Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ရိုက်တာ သတင်းထောက်တွေ အမှု တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေပြီလား

$
0
0

ရိုက်တာ (Reuters) သတင်းဌာနက သတင်းထောက် ၂ ယောက်ကို ထောင်ချောက်ဆင် ဖမ်းခဲ့တာလို့ ရဲအရာရှိ တဦးရဲ့ ထွက်ဆိုချက်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက မကြာခဏ ပြောဆိုနေတဲ့ တရားဥပဒေ စိုးမိုးရေး ဖြစ်ဖို့ မလွယ်သေးဘူး ဆိုတာကို ပြလိုက်သလို ပါပဲ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် တရားရုံးမှာ ရိုက်တာ သတင်းထောက် ၂ ဦးကို ရုံးထုတ် စစ်ဆေးစဉ် ဒီအမှုတွဲမှာ တရားလိုပြ သက်သေတဦးဖြစ်သူ ဒုရဲမှူး မိုးရန်နိုင် ဆိုသူက သတင်းထောက်တွေကို ရဲမှူးချုပ် တင်ကိုကို ရဲ့ ညွှန်ကြားချက်အရ ထောင်ချောက်ဆင် ဖမ်းခဲ့တာဖြစ်တယ်လို့ ထွက်ဆိုသွားပါတယ်။

အခုလို အမှန်တရားကို ထုတ်ပြောရတာကတော့ ရဲတပ်ဖွဲ့ဝင်တွေမှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာနဲ့ သူ ရှိတဲ့ အတွက်ကြောင့်လို့ ဒုရဲမှူး မိုးရန်နိုင် က ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

သူ့ရဲ့ ပြောဆိုချက်တွေဟာ သတင်းထောက် ဝလုံးတို့ရဲ့ ပြောဆိုချက်နဲ့ ထပ်တူနီးပါး ကျတယ်လို့ ရိုက်တာ သတင်းထောက် တွေရဲ့ အမှုလိုက် ရှေ့နေ ဦးသန်းဇော်အောင်က ပြောပြပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ရဲ့ ထွက်ဆိုချက်ကြောင့် အမှုဘယ်လို ဆက်ဖြစ်နိုင်မလဲ ဆိုတာ ခန့်မှန်းရ ခက်နေပြီး ၎င်းကို မယုံကြည်ရ တဲ့ သက်သေအဖြစ် တရားလိုဘက်က လျှောက်လဲချက်ကို လာမယ့်အပတ်မှာ တင်ရင် လက်ခံဖို့ ရှိ၊ မရှိ ဆုံးဖြတ်မှာ ဖြစ် ပါတယ်။

မယုံကြည်ရဘူးလို့ လက်ခံ လိုက်ရင်တော့ ၎င်းရဲ့ ထွက်ဆိုချက်တွေက အကုန်လုံး အဟောသိကံ ဖြစ်သွားမှာ ဖြစ်လို့ ဒီလို ဖြစ်သွားရင် နောင်လာမယ့် သက်သေတွေတောင် အမျိုးမျိုးပြောင်းသွားနိုင်တယ်လို့ ဦးသန်းဇော်အောင်က ပြောပါတယ်။

“ကျနော် အံ့သြမိပါတယ်။ ကျနော်လုံးဝ မထင်ထားပါဘူး။ ကျနော်တို့က ရဲတပ်ရင်း ၈ က သက်သေတွေကို ပယ်မယ် တောင် ထင်ထားတာ။ မပယ်ခဲ့ဘူး။ တရားရုံးကို တင်ပြပြီးတော့ ဒီလို ထွက်လိုက်တော့ အံ့သြသွားတာပေါ့။ ဒီဟာကလည်း ကျနော် တို့ အစောကြီးကတည်းက သိထားတဲ့ အချက်အလက်တွေနဲ့ အတူတူပါပဲ”လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောဆို ပါတယ်။

မြန်မာနိုင်ငံမှာ တရား ဥပဒေ စိုးမိုးရေးသာ ရှိခဲ့ရင် ကိုဝလုံးတို့ ၂ ယောက်စလုံး အဖမ်းခံစရာတောင် မလိုတဲ့ အပြင် ဒီအမှု က အစောကြီးကတည်းက မဖြစ်သင့်တဲ့အမှုလို့ ဆိုပြီး စဖမ်းကတည်းက တခုခုမှားနေပြီဆိုတာ သိတယ်လို့လည်း သူက ဆိုပါတယ်။

တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်/ မျိုးမင်းစိုး / ဧရာဝတီ

အဲဒီလို ဒုရဲမှူး မိုးရန်နိုင်ရဲ့ ထွက်ဆိုချက်ကြောင့် လူအများက တအံ့တသြ ဖြစ်နေချိန် နောက်တရက်မှာ သူ့ဇနီးနဲ့ မိသားစု ကို နေပြည်တော် တိုင်းရဲတပ်ဖွဲ့ရုံး ဝန်ထမ်းလိုင်းခန်းကနေ နှင်ထုတ်ခဲ့လို့ ဒီကိစ္စက ဇာတ်ရှိန် ပိုတက်လာပြီး လူ စိတ်ဝင်စား မှု ပိုရသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က နှင်ချတာ မဟုတ်ကြောင်း၊ ပြောင်းခိုင်းတာသာ ဖြစ်ကြောင်း အရင် ဘယ်လိုမှ ဆက်သွယ်လို့ မရ တဲ့ ရဲအရာရှိတွေဟာ မီဒီယာတွေကို အတင်းလိုက် ဆက်သွယ်ပြောဆိုခဲ့ပေမယ့် အများစုက မယုံကြပါဘူး။ ပြောင်းခိုင်း တုန်း က ချက်ချင်း ပြောင်းပေးရမယ်လို့ ပြောဆိုတာ၊ ရန်ကုန်ကို ပြောင်းခိုင်းတာမျိုး မဟုတ်ဘဲ လိုင်းခန်းကနေ နှင်ချခဲ့ တာပါ။

သူတို့ ပြောသလို ပြောင်းခိုင်းတာဆိုရင် ဝန်ထမ်းမိသားစုချင်း ဝိုင်းဝန်း ကူညီတာမျိုး၊ ကား စီစဉ်ပေးတာမျိုးတွေနဲ့ ဂုဏ်သိက္ခာ ရှိရှိ ပြောင်းခိုင်းလို့ ရတဲ့ အခြေအနေမျိုးတွေ ရှိရမှာ ဖြစ်ပါတယ်။ အခုက အဲဒီလို မရှိခဲ့ပါဘူး။

ဒီလို အခင်းအကျင်းမျိုးကို ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မျှော်လင့်ခဲ့ပုံ မရပါဘူး။ အင်းဒင် လူသတ်မှုကို တမျိုးတဖုံ ပုံပြောင်းဖို့ ကြိုးစားရင်းနဲ့ သတင်းထောက်အမှု တိုင်းပြည်ကို ပတ်တော့မယ့် အခြေအနေတွေ ဖြစ်လာရတာပါ။

တကယ်တော့ ရိုက်တာ သတင်းထောက်တွေရဲ့ ကိစ္စမှာ ပြည်ထဲရေးက ကိုယ်ထောင်တဲ့ပိုက် ပြန်မိသွားတာမျိုးလို့ ပြောရ မလိုပါပဲ။

ကိုဝလုံးတို့ကို ဖမ်းပြီးတဲ့အခါ သမ္မတရုံးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ဆွဲဖို့ ကိုဝလုံးတို့ဆီက မိတယ် ဆိုတဲ့ အထောက်အထား တွေနဲ့ တင်ပြတဲ့အခါ သမ္မတရုံးကလည်း ရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်အတိုင်း ခွင့်ပြုပေမယ့် ဖြစ်စဉ်မှာ ပါတဲ့ စာရွက်စာတမ်းပေးခဲ့တဲ့ ရဲတွေကိုပါ ဒီပုဒ်မနဲ့ အရေးယူဖို့ အကြောင်းပြန်တော့ ရဲတွေကိုပါ အရေးယူရပါတယ်။

ဒါပေမယ့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို တရားလိုပြ သက်သေအဖြစ် ရုံးထုတ်ခဲ့ပေမယ့် တကယ် ရဲစိတ်ဓာတ် ရှိတဲ့ ဒုရဲမှူး မိုးရန်နိုု်င် နဲ့ ကျတော့ မှန်းချက်နှမ်းထွက် မကိုက်ဘဲ ထောက်ချောက်ဆင်တယ် ဆိုတဲ့ ဇတ်လမ်းက ပေါ်လာပါတော့တယ်။

