ဇင်းမယ်မြို့ရဲ့ ကျုံးပတ်လည်က ပိတောက်၊ ငုဝါနဲ့ ပျဉ်းမပင်တွေကတော့ အပြိုင်အဆိုင်ဖူးပွင့်ပြီး သင်္ကြန်ကို ကြိုဆို နေကြ ပါပြီ။
ပွင့်သက်တိုတဲ့ ပန်းပိတောက်တွေ သင်္ကြန် မနွှဲနိုင်ရင်တောင် ကျုံးပတ်လည် တလျှောက်မှာ ဝါထိန်နေတဲ့ ငုဝါပန်းတွေနဲ့ ခရမ်းရောင် ပျဉ်းမပန်းတွေကတော့ ဇင်းမယ်သင်္ကြန်ကို အလှဆင်ပေးမှာ အမှန်ပါ။
ထိုင်းတွေက သင်္ကြန်ကို ဆုန်ကရန် (Songkran) လို့ခေါ်ပါတယ်။ ထိုင်းသင်္ကြန်ကတော့ မြန်မာသင်္ကြန်ထက် တရက် စောပြီး ကျင်းပလေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာ သင်္ကြန်ပွဲတော်ကို ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံတဝန်း စည်စည်ကားကား ကျင်းပသလို ထိုင်း နိုင်ငံ မှာလည်း မြို့တော် ဘန်ကောက်နဲ့ ဇင်းမယ် ခေါ် ချင်းမိုင် အပါအဝင် နိုင်ငံတဝန်းလုံးမှာ ကျင်းပကြပါတယ်။
ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက် သင်္ကြန်က တနိုင်ငံလုံးမှာ အစည်ကားဆုံးလို့ ဘန်ကောက်သူ၊ ဘန်ကောက်သား တွေက ဂုဏ်ယူပြောဆိုမှုတွေ ရှိပေမယ့် ယဉ်ကျေးမှု အငွေ့အသက်တွေနဲ့ ဇင်းမယ်သင်္ကြန်ရဲ့ အလှတရားကိုတော့ ဘယ်တော့မှ မီမှာ မဟုတ်ဘူးလို့ ဇင်းမယ်သူ၊ ဇင်းမယ်သားတွေက ဂုဏ်ယူ ပြောလေ့ရှိပါတယ်။

ဇင်းမယ်မြို့က မန္တလေးမြို့လိုပါပဲ။ ယဉ်ကျေးမှု အငွေ့အသက်တွေ ရှိနေတဲ့မြို့ချင်း တူသလို မန္တလေးမှာလို ဇင်းမယ် ကလည်း ကျုံးရှိပါတယ်။ ဇင်းမယ် ကျုံးက မန္တလေး ကျုံးလောက် မကြီးပေမယ့် ၂ ခုလုံးကတော့ နန်းမြို့ရိုးဟောင်း တွေ ပါ။
ဇင်းမယ် သင်္ကြန်ရဲ့ အစည်ကားဆုံး နေရာကလည်း ဒီကျုံးတဝိုက်ပါပဲ။ သင်္ကြန်ရက်ဆိုရင် ကျုံးပတ်လည် လမ်း တလျှောက်မှာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ရေကစားသူတွေ ရှိသလို လမ်းလျှောက် ရေကစားသူတွေနဲ့ စည်ကား ပါတယ်။ ကျုံးထဲက ရေတွေကို ခပ်ယူပြီး ရေကစားသူ အချင်းချင်း ပက်ကြပါတယ်။
ဇင်းမယ် သင်္ကြန်မှာတော့ ပြင်းအားကြီးတဲ့ ရေပိုက်ကြီးတွေနဲ့ ပက်ကြတာမရှိပါဘူး။ ရောင်စုံ ပလတ်စတစ် ရေပုံး လေး တွေ၊ ရောင်စုံ ရေသေနတ်တွေနဲ့ ရေထွက်အား နည်းတဲ့ ပိုက်တွေနဲ့ ပက်ကြတာပါ။
ကားပေါ်မှာ ရေတိုင်ကီတွေတင်လာသူ တချို့ ကတော့ ရေခဲတုံးတွေ စိမ်ထားတဲ့ ရေတွေနဲ့ ပက်တာမျိုးတော့ ရှိပါ တယ်။
