Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

သင်္ကြန်မှာ သတိထားစရာ ကျန်းမာရေး ပြဿနာ

$
0
0

ပြီးခဲ့တဲ့ နှစ်တွေက တားမြစ်ထားခဲ့တဲ့ စီးပွားဖြစ် မဏ္ဍပ်တွေ ပြန်လည်ခွင့်ပြုပေးလိုက်လို့ ရန်ကုန်သင်္ကြန်ဟာ အရင်နှစ်ကလို လမ်းမကြီးတွေပေါ် ရှင်းလင်းနေမှာ မဟုတ်တော့ဘဲ ပြည်လည် စည်ကားလာတော့မယ်လို့ ရန်ကုန်နေ ပြည်သူများက မျှော် လင့်နေကြပါတယ်။

စည်ကားစေဖို့နဲ့ ဆန်းသစ်စေဖို့ အတွက် လမ်းလျှောက်သင်္ကြန်လည်း ထည့်သွင်းထားတာမို့ ရန်ကုန်မြို့ခံ အများစု ခရီး မထွက်၊ အိမ်တွင်း မပုန်းဘဲ လည်ကြ ပတ်ကြမယ်လို့ ပြောဆိုသံတွေကို ကြားနေရပါတယ်။

ဧပြီလဟာ ပူပြင်း ခြောက်သွေ့လှတဲ့ နွေရာသီလည်း ဖြစ်ပြီး နေရာဒေသ တော်တော်များများမှာ ခရမ်းလွန် ရောင်ခြည် အမြင့်ဆုံး အညွှန်းကိန်း ရောက်ရှိနေတဲ့အပြင် အပူချိန်မြင့်နေတဲ့ ကာလလည်း ဖြစ်တာကြောင့် သင်္ကြန်ကာလမှာ ဖြစ်ပေါ် တတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို သတိထားကြစေဖို့ ကျွမ်းကျင်သူတွေကလည်း သတိပေးထား ကြပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာ ဆိုရင်တော့ဖြင့် ဧပြီလ ၉ ရက်နေ့မှာ တပြည်လုံး လွန်ကဲအဆင့် တွင်ရှိနိုင်ကြောင်း ကို မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားပါတယ်။

သင်္ကြန်ကာလ လည်ကြပတ်ကြသူတွေ အများဆုံး ရင်ဆိုင်ရတတ်တဲ့ ကျန်းမာရေး ပြဿနာကတော့ အရေပြား ကျန်းမာရေး နဲ့ အပူရှပ်ခြင်းတို့တွေ ဖြစ်တယ်လို့ အနောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မျိုးသန့်က ပြောပါ တယ်။

“အထူးသဖြင့်ကတော့ အပူရှပ် (Heat Stroke) တာပေါ့။ အပူထဲမှာ သွားလာမယ်။ ရေစိုလိုက် ပူလိုက် ဖြစ်တာပေါ့။ အသက် ကြီးတဲ့သူတွေဆို ရာသီဥတုကလည်း ပူတယ်၊ နောက် ရေတွေနဲ့ ထိတယ်ဆိုရင် ပူလိုက် အေးလိုက် ဖြစ်တဲ့အခါမှာ ပိုပြီးတော့ ဆိုးရွားတာမျိုး ဖြစ်တတ်တယ်။ အဲဒါတွေ ကတော့ သတိထားဖို့ လိုတယ်” လို့ သူက သတိပေးပါတယ်။

အပူရှပ်တာ အပြင် နွေနေပူပူမှာ မသန့်ရှင်းတဲ့ အစားအသောက်တွေကို စားသုံးမိတာကြောင့် ဝမ်းပျက် ဝမ်းလျှောလည်း ဖြစ် ပွား နိုင်တယ်လို့ ဒေါက်တာ မျိုးသန့်က ဆိုပါတယ်။

သင်္ကြန်ကာလက စည်းချက်ဝါးချက်တွေကြား ကခုန်မြူးတူးရတာ အသက်ရွယ်ကြီးငယ် မရွေး ပျော်ရွှင်စရာ ပွဲတော် တခု ဖြစ်ခဲ့ပေမယ့် ယခု နောက်ပိုင်းမှာ အရုပ်ဆိုး အကျည်းတန်စေတဲ့ အရှိန်အားပြင်းလွန်းတဲ့ ရေပိုက်တွေနဲ့ ဖြန်းပက်တာ ကြောင့် နားထဲကို ရေဝင်ရင် နားအူခြင်း၊ နားကိုက်ခြင်း၊ နားစည်ကွဲထွက်ခြင်း စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုပါ ခံစားရနိုင် တယ်လို့ ဆေးဘက်ဆိုင်ရာ ဆရာဝန်တချို့ကလည်း ပြောပါတယ်။

