Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ဗီယက်နမ်တွင် ထုတ်လုပ်သည်

$
0
0

“တရုတ်ပြည်တွင် ထုတ်လုပ်သည်” Made in China ဆိုသည်ကို မေ့ပစ်လိုက်ပါ။ စကားလုံး အသစ်တခု ကမ္ဘာပေါ်မှာ ခေတ်စားလာသည်။ ၎င်းမှာ “ဗီယက်နမ်တွင် ထုတ်လုပ်သည်” Made in Vietnam ဟူ၍ ဖြစ်ပါသည်။

လက်တွေ့တွင်လည်း တချိန်က စစ်ပွဲကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နိုင်ငံက ကမ္ဘာပေါ်မှ စမတ်ဖုန်း ၁၀ မျိုးကို အဓိက ထုတ်လုပ်နေသည့် နံပါတ် ၁ နေရာမှာ ဗီယက်နမ် ဖြစ်သည်။ (ယခုဆောင်းပါးကို အဆိုပါ ဖုန်း ၁၀ မျိုးထဲမှ တခုတခုဖြင့် သင်ကိုယ်တိုင် ဖတ်နေနိုင်ပါသည်)

၂၀၁၇ ခုနှစ်တွင် ဆမ်ဆောင်း Samsung ၏ ထုတ်ကုန် တခုတည်းကပင်လျှင် သံမဏိနှင့် ပရိဘောဂ ပစ္စည်းများက အဓိက လွှမ်းမိုးထားသည့် အမေရိကန် ဒေါ်လာ ၂၂၇ ဘီလီယံ တန်ဖိုးရှိသော ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားပို့ကုန် စုစုပေါင်း၏ ၄ ပုံ ၁ ပုံ ရှိခဲ့သည်။

သို့သော်လည်း ဗီယက်နမ် နိုင်ငံသားများက အံ့အားသင့်ဖွယ်ရာ နည်းလမ်းများဖြင့်လည်း တန်ဖိုးထပ်တိုးရန် ကြိုးစားနေကြသည်။ အထူးသဖြင့် ဒါနန် Danang မြို့တွင် ထင်ရှားစွာ မြင်တွေ့နေရသည်။

Maker Innovation Space တွင် လုပ်ဖော်ကိုင်ဘက်တယောက်နှင့်အတူ ငုယင်ဘဟွိုင်(ဝဲ)/ Mai Duong

ငုယင်ဘဟွိုင် Nguyen Ba Hoi က နိုင်ငံခြားပို့ရန် စမတ်ဖုန်းများ သို့မဟုတ် သံမဏိများ ထုတ်လုပ်နေခြင်း မဟုတ်ပါ။ ၎င်းအစား သူ၏ တိုင်းပြည်ကို တည်ထွင်ဆန်းသစ်မှု၏ အချက်အချာတခု ဖြစ်လာရန် သူက ဦးတည်သည်။

သူ၏ အချိန်များကို ဒါနန်ရှိ ခေတ်မီ သပ်ရပ်သော စမ်းသပ်ခန်း တခုတွင် အသုံးချခဲ့သည်။ ဒေသတလွှားတွင် ပေါ်ထွက်လာနေသော ဖန်တီးဆန်းသစ်ချင်သည့် စက်မှုလုပ်ငန်းများက တီထွင်မှုများနှင့် ထုတ်ကုန်သစ်များကို ပူးပေါင်း စမ်းသပ်နိုင်သည့် နေရာဖြစ်သည်။

“အပူဆိုင်ရာ ညီမျှခြင်းကို လေ့လာဖို့ ဒါမှမဟုတ် ၂ နာရီအတွင်း တူရိယာ တခုပြုလုပ်ဖို့ တက္ကသိုလ် ကျောင်းသားတွေ ဒီကို ရောက်လာကြတယ်။ လေဖြတ်ခံထားရတဲ့ လူနာတွေကို ကူညီဖို့ ကိရိယာ တခု ကျနော်တို့ ဖန်တီးနေပါတယ်။ အခုတော့ အဲဒါက ရှေ့ပြေး ပုံစံတခုပဲ ရှိပါသေးတယ်။”