ဇင်းမယ်သင်္ကြန် ရေကစားသူတွေထဲမှာ မြန်မာတွေလည်း နှစ်စဉ် ပါဝင်ဆင်နွှဲကြပါတယ်။ သူတို့ကတော့ ရွှေ့ပြောင်း အလုပ်သမား အဖြစ် သွားရောက် အလုပ်လုပ်ကိုင် နေကြသူတွေ၊ ချင်းမိုင် တက္ကသိုလ်မှာ ကျောင်းသွား တက်နေကြ သူတွေ၊ အဝေးရောက် နိုင်ငံရေး အဖွဲ့အစည်းက လူတွေပါ။
သူတို့အတွက်တော့ မြန်မာသင်္ကြန်မှာ မဆင်နွှဲလိုက်ရပေမယ့် ဇင်းမယ်သင်္ကြန်ဟာ အလွမ်းပြေစေတဲ့ အပြင် ဂုဏ်ယူ စရာ တွေလည်း ရှိခဲ့ပါတယ်။

ဘာကြောင့်လဲဆိုရင် ဇင်းမယ်သင်္ကြန်ပွဲတော်မှာ ငွေငန်းဖြူ၊ မြန်မာ့ သင်္ကြန်ယိမ်း နဲ့ တူးပို့သံတွေဟာ ၂၀၁၁ ခုနှစ် ကတည်း က ဇင်းမယ်မြို့တော်ဝန်ရဲ့ ဖိတ်ကြားချက်အရ တရားဝင် ဝင်ရောက် ဆင်နွှဲခွင့် ရခဲ့လို့ပါပဲ။
ဇင်းမယ် မြို့တော်ဝန်က သင်္ကြန်အခါမှာ မြို့နယ်အတွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်း ၄၈ ကျောင်းကို ပင့်ဖိတ်ပြီး ရိုးရာ ယဉ်ကျေးမှု တွေကို ပြသခဲ့ကြပါတယ်။
မြန်မာတွေကတော့ ဇင်းမယ် ကျုံးထောင့်က “ဝပ်ဆိုင်းမွန်း” လို့ အမည်ရတဲ့ မြန်မာ ဘုန်းတော်ကြီး ကျောင်းကို ကိုယ်စား ပြုပြီး တိုင်းရင်းသားရိုးရာ ဝတ်စုံတွေ၊ မြန်မာ့ ရိုးရာ အတာသင်္ကြန် ဝတ်စား ဆင်ယင်မှုတွေ အပါအဝင် ငွေငန်းဖြူနဲ့ သင်္ကြန်ယိမ်း ကိုပါ တွဲဖက်ပြီး ပွဲထွက် ခဲ့ကြပါတယ်။
သင်္ကြန်ရက် ကျောင်းပေါင်း ၄၈ ကျောင်းက ယဉ်ကျေးမှု ဝတ်စုံမျိုးစုံနဲ့ ထွက်လာတဲ့ လှည့်လည်မှုဟာ ခမ်းနား လှပ လွန်း ပါတယ်။
မြန်မာ တိုင်းရင်းသား ပေါင်းစုံရဲ့ ဝတ်စားဆင်ယင်မှုတွေ၊ ပုဂံခေတ်က ဝတ်စား ဆင်ယင်မှုတွေ၊ ရောင်စုံ သင်္ကြန် ဝတ်စုံ တွေနဲ့ ကန်တော့ပွဲတွေကို ရွက်လာတဲ့ မြန်မာတွေကိုလည်း တွေ့ရမှာပါ။
အိမ်ရှင် ထိုင်းလူမျိုးတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့တာကတော့ တူးပို့ သီချင်းသံနဲ့ မြန်မာ့ သင်္ကြန်ယိမ်း အက အဖွဲ့ပါ။

ယဉ်ကျေးမှုမျိုးစုံတဲ့ လူတန်းကြီးထဲမှာ နွေဦးရွှေမန်းမာလာ၊ ရှာပုံတော်မင်းသားကြီး၊ သင်္ကြန်မိုး၊ ချမ်းပါတယ်၊ မန်း တောင်ရိပ်ခို စတဲ့ သီချင်းတွေနဲ့ ဝင်လာတဲ့ မြန်မာသင်္ကြန်ယိမ်း အကအဖွဲ့ကို ကြိတ်ကြိတ်တိုး အားပေးမှုကို ထူးထူး ခြားခြား ရရှိခဲ့ပါတယ်။
ချင်းမိုင် မြို့တော်ဝန်ကလည်း မြန်မာအဖွဲ့ကို ၂၀၁၃ ခုနှစ်က ဆု ချီးမြှင့်ခဲ့ပါတယ်။
