၂၀၁၅ ခုနှစ်ရွေးကောက်ပွဲပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ အမည်စာရင်းတင်သွင်းခဲ့သူ ဦးထင်ကျော်သည် တိုင်းပြည်၏ သမ္မတသစ်အဖြစ် လွှတ်တော်က တင်မြှောက်ခြင်းခံရသည်မှာ နှစ်နှစ်တိုင်တိုင်ရှိခဲ့ပြီး ယခုအခါ ကျန်းမာရေးမကောင်း၍ ရာထူးမှ နုတ်ထွက်ကာ အနားယူသွားပြီ ဖြစ်သည်။
သမ္မတ ဦးထင်ကျော် ရာထူးမှ နုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်ပြီး လစ်လပ်သွားသည့် နိုင်ငံတော် သမ္မတ ရာထူးကို အလုပ်လုပ်ရက် ၇ ရက်အတွင်း ဖြည့်စွက်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။
နုတ်ထွက်သွားသော သမ္မတ ဦးထင်ကျော်သည် မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတနှင့် ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးရွေးကောက်ခံ အရပ်သားသမ္မတ ဖြစ်ခဲ့သည်။ သူသည် ရွေးကောက်ခံ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ပါဝင်သည့် လွှတ်တော်တွင် သမိုင်းဝင်မဲပေးခြင်းနှင့်အတူ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာသိမ်းအစိုးရ၏ ဆယ်စုနှစ်များစွာကြာ အုပ်ချုပ်မှုကို အဆုံးသတ်နိုင်ခဲ့မှု၏ ပြယုဂ် ဖြစ်သည်။
ဦးထင်ကျော် နုတ်ထွက်မှုနှင့် တပြိုင်နက် ဧရာဝတီက ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကတည်းက မြန်မာသမ္မတများ၏ စာရင်းကို အကျဉ်းချုံး ပြုစုထားပါသည်။
စဝ်ရွှေသိုက် (၁၈၉၄-၁၉၆၂)
စဝ်ရွှေသိုက်သည် ရှမ်းလူမျိုးတစ်ဦးဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေ၏ နောက်ဆုံးစော်ဘွား (သို့မဟုတ်) မျိုးရိုးအရ မင်းသားဖြစ်သည်။ စဝ်ရွှေသိုက်သည် မြန်မာနိုင်ငံ ဇန်နဝါရီလ လွတ်လပ်ရေးရရှိသည့်နေ့မှ စတင်၍ တိုင်းပြည်တာဝန်ကို ဝန်ကြီးချုပ်ဦးနုနှင့်အတူ ဦးဆောင်ထမ်းရွက်ခဲ့သည်။
သမ္မတမဖြစ်မီက စဝ်ရွှေသိုက်သည် ဗြိတိသျှစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်အာဏာသိမ်းသည့်အခါ ရှမ်းမင်းသားမှာ ဖမ်းဆီးချုပ်နှောင်ခံရသည်။ သူသည် နောက်ပိုင်းတွင် အကျဉ်းစံဘဝဖြင့် ကွယ်လွန်ခဲ့သည်။
ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)
ဒေါက်တာဘဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက်သမ္မတနှင့် ဗမာလူမျိုးဖြစ်သည်။ ၎င်းသည် ကိန်းဘရစ်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရပြီး စဝ်ရွှေသိုက်၏ သမ္မတရာထူးကို ၁၉၅၂ ခုနှစ်၊ မတ်လတွင် မဆက်ခံမီအချိန်အထိ မြန်မာနိုင်ငံ၊ တရားရုံးချုပ်တွင် တရားသူကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ သမ္မတရာထူးကို ၁၉၅၇ ခုနှစ်၊ မတ်လအထိ ၅ နှစ်ထမ်းဆောင်ခဲ့သည်။
မန်းဝင်းမောင် (၁၉၁၆-၁၉၈၉)
မန်းဝင်းမောင် ကရင်လူမျိုး၊ ဗုဒ္ဒဘာသာဝင်ဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတဖြစ်သည်။
ယခင်အစိုးရဟောင်း ဝန်ကြီးတဦးအနေဖြင့် ၁၉၅၇ ခုနှစ်၊ မတ်လတွင် ဒေါက်တာဘဦး၏ သမ္မတရာထူးကို ဆက်ခံရန် ဝန်ကြီးချုပ်ဦးနု၏ ရွေးချယ်ခြင်းခံရသည်။ ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်အာဏာသိမ်းမှုအဖြစ် ဦးနုအစိုးရကို ဖြုတ်ချသည့်အချိန် ၁၉၆၂ ခုနှစ်၊ မတ်လအထိ မန်းဝင်းမောင်က သမ္မတရာထူးထမ်းဆောင်ခဲ့သည်။ ယင်းနောက် သူသည် ၅ နှစ် အကျဉ်းကျခံခဲ့ရသည်။
ဗိုလ်ချုပ်ကြီးနေဝင်း (၁၉၁၀-၂၀၀၂)
