ပိတောက်က သစ္စာ မရှိဘူးတဲ့လား…..။
တကယ်တော့ ပိတောက်ကမှ သစ္စာရှိတာလို့ ဆိုကြပြန်သေး…..။
တနှစ်မှာ တလ၊ တလမှာ တရက်တည်း၊ ခက်ခက်ခဲခဲ၊ ပျက်လည်း မပျက်ကွက်၊ ဆက်ဆက် လာတယ်တဲ့…။
ချိန်ခါဝေဆာ ပွင့်လာထူးတဲ့ အို ပိတောက်ဖူး တဲ့…။
ပိတောက်ပန်းနဲ့ ပတ်သက်ပြီးတော့ ခေတ်အဆက်ဆက် ဖွဲ့သီလို့ မဆုံး…၊ ပြောဆိုလို့လည်း မဆုံး…။
မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာရေသဘင် သင်္ကြန်ပွဲ နဲ့ ပန်းပိတောက်က ခွဲလို့မရ။ နွေအလှ ရဲ့ သင်္ကေတ။
အခုနှစ်မှာတော့ အတာရေသဘင်ပွဲထက် စောလို့ ဖူးပွင့်ခဲ့တယ်။
တခါတရံမှာလည်း ရေသဘင်ပွဲလွန် ကာလရောက်မှ သူက ပွင့်တယ်လေ…။
အဲဒီအခါမျိုးဆို လူတွေက ဘဝင်မကျလှ။ အထူးသဖြင့် မြန်မာပြည်သားတွေပေါ့။ ပိတောက်က သစ္စာ မရှိဘူး ဘာညာ လည်း ပြောတတ်ကြသေး။
တကယ်တော့ သူတို့က ပိတောက်ကို သံယောဇဉ် ကြီးလွန်းကြတာပါ။
သံယောဇဉ် ကြီးမှာပေါ့…။
အာရှဒေသတွင်း သင်္ကြန်ရေပွဲ ဆင်နွှဲကြတဲ့ အိမ်နီးချင်း နိုင်ငံတွေထဲမှာ မြန်မာတနိုင်ငံပဲ ပိတောက်တွေ လှိုင်လှိုင် ပွင့်၊ ထိန်ထိန်ဝင်းလို့။ တပြည်လုံးနီးပါး အနှံ့။ နှစ်စဉ်နီးပါး မပျက် ပွင့်ဝေလို့လေ…။
ဒီတော့ မြန်မာနဲ့ အတာရေသဘင်၊ ရေသဘင်ပွဲနဲ့ ပိတောက် ဆိုတာ ငယ်ချစ်တွေ…။ ငယ်ကချစ် အနှစ်တရာ မမေ့သာ ပေါ့။
အဲဒီ ကူးပြောင်းခြင်း လို့ အဓိပ္ပာယ်ရတဲ့ နှစ်သစ်ကူး သင်္ကြန် ရေသဘင်ပွဲကို မြန်မာနဲ့ ဆင်တူ ကျင်းပကြတဲ့ အိမ်နီးချင်း နိုင်ငံတွေ ကတော့ တရုတ် ယူနန်ပြည်နယ်က ဒိုင် (Dai) လူမျိုးတို့ရဲ့ စစ်ဆောင်ပနား နှစ်သစ်ကူး ရေသဘင်ပွဲ အပါအဝင် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတွေပဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ဆုန်ကရန် (Songkran) လို့ ခေါ်တဲ့ သင်္ကြန်ပွဲ။ လာအို က ပီမိုင် (Pi Mai) လို့ ခေါ်တဲ့ နှစ်ကူးပွဲ။ ကမ္ဘောဒီးယား က ချို ချနန် သမေး (Choul Chnam Thmey) ဆိုတဲ့ နှစ်သစ်ကူးပွဲတွေဟာ ဗုဒ္ဓ ဘာသာ နိုင်ငံချင်းတွေ လည်း ဖြစ်လို့ ပွဲကျင်းပတဲ့ ရက်တွေဟာ များသောအားဖြင့် တူညီနေကြပါတယ်။ တခါတလေမှာတော့ ထိုင်းနဲ့ မြန်မာမှာ တရက်လောက် လွဲတတ်တာမျိုးတော့ ရှိပါတယ်။
စစ်ဆောင်ပနား နှစ်သစ်ကူးပွဲ