ကလေး ၂ယောက် ဖခင် အိမ်ထောင်သည် တဦးဖြစ်သည့် ငုယင်ဘဟွိုင်က ကျနော့်ကို ဒါနန် တက္ကသိုလ် နယ်မြေ အတွင်းရှိ Maker Innovation Space တလျှောက် လိုက်ပြပါသည်။ ၂၀၁၅ ခုနှစ်မှ စ၍ သူ တည်ထောင်ခဲ့သည့် အဆောက်အဦး ၂ ခု ထဲက တခုဖြစ်ပါသည်။ အတွင်းတွင် 3D ပရင်တာများ၊ လေဆာ ဖြတ်စက်များနှင့် နည်းပညာကို ရူးသွပ်သူများ အိပ်မက်သာ မက်ကြနိုင်သည့် ခေတ်မီ အသေးစား ကိရိယာ တန်ဆာ အမျိုးမျိုး ရှိနေသည်။

Maker Innovation Space တွင် ဒါနန် တက္ကသိုလ်ကျောင်းသားများ လာရောက် စမ်းသပ်ကွင်းဆင်းကြစဉ်/ Mai Duong

သို့သော်လည်း လွယ်လွယ်ကူကူ ဖြစ်လာခဲ့ခြင်း မဟုတ်ပါ။

“ကျနော့် မိဘနှစ်ပါးလုံးက မူလတန်းပြဆရာတွေပါ။ အချိန်ပိုင်း လယ်သမားလည်းလုပ်ပါတယ်။ ဝက်လိုမျိုး တိရိစ္ဆာန်တွေလည်း မွေးပါတယ်။ သူတို့ ဝင်ငွေက အရမ်းကို နည်းပါတယ်။”

ငုယင်ဘဟွိုင်ကို လူဦးရေ ၁.၄ သန်းကျော် ရှိသော ဗီယက်နမ် အလယ်ပိုင်း ကွမ်နန် Quang Nam ပြည်နယ်ရှိ ဘင်လန်ဝါ့ဒ် Binh Lan Ward ကျေးရွာတွင် မွေးဖွားခဲ့ပါသည်။ ယာဉ်တစီးသွားလောက်ရုံ ကျယ်သည့် လမ်းငယ်များ၊ တထပ် ဈေးဆိုင်အိမ်များကို အဆုံးမရှိသည့် သစ်တောများ လွှမ်းထားသော တောင်ကုန်းများ ဝန်းရံထားသည့် ထိုနေရာသည် ယနေ့ခေတ်မှာပင်လျှင် နိမ့်ကျနေသေးသည်။

“ကျနော်က အလွန်ဆင်းရဲတဲ့ ဒေသတခုမှာ မွေးဖွားခဲ့တာပါ။ ကျောင်းတက်ဖို့ အတွက် ဒါနန်ကို လာခဲ့တယ်။ အလုပ်ကို ကြိုးစားပြီး လုပ်တယ်။ အဲဒါကြောင့် ကျနော့် မိဘကို ထောက်ပံ့နိုင်ခဲ့ပါတယ်။ တနေ့ကို ၄နာရီပဲ အိပ်ပြီးတော့ အင်္ဂလိပ် စာလေ့လာခဲ့တယ်။ ကျနော့် ကိုယ်အလေးချိန်က ၃၈ ကီလိုဂရမ်(၈၄ ပေါင်ခန့်) ပဲ ရှိတယ်။ နောက်ထက် စာဆက်သင်ဖို့ ကျနော် နိုင်ငံခြားကို သွားချင်ခဲ့တယ်။”

ဒါနန် တက္ကသိုလ်မှ လျှပ်စစ်နှင့် အီလက်ထရောနစ် အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီးနောက် ငုယင်ဘဟွိုင်က ထိုင်းနိုင်ငံရှိ Asian Institute of Technology(AIT) တွင် တက်ရောက်ခဲ့ပြီး Microelectronics ဘာသာရပ်ဖြင့် မဟာဘွဲ့ ရရှိခဲ့သည်။ ထို့နောက် ဂျာမနီနိုင်ငံ မြူးနစ် Munich မြို့သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် မာစီးဒီး ဘန့်ဇ် Mercedes Benz ကားများအတွက် မှတ်တမ်းသေတ္တာ black box စနစ် တီထွင်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

