မြန်မာပြည်ဖွား ကချင်လူမျိုး အောင်လအင်ဆန်းကြောင့် အားကစား ယှဉ်ပြိုင်ပွဲတွေဆိုရင် ဘောလုံးပွဲကိုသာ အသိများပြီး ပိုမိုအားပေးခဲ့ကြတဲ့ မြန်မာလူမျိုးတွေဟာ လက်နက်မဲ့ တိုက်ခိုက်နည်းတွေ စုပြီး ယှဉ်ပြိုင်ကစားရတဲ့ MMA ကစားပွဲတွေကို ယခုနှစ်ပိုင်းမှာ စောင့်ကြည့်အားပေးလာကြပါတယ်။
မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ အောင်လအင်ဆန်းလိုပဲ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အောင်မြင်မှုတွေ ရယူလိုစိတ် ပြင်းပြနေတဲ့ မြန်မာအမျိုးသမီးတဦး ရှိနေပါတယ်။
သူကတော့ “ဒွေးမယ်နော်၊ ငွေတောင်ပြည်၊ ကန်ခုနှစ်ဆင့်မှာ ရေလာချိုးတဲ့ နတ်သမီးခုနှစ်ဖော်” စတဲ့ ဒဏ္ဍာရီတွေနဲ့ လူသိများတဲ့ ကယားပြည်နယ်၊ လည်ပင်းမှာ ကြေးကွင်းတွေ စွပ်တဲ့ ရိုးရာဓလေ့တွေနဲ့ နေထိုင်တတ်ကြတယ်လို့ လူသိများတဲ့ ကယန်းလူမျိုးတွေထဲက အသက် ၂၃ နှစ်အရွယ် အန်တိုနီယာ ဖြစ်ပါတယ်။
အန်တိုနီယာက ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်မြို့မှာ ကျင်းပတဲ့ One Championship ပြိုင်ပွဲမှာ ပြိုင်ဘက် အမျိုးသမီးကစားသမားကို အနိုင်ရရှိခဲ့တာကြောင့် ပထမဆုံး မြန်မာအမျိုးသမီး MMA ဖိုက်တာ ဖြစ်လာသူတဦးပါ။
“ပြီးခဲ့တဲ့ ပြိုင်ပွဲမှာ နိုင်ပြီး ကျမ MMA ဖိုက်တာ စာရင်း ဝင်လာတာပါ။ မြန်မာအမျိုးသမီးထဲမှာ MMA ဖိုက်တာ ဖြစ်တာတော့ ကျမက ပထမဆုံးပါ”လို့ အန်တိုနီယာက ဆိုပါတယ်။
အန်တိုနီယာက အရပ် ၅ ပေ ကျော်ကျော်ရှိပြီး ၄၈-၅၃ ကီလို အငယ်တန်းဝိတ်တန်း (Lightweight) မှာ ဝင်ရောက် ယှဉ်ပြိုင်ရင်း MMA ဖိုက်တာ ဖြစ်လာတာပါ။

အန်တိုနီယာ ကနဦး ရပ်တည်ခဲ့တာကတော့ Martial Arts တွေထဲက အားကစား တမျိုးဖြစ်တဲ့ လက်ဝှေ့ (Boxing) အားကစားသမား တဦး အဖြစ်ပါ။
Martial Arts ဆိုတာကတော့ ဂျပန်၊ တရုတ်၊ ကိုးရီယားလူမျိုးတွေဆီကနေ အခြေခံ ဆင်းသက်လာတဲ့ မိမိကိုယ်ကို လက်နက်မဲ့ ခုခံကာကွယ်နိုင်တဲ့ တိုက်ခိုက်နည်း၊ အားကစားနည်း တခုဖြစ်ပါတယ်။