တရုတ်နိုင်ငံ ယူနယ်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဒိုင် (Dai) လူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပရာမှာ ရေသဘင်ပွဲဟာ အရေးပါတဲ့ ရိုးရာယဉ်ကျေးမှုပွဲ တခုဖြစ်ပါတယ်။ နှစ်စဉ် ဧပြီလ ၁၃ ရက် ကနေ ၁၅ ရက်အထိ ၃ ရက် ကျင်းပဖို့ သတ်မှတ် ပါတယ်။
ပွဲတော်ရက် အစ ပထမရက်မှာ နဂါးလှေ ပြိုင်ပွဲ ကျင်းပပါတယ်။ ဒုတိယ ရက်မှာ နှစ်သစ်ကူး ပွဲတော်ရက် ဖြစ်ပါတယ်။ တတိယရက် ပွဲတော် နောက်ဆုံးရက်မှာတော့ ရေသဘင်ပွဲ ဆင်နွှဲကြပါတယ်။ အဲဒီနေ့မှာ ဘုန်ကြီးကျောင်းသွားပြီး ကောင်းမှု ကုသိုလ် ယူတယ်။ ဘုန်းကြီးကျောင်းက ဗုဒ္ဓ ဆင်းတုတော်ကို ပင့်ဆောင်ပြီး ရေသပ္ပာယ်တယ်။ ပြီးတော့မှ အချင်းချင်း ရေပက် ကစားကြတာတွေ ပြုလုပ်ကြပါတယ်။
ဒိုင် လူမျိုးတွေရဲ့ အယူအဆအရ ရေပက်ဖျန်းတာဟာ ကံကောင်းစေတယ် ဆိုတဲ့ သဘော၊ ရေဆိုတာ သန့်စင်တဲ့သဘော၊ စေတနာထားမှု ချစ်ခင်မှု သဘောကို ဆောင်တယ်လို့ သိရပါတယ်။ ဒါကြောင့် လူအတန်းအစား မရွေး၊ လူရင်း လူစိမ်း မရွေး ပွဲတော် ကာလမှာ ရေပက်ဖျန်း ကစားကြတယ်လို့လည်း ဆိုပါတယ်။
ဒိုင် လူမျိုးတွေကို မြန်မာပြည်က ရှမ်းလူမျိုးတွေလို့ ပြောကြတာလည်း မှတ်သားရပါတယ်။
အခု နောက်ပိုင်းမှာတော့ စစ်ဆောင်ပနား နှစ်ကူး ရေသဘင်ပွဲတော်ကို နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ အတွက် ဆွဲဆောင်မှု တခုအနေနဲ့လည်း ကျင်းပကြတယ်လို့ သိရပါတယ်။
ဂျပန် နိုင်ငံ NHK ရုပ်သံဌာနက ရိုက်ကူးတဲ့ စစ်ဆောင်ပနား နှစ်သစ်ကူး မှတ်တမ်း ရုပ်ရှင် တခုမှာလည်း တွေ့မြင်ရပါတယ်။

ထိုင်း ဆုန်ကရန် ရေသဘင်ပွဲ
ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူး ပွဲတော် ဆုန်ကရန် (Songkran) ရေသဘင်ပွဲကိုလည်း ဧပြီလ ၁၃ ရက်ကနေ ၁၅ ရက် အထိ သတ်မှတ် ထားပါ တယ်။
မြို့ကြီးတွေဖြစ်တဲ့ ဘန်ကောက် နဲ့ မြောက်ပိုင်းက ချင်းမိုင်မြို့တွေမှာ အဓိက ကျင်းပတာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့မှာတော့ ရေပက် ကစားတာအပြင် မြေဖြူမှုန့် သုံးပြီးလည်း ကစားပါတယ်။
ဘန်ကောက်နဲ့ ချင်းမိုင် အပြင် နာမယ်ကျော် ပင်လယ် ကမ်းခြေမြို့တွေ ဖြစ်တဲ့ ဖူးခက် နဲ့ ပတ္တရား မြို့တွေ အပါအဝင် နိုင်ငံ တဝန်း ကျင်းပ ကြပါတယ်။