ဗီယက်နမ် အလယ်ပိုင်း ကွမ်နန် Quang Nam ပြည်နယ်ရှိ ဘင်လန်ဝါ့ဒ် Binh Lan Ward ကျေးရွာ/ Mai Duong

ယခုအခါ ဝါရှင်တန်ရှိ Catholic University of America မှ Biomedical Engineering ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိထားသော အသက် ၃၉ နှစ် အရွယ် ငုယင်ဘဟွိုင်က အိမ်ပြန်လာရသည့်အတွက် ပျော်ရွှင်နေသည်။

“နောက်ဆုံးပေါ် နည်းပညာနဲ့ ပတ်သက်လို့ ကျနော်ကြားတဲ့ အခါ တီထွင်တဲ့သူက အမြဲတမ်း ဂျာမနီ သို့မဟုတ် အင်္ဂလန်က ဖြစ်နေတယ်။ ဒီတော့ အခုအချိန်မှာ ဘာကြောင့် ဗီယက်နမ်က လူ မဖြစ်နိုင်ရမှာလဲ။ အဲဒါက Maker Space လို နေရာတွေက လုပ်ပေးနိုင်ပါတယ်။ ဗီယက်နမ်လူငယ်တွေကို သူတို့ကိုယ်တိုင် နာမည် တခုလုပ်နိုင်ဖို့ အခွင့်အရေးတခု ဒီမှာ ပေးပါတယ်။”

ဗီယက်နမ်နိုင်ငံတွင် တတိယ အကြီဆုံးမြို့ဖြစ်၍ လူဦးရေ ၁ သန်းကျော် ရှိသော ဒါနန်က ငုယင်ဘဟွိုင်၏ Maker Innovation Space ကဲ့သို့ စွန့်ဦးတည်ထွင်သော၊ နည်းပညာကို ဗဟိုပြုသော ဆောင်ရွက်မှုများအတွက် နေရာတခု ဖြစ်လာပြီး နည်းပညာနှင့် တည်ထွင်ဆန်းသစ်မှု ကဏ္ဍကို တိုးတက်ရေးကို တွန်းအားပေးနေသည်။

ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး သတင်းအချက်အလက် နည်းပညာ ကုမ္ပဏီဖြစ်သည့် FPT Corporation က ကမ်း ရိုး တန်းမြို့ ဖြစ်သည့် ဒါနန်ကို ၂၀၂၀ ခုနှစ် ရောက်သည့် အချိန်တွင် စမတ်စီးတီး (smart city) တခုအဖြစ် သို့ ပြောင်းလဲနိုင်ရန် ကြိုးစားနေသည်။ ယာဉ်ကျော အချက်ပြစနစ် စီမံခန့်ခွဲရေးနှင့် ဆေးရုံများတွင် လူနာများကို အီလက်ထရောနစ် စနစ်ဖြင့် မှတ်တမ်းတင်ခြင်းကဲ့သို့သော စမ်းသပ် စီမံကိန်းများတွင် အမေရိကန် ဒေါ်လာ ၆၅၈ ၀၀၀ ရင်းနှီး မြှုပ်နှံထား၏။

တီထွင်ဖန်တီးခြင်းက မြို့တော်၏ စီမံခန့်ခွဲရေးတွင် ပြန့်နှံ့စိမ့်ဝင်နေသည့်တိုင် ၂၀၂၅ ခုနှစ်တွင် အစိမ်းရောင်မြို့တော် (green city) တခုဖြစ်လာရန် တွန်းအားပေးနေခြင်း၏ တစိတ်တပိုင်း အနေဖြင့် ဒါနန်က လျှပ်စစ်နှင့် လောင်စာ ၂ မျိုး သုံးသည့် ကားများနှင့် နေစွမ်းအင် အသုံးပြုသည့် ရေအပူပေးစက်များကို စတင် အသုံးပြုခြင်းအားဖြင့် ကာဗွန် ထုတ်လွှတ်မှု ၁၂၀၀၀ တန်ကို ဖယ်ရှားခဲ့ပြီး ဖြစ်သည်။