အန်တိုနီယာ ကနဦး ကစားခဲ့တဲ့ လက်ဝှေ့ အားကစားကတော့ တိုက်ခိုက်နည်းတွေထဲမှာမှ လက်သီးပုံစံ ၆ မျိုးကို အသုံးပြု တိုက်ခိုက်ရတာကြောင့် ရိုးရှင်းတဲ့ အားကစားနည်း ဖြစ်တယ်လို့ သူက ပြောပြပါတယ်။
“Boxing မှာ ပထမ နှစ်လုံးက အဖြောင့်လက်သီး၊ ဘယ်ဖြောင့်၊ ညာဖြောင့်။ ဒုတိယ နှစ်လုံးက ဝိုက်လက်သီး၊ ဘယ်ဝိုက်၊ ညာဝိုက်၊ နောက်ဆုံး ၂ လုံးက ပင့်လက်သီး၊ ဘယ်ပင့်၊ ညာပင့်ဆိုပြီး လက်သီး ၆ လုံး ရှိတယ်။ ကျမက ဝိုက်လက်သီး ပိုအားသန်တယ်။ MMA မှာတော့ ကစားနည်းပေါင်းစုံ စုထားတာဆိုတော့ Boxing နဲ့ အများကြီး ကွာတယ်” လို့ ရှင်းပြပါတယ်။
Martial Arts ထဲမှာ ကစားနည်း၊ တိုက်ခိုက်နည်းတွေ ဖြစ်တဲ့ ချုပ်တာ၊ ညှစ်တာ၊ ချိုးတာ၊ ကန်တာ၊ လက်သီးနဲ့ ထိုးတာ ကိုင်ပေါက်တာတွေ စတဲ့ နည်းတွေ ပါပါတယ်။ အားကစားသမားတွေ နည်းစနစ်ကျကျ ခေါ်တဲ့ အခေါ်အဝေါ်တွေကတော့ လက်ဝှေ့ (Boxing ) ၊ ဂျူဒို (Judo) ၊ ကရာတေး (Karate) ၊ တိုက်ကွမ်ဒို (Taekwondo) ၊ ဆူမို (Sumo) ၊ အာခီဒို (Aikido) ၊ ဂျူဂျစ်ဆု (Jujutsu /Brazilian Jiu-Jitsu) ၊ နပန်း (Wrestling) တို့ ဖြစ်ပါတယ်။

အန်တိုနီယာက Martial Arts ထဲက လက်ဝှေ့ (Boxing) အားကစားသမား တဦးအဖြစ် စတင်ခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် မှာတော့ ကမ်းလှမ်းချက်အရ ဝင်ရောက်ယှဉ်ပြိုင်ရင်း ပြိုင်ဘက်ကို အနိုင်ရတာကြောင့် ပထမဆုံး မြန်မာအမျိုးသမီး MMA ဖိုက်တာ ဖြစ်လာတာပါ။
MMA ဆိုတာကတော့ Martial Arts ကစားနည်းတွေ အားလုံးကို စုပေါင်းပြီး လျင်သလို တိုက်ကွက်နဲ့ ပြိုင်ဘက်ကို အနိုင်ရဖို့ ကစားရတဲ့ တိုက်ခိုက်ရတဲ့ Mixed Martial Arts (MMA) ပါ ။
MMA ကစားသမားတယောက် ဖြစ်လာဖို့ ပထမဆုံး ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲကတော့ အန်တိုနီယာအတွက် စိန်ခေါ်မှုတွေ များခဲ့တယ်လို့ သိရပါတယ်။
