Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ဝေဖန် ကန့်ကွက်မှုများ နှင့် တိုင်းရင်းဆေး ဥပဒေသစ် အသက်ဝင်မလား

$
0
0

အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်ကြား သဘောထား ကွဲလွဲမှုများ ရှိခဲ့သည့် မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီ ဥပဒေသစ်ကို ပြည်ထောင်စု လွှတ်တော်က ဒီဇင်ဘာ ၆ ရက်တွင် အတည်ပြုလိုက်သည်။

အဆိုပါ တိုင်းရင်းဆေး ကောင်စီ ဥပဒေသစ်နှင့် ပတ်သက်၍ တိုင်းရင်းဆေးရုံမှ ဝန်ထမ်းများ၊ တိုင်းရင်းဆေး တက္ကသိုလ် မှ ကျောင်းသား ကျောင်းသူဟောင်းများ၊ လက်ရှိ ကျောင်းသား ကျောင်းသူများနှင့် တိုင်းရင်းဆေး ဆရာများက အပြင်းအထန် ကန့်ကွက်လျက် ရှိသည်။

အတည်ပြုလိုက်သည့် ဥပဒေသစ် ပုဒ်မ ၁၅ (စ) တွင် တိုင်းရင်းဆေး ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုခွင့်ရှိသည့် တိုင်းရင်းဆေး ဆရာ အရည်အချင်းများ သတ်မှတ်ခြင်းဟု ဖော်ပြထားပြီး အခန်း ၁၁ မှတ်ပုံတင်ခြင်း အခန်းတွင်မူ အပိုဒ် ခွဲ ၃၁ (ဂ) ၌ ပုဒ်မ ၁၅ ပုဒ်မခွဲ (စ) အရ အရည်အချင်း ပြည့်မီသူဟုဆိုကာ တိုင်းရင်းဆေးဆရာ မှတ်ပုံတင်ခွင့်ကို လျှောက်ထားခွင့် ပြုထားသည်။

ယင်းဥပဒေသစ် အရ တိုင်းရင်းဆေး ကောင်စီ သဘောဆန္ဒဖြင့် တိုင်းရင်း ဆေးဆရာ အဖြစ် မှတ်ပုံတင်ခွင့် ရှိနေမည် ဖြစ်ပြီး တိုင်းရင်းဆေး တက္ကသိုလ်၊ ဆေးသိပ္ပံများသို့ တက်ရောက် သင်ကြားရန် မလိုအပ်တော့သည့် သဘော သက် ရောက်သဖြင့် ကန့်ကွက်ခြင်း ဖြစ်ကြောင်း ပုဒ်မ ၁၅ (စ) ကို ကန့်ကွက်ကြသူများက ပြောဆိုသည်။

အဆိုပါ ဥပဒေကို ကောင်စီဝင်များ အပါအဝင် တိုင်းရင်းဆေး ပညာရှင်များ၏ ကန့်ကွက်မှုများ ရှိနေသည့်ကြားမှ အတည် ပြုလိုက်ခြင်း ဖြစ်ကြောင်း တိုင်းရင်းဆေး ပညာ ကောင်စီဝင် ဦးဝင်းကိုက ဧရာဝတီသို့ ပြောသည်။

“တိုင်းပြည် အတွက်လည်း အကျိုးမရှိဘူး။ ပြည်သူအတွက်လည်း အကျိုးမရှိဘူး။ ရောဂါတမျိုးပဲ ကုတတ်တာနဲ့ ဆေးဆရာ ဖြစ်ရမယ် ဆိုတာကို လက်မခံလို့ ၁၅ (စ) ကို ကန့်ကွက်တာ”ဟု ၎င်းက ဆိုသည်။

ဦးဝင်းကိုက“လိပ်ခေါင်းကုတဲ့ သူတယောက်ကို ဥပဒေ အသစ်မှာ လိပ်ခေါင်းကုတဲ့ ကန့်သတ် လိုင်စင်ပဲ ပေးမှာ။ သို့သော် ကျန်တဲ့ ရောဂါ ကုမရဘူး။ ဘာကြောင့်လဲ ဆိုတော့ ဆေးဆရာလို့ သတ်မှတ်ပေး လိုက်ရင် ရောဂါပေါင်းစုံ ကုခွင့် ရှိသွားပြီ လေ။ လိပ်ခေါင်း ကျွမ်းကျင်တဲ့သူက ကင်ဆာ ကုတတ်ပါတယ် ဆိုပြီး ကြော်ငြာ ကုတော့ ဘယ်လို လုပ်မလဲ။ ကူးစက် ရောဂါတွေ ဖြစ်ရင် ကုတတ်မလား”ဟုလည်း ပြောဆိုသည်။

