ညနေ ၅ နာရီ အချိန်ဖြစ်ပါသည်။ ရန်ကုန်၏လမ်းများက ပိတ်ဆို့ ရပ်တန့်လုနီးပါး ဖြစ်နေသည်။ လူဦးရေ ၇.၃၆ သန်း ရှိသည့် မြို့တော်သို့ နေဝင်ချိန်က စောစီးစွာရောက်လာသည်။
ဆောင်းရာသီ ဖြစ်သည့်အတွက် ရာသီဥတုက ကျန်သည့် အချိန်များထက် ပိုမိုအေးမြ၍ ခြောက်သွေ့သည်။ အာရှမှ စည်းကမ်းလိုက်နာမှု အနည်းဆုံး ယာဉ်ကျောအချို့(လမ်းပေါ်တွင် ဘယ်မောင်းကားရော ညာမောင်းကားများပါ ရှိနေသည်) ပေါ်သို့ အမှောင်ကျရောက်လာစချိန်တွင် Ceritalah အဖွဲ့က ရန်ကုန်မြို့လယ်၏ အရှေ့ဘက်မှ လူလတ်တန်းစား အပိုင်းတ ခုဖြစ်သည့် တာမွေမြို့နယ်အတွင်းမှ ကော်ဖီဆိုင်တခုသို့ ရောက်လာခဲ့သည်။
မျိုးဇော်ခန့် က အသက် ၂၆ နှစ်အရွယ် ဘဏ်ဝန်ထမ်း တဦးဖြစ်ပါသည်။
သူက အေးချမ်းသော အသက်မွေးဝမ်းကျောင်း၏ စံပြပုံစံမျိုး ရှိသည်။ ရိုးရာ ချည်ထည်လုံချည် နှင့် ကော်လာမပါသည့် အ ဖြူရောင် ရှပ် ကိုဝတ်ထားသည်။ သူက တောက်ပသော အပြုံး နှင့် တည်ငြိမ်သော၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သော ဟန် အမူအရာ ရှိသည်။ ကိုခန့် ဟု ခေါ်သည့် မျိုးဇော်ခန့်က မော်လမြိုင်ဇာတိ ဖြစ်သည်။ ယခင်က ဗြိတိသျှတို့ အခိုင်အမာ အ ခြေပြုခဲ့ရာ ဆိပ်ကမ်းမြို့ဟောင်းဖြစ်သည့် မော်လမြိုင်က ရန်ကုန်မြို့နှင့် ကီလိုမီတာ ၃၀၀ ခန့်ကွာဝေးပြီး မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်း၏ မြို့တော်ဖြစ်သည်။
“ကျနော် ဘဏ်ဝန်ထမ်း လုပ်ခဲ့တာ အခုဆိုရင် ၂ နှစ် ရှိပါပြီ။ ကျနော် ကွန်ပျူတာ technician အနေနဲ့ စလုပ်ခဲ့ပါတယ်။ ကျနော်က နည်းပညာနဲ့ ကွန်ပျူတာတွေကို အမြဲတမ်း သဘောကျခဲ့ပါတယ်။”
သူ့တွင် မွေးချင်း ညီအစ်ကို ၄ ဦးရှိပါသည်။ လူပျို လူလွတ်တယောက်ဖြစ်သည့် ကိုခန့်က Manchester United အသင်း၏ ပရိသတ် တဦးဖြစ်ပြီး သီတင်းပတ် ကုန်ရက်များတွင် ဘောလုံးကစားလေ့ ရှိပါသည်။ လွန်ခဲ့သည့် ၉ နှစ်က ရန်ကုန်မြို့သို့ သူ ပြောင်းရွှေ့လာခဲ့သည်။ သူကံကောင်းသည်မှာ သူ၏ မိသားစုက ရန်ကုန် အရှေ့တောင်ပိုင်း ဒေါပုံ မြို့နယ်တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက တိုက်ခန်းတခန်း ဝယ်ထားခဲ့သည်။ ထို့ကြောင့် အိမ်ငှားခ ပေးစရာမလို တော့ပါ။ အိမ်နှင့် ၂ ကီလိုမီတာခန့်ဝေးသော အလုပ်သို့ သူက စက်ဘီးစီး၍ သွားသည်။ မိနစ် ၂၀ ခန့်ကြာ၏။
“ကျနော် ကားဝယ်ဖို့ မတတ် နိုင်ပါဘူး။ နောက်ပြီး (စက်ဘီးက) ယာဉ်ကျောတွေထဲမှာလဲ ဖြတ်ပြီး စီးသွားလို့ ရတယ်လေ။”
