ဒီဇင်ဘာလ ၁၀ ရက်နေ့ လူ့အခွင့်အရေးနေ့ နှစ် ၇၀ ပြည့်ပြီ။ ဒုတိယကမ္ဘာစစ်၏ ခါးသည်းပြီး လူမဆန်သော အတွေ့အကြုံများကို ခံစားဖြတ်သန်းအပြီး ပြင်သစ်နိုင်ငံ ပါရီမြို့တွင် အကြွင်းမဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကို ကုလသမဂ္ဂက အတည်ပြုလိုက်သည့် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကို ဂုဏ်ပြုရန် ထိုနေ့ကို နိုင်ငံတကာတွင် ကျင်းပကြသည်။
၅ နှစ် တကြိမ်ချီးမြှင့်သော လူ့အခွင့်အရေးနယ်ပယ်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆုနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုကို အစဉ်အလာအားဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ချီးမြှင့်သည်။
လူ့အခွင့်အရေးသည် နိုင်ငံသားဖြစ်မှု၊ နေထိုင်ရာနေရာ၊ လိင်၊ လူမျိုး သို့မဟုတ် လူမျိုးစု၊ အသားအရောင်၊ ကိုးကွယ်ရာဘာသာ၊ ဘာသာစကားနှင့် အခြားအဆင့်အတန်းများနှင့် ပတ်သက်ခြင်း မရှိဘဲ လူသားအားလုံး၏ မွေးရာပါ အခွင့်အရေးများဖြစ်သည်။ မိမိတို့အားလုံးသည် မိမိတို့၏ လူ့အခွင့်အရေးများကို ခွဲခြားဆက်ဆံမှုမရှိဘဲ အညီအမျှ ရပိုင်ခွင့် ရှိသည်။ ထိုအခွင့်အရေးများသည် အပြန်အလှန်ဆက်စပ်၊ မှီခိုနေပြီး သီးခြားခွဲထုတ်မရပေ။
အကြွင်းမဲ့သော လူ့အခွင့်အရေးများကို စာချုပ်များ၊ အစဉ်အလာ နိုင်ငံတကာ ဥပဒေများ၊ ယေဘုယျ စည်းမျဉ်းများ နှင့် အခြားနိုင်ငံတကာဥပဒေ ရင်းမြစ်များပုံစံဖြင့် ဥပဒေအရ အာမခံသည်။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေသည် လူ့အခွင့်အရေးများ၊ တသီးပုဂ္ဂလများနှင့် အုပ်စုများ၏ အခြေခံ လွတ်လပ်ခွင့်များကို ကာကွယ်မြှင့်တင်ရန် အစိုးရများ လုပ်ဆောင်ရမည့် တာဝန်များနှင့် ရှောင်ရှားရမည့် လုပ်ရပ်များကို ချမှတ်ပေးသည်။
လူ့အခွင့်အရေးနေ့ မည်သို့ပေါ်လာသနည်း
ပထမကမ္ဘာစစ်ပြီးသည့်နောက် ၂၁ နှစ်အကြာတွင် ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းကထက် အဆပေါင်းများစွာ အသက်ရော စည်းစိမ်ပါ အပျက်အစီ းများခဲ့သည်။ စစ်ကြီးပြီးသောအခါ ကုလသမဂ္ဂ အဖွဲ့ကြီးကို ဖွဲ့စည်းအောင်မြင်ခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ ကြိုပမ်းချက်များသည် ပထမကမ္ဘာစစ်အပြီး ဖွဲ့စည်းခဲ့သော နိုင်ငံပေါင်းချုပ် အသင်းကြီး၏ ကြိုးပမ်းချက်များနှင့်မတူဘဲ ဆိုးရွားကြောက်မက်ဖွယ်ကောင်းသော စစ်ကြီးများကို တားဆီးရန် ထိုစစ်ကြီးများဖြစ်ပွားစေသော အကြောင်းရင်းများကို ပြုပြင်မှသာ အောင်မြင်နိုင် ကြောင်း ဆင်ခြင်ခဲ့ကြသည်။ ယင်းသို့ အကြောင်းရင်းကို ရှာဖွေကြရာတွင် လူတို့၌ ဆင်ခြင်၍ လူတိုင်း ရရှိခံစားထိုက်သော အခွင့်အရေးများ ချို့တဲ့မှု၊ လူ့အခွင့်အရေးများကို လျစ်လျူရှုမှုများကို တွေ့ရှိကြသည်။