ငယ်အမည် ရှုမောင်ဟုခေါ်သူ ဦးနေဝင်းသည် ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရဟုဆိုသည့် စစ်တပ်က အာဏာထိန်းသည့်ကာလတွင် မြန်မာနိုင်ငံကို ခေတ္တမျှ ထိန်းချုပ်ခွင့်ရလာသည်။ သူသည် အမြဲတမ်း အာဏာရယူထားနိုင်ရန် ၁၉၆၂ ခုနှစ်၊ မတ်လတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးအကဲနေရာကို ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်အထိ နှစ်ပေါင်း ၂၀ နီးပါးရယူထားခဲ့သည်။
တရုတ်-ဗမာကပြား တပ်မှူးတယောက်ဖြစ်သည့် သူသည် ၁၉၆၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) ကို တည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ် ၁၉၈၈ ခုနှစ်အထိ တာဝန်ယူလျက် ယင်းနှစ် ကျောင်းသားများ ဆန္ဒပြအုံကြွမှုဖြစ်နေစဉ်အတွင်း ရာထူးမှ နုတ်ထွက်ခဲ့သည်။ ယင်းကာလတလျှောက်လုံး မဆလသည် တိုင်းပြည်တွင် တခုတည်းသော တရားဝင်ပါတီအဖြစ် ရပ်တည်ပြီး ဦးနေဝင်းက စီးပွားရေးလုပ်ငန်းများ ပြည်သူပိုင်သိမ်းခြင်းနှင့် ပြင်းထန်သော လူမျိုးရေးမုန်းတီးမှုကာလတခုဆီသို့ တိုင်းပြည်ကို သွတ်သွင်းခဲ့သည်။ စုစုပေါင်း ၂၆ နှစ်တာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဦးနေဝင်း ရပ်တည်နေခဲ့သည်။ နောက်ပိုင်းတွင် သူသည် ရန်ကုန်မြို့တွင် နေအိမ်အကျယ်ချုပ်ကျခံရင်း ကွယ်လွန်သွားခဲ့သည်။
ဗိုလ်ချုပ်ကြီးစန်းယု (၁၉၁၈-၁၉၉၆)
တရုတ်-ဗမာကပြားတဦးလည်း ဖြစ်သူ ဗိုလ်ချုပ်ကြီးစန်းယုသည် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ပြီး ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံဟုလည်းခေါ်ဆိုသည့် တိုင်းပြည်၏ ပဉ္စမမြောက်သမ္မတဖြစ်သည်။ ဦးနေဝင်းက မဆလပါတီဥက္ကဋ္ဌလုပ်နေစဉ်အတွင်း သူသည် သမ္မတရာထူးကို ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလမှ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လအထိ ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးစန်းယုသည် သမ္မတမဖြစ်လာမီ စစ်တပ်က ရေးဆွဲသည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲရေးတွင် အရေးပါသည့်အခန်းကဏ္ဍက ပါဝင်ခဲ့သည်။
ဗိုလ်မှူးချုပ်စိန်လွင် (၁၉၂၃-၂၀၀၄)
ဗမာလူမျိုးတဦးဖြစ်သူ ဗိုလ်မှူးချုပ်စိန်လွင်သည် ဒီမိုကရေစီအရေး လှုပ်ရှားတောင်းဆိုမှု ရေချိန်မြင့်တက်နေစဉ်ကာလအတွင်း ဆဋ္ဌမမြောက်သမ္မတအဖြစ် ၁၄ ရက်မျှသာ ထမ်းဆောင်ခဲ့ရသည်။ သူ အာဏာရခဲ့သည့်ကာလသည် ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၁၂ အထိဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်တွင် ရန်ကုန်ဆေးရုံကြီးအနီး ဆန္ဒပြကျောင်းသားများကို ပစ်သတ်ရန် အမိန့်ပေးခဲ့သဖြင့် ရန်ကုန်မြို့၏ သားသတ်သမားဟု လူသိများထင်ရှားသည်။ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေစဉ် ဗိုလ်မှူးချုပ်စိန်လွင် ပြုတ်ကျသွားခဲ့သည်။ သူ့ကို အစိုးရက နှစ်ပေါင်းများစွာကြာသည့်တိုင် စောင့်ရှောက်ထောက်ပံ့ခဲ့ရကြောင်း ပြောကြသည်။
ဒေါက်တာမောင်မောင် (၁၉၂၅-၁၉၉၄)
ဗမာလူမျိုးတဦးဖြစ်သူ ဒေါက်တာမောင်မောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ သတ္တမမြောက်သမ္မတဖြစ်ပြီး ထင်ရှားသည့်စာရေးဆရာတဦးလည်း ဖြစ်သည်။ သူသည် ဥပဒေပညာကို နယ်သာလန်နိုင်ငံ၊ Utrecht တက္ကသိုလ်နှင့် အမေရိကန်နိုင်ငံ၊ ယေးလ်တက္ကသိုလ်တို့တွင် သင်ယူခဲ့ပြီး ဦးနေဝင်း၏ မဆလပါတီအစိုးရအောက်တွင် တရားသူကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဗိုလ်ချုပ်ကြီးစောမောင်ခေါင်းဆောင်သည့် စစ်တပ်က အာဏာမသိမ်းမီ ဒေါက်တာမောင်မောင်သည် သမ္မတအဖြစ် ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်မှ စက်တင်ဘာလ ၁၈ ရက်အထိ တလသာ ထမ်းဆောင်ခဲ့ရသည်။ ယင်းနောက် အစိုးရ၏ အမည်ကို ခေတ်ကာလအလျောက် ပြောင်းလဲခဲ့ရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကဲ့သို့ စစ်ခေါင်းဆောင်များဦးဆောင်လျက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေကောင်စီဟု ခေါ်ဆိုခဲ့သည်။ အဆိုပါကာလမှ ၂၀၁၁ ခုနှစ်အထိ တိုင်းပြည်တွင် သမ္မတဟူသောရာထူးဖြင့် နောက်ထပ်ခေါင်းဆောင် ပေါ်ထွက်မလာခဲ့ချေ။
ဦးသိန်းစိန် ( ၁၉၄၅- )
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သပိတ်မှောက်ပြီး အနောက်အုပ်စု တိုင်းပြည်များက လွတ်လပ်၍ တရားမျှတမှုမရှိဟု သတ်မှတ်ခြင်းခံရသော ရွေးကောက်ပွဲအပြီး စစ်ဗိုလ်ချုပ်ကြီး အသွင်ပြောင်း နိုင်ငံရေးသမားကို အဋ္ဌမမြောက်သမ္မတအဖြစ် ၂၀၁၁ ခုနှစ်၊ မတ်လတွင် ပြည်ထောင်စုလွှတ်တော်က ရွေးကောက်တင်မြှောက်ခဲ့သည်။
ဦးသိန်းစိန်သည် ယခင်စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် သူသည် စစ်တပ်၌ ဒုတိယဗိုလ်ချုပ်ကြီးရာထူးမှ အငြိမ်းစားယူလိုက်ပြီး စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဦးဆောင်ခဲ့သည်။ တိုင်းပြည်၏သမ္မတအဖြစ် ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်အထိ ထမ်းဆောင်ခဲ့သည်။
ဦးထင်ကျော် ( ၁၉၄၆- )
လက်ရှိသမ္မတဖြစ်သူ ဦးထင်ကျော်ကို ၁၉၄၆ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမျိုးသားစာဆို မင်းသုဝဏ်၏ ဒုတိယသားဖြစ်ပြီး လန်ဒန်တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဘာသာရပ် လေ့လာဆည်းပူးပြီး ဘွဲ့ရခဲ့သည်။ သူ့မိသားစုမှာ နိုင်ငံရေးအစဉ်အလာကြီးမားပြီး ဖခင်ကြီး မင်းသုဝဏ်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အရွေးချယ်ခံရသကဲ့သို့ ဦးထင်ကျော်၏ယောက္ခမဖြစ်သူ ဦးလွင်သည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူတဦးဖြစ်သည်။
အကျိုးအမြတ်မယူဘဲ ကျန်းမာရေးနှင့် ပညာရေးထောက်ပံ့နေသော ဖောင်ဒေးရှင်းတခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်အမည်ကို ဂုဏ်ပြုခေါ်ဝေါ်ထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင် ဦးထင်ကျော်သည် ထိပ်တန်းအမှုဆောင်တဦးဖြစ်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်၏ ညာလက်ရုံး ယုံကြည်စိတ်ချရသူအဖြစ် သတ်မှတ်ခံရပြီး NLD ပါတီတွင်း၌လည်း ရိုးသားသူအဖြစ် ဂုဏ်သတင်းရှိသည်။ သူ့ဇနီးဖြစ်သူ ဒေါ်စုစုလွင်မှာ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
ဦးထင်ကျော်သည် စာရေးဆရာတဦးလည်းဖြစ်ပြီး မွန်နှင့်ဗမာအမွေအနှစ်နှစ်ခုစလုံး ဆက်ခံလျက် ထင်ရှားသည့်မွန်စစ်ပွဲကို အစွဲပြုလျက် သူ့ဖခင်ကြီး ရွေးချယ်ပေးသည့် ဒလဘန်းဟူသော ကလောင်အမည်ဖြင့် စာပေများ ရေးသားလေ့ရှိသည်။ သူ့ဖခင်ကြီးအကြောင်း ရေးသားထားသည့် စာအုပ်တအုပ်ကို ၂၀၀၉ ခုနှစ်တွင် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ၎င်း၏သမ္မတရာထူးသက်တမ်းမှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း ၂၀၁၈ မတ်လ ၂၁ ရက်တွင် နုတ်ထွက်ခဲ့သည်။
(အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလိုပါက Myanmar′s Presidents Since Independence တွင် ဖတ်ပါ)
The post လွတ်လပ်ရေးရပြီးကတည်းက မြန်မာသမ္မတများ appeared first on ဧရာဝတီ.