ဒီလို သုံးသပ်ချက်မျိုးကို NLD ပါတီက ဦးဝင်းထိန် ကိုယ်တိုင် သတင်းထောက်တွေကို စပြောတုန်းကတည်းက အာဏာရ ပါတီက တာဝန်ရှိသူ တဦးအနေနဲ့ ဒီလို မပြောသင့်ကြောင်း ပြည်ထဲရေးဘက်က တုံ့ပြန်ခဲ့ပါသေးတယ်။

အခု စာရွက်စာတမ်းတွေ ထုတ်ပေးဖို့ ခိုု်င်းခဲ့တာ ရဲမှူးချုပ် တင်ကိုကို ဆိုတော့ သူ့ရာထူး တာဝန်နဲ့ ဒီလိုမျိုး ခိုင်းလို့ရလား၊ ရခိုင်က အင်းဒင် စတိုရီထွက်လာတာ ဘယ်သူတွေကို ထိခိုက်စေခဲ့လဲ၊ ဘယ်သူတွေရဲ့ အကျိုးစီးပွားလဲ ဆိုတာ စဉ်းစား စရာတွေ ဖြစ်လာပါတယ်။

ရဲမှူးချုပ် တင်ကိုကို ဆိုသူကို (အရင် လူနဲ့တွဲမသိပါ) နောက်မှ နေပြည်တော်က အခမ်းအနားတွေမှာ ခဏခဏ တွေ့ဖူး တယ်။ ပြုံးပြုံး ရွှင်ရွှင်နဲ့ သဘောကောင်းမယ့် ပုံမျိုးပါ။

သူက တပ်မတော်က ဗိုလ်မှူးကြီးအဆင့်နဲ့ ရဲဘက်ကို ပြောင်းလာသူတဦး ဖြစ်ပြီး ရဲဘက်မှာ ရဲမှူးချုပ် ရာထူး တာဝန်နဲ့ အရင် ရခိုင်မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူး အဖြစ် တာဝန်ယူရပါတယ်။

နောက်တော့ နေပြည်တော် ရဲကွပ်ကဲမှု အဖွဲ့ရဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်၊ အခု ရန်ကုန် ရဲကွပ်ကဲမှု အဖွဲ့ရဲ့ ရဲမှူးချုပ် အဖြစ် တာဝန် ယူထားပြီး လက်ရှိ ဗိုလ်တထောင် ဘုရားမှာ အပူဇော်ခံခဲ့တဲ့ ဗုဒ္ဓဆံတော် ပင့်ဆောင်ရေးမှာ လုံခြုံရေး တာဝန်ခံလို့ သိရပါတယ်။

အဲဒီလိုတွေ ဆိုတော့ သူတို့ပြောနေတဲ့ နိုင်ငံတော် လျှို့ဝှက်ချက်ကြီးကို ဘယ်သူတွေက ကိုဝလုံးတို့ လက်ထဲကို ထည့်ခဲ့ တာလဲ၊ ဘယ်သူတွေ စီစဉ်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းနဲ့ အဲဒီလူတွေကို တကယ် အရေးယူလို့ ရရင်၊ အမှန်တရားကို ကာကွယ် ထွက်ဆိုဖို့ ကြိုးစားသူ ဒုရဲမှူး မိုးရန်နိုင် တို့လို ပုဂ္ဂိုလ်မျိုးတွေကို ကာကွယ်နိုင်ခဲ့ရင် တရားဥပဒေ စိုးမိုရေး တကယ်ရှိပြီလို့ ပြောရတော့မှာပါ။

ဒီအချက်ကို အာဏာရ NLD ပါတီက ဗဟို ကော်မတီဝင်လည်းဖြစ် ဝါရင့် နိုင်ငံရေး သမားတဦးလည်း ဖြစ်သူ မုံရွာ အောင်ရှင် က သဘောတူပြီး သူတို့လည်း ဒီအမှုကို မျက်ခြည်မပြတ်အောင် စောင့်ကြည်နေတယ်လို့ ဆိုပါတယ်။

“အခု နောက်ဆုံး ရဲမှူးအနေနဲ့ သတင်းထောက်တွေ ကိစ္စမှာ သူအမှန်အတိုင်း ထွက်ဆိုသွားတာ၊ သူ့ရဲ့ စိတ်ရင်း သဘော ရင်း အတိုင်း ထွက်ဆိုသွားတာ ဒါကောင်းတဲ့ လက္ခဏာပါပဲ။ ဒီလို သတ္တိရှိရှိ ထွက်ဆိုသွားတဲ့ အပေါ်မှာ ပံ့ပိုးပေးရမယ်။ စိတ်ဓာတ်အရ ပံ့ပိုးပေးရမယ်။ တဖက်က ဖိနှိပ်မှုတွေ ရှိလာရင် မဖိနှိပ်အောင် ကူညီပေးရမှာပဲ”လို့ သူက ပြောပါတယ်။

အဲဒါကြောင့် တကယ့်ကို အမှန်တရားအပေါ်မှာ ရပ်တည်ပြီးတော့ ထွက်ဆိုရဲတဲ့ ပုဂ္ဂိုလ်မျိုးတွေ များများ ပေါ်ပေါက်ဖို့ကို လည်း လိုလားတာကြောင့် အဲဒီလို ထွက်ဆိုဖို့ သတ္တိရှိသူတွေကိုလည်း နိုင်ငံတော်နဲ့ အစိုးရကနေပြီးတော့ အားပေးလိမ့် မယ်လို့ ယူဆကြောင်းလည်း မုံရွာ အောင်ရှင်က ပြောပါတယ်။

သူပြောသလို မဟုတ်ရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေပြီဆိုတာ ဒီဖြစ်စဉ်က သက်သေပြနေပါပြီ။ ဒီရိုက်တာ သတင်းထောက် ၂ ယောက် အမှုကိစ္စကို ဘင်္ဂါလီအရေး အကြောင်းပြုပြီး ပြည်တွင်းပြည်ပက စိတ်ဝင်စားနေချိန်မှာ ဒီကိစ္စ အမှန်တရား ပေါ်ပေါက်ရေးဟာ တိုင်းပြည် ဂုဏ်သိက္ခာနဲ့လည်း ဆိုုင်ပါတယ်။

သမ္မတ ဦးဝင်းမြင့် ပထမ ဦးစားပေးအဖြစ် လိုချင်နေတဲ့ တရားဥပဒေ စိုးမိုးရေး တကယ်ရှိသလား ဆိုတာနဲ့ NLD အစိုးရမှာ အာဏာ တကယ်ရှိ၊ မရှိဆိုတာလည်း သိရတော့မှာပါ။

အခုချိန်မှာတော့ သမ္မတရုံးက ပြောသလိုမျိုး တရားရုံးရဲ့ အဆုံးအဖြတ်ပဲ ဆိုတာမျိုးနဲ့ မလုံလောက်တော့ဘူး။ အစိုးရမှာ လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။

ရုံးထုတ်လာသော ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးကို သမီးငယ်နှင့်အတူ မြင်ရစဉ်/မျိုးမင်းစိုး/ဧရာဝတီ

ရိုက်တာ သတင်းထောက် ၂ ဦး စအဖမ်းခံရချိန် ၎င်းတို့ ၂ ယောက် လွတ်မြောက်ဖို့ ကြိုးစားခဲ့သူတချို့ရဲ့ ပြောဆိုချက်တွေ အရ ပထမပိုင်းမှာ ကိုဝလုံးရဲ့ ဇနီးဖြစ်သူက အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီကို စာရေးပြီး အသနားခံစာတင်၊ အတိုင်ပင်ခံကလည်း တရားစွဲ အဖွဲ့အစည်းနဲ့ ညှိပြီး ပြန်လွှတ်ပေးဖို့ စီစဉ်ခဲ့ကြပေမယ့် အဲဒီအချိန်မှာ ကိုဝလုံးတို့ရဲ့ နာမည်တွေနဲ့ အင်းဒင် လူသတ်မှု စတိုရီကြီး ထွက်လာတဲ့အခါ အစီအစဉ်တွေ ပျက်ကုန်ကြတယ်လု့ိ သိရပါတယ်။