ထိုင်း နှစ်ကူး ရေသဘင်ပွဲဟာ မြန်မာနဲ့ အများကြီး ဆင်တူတာကို တွေ့ရပါတယ်။ နေရာဒေသ တချို့မှာတော့ ပိတောက် ပန်း ကိုလည်း တွေ့မြင်ရပါသေးတယ်။
ဇင်းမယ်လို့လည်း ခေါ်တဲ့ ချင်းမိုင် ကျုံး ပတ်လည် မှာတော့ ငုဝါ နဲ့ ပျဉ်းမပန်း ခရမ်းရောင်တွေကသာ ရေသဘင်ပွဲကို အလှဆင် နေကြပါတယ်။
ဘုရားကျောင်းကန် သွားပြီး အလှူအတန်းလုပ် ကုသိုလ်ယူတာ၊ ဘုရား ဆင်းတုတော်တွေကို အမွှေးနံ့သာ ရေတွေနဲ့ ပူဇော် သပ္ပာယ်တာ၊ ဆင်းတုတော်တွေကို မော်တော်ယာဉ်တွေနဲ့ တခမ်းတနားတင်ပြီး လှည့်လည် ပူဇော် ရေသပ္ပာယ်ခံတာ တွေ၊ လူကြီးသူမ သက်ကြီးရွယ်အိုတွေကို ဂါရဝ ပြုကြတာတွေ ဟာလည်း မြန်မာနဲ့ တူလှပါတယ်။
ရေကစားကြပုံ ကလည်း မြန်မာလိုပါပဲ။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ဆိုရင် လမ်းတကာလှည့်ပြီး ရေကစားတယ်၊ လမ်းဘေးမှာ မဏ္ဍပ်ထိုးပြီး ရေပက်ကြ တယ်၊ ချင်းမိုင်က မန္တလေးလို ကျုံးမြို့ရိုးလည်း ရှိတော့ ကျုံးပတ်ပတ်လည် မှာလည်း ရေကစားကြပါတယ်။ အဲဒီမှာ ထိုင်း နိုင်ငံ ရောက် မြန်မာနိုင်ငံသား များစွာဟာလည်း ထိုင်းရေသဘင်ပွဲမှာ ပါဝင် ဆင်နွှဲကြပါတယ်။
ဒါပေမယ့် လက်ရှိ မြန်မာပြည်က သင်္ကြန်လောက်တော့ မကြမ်းတမ်း မရိုင်းပြတာကိုလည်း သတိထားမိပါတယ်။
နိုင်ငံခြားသား အများအပြားလည်း ထိုင်း ရေသဘင်ပွဲမှာ ပါဝင် ဆင်နွှဲကြတာကို တွေ့ရပါတယ်။
ထိုင်း ရေသဘင်ပွဲဟာ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ရိုးရာ ယဉ်ကျေးမှု ပွဲတော် တခုလည်း ဖြစ်နေပါ တယ်။

လာအို ပီးမိုင် နှစ်သစ်ကူးပွဲ
လာအို နိုင်ငံမှာ ပီးမိုင် ဒါမှမဟုတ် ထိုင်းလို ဆုန်ကရန် လို့ ခေါ်တဲ့ နှစ်သစ်ကူးပွဲတော်ကို အခုနှစ် ဧပြီလ ၁၃ ရက်ကနေ ၁၅ ရက် အထိ ၃ ရက် ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကတော့ ဧပြီ ၁၄ ရက်က စခဲ့ပါတယ်။ အဲဒီ နှစ်သစ်ကူး ပွဲကို တခြားနိုင်ငံတွေမှာ ရောက်နေတဲ့ လာအို လူမျိုးတွေကလည်း သတ်မှတ်ရက် အတိုင်း ကျင်းပကြတယ်လို့ ဆိုပါတယ်။
နှစ်သစ်ကူးပွဲဟာ ၃ ရက်လို့ သတ်မှတ်ထားပေးမယ့် လုံဖရာဘန်လို မြို့ကြီးတွေမှာတော့ ရက်သတ္တ တပတ်လောက် ကြာ တယ်လို့ သိရပါတယ်။