မျိုးဇော်ခန့်က သူ၏ မိသားစုထဲတွင် ကော်လာဖြူအလုပ်ကို ပထမဆုံး လုပ်သည့် သူမဟုတ်ပါ။ “ကျနော့် အဖေက အစိုးရ ဝန်ထမ်းတယောက်ပါ။ အခုတော့ အငြိမ်းစားယူပြီး စပါးစိုက်နေပါတယ်။ ကျနော့် အမေက မြို့(မော်လမြိုင်) မှာ အပ်ချုပ် တဲ့ အလုပ် လုပ်နေတုန်းပါပဲ။”
ဘဏ်ဝန်ထမ်း တယောက်အနေဖြင့် သူ၏ တာဝန်များက ငွေစာရင်း အလုပ်ထက်ပိုပါသည်။
“ငွေသားတွေကို ကိုင်တွယ်ရတဲ့ အပြင် online banking လိုမျိုး ဘဏ်ရဲ့ နည်းပညာ အလုပ်တွေကိုလည်း ကျနော် ကူညီရ ပါတယ်။ တခါတလေ နည်းပညာ အမှား အယွင်းတွေ နဲ့ ဖောက်သည်တွေရဲ့ စောဒကတက်မှုတွေကို ဖြေရှင်းရပါတယ်။ အဲဒါက သိပ်တော့ မသက်သာဘူးပေါ့။”
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစနစ်က တိုးတက်မှုများ၊ ဆုတ်ယုတ်မှုများနှင့် ကြုံတွေ့ခဲ့သည်။ ၂၀၀၃ ခုနှစ် ဘဏ်အကျပ် အတည်း တခုကြောင့် ထိတ်လန့်တကြား ငွေပြန်ထုတ်မှုများ နှင့် ပိုင်ဆိုင်မှု ဈေးနှုန်းများ ပြိုလဲခဲ့ခြင်းတို့က ယခု အချိန်အထိ ကြီးမားစွာ လွှမ်းမိုးနေဆဲ ဖြစ်သည်။ သို့သော်လည်း တိုင်းပြည်၏ လူဦးရေ ၅၃ သန်းတွင် ၁၀ ရာခိုင်နှုန်းကသာ ဘဏ်ငွေ စာရင်း ရှိကြသည့် အတွက် တိုးတက်ရေး အတွက် အလားအလာက ကြီးမားသည်။ ယခုအချိန်အထိ ယုံကြည်စိတ်ချမှုက အရေးပါသည့် ပြဿနာအဖြစ် ရှိနေဆဲ ဖြစ်သည်။
သို့သော်လည်း ပြောင်းလဲ လာနိုင်ပါသလား။
“ယုံကြည်မှုလား၊ ဘယ်ဖက်ကိုမှ မလိုက်ဘဲ ပြောရမယ်ဆိုရင် လူတွေက သူတို့ပိုက်ဆံတွေကို အိမ်မှာထားမယ့် အစား ဘဏ်မှာ စုဆောင်းတာတွေ ပိုလုပ်လာကြပါတယ်။ ကျနော့် အနေနဲ့ ဆိုရင် တလကို ဒေါ်လာ ၁၅၀ လောက် စုနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်က တိုက်ခန်းလခအတွက် တလကို ၇၅ ဒေါ်လာလောက် ပေးဖို့ မလိုလို့ပါ။ အဲဒါကို ကျနော့် ငွေစာရင်းထဲ ထည့်ပါတယ်။”
ရန်ကုန်နှင့် မန္တလေး အပါအဝင် မြို့ပြ အချက်အချာ နေရာ ၅ ခုတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်း Visa က ကောက်ယူ ခဲ့သည့် စစ်တမ်းတခု အရ အရွယ်ရောက်ပြီးသူ ၄၉ ရာခိုင်နှုန်းက ဘဏ်ငွေစာရင်းတခု ဖွင့်ရန် စိတ်ဝင်စားကြကြောင်း တွေ့ ရှိ ရသည်။ မြန်မာနိုင်ငံမှ ဘဏ်များက တနိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း ၁၀၀၀ ကျော်ရှိနေပြီး ATM စက် အရေအတွက်ကို ၂၀၀၀ ထက်ပို၍ တိုးချဲ့ရန် စီစဉ်နေကြခြင်းက ဘဏ္ဍာရေး ဝန်ဆောင်မှုများကို ပြည်သူများ ပိုမိုသုံးစွဲလာကြရန် တွန်းအားတခု ဖြစ်လာနိုင်ပါသည်။