ဒါ့အပြင် ရေပေါင်းစုံကြောင့် အရေပြားဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့ရနိုင်သေးတယ်လို့လည်း ဆိုပါတယ်။

ယမန်နှစ် သင်္ကြန်ကာလ လည်ပတ် ရေကစားနေကြသူများ / ဧရာဝတီ

နေပြင်းလွန်းလို့ နေလောင်တာအပြင် အရေပြားစိုလိုက်၊ ခြောက်လိုက်ဖြစ်ပြီး မသန့်ရှင်းတဲ့ ရေတွေကြောင့် အရေပြားမှာ ဆိုရင် မွေးကျွတ်နာတွေ၊ အနီဖုတွေ၊ ယားနာတွေလည်း ဖြစ်တတ်တယ်လို့ အရေပြား အထူးကု ဆရာဝန်ကြီး ဒေါက်တာ စိုးဝင်းဦး က ပြောပါတယ်။

“ထမင်းစားချိန်မှာ ပြန်ခြောက်လိုက် နောက် ပြန်စိုလိုက်ဖြစ်နေတဲ့ အခါကျတော့ အရေပြားက ရိလာတယ်။ အဲဒီမှာ အရေပြား ရဲ့ ပင်မလုပ်ငန်း တာဝန်ဖြစ်တဲ့ ရောဂါပိုးတွေ၊ ပြင်ပက ပိုးမွှားတွေကို ခုခံကာကွယ် တားဆီးတဲ့ လုပ်ငန်းက လျော့ လာတဲ့ အတွက်ကြောင့်မို့ ပြင်ပကနေ ပိုးမွှားတွေ မသန့်တာတွေ ဝင်ပြီးတော့ ကိုယ်ခန္ဓာ အရေပြားမှာ ပြဿနာတွေ ဖြစ် တတ်တယ်” လို့ သူက ပြောပါတယ်။

ဆက်လက်ပြီး “တံတောင်ဆစ်ကွေးတို့ ပေါင်တို့ ခါးတို့ ချိုင်းတို့ လည်ပင်းတို့လို နေရာတွေမှာ အယားဖုတွေ အနီဖုတွေ ရုတ် တရက် ပေါ်လာပြီးတော့ မနေနိုင်အောင် ယားမယ်။ ကုပ်လိုက်တဲ့အခါမှာ အရည်တွေ ထွက်မယ်။ နောက် ပိုးဝင်တာ တွေ ဖြစ်တတ်တယ်”လို့လည်း ဒေါက်တာ စိုးဝင်းဦးက ရှင်းပြပါတယ်။

ခရမ်းလွန် ရောင်ခြည်ကြောင့် အဝတ်အစား အကာအကွယ်မရှိတဲ့ လက်မောင်း၊ မျက်နှာ၊ လည်ပင်း စတဲ့ နေရာတွေမှာ အသားမည်း သွားတာ၊ အရေပြား နီတာ၊ စပ်တာ၊ ယားယံတာ စတဲ့ နေလောင်တဲ့ ပြဿနာတွေ အဖြစ် များကြတယ်လို့ လည်း သိရပါတယ်။

နေလောင်ဒဏ်ကို ကာကွယ်နိုင်ဖို့ အတွက် သင်္ကြန်ထွက်လည် ကတည်းက လက်ရှည်ဝတ်ခြင်း၊ Lotion အရေပြား အလှ ဆီ များ လိမ်းခြင်း၊ နေလောင်ခံ ခရင်မ်များ လိမ်းခြင်းများ ပြုလုပ်ရန် အလှဖန်တီးရှင် သုသုကလည်း တိုက်တွန်းပါတယ်။

“သင်္ကြန်က အခုနေပူတာကလည်း အရမ်းလွန်ကဲနေတော့ အပြင်ထွက်မယ်ဆိုရင် လက်ရှည်ဝတ်ရမယ်။ ပြီးရင် SPF နေ ရောင်ကာ ခရင်မ် များများပါတဲ့ Lotion တွေ လိမ်းသင့်တယ်။ အဲဒီလိုမှ မဟုတ်ရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေများတယ်။ နောက် သင်္ကြန်ပြီးရင် အသားအရေ ပျက်စီးမယ်၊ ဆံပင်ပျက်စီးမယ်။ အဲဒါတွေကိုတော့ သတိထားရမယ်” လို့လည်း သုသု က ပြောဆိုပါတယ်။