နှစ်သစ်ကူး ပထမ ရက်မှာတော့ နှစ်သစ်ကူး ပွဲအတွက် အမွှေးနံ့သာ ပန်းမန်တွေကို ပြင်ဆင်ပြီး အိမ်တွေနဲ့ ရပ်ရွာတွေကို သန့်ရှင်းရေး ပြုလုပ်တယ်လို့ ဆိုပါတယ်။ ထူးခြားမှု တခု အနေနဲ့ ဒုတိယ နေ့မှာတော့ နှစ်ဟောင်းနဲ့ နှစ်သစ် ရဲ့ ကြားရက် အဖြစ် သတ်မှတ်တာကို သိရပါတယ်။ နောက်ဆုံးရက်ကိုတော့ နှစ်ဆန်းရက်လို့ သတ်မှတ်ပါတယ်။
မြန်မာနိုင်ငံလိုပဲ လာအို နှစ်သစ်ကူးပွဲမှာလည်း ရေကစားတာ၊ နှစ်သစ်ကူး ပန်းခူးတာ၊ တိရစ္ဆာန် ဘေးမဲ့ လွှတ်တာ၊ ဥပုသ် သီတင်း စောင့်တည်တာ တွေကိုလည်း ပြုလုပ်ပါတယ်။
ထူးခြားတာ တခုကတော့ နှစ်သစ်ကူး အလှမယ်ပြိုင်ပွဲ ကျင်းပတာပါ။ အဲဒီ အလှမယ်ပြိုင်ပွဲ ကျင်းပတာမှာ လုံဖရာဘန် မြို့က နာမယ်ကြီးတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယား ချို ချနန် သမေး (Choul Chnam Thmey) နှစ်သစ်ကူးပွဲ
ကမ္ဘောဒီးယား နိုင်ငံ ခမာ နှစ်သစ်ကူး ပွဲတော်ဟာလည်း ဒီနှစ်မှာ ဧပြီး ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက် ကျင်းပမယ်လို့ သတ်မှတ် ထားပါတယ်။
ခမာ ဘာသာစကားအရ ချို ချနန် သမေး ဆိုတာကလည်း မြန်မာလို နှစ်သစ်ကို ကူးပြောင်းခြင်းလို့ အဓိပ္ပာယ် ရကြောင်း သိရပါတယ်။ ခမာ နှစ်သစ်ကူး ကာလဟာ တခါတရံမှာ မတ်လ အတွင်း ကျရောက်တယ်လို့လည်း ဆိုပါတယ်။
ဗုဒ္ဓ ဘာသာ အယူအဆ အရ နှစ်သစ်ကူး နေ့မှာ ဘုရားကို ဘုရားကို ပူဇော် ကန်တော့တာ၊ ကံကောင်း စေဖို့ ဆိုပြီး ရေနဲ့ မနက်ပိုင်းမှာ မျက်နှာကို ဆွတ်ဖျန်းပေးတာ၊ နေလယ်ပိုင်းမှာ ရင်အုပ်ကို၊ ည အိပ်ရာ ဝင်ခါနီးမှာ ခြေထောက်ကို စသဖြင့် ဆွတ်ဖျန်း ပေးကြတဲ့ အလေ့အထကိုလည်း ပြုလုပ်ကြတယ်လို့ သိရပါတယ်။ ဒါက နှစ်သစ်ကူး ပထမနေ့မှာ ပြုလုပ်ကြတာ ပါ။
ဒုတိယ နေ့မှာတော့ ဆင်းရဲ နိမ့်ပါးသူတွေကို ပေးကမ်း စွန့်ကျဲ လှူဒါန်းတာ၊ ဘုရား ကျောင်းကန်သွားလို့ အဘိုးအဘွား တွေကို ကန်တော့တာတွေ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။
တတိယ နေ့မှာတော့ ဗုဒ္ဓ ဆင်းတုတော်ကို အမွှေးနံ့သာတွေနဲ့ ရေပက်ဖျန်း သပ္ပာယ်တာတွေ၊ လူကြီး မိဘတွေ အပါအဝင် ကလေးတွေကို ရေမိုးချိုးပြီး သန့်ရှင်း စင်ကြယ်အောင် လုပ်ပေးကြတယ်လို့ သိရပါတယ်။
ခမာ နှစ်သစ်ကူးပွဲတွင် ရေပက်ကစားတဲ့ ရေသဘင်ပွဲ မပါဝင်ဘူးလို့ ဆိုပါတယ်။