ဒါပေမယ့် အခု ပြန်ကြားရေး ဒုဝန်ကြီးအဖြစ် တာဝန်ယူနေသူ ဦးအောင်လှထွန်း ဝန်ကြီး မဖြစ်သေးခင်အချိန် ၎င်းပါဝင် ညှိနှိုင်းဆဲ ကာလမှာ အစိုးရဘက်က ပြန်လွှတ်ပေးဖို့ အချိန်အများကြီး ရှိခဲ့တာကို ပြန်မလွှတ်ပေးလို့ အင်းဒင် စတိုရီ ထွက်လာရသလို ညှိနှိုင်းမှုတွေ မအောင်မြင်ခဲ့ရတာလို့ ဒီဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့သူ တယောက်က ဧရာဝတီကို ပြောပါ တယ်။

“သူတို့ အများကြီး အချိန်ရခဲ့တယ်။ ကျနော်ကလည်း သူတို့ ပြန်လွှတ်မယ်ဆိုရင် အင်းဒင် စတိုရီကို မထုတ်ဖို့ တာဝန်ယူခဲ့ တယ်။ ဒါပေမယ့် ဖြစ်မလာဘူး”လို့ ကိုဝလုံး တို့နဲ့ နီးစပ်တဲ့လူက ပြောပြပါတယ်။

လွှတ်တော်မှာ ပြည်ထဲရေး ဝန်ကြီးဌာနကို ထိန်းကျောင်းခွင့်ရှိတဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဝင် ဒေါ်ဇင်မာအောင် ကတော့ ရိုက်တာ သတင်းထောက်တွေရဲ့ ကိစ္စကို စောင့်ကြည့်နေပြီး လိုအပ်လာရင်တော့ လွှတ်တော် ပြန်ဖွင့်တဲ့အခါ ကော်မတီ အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးသွားဖို့ ရှိကြောင်း ပြောပါတယ်။

ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က “ဒီဖြစ်ရပ်ကလည်း ရှုပ်ထွေးနေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မျက်မြင် သက်သေတွေကိုတော့ အကာအကွယ်ပေးသင့်တယ်။ တကယ်လို့ အကာအကွယ် မပေးနိုင်ဘူး ရပ်တည် မပေးနိုင်ဘူးဆိုရင် ဒီလို ပြုပြင်ပြောင်းလဲရေးမှာ ထင်သလောက် မြန်မှာ မဟုတ်ဘူး။ လူထုအာရုံ၊ မီဒီယာ အာရုံရနေချိန်မှာ အားလုံး စောင့်ကြည့်နေသလို ကျမတို့လည်း မျက်ခြည်မပြတ် စောင့်ကြည့်နေမှာပါ”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ကတော့ ဒုရဲမှူး မိုးရန်နိုင်နဲ့ သူ့မိသားစု ဖြစ်စဉ်ကို ကြည့်ပြီးနောက် သက်သေတွေ မထွက်ရဲအောင် လုပ်တယ်လို့ ယူဆတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ဒုရဲမှူး မိုးရန်နိုင်နဲ့ သူ့ မိသားစုကို ကာကွယ် စောင့်ရှောက်ပေးဖို့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ဟာ ရဲတပ်ဖွဲ့က ထွက်ဆိုခိုင်းတဲ့ အတိုင်း တရားရုံးမှာ မထွက်ဆိုတဲ့အခါ သူ့မိသားစုကို လိုင်းခန်းကနေ နှင်ချလိုက်တာဟာ သွယ်ဝိုက်ပြီး ခြိမ်းခြောက်တဲ့ သဘော ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ရဲ့ အတွင်းရေးမှူး တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

နေပြည်တော် ရဲတပ်ဖွဲ့ လိုင်းခန်းမှ နှင်ထုတ်ခံရသူ ဒုရဲမှူး မိုးရန်နိုင်၏ ဇနီး ဒေါ်တူး/ ထက်နိုင်ဇော် / ဧရာဝတီ

“ဥပဒေကြောင်းအရ လုပ်စရာရှိတာ လုပ်ကြတာပဲ။ ဒါပေမယ့် ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဘ၀ အာမခံ နေထိုင်မှု၊ လုံခြုံမှု အသက် အန္တရာယ် ရှိတယ်လို့ ယူဆတယ်။ မိသားစုတွေကို ဒီလို လုပ်လိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဗြောင်ကျကျ ချိုး ဖောက်တာပဲ။ တရားစီရင်ရေးကို ခြိမ်းခြောက်လိုက်တာလို့ ကျနော်တို့ ယူဆတယ်”လို့လည်း သူက ပြောပါတယ်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကလည်း ဒီဖြစ်စဉ်မှာ ရဲမှူးကို ကာကွယ်ပေးဖို့နဲ့ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးကို ကာကွယ် မြှင့်တင်ဖို့အတွက် လူအခွင့်ရေး ကော်မရှင်၊ အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင် တို့လို့ အဖွဲ့တွေမှာ တာဝန်ရှိပြီး ဒါတွေကို ဖော်ထုတ်ပေးမယ်၊ ကာကွယ်ပေးနိုင်မယ် ဆိုရင် ပိုကောင်းလာမယ်လို့ ပြောပါ တယ်။