မိုဘိုင်း ဘဏ်စနစ်သို့လည်း ဝင်ရောက်လာနေသည်။
“အခုဆိုရင် လွယ်သွားပြီ။ လူတွေ ဘဏ်ကို အချိန်တိုင်းသွားနေစရာ မလိုတော့ဘူး။ ကျနော့် မိဘတွေဆီကို ငွေမြန်မြန် လွှဲ နိုင်ပြီ။ ကြည့်။” ကိုခန့်က သူ၏ အနက်ရောင် စမတ်ဖုန်းကို ပြသည်။
လူဦးရေ၏ ၉၀ ရာခိုင်နှုန်းက မိုဘိုင်းဖုန်း အသုံးပြုနိုင်ပြီး အနည်းဆုံး ၈၀ ရာခိုင်နှုန်းက စမတ်ဖုန်းများ အသုံး ပြုနေကြသည်။ ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်တို့တွင် လက်လီ အရောင်းသမား ၃၀၀၀ ကျော် ရှိသည့် Red Dot Network ကဲ့သို့သော E-commerce ကုမ္ပဏီများ နှင့် နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ Telenor တို့က ကြီးမားသည့် အလားအလာမှ နေ၍ အကျိုးအမြတ် ရယူနိုင်ရန် ဘဏ်များနှင့် အတူ လုပ်ကိုင်နေကြပြီ ဖြစ်သည်။
သို့သော်လည်း အခြားသော အာဆီယံ စီးပွားရေးများကဲ့သို့ ပင် မြန်မာနိုင်ငံက ဒေါ်လာငွေ အားကောင်းလာခြင်း၊ ဒေါ်နယ် ထရမ့် က လှုံ့ဆော်သော ကုန်သွယ်ရေးစစ်ပွဲကြောင့် ဖြစ်လာသည့် မရေရာမှုများတိုးလာခြင်းတို့ နှင့် ရင်ဆိုင်နေရသလို ရိုဟင်ဂျာ ပြဿနာကြောင့် အရေးယူပိတ်ဆို့မှုများ ရှိလာနိုင်သည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်။ လုပ်ခ လစာနည်း ပါးခြင်း၏ အကျိုးကျေးဇူးကြောင့် အထည်ချုပ်လုပ်ငန်းမှ နိုင်ငံခြားတင်ပို့မှု (ယခုအခါ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရှိသည်) အလွန်ဖြစ်ထွန်းခဲ့သော်လည်း ကမ္ဘာ့ဘဏ်က ၂၀၁၉ ခုနှစ်အတွက် ၎င်း၏ ဖွံ့ဖြိုး တိုးတက်မှု မှန်းဆချက်ကို ဝ.၄ ရာခိုင်နှုန်း လျှော့ချ၍ ၆.၅ ရာခိုင်နှုန်းဟု သတ်မှတ်ခဲ့သည်။
ကိုခန့် အတွက်မှာမူ သူက ရိုးရှင်းသော အနာဂါတ် တခုကို မျှော်လင့်ထားသည်။ မြန်မာ့အလင်း သတင်းစာ နှင့် Facebook မှ 7Days နှင့် ဧရာဝတီ သတင်းဌာနတို့၏ စာမျက်နှာများကို ဖတ်သည်ဟု ဝန်ခံသော ကိုခန့်က နိုင်ငံရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ပြောဆိုရန် ငြင်းဆန်ခဲ့သည်။
“ကျနော် network အင်ဂျင်နီယာ တယောက် ဖြစ်လာချင်ပါတယ်။ မော်လမြိုင်ကို ပြန်မယ်၊ မိသားစုတခု တည်ဆောက်မယ်။ ကျနော် အရမ်း အသက်မကြီးသေးခင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတခု လုပ်ကောင်းလုပ်ပါမယ်။”
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
The post ယုံကြည်မှု တည်ဆောက်နေရဆဲ မြန်မာ့ဘဏ်လုပ်ငန်း appeared first on ဧရာဝတီ.