လက်ဝှေ့ကိုပဲ အားသန်ပြီး လက်ဝှေ့ကစားသမားအဖြစ်ပဲ ရပ်တည်ခဲ့တဲ့ အန်တိုနီယာတယောက် MMA ဖိုက်တာ ဖြစ်ဖို့၊ ပြိုင်ပွဲမှာ ပြိုင်ဘက်ကို အနိုင်ယူတိုက်ခိုက်နိုင်ဖို့ လက်ဝှေ့အပြင် ချုပ်နည်း၊ ချိုးနည်း၊ ညှစ်နည်း စတဲ့ အခြားအားကစားတွေကို လေ့လာပြီး လေ့ကျင့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ပထမဆုံးပွဲအတွက် သူ့ရဲ့ လေ့ကျင့်ရေးမှူး ဖြစ်တဲ့ Joey Kyaw ကတော့ ကစားပွဲမှာ သူ့ရဲ့ အားကစားသမား ဖြစ်တဲ့ အန်တိုနီယာ အနိုင်ရဖို့အတွက် လေ့ကျင့်ရေး တခုတည်းကို လုပ်ရတာ မဟုတ်ဘဲ ယှဉ်ပြိုင်ဘက်အားကစားသမားရဲ့ တိုက်ကွက်တွေ အားသာချက် အားနည်းချက်တွေကိုလည်း လေ့လာရတယ်လို့ ပြောပါတယ်။
အန်တိုနီယာရဲ့ လေ့ကျင့်ရေးမှူးဖြစ်တဲ့ Joey Kyaw က အန်တိုနီယာ လက်ဝှေ့လေ့ကျင့်ရေးမှူးတဦးအဖြစ် အလုပ်လုပ်နေတဲ့ Transcend Gym ပိုင်ရှင် အလုပ်ရှင်တဦးလည်း ဖြစ်ပါတယ်။
Joey Kyaw က “သူဒီကို ရောက်လာပြီး One Championship က သူ့ကို တိုက်ရိုက်ကမ်းလှမ်းလာတယ်။ ပွဲ မကစားခင် ၂ လလောက် ကြိုကစားလာတာ။ သူက Training လုပ်ဖို့ နေရာမရှိတော့ ကျနော်ပဲ Training လုပ်ပေးမယ်ဆိုပြီး ကျနော်က သူ့ trainer ဖြစ်လာတာ။ သူ အလုပ်လာလျှောက်တုန်းကဆို ထဘီနဲ့ ဆံပင်ရှည်နဲ့ ဆိုတော့ သာမာန်ကောင်မလေးပဲ ထင်တာ”လို့လည်း ပြောပါတယ်။
ပြောဆိုရင်းနဲ့ပဲ သူ့ရဲ့ လေ့ကျင့်ရေးမှူးနဲ့ လက်ဝှေ့ထိုးနည်း၊ ကိုင်ပေါက်နည်းတွေကို လေ့ကျင့်ပြပါတယ်။
MMA ဖိုက်တာ ဖြစ်လာဖို့အတွက် လေ့ကျင့်ပေးခဲ့သူ တဦးဖြစ်တဲ့ Joey Kyawက အန်တိုနီယာ အနိုင်ရဖို့အတွက် ပြိုင်ဘက်ကစားသမား တိုက်ကွက်တွေကိုပါ လေ့လာပေးပြီး ပြိုင်ဘက်ကို အားသာကွက်ရမယ့် တိုက်ခိုက်နည်းတွေကို ပိုလေ့ကျင့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
“သူ့ပြိုင်ဘက်က လက်ဝှေ့လောကက လာတော့ ကန်တာ ထိုးတာနိုင်တယ်။ သူက လက်သီးပဲထိုးခဲ့တော့ စိတ်ပူလာတယ်။ ကောင်းတာတခုက သူ့ပြိုင်ဘက်က နပန်းမလုံးဖူးဘူး။ ကျနော်က သူ့ကိုကျ နပန်း နည်းနည်းပါးပါး သင်ပေးနိုင်တော့ အနိုင်ရဖို့ အလွယ်ဆုံးက ယှဉ်ထိုးမယ့်အစား မြေကြီးပေါ် နပန်းလုံးပြီး ထိုးနိုင်အောင် နေ့စဉ် တချက် နှစ်ချက်ထိုးမယ် နပန်းလုံးမယ်နဲ့ ကျင့်ပေးခဲ့တာပါ”လို့ Joey Kyaw က ပြန်ပြောပြပါတယ်။
