တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးဖို့ မွန်ပြည်သစ်ပါတီ အနေနဲ့ အရေးပေါ် အစည်းအဝေးတရပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလမတိုင်ခင်က ပါတီ ဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် အများစုက NCA လက်မှတ်ထိုးဖို့ မဲပေးကြတဲ့ အခါ ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က စိတ်ဆိုး မာန်ဆိုးနဲ့ အစည်းအဝေးထဲမှာပဲ “ငါတို့ စားပြီးသားထမင်းကျန်ကို နေလှမ်းမယ်။ ငါတို့ တိုက်မယ် ဒီစစ်ကို။ ဒါပေမယ့် အခု ဒီ အစည်းအဝေးခန်းထဲကနေ စစ် မတိုက်ချင်သူတွေ ထွက်သွားလို့ရပြီ” လို့ ပြောပါတယ်။
ဥက္ကဋ္ဌကြီးက မွန်ပြည်သစ်ပါတီ အနေနဲ့ NCA ထိုးမယ့် ကိစ္စကို တချက်လွှတ် အခွင့်အာဏာကို သုံးပြီး အခြားသော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များနှင့် အတူ NCA ကို လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါဘူး။
၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ လူမျိုးစုလက်နက်ကိုင် အဖွဲအစည်း ၈ ခုတို့က NCA ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် မွန်တို့ဟာ အဓိကအားဖြင့် ၎င်းတို့၏ မဟာမိတ်တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် အခြားသော (UNFC) အဖွဲ့ဝင်များကြောင့် လက်မှတ်မထိုးခဲ့ပါ။
နိုင်ထောမွန်နှင့် ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာတို့က NCA လက်မှတ်ထိုးခြင်းကို အဓိက ကန့်ကွက်တဲ့ ခေါင်ဆောင်တွေ ဖြစ်ပါတယ်။ သို့ပေမယ့် သူ့တို့ရဲ့ လက်အောက် ဗဟိုကော်မတီအဖွဲ့ဝင် အများစုက စစ်တိုက်ရတာထက် အစိုးရနဲ့ ဆွေးနွေးရတာကို ပိုပြီး စိတ်ဝင်စားတဲ့ အတွက် NCA ထိုးဖို့ အတွက် မဲအများစု ထည့်ကြပါတယ်။
UNFC အစည်းအဝေး တခုလုပ်နေစဉ်ကလည်း မဟာမိတ် အဖွဲ့အစည်းကနေ နုတ်ထွက်မယ့် KNU အပါအဝင် အခြား အဖွဲ့အစည်းတွေကို နိုင်ထောမွန်က “ခင်ဗျားတို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်း စာအုပ်တွေ ဖတ်ကြရဲ့လား” လို့လည်း ဝေဖန်ခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီဟာ ထိုအချိန်က KIA နှင့် UNFC တို့နဲ့ ရပ်တည်ဖို့ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ယုံကြည်မှု ရှိခဲ့ပါတယ်။
အဲဒီတုန်းက မွန်ပြည်သစ်ပါတီနဲ့ UNFC ကို ကြည့်လိုက်လျှင် တသားတည်းလိုလို ဖြစ်နေတဲ့ အချိန် ဖြစ်ပြီး ၎င်းတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို မေးတဲ့ အခါတိုင်း မွန်ပြည်သစ်ပါတီက NCA နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်ရေး UNFC ရဲ့ နိုင်ငံရေး ရပ်တည်မှု အတိုင်း အမြဲတမ်း ရပ်တည်တယ် လို့ ဖြေပါတယ်။
သို့ပေမယ့် UNFC မှ ပလောင်၊ ရခိုင် (အေအေ) နဲ့ ကိုးကန့်တပ်ဖွဲ့တို့ အဖွဲ့ဝင် အဖြစ်ကနေ ထွက်သွားတဲ့ အခါ မွန်ပြည်သစ် ပါတီ အနေနဲ့ စိတ်မကောင်းဖြစ်ခဲ့ ပေမယ့် ၎င်းတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက် မပြောင်းခဲ့ပါ။ KIA နဲ့ ရှမ်းမြောက်တပ်ဖွဲ့တို့ UNFC အဖွဲ့ကနေ နုတ်ထွက်လိုက်ပြီးနောက် မွန်ပြည်သစ်ပါတီအနေနဲ့ အတော် စိတ်ထိခိုက်သွားတယ်။ အဲဒီအတွက် ပါတီရဲ့ ဗဟိုကော်မတီဝင်တွေက ဥက္ကဋ္ဌကြီးကို NCA ထိုးဖို့ တဖန် စည်းရုံး သိမ်းသွင်းဖို့ အားကောင်းလာပါတယ်။
မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ဗဟိုကော်မတီဝင် အများစုရဲ့ စိတ်ထဲကတော့ “ကျနော်တို့ လက်မှတ်ထိုးမယ်။ ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲထဲ ပါဝင်ကြည့်မယ်။ ဆွေးနွေးပွဲကနေ တဆင့် ကိုယ့် မွန်တိုင်းရင်းသား အခွင့်အရေး ရကောင်းရမယ်။ မရဘူး ဆိုရင်တော့ လက်နက်ကိုင် ပြန်တိုက်မယ်” ဆိုတဲ့ အချက်တွေ ရှိနေပါတယ်။
