“ပန်းကောင်းအညွန့်ချိုး” ဆိုသည့် မြန်မာစကား ၏ အဓိပ္ပာယ်ကို အများသိကြပြီး ဖြစ်ပါသည်။
လက်ရှိ အချိန်တွင်ပင် ထိခိုက် နာကျင်ရရုံမျှမက ဖြူသည် မည်းသည် မသိရသေးသော အနာဂတ်ကာလကိုပါ ကြိုတင် ဖျက်ဆီး ခံလိုက်ရသည့် ဖြစ်ရပ်၊ ပန်းကောင်း အညွန့်ချိုးခံလိုက်ရသည့် ဖြစ်ရပ်တခု မြန်မာပြည် အထက်ပိုင်း ဒေသတခုတွင် ဖြစ်ပွားခဲ့ပါသည်။
ထိုဖြစ်ရပ်မှာ သက်ငယ် မုဒိမ်းမှု ဖြစ်ပါသည်။
အသက် ၇ နှစ် ကျော်ကျော်သာ ရှိသေးသော ကာယကံရှင် မိန်းကလေး၏ မိခင်က သွေးသားလည်း တော်စပ်သည့် ကျူးလွန် သူကို ဖြစ်နိုင်လျှင် အသက်ကိုပင် နုတ်ယူချင်ကြောင်း၊ ဥပဒေကြောင်းအရ ဆိုလျှင်လည်း အမြင့်ဆုံး ပြစ်ဒဏ် ချမှတ် စေလိုကြောင်း ပြောပြပါသည်။
“တသက်တကျွန်းကို ကျစေချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ မွေးချင်း အရင်းကြီးလည်း ဖြစ်တယ်။ ဒီကလေးက ငယ်ငယ် ရွယ်ရွယ်လည်း ဖြစ်တယ်။ အဲဒါကို ဖျက်ဆီးလို့ကို မကျေနပ်တာ။ ဖြစ်နိုင်ရင် တသက်တကျွန်းကို ကျစေချင်တယ်” ဟု လည်း ထိုမိခင်က ထုတ်ဖော် ပြောဆိုပါသည်။
အသက် ၃၂ နှစ်အရွယ် မိခင်တဦး၏ သားသမီး အတွက် သောကနှင့် မေတ္တာတရား ခံစားချက်က ဒေါသအာဃာတ အဖြစ် ပြောင်းလဲသွားမှုကို ဖွင့်ထုတ် ပြလိုက်ခြင်းပင် ဖြစ်ပါသည်။
ယင်းသို့ ပြောဆိုလိုက်ပြီးနောက် ဝင်းမှည့်နေသည့် စပါးခင်းများ ရှိရာဆီသို့ ငေးကြည့်ရင်း ခေတ္တခဏ တိတ်ဆိတ်ငြိမ်သက် သွားသည်။
မျက်ဝန်းအိမ်မှ လျှံကျလာသော မျက်ရည်စကို လက်နှစ်ဘက်နှင့် ခပ်ကြမ်းကြမ်း သုတ်ဖယ်လိုက်ရင်း ယခုနှစ် မေလ က ဖြစ်ပျက်ခဲ့သော ပန်းကောင်း အညွန့်ချိုး ဖြစ်ရပ်ကို ပြန်လည်ပြောပြရန် သူ အားယူလိုက်သည်။
ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်နေရသည့် သူ့တွင် အသက် ၇ နှစ်ကျော်ကျော် ချစ်စဖွယ်သမီးကလေး တယောက်ရှိသည်။ လင်ယောကျ်ား သေဆုံးသွားသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သော်လည်း နောက်အိမ်ထောင် ထပ်မပြုဘဲ တဦးတည်းသော သမီးလေး ကိုသာ အချစ်ပို၍ အရိပ် တကြည့်ကြည့်ဖြင့် ပြုစုစောင့်ရှောက်ရင်း နေထိုင်လာခဲ့သည်။
“ရေလည်း ကိုယ်တိုင်ချိုးပေးတယ်။ ကျောင်းသွားကျောင်းပြန် စိတ်မချလို့ ကြိုပို့လုပ်ပေးတယ်။ ဒီလိုဂရုစိုက်ရင်း ကြားကိုက ကျမ မရှိတုန်းအချိန်မှာ…” ဟု ပြောလက်စ စကားကို ရပ်လိုက်ပြီး သူ့ဘေးနားက သမီးလေးကို ငေးကြည့်နေသည်။
သူ့ဘဝတွင် လုံးဝမထင်မှတ်ထားသည့် ဖြစ်ရပ်ဆိုးက သူတို့သားအမိ နှစ်ဦးဆီကို ရောက်ရှိလို့လာသည်။
နှစ်တန်းကျောင်းသူအရွယ် သူ့သမီးကလေး အဓမ္မပြုကျင့်ခံရကြောင်း၊ ပြုကျင့်သူသည် သမီး၏အစ်ကို ဝမ်းကွဲ တော်စပ်သူ သူ့အစ်ကို အကြီးဆုံး၏သား (အသက် ၁၉ နှစ်အရွယ်) ဖြစ်ကြောင်း သိလိုက်ရသည့် အချိန်တွင် နာကျင် ခံခက် ဖြစ်သွားရ လေသည်။
သူ့အနေဖြင့် ချက်ချင်းသိခဲ့ခြင်း မဟုတ်ဘဲ အခင်းဖြစ်ပွားပြီး သုံးရက်ခန့်ကြာမှ သမီး၏ မူမမှန်သော အပြုအမူများကို သတိ ထား မိပြီး မေးမြန်းခဲ့ရာမှ အကြောင်းစုံကို သိခဲ့ရခြင်းဖြစ်သည်။