အန်တိုနီယာက ဖေဖော်ဝါရီလက MMA ပွဲမှာ ပွဲစတာနဲ့ ပြိုင်ဘက်ကို ကြမ်းပြင်မှာ လဲချ၊ အပေါ်က ချုပ်၊ ဖိပြီး ထိုးတာ ကြောင့် ၂၄ စက္ကန့်တည်းနဲ့ အနိုင်ရသွားခဲ့တာပါ။
အရပ် ၅ ပေ ဝန်းကျင်သာ ရှိပြီး အသားဖြူဖြူ ပိန်ပိန်ပါးပါးနဲ့ အန်တိုနီယာက အမြင်နဲ့ မလိုက်အောင် တိုက်ခိုက်တဲ့ နေရာမှာ သန်မာတာကို တွေ့ရပါတယ်။
အန်တိုနီယာကို သာမာန်အဝတ်အစားနဲ့ ကြည့်လိုက်ရင် ပခုံးထိအောင် ဖြောင့်ဆင်းကျနေတဲ့ ဆံပင်၊ အသားဖြူဖြူ ရုပ်ရည်ပြေပြေ ပြစ်ပြစ်၊ ခန္ဒာကိုယ် ပိန်ပိန်ပါးပါးနဲ့ သာမာန်အမျိုးသမီးလေး တဦးလို့ ထင်ရနိုင်ပေမယ့် အားကစားသမားဝတ်စုံကို ဝတ်ထားရင်တော့ သူ့ရဲ့ ခြေတွေ လက်တွေက သန်မာတဲ့ ကြွက်သားတွေကို အထင်းသား မြင်နေရပါတယ်။
အန်တိုနီယာရဲ့ လက်တွေက အရေပြားထူထူနဲ့ သန်မာနေပါတယ်။ အန်တိုနီယာကတော့ လေ့ကျင့်ရင်း အလိုအလျောက် ပြောင်းလဲလာတဲ့ ခန္ဒာကိုယ် ကြံ့ခိုင်သန်စွမ်းလာတာတွေကို အားကစားသမား တဦးအနေနဲ့ ဆိုရင် ကြိုက်နှစ်သက်ပေမယ့် သာမာန်မိန်းကလေးတွေ ကြားထဲ ရောက်သွားတဲ့အခါ နွဲ့နွဲ့နှောင်းနှောင်းမရှိဘဲ သန်မာနေတဲ့ သူ့ခန္ဒာကိုယ် အချိုးအဆစ်တွေကြောင့် စိတ်မသက်မသာ ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။
“သာမာန်မိန်းကလေးတွေနဲ့ ယှဉ်မိရင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တယ်။ ငါ အရမ်းရုပ်ဆိုးနေပါလား ဆိုပြီးတော့။ ဒါပေမယ့် သူတို့က ကိုယ့်ကို ပြန်အားကျတော့ ပြန်အားရှိလာတယ်။ ကစားသမားလောကမှာ ခြေချောင်း လက်ချောင်း ခန္ဒာကိုယ်တုတ်တာ မဆန်းပေမယ့် အပြင်လောက ရောက်ရင်တော့ အားငယ်ရတာပေါ့” လို့လည်း သူက ပြောပါတယ်။
ငယ်စဉ်က အဆိုတော်ဖြစ်ချင်တဲ့ ပိန်ပိန်သွယ်သွယ် အသားဖြူဖြူနဲ့ အန်တိုနီယာကို သူ့မိဘတွေက လက်ဝှေ့ အားကစားသမားတဦးဖြစ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ကြပါဘူး။