ထိုအခါတွင် လူမျိုးမရွေး၊ အယူဝါဒမရွေး၊ ဆင်းရဲချမ်းသာ ကျား မ ဟူ၍မခွဲခြားဘဲ လူသတ္တဝါတယောက်အဖြစ် ရသင့်ရထိုက်သော အခွင့် အရေးများကို စိစစ်ရှာဖွေလျက် လူ့အခွင့်အရေးစာတမ်းကို ရေးဆွဲခဲ့ကြသည်။ ထိုစာတမ်းကြီးတွင် ပါဝင်သော အချက်အလက်များမှာ လူတိုင်း လူတိုင်းသည် မွေးဖွားလာစမှစ၍ တူညီသော အခွင့်အရေးရှိ၍ တသက်လုံး နေမှုထိုင်မှု၊ လွတ်လပ်မှု၊ လုံခြုံမှုများ တူညီစွာ ရရှိမည်ဖြစ်ပြီးလျှင် လူ သတ္တဝါအချင်းချင်း နှိပ်စက်ညဉ်းပန်းမှု၊ ချုပ်ချယ်မှု၊ နိုင်ထက်စီးနင်း ပြုမှု များကို တားမြစ်သော အချက်အလက်များဖြစ်လေသည်။
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ပါရစ်မြို့၌ ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက လက်ခံအတည်ပြု၍ ထုတ်ပြန်ကြေညာသည်။
လူ့အခွင့်အရေးဆိုင်ရာ အတွေးအခေါ်နှင့် လှုပ်ရှားမှု နောက်ခံသမိုင်း
မည်သူမဆို ဥပဒေဆိုင်ရာ အခြေအနေ၊ မူလအရင်းအမြစ် သို့မဟုတ် အပြစ်ကျူးလွန်မှု မည်သို့ပင် ရှိစေကာမူ လူသားဖြစ်ခြင်းဟူသော ရိုးရှင်းသည့် အခြေခံကျသော အကြောင်းအရာများပေါ်တွင် ဖောက်ဖျက်နိုင်ခြင်း မရှိသည့် အခွင့်အရေးများ လူတိုင်းတွင် ရှိသည်ဟူသော အယူအဆဖြစ်သော လူ့အခွင့်အရေး ဟူသည့် အတွေးအခေါ်သည် မျက်မှောက်ခေတ် ကာလ အစောပိုင်းတွင် လူသားဖြစ်တည်မှု အတွေးအခေါ်တခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး ပညာအလင်းရောင်ခေတ် ဖြစ်သော ၁၈ ရာစုတွင် နေရာ ရလာခဲ့သည်။
၁၇ ရာစုနှင့် ၁၈ ရာစု ဥရောပတိုက်သား အတွေးအခေါ်ရှင် အများအပြားက လူတို့သည် သဘာဝအားဖြင့် လွတ်လပ်ပြီး တန်းတူညီမျှရှိကြသည်ဆိုသော အယူအဆဖြစ်သည့် သဘာဝတရားအခွင့်အရေး၏ သဘောထားခံယူချက်ကို အဓိပ္ပါယ်ပိုထင်ရှားလာအောင် အကျယ်တဝင့် ဖော်ပြခဲ့ကြသည်။
ယင်းရာစုနှစ်အတွင်း အမေရိကန်နိုင်ငံ (၁၇၇၆)နှင့် ပြင်သစ်နိုင်ငံ (၁၇၈၉) တို့တွင် အဓိက တော်လှန်ရေးနှစ်ခု ဖြစ်ပွားခဲ့သည်။ ၁၇၇၆ ခုနှစ် ဗာဂျင်းနီးယား အခွင့်အရေးကြေညာစာတမ်းက အခြေခံကျသော အခွင့်အရေးနှင့် ကင်းလွတ်ခွင့် အများအပြားတို့ကို သတ်မှတ်ပေးပါသည်။
အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေး ကြေညာစာတမ်းတွင် အထူးထင်ရှားစွာ ဖော်ပြထားသည်မှာ “လူများအားလုံးကို ၎င်းတို့၏ဖန်ဆင်းရှင်က ညီတူညီမျှ ဖန်ဆင်းထားပြီး မည်သူမျှ ယူဆောင်သိမ်းပိုက်၍ မရသော အခွင့်အရေးအချို့တို့ဖြင့် ပြည့်စုံစေသည်။ ယင်းတို့အနက် အသက်၊ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းခြင်းနှင့် ပျော်ရွှင်ခြင်းမှုရရှိအောင် ဆက်လက်ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။”
ထိုနည်းတူစွာပင် ပြင်သစ် လူနှင့်နိုင်ငံသားများ၏ အခွင့်အရေးကြေညာစာတမ်းက လူထု၏ လူတဦးချင်းစီနှင့်သော်၎င်း၊ အများနှင့်သက်ဆိုင်သော အုပ်စုလိုက် အခွင့်အရေးနှင့်သော်၎င်း အနက်ဖွင့်ထားသည်။ ဤစာတမ်းများသည် လူသားအားလုံးနှင့် ခြွင်းချက်မရှိ သက်ဆိုင်ပါသည်။
အလုပ်သမား၊ အမျိုးသမီး၊ ကလေးမှသည် စစ်သုံ့ပန်းများ အခွင့်အရေးထိ
အဖွဲ့အစည်းနှင့် လှုပ်ရှားမှုအများအပြားတို့သည် လူ့အခွင့်အရေးဟုအမည်ပေး၍ ၂၀ ရာစုသို့ ကူးပြောင်းသည့် လမ်းကြောင်းတလျှောက် နက်နဲသိမ်မွေ့သော လူမှုရေး အပြောင်းအလဲများကို ရရှိအောင်မြင်ရန် ဦးစီးဦးကိုင်ပြုခဲ့ပါသည်။
ဥရောပအနောက်ပိုင်းနှင့် မြောက်အမေရိကတို့တွင် အလုပ်သမားသမဂ္ဂများသည် အလုပ်သမားများအား သပိတ်မှောက်ခွင့်ပြုသော ဥပဒေများကို ဆောင်ယူနိုင်ခဲ့ပြီး၊ အနိမ့်ဆုံးရှိသင့်သည့် လုပ်ငန်းခွင်အခြေနေများကို ပြဋ္ဌာန်းခဲ့ကာ ကလေးအလုပ်သမားများ ခန့်ထားခြင်းကို တားမြစ်ခြင်း သို့မဟုတ် စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းချုပ်ခဲ့သည်။
အမျိုးသမီးများ၏အခွင့်အရေး လှုပ်ရှားမှုသည် အမျိုးသမီး အများအပြားအတွက် မဲပေးနိုင်ခွင့်ရရှိစေခြင်းအားဖြင့် အောင်မြင်မှု ရရှိခဲ့သည်။
နိုင်ငံအများရှိ အမျိုးသားလှုပ်ရှားမှုများသည် ကိုလိုနီအာဏာရှင်စနစ်အင်အားကို တွန်းလှန်တိုက်ထုတ် အောင်မြင်ခဲ့သည်။
အချိန်ကြာမြင့်စွာ ဖိနှိပ်ခံရသော လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ အနည်းစုတို့၏ လှုပ်ရှားမှုများသည် ကမ္ဘာပေါ်ရှိ နေရာဒေသ အများအပြားတို့တွင် အောင်မြင်မှုရရှိခဲ့ပါသည်။ ယင်းတို့အထဲတွင် နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုနှင့် အမေရိကန်နိုင်ငံရှိ အမျိုးသမီးများနှင့် လူနည်းစု ကိုယ်စားပြု အမျိုးမျိုးကွဲပြားသည့် အသွင်သဏ္ဌာန် အခြေပြု နိုင်ငံရေး လှုပ်ရှားမှုများ ပါဝင်ပါသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ အခြေခံအုတ်မြစ်ဖြစ်သည့် ၁၈၆၄ ခုနှစ် လီဘာကုတ်ဥပဒေနှင့် ၁၈၆၄ ခုနှစ် ပထမ ဂျီနီဗာသဘောတူညီချက်တို့သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားသည့် ဥပဒေ၏ အခြေခံအုတ်မြစ်များကို ကမ္ဘာစစ် ၂ ခု ဖြစ်ပွားပြီးသည့်နောက် ဆက်လက်တိုးတက်အောင်ပြုပြင်ရန်အတွက် ချထားပေးခဲ့သည်။