အခြားတချက်က မွန်ပြည်သစ်ပါတီ ခေါင်းဆောင် အများစုက အသက်အရွယ်ကြီးလာကြပြီ ဖြစ်တာကြောင့် တောထဲမှာ ပြန်နေပြီး စစ်ပြန်တိုက်ရမှာကို မလိုလားကြတော့ပါ။ အပစ်အခတ်ရပ်စဲရေး ကာလရှည်ကြာလာပြီးနောက် ၎င်းတို့ဟာ မွန်ပြည်နယ်တွင် အခြေချကာ မိသားစုများ၊ အိုးအိမ်များနဲ့ ဖြစ်လာကြပါတယ်။
နောက်ထပ် အကြောင်းရင်း တခုကတော့ မြန်မာတပ်မတော်နဲ့ ယှဉ်တိုက်ဖို့ တပ်ဖွဲ့ဝင် အင်အားလည်း အလုံအလောက် မရှိတော့တာကြောင့် ဖြစ်တယ် လို့ ခေါင်းဆောင်ပိုင်းများ အဆိုအရ သိရပါတယ်။ ပါတီမှာ အချိန်ပြည့် တာဝန် ထမ်းဆောင် နေသူ ၁၅၀၀ ခန့်သာ ကျန်တော့ပြီး ကျန်သူများက တပ်ထဲတွင် မနေဘဲ မိသားစုနဲ့ အတူ နေထိုင်နေကြတာ ဖြစ်ပါတယ်။
UNFC နဲ့ ‘ဝ’ တို့ နိုင်ငံရေးနောက်ကွယ်
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဟာ UNFC ပြိုကွဲသွားတာကို လိုလားကျေနပ်ပါတယ်။ UNFC ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ရင် အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံတကာ အသိုင်းအဝန်းတို့က အသိအမှတ်ပြုတဲ့ တခုတည်းသော မဟာမိတ်အဖွဲ့ ဖြစ်ပါတယ်။
UWSA က ၎င်းတို့ရဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို မြန်မာအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းတို့က အသိအမှတ် ပြုစေလိုတယ်။ UNFC မရှိတော့တဲ့အခါ မြောက်ပိုင်းမဟာမိတ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာတဲ့ တခုတည်းသော လူမျိုးစု အုပ်စုဖြစ်လာပြီး ငြိမ်းချမ်းရေး အကူအညီတွေ ရရှိမှာ ဖြစ်ပါတယ်။
UNFC ကို အားနည်းလာအောင် UWSA ရဲ့ ကနဦးလုပ်ဆောင်မှုက တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့် တပ်မတော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တို့ကို ၎င်းရဲ့ မဟာမိတ်အုပ်စု အတွင်း စည်းရုံးခေါ်ဆောင်ရေးဖြစ်တယ်။
‘ဝ’ ပြည်နယ် ပန်ခန်းမှာ မကြာခဏဆိုသလို အစည်းအဝေးများကို UNFC နဲ့ တပြိုင်တည်းကျင်းပ ပါတယ်။ ယင်း အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာခြင်းကို တပ်မတော်က အသိအမှတ်မပြုတာကြောင့် ထိုအဖွဲ့ ၃ ဖွဲ့ဟာ နောက်ဆုံးမှာ UNFC ကနေ နုတ်ထွက်ခဲ့ပါတယ်။
UWSA က KIA နဲ့ SSPP တို့ကိုလည်း UNFC မှ နုတ်ထွက်ဖို့ ဖိအားပေးခဲ့ပါတယ်။
နိုင်ငံတကာ အသိုင်းအဝန်းက UWSA ခေါင်းဆောင်တချို့ကို ဘိန်းဘုရင်အဖြစ် သတ်မှတ်ပြီး ၎င်းတို့အတွက် ဖမ်းဝရမ်းများလည်း ထုတ်ထားတာ ရှိပါတယ်။ သို့ပေမယ့် UWSA ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ၎င်းရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ခံလိုပြီး အနာဂတ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်လိုတာ ဖြစ်ပါတယ်။
UWSA ဟာ တရုတ်နိုင်ငံရဲ့ သြဇာ လွှမ်းမိုးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် ကချင်နဲ့ ရှမ်းပြည်သူတွေက မိမိတို့ရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို UNFC ကနေ နုတ်ထွက်ပြီး UWSA နဲ့ ပူးပေါင်းတာကို မလိုလားကြပါ။
ဒီအပေါ်မှာလည်း ဝေဖန်မှုများ ရှိနေတဲ့ အတွက် ၂ ဖွဲ့စလုံးမှ ခေါင်းဆောင်တွေက ၎င်းတို့ဟာ ဘာကြောင့် မြန်မာနိုင်ငံရဲ့ အင်အား အကြီးမားဆုံး လူမျိုးစု လက်နက်ကိုင်ဖြစ်သော UWSA နဲ့ အတူရပ်တည်ရန် ဆုံးဖြတ်ရကြောင်းကို ၎င်းတို့ဟာ ကွန်မြူနစ်သြဇာ လွှမ်းမိုးမှုကို မကြိုက်သော်လည်း မြန်မာ့တပ်မတော်ကို အတူတကွ တိုက်ခိုက်ရန် ဖြစ်တယ် လို့ ပြောပါတယ်။ ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် လဝီဝမ်၏ Behind the Mon, UNFC and UWSA ကို ဘာသာပြန်သည်။)
The post မွန်၊ UNFC နဲ့ ‘ဝ’ တို့၏ နောက်ကွယ်က နိုင်ငံရေး appeared first on ဧရာဝတီ.