အန်တိုနီယာ တယောက် သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လက်ဝှေ့အားကစားနည်းနဲ့ အသက်မွေးဖို့ ရွေးချယ်တော့မယ့်အကြောင်း မိဘတွေကို ပြောပြတဲ့အချိန်မှာလည်း သူ့မိဘ နှစ်ပါးလုံးက သဘောမတူခဲ့ကြပါဘူး။
သဘောမတူတဲ့အပြင် ဖခင်ဖြစ်သူကလည်း ဒေါသစိတ်အလျောက် လက်နဲ့ ရိုက်နှက်ဆုံးမဖို့ထိပါ ဖြစ်ခဲ့ပါတယ်။

အထက်တန်းကျောင်း တတ်နေတုန်း ကျောင်းစာကို စိတ်မဝင်စားဘဲ လက်ဝှေ့သင်ချင်လာတဲ့ အန်တိုနီယာကို မိဘတွေက လက်မခံခဲ့တာကြောင့် ဘောလုံးကန်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ပြင်ထွက်ပြီး ကယန်းလူမျိုး လက်ဝှေ့ဆရာတဦးဆီမှာ လက်ဝှေ့ပညာကို တိတ်တိတ်လေး သင်ယူလေ့ကျင့်ခဲ့တာပါ။
လေ့ကျင့်ရင်း အစိုးရရဲ့ အားကစားကယားပြည်နယ် ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရပြီး နေပြည်တော်မှာ နိုင်ငံအဆင့် လက်ဝှေ့ကစားသမားယှဉ်ပြိုင်ရမယ့် အချိန်မှာမှ မိဘတွေကို လက်ဝှေ့ထိုးနေတာ ဖွင့်ဟခဲ့တယ်လို့ အန်တိုနီယာက ဆိုပါတယ်။
ကယားပြည်နယ်မှာ မိန်းကလေးတွေကို အလုပ်အကိုင်ပေးမယ်ဆိုပြီး လူကုန်ကူးတဲ့ သတင်းတွေ မကြာခဏ ကြားနေရတာကြောင့် အခြားမြို့တမြို့ကို သွားပြီး ပြိုင်ပွဲဝင်မယ့် သမီးဖြစ်သူကို စိတ်မချကြောင်း မိဘတွေက ပြောခဲ့တယ်လို့လည်း သိရပါတယ်။
အန်တိုနီယာက “ပြိုင်ပွဲသွားပြိုင်ဖို့ ၂ ရက်အလိုမှာမှ ကျမ မိဘတွေကို ပြောပြလိုက်တယ်။ အဖေက အရမ်းစိတ်ဆိုးတယ်။ လက်နည်းနည်း ပါချင်တယ်။ ကျမလည်း လုပ်ချင်လုပ်ပါစေ ဆိုပြီး ပေခံနေတော့ သမီးလည်းဖြစ်တော့ သူက မလုပ်ရက်ဘူး”လို့ ပြောပြပါတယ်။
အန်တိုနီယာရဲ့ ဖခင်ဖြစ်သူက လူငယ်၊ လူလတ်ပိုင်း အရွယ်တုန်းက လက်ဝှေ့ကစားခဲ့တဲ့ အငြိမ်းစား လက်ဝှေ့အားကစားသမား တဦးပါ။ ဖခင် ဖြစ်သူကို သင်ပေးခဲ့တဲ့ ဆရာဆီမှာပဲ အန်တိုနီယာကလည်း လက်ဝှေ့ပညာကို သင်ယူခဲ့တာပါ။
သို့ပေမယ့် သမီးမိန်းကလေးဖြစ်တဲ့ အန်တိုနီယာကိုတော့ ပြိုင်ပွဲတွေမှာ ထိုးနှက်ခံရ ဒဏ်ရာရပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ရတဲ့ လက်ဝှေ့ အားကစားသမားတဦးအဖြစ် ဘဝကို ရွေးချယ်ဖို့ ဖခင်ဖြစ်သူက မလိုလားခဲ့ပါဘူး။