“ရဲမှူးကနေ အမှန်တရားကို ဝန်ခံတဲ့အခါမှာ တရားဥပဒေ စိုးမိုးမှု၊ အမှန်တရားဖြစ်ဖို့ အတွက် ပြန်လည် ဖော်ထုတ်ပေး တယ် ဆိုတာ အင်မတန် ကောင်းတဲ့ အပြောင်းအလဲပါ၊ ဒါမျိုးတွေ များများဖော်ထုတ်ပေးရင် စံပြအနေနဲ့ တကယ် ချီးကျူး ဂုဏ်ပြုထိုက်ပါတယ်။ ဖော်ထုတ် ပေးဖို့လည်း တကယ်လည်း လိုအပ်ပါတယ်”လို့လည်း သူက ဆက်ပြောပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ရဲ့ ထွက်ဆိုချက်ဟာ မှန်တယ်ဆိုရင် အစိုးရဘက်တော်သားက တရားရေးမဏ္ဍိုုင်ဘက်ကို လမ်းကြောင်း တခု ရောက်အောင် ကူညီတာ ဖြစ်လို့ စံပြနမူနာယူထိုက်တဲ့ လုပ်ရပ်တခုဖြစ်ပြီး မှားတယ်ဆိုရင်တော့ လုပ်ကြံသက်သေ အနေနဲ့ သူ့ကို တရားစွဲ အရေးယူသင့်တယ်လို့ ရခိုင် အမျိုးသား ပါတီက ဦးဖေသန်းက အကြံပြုပါတယ်။

အတိုက်အခံ ကြံ့ခိုင်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကတော့ “ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ အရပ်သားပဲ ဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းရှင်ပဲ ဖြစ်ဖြစ် အားလုံးဟာ နိုင်ငံသားမှန်ရင် တရားဥပဒေနဲ့ အညီ ထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ လိုက်နာရမှာပဲလေ။ မှားခြင်းမှန်ခြင်းက ဥပဒေကပဲ ဆောင်ရွက်သွားမှာပဲလေ၊ ဥပဒေ အတိုင်းပဲ သွားမှာပေါ့”လို့ ပြောဆိုပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ သမ္မတဖြစ်ဖြစ်ချင်း လူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ဆုံတဲ့အခါမှာ တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ ရေးနဲ့ လူ့အခွင့်အရေးတို့သည် တခှနဲ့ တခု ဆက်စပ်နေလို့ အဆိုပါ အဲဒီအထဲက တခုခု ချိုးဖောက်ခြင်း ခံရရင် အခြားအချက်တွေကိုပါ ချိုးဖောက်ခံရတာနဲ့ တူညီနေလို့ လူ့ အခွင့်အရေးကို လေးစားလိုက်နာရင်း တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးတို့ဟာ ကျွဲကူး ရေပါသလို ရရှိပြီး ဖြစ်မယ်လို့ ပြောဆိုထားတာကို သတိရမိပါတယ်။

ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း “ရိုက်တာ သတင်းထောက်တွေရဲ့ အမှုကိစ္စဟာ ဥပဒေကြောင်း အရရော၊ ပြည်သူ့ ဆက်ဆံရေး ရှုထောင့် အရရော ကိုင်တွယ် ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။ မဆိုင်တာတွေ ဆွဲထည့်ပြီး ဖြေရှင်း နေရင်တော့ အစိုုးရ၊ ပြည်ထဲရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အားလုံးရဲ့ ပုံရိပ်ကို ထိခိုက်မှာပဲ”လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ မှာ ရေးသား ထားပါတယ်။ ။

ဧရာဝတီ သတင်းထောက် မိုးမိုး ပူးပေါင်းရေးသားသည်။

The post ရိုက်တာ သတင်းထောက်တွေ အမှု တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေပြီလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...