နည်းကို တင်းကျပ်စွာ လိုက်နာပြီး တရားရုံးနှင့် ပူးပေါင်း ဆောင်ရွက်သင့်သည်ဟု သူက ပြောသည်။
တရားစီရင်ရေး စနစ် တိုးတက်ရေးအတွက် တရားစီရင်ရေး၏ ကြီးကြပ်မှုအောက်တွင် လွတ်လပ်သော ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုလုပ်ရန် သူက တိုက်တွန်းသည်။ သို့သော် ပြည်ထဲရေး ဝန်ကြီးဌာနသည် တပ်မတော်အောက်တွင် ရှိနေသဖြင့် ထိုကဲ့သို့သော စနစ်မျိုး ပေါ်ပေါက်လာနိုင်ခြေ မရှိပေ။
“ကျနော် ဘာကြောင့် တရားစွဲခံရတယ်ဆိုတာ လူတိုင်းသိတယ်။ ဦးဝီရသူဟာ ရှေ့နေကြီးဦးကိုနီကို သတ်တဲ့သူတွေကို လူသိရှင်ကြား ထောက်ခံလို့ ပါရာဇိက ကျတယ်ဆိုတဲ့ ကျနော့်ရဲ့ ပြောဆိုချက်ကို သိလားလို့ ကျနော့်ရှေ့နေက ရဲအရာရှိကို မေးတယ်။ သူက မသိဘူးလို့ ဖြေတယ်။ ဒီနေရာမှာ ရဲတပ်ဖွဲ့ရဲ့ လွတ်လပ်မှုက မေးခွန်းထုတ်စရာ ဖြစ်နေပြီ” ဟု ကိုဆွေဝင်းက ပြောသည်။
တရားလိုက တင်သွင်းသည့် အထောက်အထားများအပေါ် အားထားနိုင်မှုကိုလည်း သူက မေးခွန်းထုတ်သည်။ ရဲတပ်ဖွဲ့၏ ဘက်လိုက်မှု မကင်းခြင်းကြောင့် နောက်ဆုံး စီရင်ချက်သည် မျှတမှု မရှိနိုင်ဟု သူက ပြောသည်။ တရားသူကြီးသည် ရဲအရာရှိ၏ အထောက်အထားနှင့် ထွက်ဆိုချက်များကိုသာ စဉ်းစားရသောကြောင့် ဟုလည်း သူက ပြောသည်။
အမှုမှ ကွင်းလုံးကျွတ်လွတ်ရန် မျှော်လင့်ပါသလားဟု ဧရာဝတီ သတင်းဌာနက မေးသောအခါ ကိုဆွေဝင်းက ပြုံးလိုက်ပြီး “ဒီအမှုမှာ ကျနော်နိုင်မယ်လို့ မမျှော်လင့်ပါဘူး။ ကျနော့်ကံကြမ္မာက ထောင်ကို ဦးတည်နေတယ်” ဟု သူက ပြောသည်။
(မိုးမြင့်သည် ဧရာဝတီမီဒီယာ အင်္ဂလိပ်ပိုင်း၏ အကြီးတန်းသတင်းထောက် တဦးဖြစ်သည်။ သူ၏ Nationalists Subject Journalist to Devastating Legal Ordeal ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
The post အမျိုးသားရေးဝါဒီများ၏ တရားစွဲမှု သတင်းသမား ဘဝပျက်နိုင် appeared first on ဧရာဝတီ.