ဆက်လက်ပြီး “အစ်မကတော့ အပြင်သွားရင် Sun cream လိမ်းတယ်။ အဓိကက အရေပြားကင်ဆာ ဖြစ်မှာ စိုးရိမ်ရတာ အခုအပြင်မှာက အပူချိန် ဒီဂရီက ပုံမှန်ထက် အများကြီး မြင့်တက်ပြီး လွန်ကဲနေတော့ အဲဒါကို အန်တုပြီးမှ ရေကစားမယ် ဆိုတော့ အကျႌ လက်ရှည်မျိုးလေးတွေ ဝတ်တာ။ အပူငြိမ်းဆေးလေးတွေတော့ သောက်တာ လုပ်သင့်တယ်လို့ ထင် တယ်” လို့လည်း သူက ထပ်မံပြောဆိုပါသေးတယ်။

အပူရှပ်တဲ့ ပြဿနာကို ရှောင်ရှားဖို့ နေပူအရှိန် အရမ်းပြင်းတဲ့ နေ့ခင်း ၁၂ နာရီကနေ ၂ နာရီလောက် အတွင်းထိ ရေမက စား ဘဲ အနားယူဖို့၊ မနက်ခင်းနဲ့ ညနေခင်းတွေမှာပဲ ကစားဖို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပါတယ်။

နေ့လယ်နေ့ခင်း ရေကစားခြင်းကို ရှောင်ရှားဖို့အပြင် သက်ကြီးရွယ်အိုများ အနေဖြင့်လည်း ရေစိုထားပြီဆိုရင် နေပူထဲသို့ ထွက်ခြင်းများကိုလည်း ရှောင်ရှားဖို့ လိုအပ်ကြောင်း၊ ဦးနှောက်သွေးကြော ပြတ်တာတို့ ဖြစ်တတ်တာကြောင့် ငယ်ရွယ် သူများ အဖို့လည်း မပေါ့ဆသင့်ကြောင်း ကျန်းမာရေး ပညာရှင်များက သတိပေး ပြောဆိုထားပါသေးတယ်။

တကယ်လို့ ရုတ်တရက် အပူရှပ်တာမျိုး ဖြစ်ရင်လည်း နီးစပ်ရာ အစိုးရ ဆေးရုံကြီး အရေးပေါ်ဌာန တွေက ၂၄ နာရီဖွင့်ထား သလို မြို့နယ် ဆေးခန်းတွေကိုလည်း ရုံးချိန်အတွင်း သွားရောက် ပြသနိုင်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး (ခေတ္တ) ဒေါက်တာ နုနုကြည်က ဆိုပါတယ်။

မဟာသင်္ကြန် ကာလအတွင်း ရန်ကုန် အထွေထွေဆေးရုံကြီး အရေးပေါ်ဌာနမှာလည်း ပုံမှန် တာဝန်ချထားတဲ့ ဝန်ထမ်း အင်အားထက် ၂ ဆနီးပါးခန့် တိုးပြီး တာဝန်ခွဲဝေ ချထားပေးတယ်လို့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂီမြင့် ကလည်း ဧရာဝတီကို ပြောပါတယ်။

ဒါ့ပြင် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီး မဏ္ဍပ်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ဖို့လည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။

ဧပြီလ ၉ ရက်နေ့က အပူချိန်ဆိုရင် ရန်ကုန်မှာ အမြင့်ဆုံး အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်၊ မန္တလေး ၃၂ ဒီဂရီစင်တီဂရိတ် နဲ့ နေပြည်တော်မှာ ၃၁ ဒီဂရီစင်တီဂရိတ် တို့ ဖြစ်နေပြီး ထူးခြားတဲ့ နေ့အပူချိန်များအနေနဲ့ မကွေးမြို့နဲ့ ငါးသိုင်းချောင်း မြို့ တွေမှာ ၃၈ ဒီဂရီ စင်တီဂရိတ်စီ ဖြစ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန က ထုတ်ပြန်ပါတယ်

ယမန်နှစ် သင်္ကြန်ကာလ လည်ပတ် ရေကစားနေကြသူများ / ဧရာဝတီ

မြင့်မားနေတဲ့ နေအပူချိန်တွေကြောင့် အရေပြားပြဿနာတွေ မကြုံတွေ့ရအောင် ကြိုတင် ကာကွယ်ဖို့လည်း လိုသလို ဖြစ် လာရင်လည်း ကုသဖို့ လိုတယ်လို့ အရေပြား အထူးက ုဆရာဝန်ကြီး ဒေါက်တာ စိုးဝင်းဦးကလည်း ပြောပါတယ်။