အန်တိုနီယာက သူဖြစ်ချင်တဲ့ ဆန္ဒတွေကို ရှင်းပြပြီး အောင်မြင်အောင်လုပ်မယ့် အကြောင်းတွေ ကတိတွေ ထပ်ခါထပ်ခါ ပေးမှ ဖခင်ဖြစ်သူက ခွင့်ပြုကြောင်း ပြန်ပြောခဲ့တဲ့ စကားကတော့ “ဒါဆိုလည်း ဖြစ်အောင်လုပ်” ဆိုတာ ပါပဲ။
ပြင်းပြနေတဲ့ သမီးဖြစ်သူရဲ့ ဆန္ဒကို တားမြစ်ခြင်း မရှိတဲ့ မိခင်ကလည်း လိုလိုလားလား အားပေးခဲ့တာ မဟုတ်ပေမယ့် ပြိုင်ပွဲသွားပြိုင်မယ့် အန်တိုနီယာကို ပြောခဲ့တာကတော့ “အောင်မြင်အောင် လုပ်” ဆိုတဲ့ စကားပါပဲ။
အန်တိုနီယာက “ အရင်တုန်းက မိန်းကလေးလက်ဝှေ့က ရှားတယ်။ ဒီအလုပ်က ယောင်္ကျားလေးပဲ လုပ်နိုင်တယ်။ မိန်းကလေးက ဒီအလုပ်လုပ်တယ်ဆိုတာ ရှားတယ်။ မိန်းကလေးတွေ မြန်မာ့လက်ရွေးစင်အသင်းဆိုတာ ဘောလုံးမှာပဲ ရှိတယ်။ သူတို့(မိဘ)တွေက မိန်းကလေး လက်ဝှေ့မကြားဖူးတော့ ငြိုငြင်ကြတာပါ”လို့လည်း သူ့မိဘတွေ သဘောထားကို ပြောပြပါသေးတယ်။
ဒီလိုနဲ့ ၂၀၁၁ ခုနှစ်က နေပြည်တော်ကို နိုင်ငံအဆင့် လက်ရွေးစင် သွားပြိုင်ခဲ့တဲ့ အန်တိုနီယာတယောက် ဦးဆုံးပွဲဦးထွက် မှာ ရှုံးနိမ့်ခဲ့ပါတယ်။ သို့ပေမယ့် စိတ်ဓါတ်ပြင်းပြင်းတဲ့ ကစားနိုင်တာကြောင့် နိုင်ငံအဆင့် လက်ရွေးစင်မှာတော့ စာရင်းဝင်သွားခဲ့ပြန်ပါတယ်။
“ရှုံးတော့ ကျမ အရမ်းနောင်တရမိတယ်။ ဒီပွဲမှာ အရွေးခံရဖို့ တွေးပြီးလာခဲ့တာ။ ရွေးခံရမှ မိဘတွေ ယုံကြည်လာမယ်။ ဆရာ ဘယ်လောက်ကျေနပ်မလဲဆိုတဲ့ စိတ်နဲ့။ နောက် ရွေးခံရတယ်။ ရှုံးပေမယ့် ရှုံးရကျိုးနပ်တယ်ဆိုပြီး ရွေးခံရတော့ ပျော်တယ်။ ဒါပေမယ့် တနေရာမှာ ကျမ မပျော်ဘူး။ ဒီပွဲမှာ ကျမ မနိုင်ခဲ့လို့” ဆိုပြီး အန်တိုနီယာက ပြောပါတယ်။
နိုင်ငံအဆင့် လက်ရွေးစင်ဖြစ်သွားတဲ့ လက်ဝှေ့အားကစားသမား အန်တိုနီယာ တယောက် နေပြည်တော်က ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနလက်အောက်မှာပဲ လေ့ကျင့်ရင်း ပြည်တွင်း ပြိုင်ပွဲတွေကစားခဲ့ပါတယ်။

အန်တိုနီယာ နေပြည်တော်ကို ရောက်လာတုန်းက သူ့မှာ မိသားစုဝင်တွေ လိုက်လာပြီး အတူနေရင်း ပံ့ပိုးပေးမယ့် သူတွေ၊ မိသားစုက ငွေကြေးပိုင်း ပံ့ပိုးပေးနိုင်တာတွေ မရှိခဲ့ပါဘူး။