Maker Innovation Space ၏ နံရံပေါ်တွင် “အနာဂတ်ကို တည်ဆောက်ပါ” ဆိုသည့် ဆိုင်းဘုတ်/ Mai Duong

ဒေသတွင်းမှ စီးပွားရေး အများအပြားက နှေးကွေး ကျဆင်းနေသော်လည်း (အထူးသဖြင့် တရုတ်- အမေရိကန် ကုန်သွယ်ရေး စစ်ပွဲအတွင်းတွင်) ဗီယက်နမ်နိုင်ငံ၏ GDP က ၂၀၁၈ ခုနှစ် ပထမ ၃ လပတ် အတွင်းတွင် ၇.၃၈ ရာခိုင်နှုန်း တိုးခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေး အပေါ် ဒေါ်နယ်ထရမ့်က ရန်လိုနေသည့်တိုင် Microsoft မှသည် IBM အထိ ပါဝင်သည့် အမေရိကန် ကုမ္ပဏီ ၆၀ ကျော်က ယခုနှစ် အစောပိုင်းတွင် ဒါနန်သို့ ရောက်လာပြီး ပြည်နယ် ၇ ခု ပေါင်းစည်း ထားသော Central Key Economic Zone တွင် အခွင့်အလမ်းများ ရှာဖွေခဲ့ကြသည်။

လုပ်သား အင်အားထု၏ ၉ ရာခိုင်နှုန်းကသာ ဘွဲ့ရထားသူများ ဖြစ်ကြသည့် အတွက် ဗီယက်နမ်နိုင်ငံ အနေဖြင့် ၎င်း၏ စက်မှုစွမ်းဆောင်ရည်ကို ထုတ်လုပ်ရေးထက် ပို၍ တိုးချဲ့ရာ၌ အခက်အခဲများ ရင်ဆိုင်ရနိုင်ပါသည်။

သို့သော်လည်း အနာဂတ်နှင့် ပတ်သက်၍ ငုယင်ဘဟွိုင်က အကောင်းမြင်နေဆဲ ဖြစ်သည်။

ယခုအခါ လယ်ယာစိုက်ပျိုးခြင်းမှ ပျော်ရွှင်စွာ အနားယူခဲ့ကြပြီးဖြစ်သည့် သူ့မိဘများနှင့် အတူထိုင်ရင်း ငုယင်ဘဟွိုင်က “ကျနော်တို့ Maker Space မှာ ရှိတဲ့ ဒီအယူအဆကို သဘောကျတယ်။ ခင်ဗျား ဒီကို လာတဲ့အခါ ခင်ဗျား တည်ထွင်နိုင်မယ်။ ဒါမှမဟုတ် မအောင်မြင်ဘူး။ ဒါပေမယ့် ခင်ဗျား ထပ်ကြိုးစားတယ်။ နောက်တော့ ခင်ဗျား အောင်မြင်သွားတယ်။ မအောင်မြင်ခင်မှာတော့ ကျနော်တို့ အများကြီး ရှုံးရလိမ့်မယ်” ဟု ပြောသည်။

Maker Space ၏ နံရံပေါ်တွင် “အနာဂတ်ကို တည်ဆောက်ပါ” ဆိုသည့် ဆိုင်းဘုတ်တခုကို ရိုးရှင်းစွာ တွေ့ရ သည်။

အကယ်၍ ဗီယက်နမ်နိုင်ငံက ၎င်း အလုပ်သမားများ၏ ကျွမ်းကျင်မှုကို မြှင့်တင်နိုင်ခဲ့လျှင်၊ ကြိုးနီစနစ်ကို ဖြတ် တောက်နိုင်ခဲ့လျှင်၊ ငုယင်ဘဟွိုင်၏ Maker Space ကဲ့သို့သော နေရာများ ပိုရှိလာခဲ့လျှင် ဗီယက်နမ် အနာဂတ်က ၎င်း၏ ပြည်သူများအတွက်ရော ကျန်ဒေသတခုလုံး (အရှေ့တောင်အာရှ) အတွက်ပါ လေးစား အားကျဖွယ်ရာ သက်ရောက်မှုရှိလာမည်ဆိုသည်မှာ သံသယရှိစရာ မလိုပါ။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

The post ဗီယက်နမ်တွင် ထုတ်လုပ်သည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...