စစ်ပွဲ၏ဥပဒေသများအား အဓိပ္ပါယ်ဖွင့်ဆိုရန် နိုင်ငံတကာ အသိုင်းအဝန်း၏ ပထမဦးဆုံးသောကြိုးပမ်းမှုတခုအနေဖြင့် သဘောတူညီချက်များသည် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ပဋိပက္ခများတွင် ပါဝင်ပတ်သက်လျက်ရှိသော လူတဦးချင်းစီ၏ လူ့အခွင့်အရေးများကို အကာအကွယ်ပေးပြီး၊ ၁၈၉၉ နှင့် ၁၉၀၇ ခုနှစ် ဟိတ်ဂ် သဘောတူညီချက်များအား ဆက်လက်လိုက်ပါ လုပ်ဆောင်သည်။
ကြုံခဲ့ပြီးသော စစ်ကြီး ၂ စစ် အတွေ့အကြုံအရ စစ်သည် လူသားဆိုင်ရာ ဆုံးရှုံးမှုများ၊ ဝမ်းနည်းစရာများသာ နောက်ဆုံး ချန်ထားခဲ့သောကြောင့် စစ်ကို ရှောင်လွှဲလိုကြသည်။ စစ်ပွဲကို မလွှဲမရှောင်သာ ကြုံလာခဲ့ရသော် ကန့်သတ်ချက်ဖြင့်သာ ဖြစ်သည်။ အလုံးစုံ ပျက်သုဉ်းရေးအထိ တိုက်မရပေ။ အလုံးစုံ ပျက်သုဉ်းရေး ဖြစ်လာစေလျင်လည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုထိ တရားဥပဒေက ခွင့်လွှတ်မည် မဟုတ်ပေ။
ကြေညာစာတမ်းပါ အချက်များ
ဒုတိယကမ္ဘာစစ်၏ ရက်စက်ကြမ်းကြုတ်မှုကို တစိတ်တဒေသအားဖြင့် တုံ့ပြန်သည့်အနေအဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းသည် ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၄၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ချုပ်နှောင်ခြင်းမရှိသည့် ကြေညာစာတမ်းတခု ဖြစ်ပါသည်။
အဖွဲ့ဝင်နိုင်ငံများကို လူသား၊ နိုင်ငံသား၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခွင့်အရေး အများအပြားတို့ကို အားပေးမြှင့်တင်ရန်၊ ဤအခွင့်အရေးများသည် “ကမ္ဘာကြီးပေါ်တွင် လွတ်မြောက်မှု၊ တရားမျှတမှုနှင့်ငြိမ်းချမ်းရေးတို့၏ အခြေခံအုတ်မြစ်”တွင်ပါဝင်ကြောင်း ခိုင်မာစွာပြောဆိုရန် ကြေညာစာတမ်းက တိုက်တွန်းသည်။
လူ့အခွင့်အရေး ကြေညာစာတမ်းသည် ကမ္ဘာတွင် ဘာသာပြန်ခံရဆုံး စာရွက်စာတမ်းဖြစ်ပြီး ဘာသာစကား ၃၆၀ ကျော်သို့ပြန်ဆိုထားပြီး ကမ္ဘာ့စံချိန်တင်သည်။
ကြေညာစာတမ်းပါ အချက် ၃၀ ရှိသည်။
- လူတိုင်းမွေးဖွားလာကတည်းက တူညီသော လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။
- လူတိုင်း အသားအရောင် လိင် ကိုးကွယ်သည့်ဘာသာ ကျားမ မရွေး တန်းတူညီမျှဖြစ်သည်။
- လူတိုင်း အသက်ရှင်ခွင့် လုံခြုံခွင့်ရှိသည်။
- မည်သူ့ကိုမှ ကျွန်အဖြစ် စေခိုင်းခြင်း မပြုရ။
- မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်း မရှိစေရ။
- လူတိုင်း တရားဥပဒေရှေ့တွင် လူသားကဲ့သို့ ဆက်ဆံခံရမည်။
- လူတိုင်း တရားဥပဒေရှေ့မှောက်တွင် တန်းတူဖြစ်သည်။ ကျောသားရင်သား မခွဲခြားရ။
- အခွင့်အရေး ချိုးဖောက်ခံရပါက ဥပဒေ အကူအညီ ယူခွင့်ရှိသည်။
- မည်သူ့ကိုမှ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်း မပြုရ။
- လူတိုင်း မျှတသော တရားစီရင်မှုခံခွင့်ရှိသည်။ လူအများ ကြားနာနိုင်သော တရားရုံးဖြစ်ရမည်။
- အပြစ်ရှိသည်ဟု ခိုင်လုံသော အထောက်အထား မရှိမချင်း ထိုသူသည် အပြစ်မရှိ။
- မကောင်းသော ရည်ရွယ်ချက်ဖြင့် အခြားသူ၏ စာများဖောက်ခြင်း အိမ်အတွင်း ဝင်ခြင်း မပြုရ။
- လူတိုင် းမိမိတိုင်းပြည်အတွင်း လွပ်လပ်စွာ သွားလာခွင့် ရှိသည်။
- မတရား အပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံနိုင်သည်။
- လူတိုင်း နိုင်ငံတနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားနိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
- အရွယ်ရောက်ပြီးသော ကျားမတိုင်း မိမိဆန္ဒဖြင့် လက်ထပ်ခွင့် အိမ်ထောင် ထူထောင်ခွင့်ရှိသည်။
- လူတိုင်း ကိုယ်ပိုင်ပစ္စည်း ပိုင်ဆိုင်ခွင့်ရှိသည်။
- လူတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားဘာသာသို့ ကူးပြောင်းနိုင်သည်။
- လူတိုင်း လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိသည်။
- လူတိုင်းငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ထားသောအဖွဲ့များသို့ လွတ်လပ်စွာ ဝင်ခွင့်ရှိသည်။
- လူတိုင်း မိမိတိုင်းပြည်၏ အစိုးရကို ဆန္ဒမဲဖြင့် ရွေးချယ်ပိုင်ခွင့် ရှိသည်။
- လူတိုင်း လူမှုဘဝ ဖူလုံရေး ခံစားခွင့်ရှိသည်။
- လူတိုင်း သင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့် အလုပ်သမားသမဂ္ဂများသို့ ဝင်ရောက်ခွင့်ရှိ သည်။
- လူတိုင်း အပန်းဖြေ အနားယူခွင့် ရှိသည်။
- လူတိုင်း လုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်။
- လူတိုင် းပညာသင်ကြားခွင့် ရှိသည်။ အနိမ့်ဆုံး မူလတန်းပညာကို အခမဲ့ သင်ခွင့်ရှိသည်။
- လူတိုင်း မိမိပတ်ဝန်းကျင်၏ ယဉ်ကျေးမှုတွင် ပါဝင်ပိုင်ခွင့်ရှိသည်။
- လူတိုင်း ဤစာတမ်းပါ အခွင့်အရေးများကို လေးစားရမည်။
- လူတိုင်း အခြားသူများ၏ အခွင့်အရေးကို လေးစားရမည်။
- ဤစာတမ်းပါ အခွင့်အရေးများကို မည်သူမှ မချိုးဖောက်ရ။
ကိုးကား။ ။ ဝီကီပီဒီယား
The post သင့်အခွင့်အရေးကို သင်သိပါ appeared first on ဧရာဝတီ.