ဝန်ကြီးဌာနက ထောက်ပံ့ပေးတဲ့ နေရာ၊ အားကစားသမားတွေကို ကျွေးမွေးတဲ့ အာဟာရတွေနဲ့ပဲ လေ့ကျင့်လိုက် ကစားလိုက်နဲ့ ဝန်ကြီးဌာနက ကစားသမားတွေကို လစဉ်ထောက်ပံ့ငွေ တလကို သုံးသောင်းကျပ်သာ ထောက်ပံ့တာကြောင့် မိဘတွေဆီကိုလည်း အန်တိုနီယာ ပြန်မထောက်ပံ့နိုင်ခဲ့ပါဘူး။
၂၀၁၃ ခုနှစ်၊ နောက်ပိုင်းမှာတော့ အစိုးရဝန်ကြီးဌာနလက်အောက်က အားကစားသမား အဖြစ်ကနေ နှုတ်ထွက်ပြီး ရန်ကုန်မြို့ကို ပြောင်းပြီး ပုဂလိက ကစားသမားတဦးအနေနဲ့ ရပ်တည်ပါတယ်။
ပုဂလိက လေ့ကျင့်ရေးမှူး တဦးအနေနဲ့ ရပ်တည်ရင်း ရတဲ့ လစာနဲ့ မိဘတွေကိုလည်း ငွေကြေး ပြန်ပို့ပေးနိုင်လာပြီး ရန်ကုန်မြို့မှာလည်း အဆောင်ငှားပြီး နေထိုင်နေပါတယ်။
လက်ဝှေ့ လေ့ကျင့်ပေးသူ ထရိန်နာတဦးအနေနဲ့ ရပ်တည်ရင်း ကမ်းလှမ်းခံရတာကြောင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ လက ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း မြန်မာ့ပထမဆုံး MMA ဖိုက်တာ အမျိုးသမီး ဖြစ်လာတာပါ။
ကယားပြည်နယ်၊ လွိုင်ကော်မြို့လို နယ်မြို့လေးကနေ ရန်ကုန်မှာ အဆောင်နေရင်း ဝါသနာပါရာ အလုပ် လုပ်နေတဲ့ အန်တိုနီယာအတွက် အရာရာကတော့ အဆင်ပြေချောမွေ့လှတာ မဟုတ်ပါဘူး။
ဖျားနာနေတဲ့အချိန် မိဘတွေ အနားမှာ မရှိတာ၊ တယောက်တည်း နေ့စဉ် သွားလာရုန်းကန်နေရ တာကြောင့်လည်း သူ့ကိုယ်သူ စိတ်ဓါတ်မကျအောင်လည်း နေရတယ်လို့ အန်တိုနီယာက ဆိုပါတယ်။
လက်ဝှေ့ အားကစားသမားတဦးအဖြစ်ကနေ MMA ဖိုက်တာ ဖြစ်လာတဲ့ အန်တိုနီယာက အသက်အရွယ်ကြီးတဲ့ထိ MMA ကစားသမားအဖြစ်လည်း ရပ်တည်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ဂုဏ်ဆောင်နိုင်တဲ့ သူတယောက် ဖြစ်အောင်လည်း သူကြိုးစားသွားဖို့ သံဓိဌာန်ချထားတယ်လို့ သိရပါတယ်။
“ကျမကိုယ် ကျမတော့ ဖိုက်တာသမားစစ်စစ်လို့ မသတ်မှတ်သေးဘူး။ ကျမ ဒီ့ထက် အများကြီး ကြိုးစားရဦးမှာ ပါ။ ဖိုက်တာကောင်း တယောက် ဖြစ်ဖို့က စိတ်ဓါတ်ပိုင်း၊ အစားအသောက်၊ လေ့ကျင့်ရေးပိုင်းတွေ အားလုံး ပြင်ဆင်ရမှာပါ” လို့လည်း အန်တိုနီယာက ဆိုပါတယ်။