ယခင်၂၀၀၀ ပြည့်နှစ်က အတည်ပြု ပြဋ္ဌာန်းထားသည့် တိုင်းရင်းဆေး ကောင်စီ ဥပဒေ ဟောင်းတွင်မူ တိုင်းရင်းဆေး တက္က သိုလ်များမှ သင်တန်းဆင်းများကိုသာ တိုင်းရင်းဆေး ဆရာ အဖြစ် မှတ်ပုံတင် ခွင့်ပြုရန် ပြဋ္ဌာန်းထားသည်။

အဆိုပါ ဥပဒေကို တင်သွင်းသည့် ပဲခူးတိုင်း သနပ္ပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးမြင့်ဦးကမူ တိုင်းရင်း ဆေး အနာဂတ် တိမ်ကောသွားမည် စိုးရိမ်သဖြင့် ဥပဒေကို ပြင်ဆင်ခြင်း ဖြစ်ကြောင်း ဆိုသည်။

လွှတ်တော် အမတ် ဦးမြင့်ဦးက“တိုင်းရင်းဆေး တက္ကသိုလ် ပေါ်လာတဲ့ ၁၅ နှစ်မှာ သင်တန်းဆင်းဟာ ၁၅၀၀ လောက် ပဲ ရှိတော့ တနှစ်ကို ၈၀ နှုန်းလောက်ပဲ ရှိတယ်။ သူတို့ကိုပဲ တိုင်းရင်းဆေးဆရာ အဖြစ် သတ်မှတ်မယ်ဆိုရင် တိုင်းရင်း ဆေး အနာဂတ် အတွက် အင်မတန် စိုးရိမ်တယ်။ တိမ်ကော သွားမယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဥပဒေသည် တိုင်းရင်းဆေး လောက တခုလုံး အတွက် ရည်ရွယ် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
လွှတ်တော် အမတ် ဦးမြင့်ဦးက“ဥပဒေတွေ ပြုတယ်ဆိုတာက တစ်ဖက်ကို ပိတ်ပြီး ပြုလို့ မရပါဘူး။ တိုင်းရင်းဆေး လောက တခုလုံး အတွက်ကို ကြည့်ပြီး ပြဋ္ဌာန်းရတာ ဖြစ်ပါတယ်။ တက္ကသိုလ်ဘွဲ့ရများ အတွက် သီးခြားပြဋ္ဌာန်းတဲ့ ဥပဒေ မဟုတ်ပါဘူး”ဟု ပြောသည်။

ပြင်ပတွင် ထင်ရှားအောင်မြင်ပြီး သမားအစဉ်အဆက် ကုသအောင်မြင်နေသည့် ဆေးဆရာများ အတွက်လည်း ရည်ရွယ် ခြင်း ဖြစ်ကြောင်း၊ အသက်အရွယ်၊ ကုထုံး၊ ကုနည်း၊ ကုသသက်၊ ကုသ အောင်မြင်မှုတို့ကို ထည့်သွင်း တွက်ချက်ရုံ သာမက သင်တန်း တက်ခိုင်း၍လည်း အရည်အချင်း သတ်မှတ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီဥပဒေ မူကြမ်းအား နိုဝင်ဘာလ ၂၆ ရက်၌ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ တင်သွင်းခဲ့ပြီး ဒီဇင်ဘာလ ၆ ရက်တွင် မဲခွဲ ဆုံးဖြတ် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေကို ၂၀၁၆ ခုနှစ်ကတည်းက ညီလာခံများ၊ အစည်းအဝေးများ အကြိမ်ကြိမ် ကျင်းပပြီး ရေးဆွဲခဲ့ကြခြင်း ဖြစ် သော်လည်း လွှတ်တာ်တွင် တင်သွင်းသည့် မူကြမ်းတွင် အများ သဘောမတူသည့် ကိစ္စရပ်များကို ထည့်သွင်း တင်ပြ ခဲ့ခြင်း ဖြစ်ကြောင်း ကန့်ကွက်သူများက ပြောသည်။
ယင်းဥပဒေပါ ပုဒ်မ ၁၅ (စ) ကို သဘောမတူကြောင်း လှုပ်ရှားမှုများလည်း ပြုလုပ်လျက် ရှိသည်။

ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ အစည်းအဝေး၌ တိုင်းရင်းဆေး ကောင်စီဥပဒေ ပုဒ်မ ၁၅ (စ) ကို ပယ်ဖျက်ရန် အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကိုယ်စားပြုပြီး သဘောထား မှတ်ချက် ပေးခဲ့ကြောင်း တိုင်းရင်းဆေး ပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောသည်။

“တိုင်းရင်းဆေး တက္ကသိုလ်ကြီးလည်း ပေါ်ပေါက်နေပြီ။ တကယ့်ကို သင်ရိုးညွှန်းတန်းနဲ့ စနစ်တကျ မွေးထုတ်ပေးတဲ့ သူ တွေကိုပဲ အသိအမှတ်ပြုပြီးတော့ တိုင်းရင်းဆေး ဆရာအဖြစ် မှတ်ပုံတင်ခွင့်၊ ဆေးကုသခွင့် လိုင်စင် (တဆ) ထုတ်ပေး သင့်တယ်။ ၁၅ (စ) က ထည့်သွင်းရန် မလိုတော့ဘူး ဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် ဒီပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တော့ ဒါကို ထည့်သွင်းဖို့ မဲခွဲဆုံးဖြတ် လိုက်တဲ့အခါ ကျတော့လည်း မကန့်ကွက်ပါဘူး။ ရှေ့ဆက်ပြီးတော့ လည်း နည်းဥပဒေတွေ ရေးဆွဲဦးမှာပဲကို”ဟု ၎င်းက ဆိုသည်။

ဒု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက နည်းဥပဒေတွင် စနစ်တကျ ရေးဆွဲနိုင်လျှင် ၁၅ (စ) ထည့်ခြင်း မထည့်ခြင်းက အရေး မကြီးကြောင်းနှင့် နည်းဥပဒေကို ရေးဆွဲနိုင်မည်ဟုလည်း ယုံကြည်ကြောင်း ပြောဆိုသည်။

၂၀၀၀ ပြည့်နှစ်က အတည်ပြု ပြဋ္ဌာန်းထားသည့် တိုင်းရင်းဆေး ကောင်စီ ဥပဒေကိုပင် နည်းဥပဒေ ပြဋ္ဌာန်း နိုင်ခြင်း မရှိဘဲ ယခုကဲ့သို့ နည်းဥပဒေကို ပြဋ္ဌာန်းနိုင်မည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း တိုင်းရင်းဆေး တက္ကသိုလ် ကျောင်းသား တဦး ဖြစ်သူ ကိုဟန်ဝင်းအောင်က ဧရာဝတီသို့ ပြောသည်။

“နည်းဥပဒေက ဘယ်သူ ရေးဆွဲမှာလဲ။ လက်ရှိ ကောင်စီဝင် ဘယ်သူ ဖြစ်မလဲ မသိသေးဘဲ နည်းဥပဒေကို ထည့်သွင်း မလဲ”ဟု ၎င်းက မေးခွန်းထုတ်သည်။
အဆိုပါ ဥပဒေကို ကိုဟန်ဝင်းအောင် အပါအဝင် ဒေသ အသီးသီးရှိ တိုင်းရင်းဆေး တက္ကသိုလ် ဆင်းများနှင့် တိုင်းရင်း ဆေး ပညာရှင်များက ကန့်ကွက်နေခြင်း ဖြစ်သည်။

ကိုဟန်ဝင်းအောင်က“ပထမဦးဆုံးက တိုင်းရင်းဆေး တက္ကသိုလ်မှာ ရှိတဲ့ ကျောင်းသားသမဂ္ဂ၊ တက္ကသိုလ် ကျောင်း သား ဟောင်းများ အသင်း၊ တိုင်းရင်း ဆေးတက္ကသိုလ် မပေါ်ခင်က တိုင်းရင်းဆေး သိပ္ပံကျောင်းသားတွေ ရှိတယ်။ ပြင်ပ တိုင်းရင်း ဆေးဆရာတွေ ရှိတယ်။ ပေါင်းပြီး မန္တလေး တိုင်းရင်းဆေး တက္ကသိုလ်ရှေ့မှာ Campaign လုပ်နေ တယ်”ဟု ပြောသည်။