ဇင်းမယ်သင်္ကြန်မှာ ဆင်နွှဲနေတဲ့ မြန်မာတွေ အနေနဲ့လည်း နိုင်ငံရပ်ခြားမှာ မြန်မာ့ ယဉ်ကျေးမှုတွေကို ပြသနိုင်ခဲ့သလို သင်္ကြန် သီချင်းတွေနဲ့ သင်္ကြန်ယိမ်း အက ကိုလည်း ဖော်ကျူးနိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် ၂၀၁၇ ခုနှစ်ကစပြီး ဇင်းမယ် သင်္ကြန်မှာ တူးပို့သံတွေ တိတ်သွားသလို သင်္ကြန် ယိမ်းအက အဖွဲ့ကိုလည်း မတွေ့ရတော့ ပါဘူး။
ဇင်းမယ် မြို့တော်ဝန်ကတော့ နှစ်စဉ် ပါဝင်ဆင်နွှဲဖို့ ဖိတ်ကြား ထားပေမယ့် ဒီနှစ် ၂၀၁၈ ခုနှစ်မှာလည်း ငွေကြေးနဲ့ လူအင်အား အခက်အခဲတွေ ရှိတာကြောင့် မထွက်ဖြစ်ဘူးလို့ ဆိုပါတယ်။
ဇင်းမယ်သင်္ကြန်မှာ ဆင်နွှဲမယ့် မြန်မာတွေအတွက်တော့ ၂၀၁၁ ခုနှစ်က အခြေအနေတွေကို ပြန်ရောက်သွားသလိုပါပဲ။ အဲဒီတုန်းက ဇင်းမယ် သင်္ကြန်မှာလည်တဲ့ မြန်မာတွေအတွက် ဟာတာတာ ဖြစ်နေတဲ့အရာဟာ သင်္ကြန် သီချင်းသံ၊ သင်္ကြန်ယိမ်း နဲ့ မုန့်လုံးရေပေါ် ဖြစ်ခဲ့သလို အခုလည်း အဲဒီအခြေအနေကို ပြန်ရောက်ခဲ့ရပါပြီ။

ဇင်းမယ်ရောက် မြန်မာ တိုင်းရင်းသား တချို့ကတော့ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်း အပါအဝင် ဇင်းမယ် မြို့ပေါ်မှာ ရှိတဲ့ ရှမ်းဘုန်းကြီးကျောင်း၊ ပအို့ဝ် ဘုန်းကြီးကျောင်းနဲ့ အခြား ဘုန်းတော်ကြီးကျောင်းတွေမှာ ဒုလ္လဘ ရဟန်း ဝတ်သူကဝတ်၊ သီလရှင် ဝတ်သူကဝတ် နဲ့ ဥပုသ်သီလ ဆောက်တည်သူတွေလည်း ရှိကြမှာပါ။
အများစုကတော့ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်လည်း ဖြစ်တဲ့ သင်္ကြန်ပွဲတော်မှာ ဆင်နွှဲကြမှာပါ။
အခုဆိုရင် ဇင်းမယ် ကျုံးပတ်လည်မှာတော့ သင်္ကြန်ပွဲတော်ကြီး ကျင်းပဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဇင်းမယ်ကျုံး ဘေး ပတ်လည်မှာ ဝါထိန်နေတဲ့ ငုဝါတွေနဲ့ ခရမ်းရောင် ပျဉ်းမပန်းတွေလည်း အပြိုင်ပွင့်လို့ နေကြပါပြီ။
ဒီလို အပြိုင်ပွင့်နေတဲ့ ပန်းတွေရဲ့အောက်က ကျုံးရေတွေနဲ့ အတာသင်္ကြန် ဆင်နွှဲနေတဲ့ မြန်မာတွေရဲ့ စိတ်ထဲမှာ တူးပို့ သီချင်းသံနဲ့ မြန်မာ့ သင်္ကြန်ယိမ်း ကို တမ်းတ နေမိတယ်ဆိုရင် …။ ။
The post ဇင်းမယ် သင်္ကြန်မှာ ပြန်မြင်ချင်တဲ့ မြန်မာ့ယိမ်း နဲ့ တူးပို့သံ appeared first on ဧရာဝတီ.