“သင်္ကြန်အတွင်း လည်ချင်တယ်ဆိုရင်တော့ တတ်နိုင်ရင် အကျႌကို လက်ရှည်လိုမျိုး ဝတ်တာတို့၊ နောက်ပြီး ရေစိုခံနေကာ ခရင်မ် လိမ်းတာတို့၊ သင်္ကြန်အတွင်းကတော့ ရေစိုခံနေကာခရင်မ် လိမ်းမှရမယ်၊ ရိုးရိုးနေကာခရင်မ် လိမ်းလို့မရဘူး။ ရေစိုခံ ပါရမယ် Water Resistance ဖြစ်ရမယ်။ အဲဒါတွေ လိမ်းပြီးတော့ ထွက်တာကောင်းတယ်” လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့မှာ အထင်ကရ စည်ကားတဲ့ နေရာမျိုးတွေဖြစ်တဲ့ ကန်တော်ကြီး တလျှောက် အင်းယားကန် တလျှောက် ဘက် မှာ လည်း ရေသန့်ရှင်းမှု မရှိတာကြောင့် ရေပက်ခံ ထွက်ပြီးတဲ့နောက်မှာ ယားယံမှုတွေ ဖြစ်ပွားရတယ်လို့ ကုမ္ပဏီ ဝန်ထမ်း တဦး ဖြစ်တဲ့ မစုမြတ် က ပြောပါတယ်။

“တနှစ်က ကန်တော်ကြီးမှာ ရေပက်ခံထွက်လိုက်တာ။ တကိုယ်လုံး ယားယံပြီး ကုတ်လေ ယားလေ။ မကုတ်ဘဲလည်း မနေ နိုင်ဘူး။ ကုတ်တာကြောင့် အဖုအပိန့်တွေ အချပ်လိုက်တွေ ဖြစ်လာတယ်။ ၁ လ ၂ လလောက်ထိ မပျောက်ဘူး။ ဆေးခန်း ပြ ဆေးကုယူရတယ်။ နောက်နှစ်တွေမှာ ထွက်လည်ရမှာကို ကြောက်သွားတဲ့အထိပဲ” လို့ သူ ကြုံခဲ့ရတာကို ပြောပြ ပါ တယ်။

မဏ္ဍပ်တွေကို ရေပေးဝေမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အနေနဲ့ကတော့ ရေတွေကို သန့်ရှင်း မှု ရှိစေရန်အတွက် သင်္ကြန်မတိုင်ခင် ၂ ပတ်ကြိုတင်ပြီးတော့ အင်လျားနဲ့ ကန်တော်ကြီးက ရေများကို အမှိုက်များ၊ ဒိုက်မှော် များ ဆယ်ယူပြီး ဓာတု ဆေးခပ်တဲ့ လုပ်ငန်းများကို နှစ်စဉ် လုပ်ဆောင်လေ့ ရှိကြောင်း YCDC အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) က သိရ ပါတယ်။

ရေပက်ခံထွက်ပြီး ပြန်လာပြီဆိုရင် ယားတဲ့ နီတဲ့စပ်တဲ့ နေရာတွေ နေလောင်တဲ့ နေရာတွေကို ရေခဲရေအဝတ်လေး ကပ်၊ သနပ်ခါး ရေကြဲလိမ်း ဒါမှမဟုတ် အေးပြီးခြောက်သွေ့စေတဲ့ Lotion တွေ ပြန်လိမ်းပေးရမှာဖြစ်ပြီး လိုအပ်လာရင်တော့ အယားပျောက် ဆေးလေးတွေ သောက်ပေးသင့်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုထားပါတယ်။

ဒေါက်တာ မျိုးသန့်ကလည်း “ရေတွေဘာတွေ မသန့်ဘူးဆိုရင် ရေကနေမှ တဆင့် ကူးစက်ရောဂါတွေ၊ အဝတ်တွေကလည်း မသန့်ဘူးဆိုရင် ဖြစ်တတ်တဲ့ ဝဲရောဂါတို့ ပွေးရောဂါတို့ မှိုစွဲတဲ့ ရောဂါတွေ ဘာတွေလည်း ဖြစ်တတ်တယ် ဆိုတော့ သင်္ကြန်က လည်ပြီး ပြန်လာပြီဆိုရင် ရေသန့်သန့်နဲ့ ချိုးသင့်တယ်၊ အဝတ်အစား သန့်သန့်ပြန့်ပြန့်ကို ပြန်လဲသင့်တယ်” လို့ အကြံပြု လိုက်ပါတယ်။ ။

The post သင်္ကြန်မှာ သတိထားစရာ ကျန်းမာရေး ပြဿနာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...