တိုင်ရင်းဆေး ကောင်စီဝင် ဦးဝင်းကိုကမူ ယခုကဲ့သို့ ပြဋ္ဌာန်းလိုက်ခြင်းဖြင့် ရမ်းကုများ အတွက် တိုင်းရင်းဆေး ဆရာ ဖြစ်ရန် အခွင့်အလမ်း များလာနိုင်ပြီး လက်ရှိတွင် တိုင်းရင်းဆေးဆရာ မှတ်ပုံတင် မရှိသည့် တိုင်းရင်းဆေး ပညာရှင်မှာ မရှိသလောက်ပင် ဖြစ်ကြောင်း ပြောကြားသည်။

“အပြင်မှာ ကုနေတဲ့ ဆေးဆရာများလည်း စနစ်တကျ ဖြစ်အောင်ဆိုပြီး သင်တန်းမျိုးစုံလည်း ဖွင့်တယ်။ တဖက်က လည်း အခြေခံပညာအောင်ပြီးသား ပုဂ္ဂိုလ်တွေ တက်ရအောင် တိုင်းရင်း ဆေးတက္ကသိုလ်လည်း ဖွင့်တယ်။ အဲဒီလို မျိုးစုံ ပေးပါလျက်နဲ့ အဲဒီဘောင်ထဲကို မတိုးနိုင်တဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုလူတွေ ဖြစ်မလဲဆိုတာ စဉ်းစားလို့ကို မရ တော့ဘူး လေ။ အဲဒီလိုလူတွေကို ပေးချင်သေးတာတဲ့ အရည်အချင်း သတ်မှတ်ပြီး ဆေးဆရာ အဖြစ် ပေးချင်သေးတာ”ဟု ဦးဝင်းကိုက ဆိုသည်။

လက်ရှိတွင် တိုင်းရင်း ဆေးဆရာ အဖြစ် မှတ်ပုံတင်ထားသူ ၇၀၀၀ ကျော်ရှိကြောင်း တိုင်းရင်းဆေး ကောင်စီမှ သိရ သည်။
အဆိုပါ တိုင်းရင်းဆေး ကောင်စီတွင် ကောင်စီဝင် ၁၁ ဦး ပါဝင်သည်။

ယခု ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့သည့် မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီ ဥပဒေတွင် ပုဒ်မ ၆၀ ကျော် ပါရှိပြီး နိုင်ငံတော် သမ္မတက အတည်ပြု လက်မှတ် ရေးထိုးပြီးပါက စတင် အသက်ဝင်မည် ဖြစ်သည်။

တိုင်းရင်းဆေး ကောင်စီ၏ လုပ်ပိုင်ခွင့်များတွင် တိုင်းရင်းဆေး ဆရာအဖြစ် သတ်မှတ်ပေးနိုင်သည့် နည်းလမ်းများစွာ ရှိ နေလျက်နှင့် ယခုကဲ့သို့ ဥပဒေကို အများဆန္ဒနှင့် ဆန့်ကျင်ပြီး ပြင်ဆင်ခြင်းသည် ရမ်းကုများ တိုင်းရင်းဆေး ဆရာ ဖြစ်ရန်သာ အခွင့်အလမ်း ပိုမိုလာမည် ဖြစ်ကြောင်း ဦးဝင်းကိုက ပြောသည်။

ဦးဝင်းကို“ဥပဒေကို မသမာပဲ ခိုးထည့်တယ်။ ဒီဥပဒေကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကို တာဝန်ခံမှု၊ တာဝန်ယူမှု မရှိ ဘူး။ ပြင်ပမှာ တကယ်တော်တဲ့ တတ်တဲ့ ပညာရှင်တွေကို ပေးချင်တယ်ဆိုရင် ကောင်စီရဲ့ ဘောင်ထဲကနေ ဂုဏ်ထူး ဆောင် (တဆ)ပေးလို့ ရတယ်။ သူတို့ရဲ့ ဆေးနည်းတွေ ကုထုံးတွေကို နိုင်ငံတော် လှူတာပဲ ဖြစ်ဖြစ် လုပ်လို့ရရဲ့ သား နဲ့။ ရမ်းကုနဲ့ မသမာမှုတွေလုပ်မယ်လို့ အယုံအကြည်ရှိတယ်။ ဒါကြောင့် ကန့်ကွက်နေတာပဲ”ဟုလည်း ပြောဆိုသည်။ ။

The post ဝေဖန် ကန့်ကွက်မှုများ နှင့် တိုင်းရင်းဆေး ဥပဒေသစ် အသက်ဝင်မလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...