ဖေဖော်ဝါရီလတုန်းက အနိုင်ရရှိခဲ့တဲ့ သူ့ရဲ့ ပွဲဦးထွက် MMA ကစားပွဲက အန်တိုနီယာကို MMA ဖိုက်တာ တဦးအဖြစ် စာရင်းဝင်အောင် တွန်းပို့ခဲ့ပေမယ့် ရှေ့ဆက် ကြုံတွေ့လာရမယ့် ပွဲစဉ်တွေမှာ MMA ဖိုက်တာကောင်း တဦးဖြစ်ပြီး အနိုင်ရဖို့ အများကြီး လေ့ကျင့်ယူရဦးမှာလို့လည်း သူက ပြောပါတယ်။
မိသားစုနဲ့ အဝေး၊ ရန်ကုန်မြို့မှာ အဆောင်နေရင်း တယောက်တည်း ရပ်တည်နေရတာကြောင့် အဆင်ပြေတာတွေ အခက်အခဲကြုံရတာတွေ ငိုရ စိတ်ဓါတ်ကျရတာတွေ ရှိပေမယ့် အောင်မြင်တဲ့ ဖိုက်တာတယောက်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ကိုတော့ ရောက်အောင် လျောက်မယ်လို့ အန်တိုနီယာက ဆိုပါသေးတယ်။
ရန်ကုန်မြို့ကို ရောက်ခါစက မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် နားမလည်ခဲ့လို့ ပြောဆိုဆက်ဆံရေးမှာ အခက်အခဲ ကြုံခဲ့ရတာတွေ အထင်သေးသလို ကြည့်ခံရတာတွေလည်း ကြုံခဲ့ရတဲ့ အန်တိုနီယာက သူ့စိတ်ဓါတ်ကျတိုင်း စိတ်ခွန်အား ပြန်တတ်အောင် နမူနာယူသူက ဖိလစ်ပိုင်နိုင်ငံသား၊ ကမ္ဘာကျော် လက်ဝှေ့ချန်ပီယံ မန်နီပက်ကွီယောင်ပါ။
သာမာန်အခြေခံလူတန်းစားကနေ ကမ္ဘာကျော်အထိ ကြိုးစားခဲ့တဲ့ မန်နီပက်ကွီယောင်ရဲ့ ရိုးသားတဲ့ ဟန်အမူ အယာတွေကို အားကျသလို အန်တိုနီယာတယောက် MMA ဖိုက်တာ စာရင်းဝင်လာတော့ ထပ်အားကျ ရသူက အောင်လအင်ဆန်းပါ။
မန်နီပက်ကွီယောင်တို့ အောင်လအင်ဆန်းတို့ကို အားကျရင်း နယ်ကနေလာပြီး ကြိုးစားနေတဲ့ သူလည်း တနေ့မှာ အောင်မြင်ရမယ်လို့ အန်တိုနီယာက ယုံကြည်နေပါတယ်။
“ကျမ ကိုယ့်လူမျိုး ဂုဏ်ကို ဆောင်ချင်တယ်။ မိဘတွေကိုလည်း ပျော်စေချင်တယ်။ အဲ့တာကြောင့် အောင်မြင်အောင် ကြိုးစားမယ်။ မြန်မာ့ဂုဏ်ကို ဆောင်နိုင်တဲ့ အောင်လအင်ဆန်းလိုမျိုးလည်း ဖြစ်ချင်တယ်” လို့ လည်း အန်တိုနီယာက ပြောပါတယ်။
The post မြန်မာနိုင်ငံရဲ့ ပထမဆုံး MMA ဖိုက်တာ အမျိုးသမီး appeared first on ဧရာဝတီ.