Bonn Om Toeuk ကမ္ဘောဒီးယား လို ခေါ်တဲ့ ရေသဘင်ပွဲကို (Water Festival) နှစ်စဉ် နိုဝင်ဘာလမှာ ကျင်းပတဲ့ လှေပြိုင် ပွဲ ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ အခုနှစ် ရေသဘင်ပွဲကို နိုဝင်ဘာ ၂၂ ၊ ၂၃၊ ၂၄ ရက်များကို သတ်မှတ်ထားကြောင်း သိရပါ တယ်။

မြန်မာ့ရိုးရာ နှစ်သစ်ကူး ရေသဘင်ပွဲ
မြန်မာတို့ရဲ့ နှစ်သစ်ကူး ရေသဘင်ပွဲတော်ဟာ ဧပြီလအတွင်း ကျရောက်ပြီး ပုဂံခေတ်က စတင်ခဲ့တယ်လို့ မှတ်သားရပါ တယ်။
အခုနှစ် မြန်မာ နှစ်ကူး အတာ သင်္ကြန်ပွဲကို ဧပြီ ၁၃ ရက်ကနေ ၁၇ ရက်အထိ အစိုးရ ရုံးပိတ်ရက် အားလပ်ရက် အဖြစ် သတ်မှတ် ပေးထားပါတယ်။
နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ အခါသမယမှာ အကောင်းတွေကို သယ်ဆောင်သွားခြင်းနဲ့ အေးချမ်းတဲ့၊ ကံကောင်းတဲ့ သဘောကိုဆောင်ပြီး ရေပက်ဖျန်း ကစားကြတယ်လို့ ဆိုပါတယ်။
အခါတွင်းမှာ ဘုရား ကျောင်းကန် သွားခြင်း၊ အလှူအတန်းပေးခြင်း၊ ကောင်းမှုကုသိုလ် ပြုလုပ်ခြင်း၊ သန့်ရှင်းစင်ကြယ်စွာ နေထိုင်ခြင်းများကို ရှေးက မြန်မာလူမျိုးတွေက ကျင့်သုံးကြကြောင်း သိရပါတယ်။
သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ် အစရှိတဲ့ ရိုးရာ အစားအစာတွေကို ပြုလုပ် ကျွေးမွေးခြင်း၊ ဇီဝိတ ဓာန ဘေးမဲ့လွှတ်ပေးခြင်းနဲ့ တဦးကို တဦး ရေပက်ဖျန်း ကစားခြင်း၊ မဏ္ဍပ်ထိုး ရေကစားခြင်း၊ ကားနဲ့ လည်ပတ်ခြင်း တို့ကို တိုင်းရင်းသား ဒေသတွေပါ မကျန် နိုင်ငံအနှံ့ ပြုလုပ်ကြပါတယ်။
အခုနောက်ပိုင်း ခေတ်တွေမှာတော့ နှစ်သစ်ကူး သင်္ကြန် ရေသဘင် ကျင်းပပုံတွေ ပြောင်းလဲမှုလည်း ရှိလာခဲ့ပါတယ်။
အခုနှစ် ဆိုရင် နှစ်ကူး သင်္ကြန်ဟာ အစိုးရ အစီအစဉ်နဲ့ ကျင်းပလာတာတွေ ရှိလာပါတယ်။
ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ဆွဲဆောင်မှုရှိရေး စတဲ့ ရည်ရွယ်ချက်တွေ နဲ့ ရိုးရာ အစားအစာ၊ ရိုးရာ အသုံးအဆောင်၊ ရိုးရာ ယဉ်ကျေးမှုတွေကို ဖော်ဆောင်မယ့် အတာရေသဘင် ပွဲတော်တွေကို နိုင်တဝန်း ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ရေကစားပွဲ အလေ့အထမှာ ဟိန္ဒူ ဓလေ့ ဖြစ်တယ်လို့ မှတ်သားမိပါတယ်။ ။
The post စစ်ဆောင်ပနား နှစ်သစ်ကူး နဲ့ အိမ်နီးချင်း ရေသဘင် ပွဲများ appeared first on ဧရာဝတီ.