သူ နှမ်းရိတ်ရန် အငှားလိုက်သွားချိန်တွင် သမီးလေးကို အဘွား ဖြစ်သူနှင့် ထားခဲ့ရသည်။ ထိုနေ့က အဘွား အပြင်သွားနေ ၍ အိမ်တွင် မရှိခိုက် ထိုသူငယ်က သမီးကို လက်ကိုင်ဖုန်းပြ ခေါ်ထုတ်ပြီး ခြိမ်းခြောက်၍ ပြုကျင့်ခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။
“ဓားမြှောင်နဲ့ ထိုးမယ်။ နင့်အမေကိုတိုင်ရင် သတ်ပစ်မယ်နဲ့ပြောလို့ သမီး မပြောရဲတာပါတဲ့၊ အဲဒီလိုပြောတယ်။ အော်ရင် လည်း ပါးစပ် တန်းပိတ်တာတဲ့”ဟု သူက ပြောပြသည်။
မွေးကတည်းက ချူချာခဲ့သည့် ရောဂါသည် သမီးလေး၊ ဆေးသက်နှင့် အသက်ရှင်ခဲ့ရသည့် တဦးတည်းသော သမီးလေးကို သူ ပိုးမွေးသလို မွေးခဲ့ရသည်ဟု ဆိုသည်။
သူ့ဘဝတွင် သမီးလေးရှိနေ၍သာ အသက်ဆက်ရှင် နေခြင်းဖြစ်သည်။ သမီးဆီက ဖြစ်ရပ်ဆိုးကို ကြားသိရသည့်အချိန် သူ ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ သမီးကိုပွေ့ချီ၍ သူ့မိခင်အပါအဝင် မွေးချင်း မောင်နှမ ၈ ယောက်စလုံးကို အကျိုးကြောင်း ပြောကာ လှည့်လည် တိုင်တန်းခဲ့သည်။
မိသားစုဝင်အားလုံးက မိသားစုတွင်း ကလေးချင်းဖြစ်တာမို့ အကျယ်အကျယ် မဖြစ်စေလိုဘဲ တိုးတိုးတိတ်တိတ် ပြီးသွား စေလို ကြပြီး ရဲစခန်း မတိုင်ရန် သူ့ကို တားမြစ် ပြောဆိုခဲ့ကြသည်။
အစ်ကိုကြီးဖြစ်သူ အနေဖြင့်လည်း ကျူးလွန်သူ ၎င်း၏သားကို တချက်ကလေးမှ ဆူပူမာန်မဲခြင်းမျှပင် မရှိခဲ့ဟု ပြောပြသည်။
“အစ်ကို့သားက အရင်တခါလည်း ကောင်မလေးတယောက်ကို မုဒိမ်းကျင့်လို့ အလျော်ပေးရပြီးပြီ။ အခု မွေးချင်းရင်းတောင် မုဒိမ်းကျင့်တယ်။ ကျုပ်တို့မှာ အားကိုးအားထားစရာ မရှိလို့ မိဘဝိုင်းထဲ လာနေတာ။ ဒီလိုမှအားမကိုးရရင် ဘယ်လို လုပ်မလဲ ဆိုပြီး အစ်ကို့ကို ခေါ်တိုင်တာ”ဟုလည်း သူက ပြောသည်။
သမီးကလေးသည် အရင်လိုမဟုတ်တော့ဘဲ အစားအသောက် မမှန်။ အနေအထိုင် အဆင်မပြေ။ အလေးအပေါ့ သွားရာ တွင်လည်း ခက်ခဲနေသည်။
ထိုအခြေအနေနှင့် သမီးမျက်နှာကို တွေ့မြင်ရသည့်အခါ မိခင်တဦး အနေဖြင့် ရင်ထဲမချိမဆံ့ ခံစားခဲ့ရသည် ဟု မျက်လုံး အိမ်ထဲမှ လျှံကျလာသော မျက်ရည်များကို သုတ်ရင်းလည်း ပြောပြပါသည်။
သွေးသားရင်း သံယောဇဉ်ကိုမျှ မထောက်ညှာဘဲ စော်ကားဝံ့သူကို သူ့အနေဖြင့် ဘယ်လို အကြောင်းမျိုးကြောင့်မှ ကျေအေး ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိဟုလည်း ဆိုသည်။ အသေအချာ စဉ်းစားပြီးနောက် ကျူးလွန်သူကို တရားစွဲဆို ၍ ပြစ်ဒဏ်ပေးနိုင်ရန် သူဆုံးဖြတ်လိုက်သည်။
ယခု အသက်အရွယ်ထိ တခါမျှ မရောက်ဘူးသေးသည့် ကျေးရွာဥက္ကဋ္ဌ အိမ်ကို သွားရောက် တိုင်တန်းသည့်အခါ ကျူးလွန် သူ ဘက်က မဟုတ်မမှန်ကြောင်း ငြင်းဆိုရုံသာမက သူတို့သားအမိကို တရားပြန်စွဲမည်ဟုပင် ခြိမ်းခြောက် ပြောဆိုခဲ့ကြ သည်။ သိုု့သော် သူ လုံးဝ နောက်မဆုတ်ခဲ့ဘဲ ရဲစခန်းအထိ အရောက်သွားပြီး အမှုဖွင့်တိုင်ကြားလိုက်သည်။
သူက “ဒီကလေးမလေးအတွက် သတ္တိက မွေးပြီးသွားပြီလေ။ ဒါကြောင့် ရဲရဲဝံ့ဝံ့ တိုင်ရဲတာ။ ကျမကို သူတို့က မတိုင်တောရဲ ဘူး။ သတ္တိမရှိဘူး ဆိုပြီးထင်တာ။ ဥက္ကဋ္ဌနဲ့လည်း အတိုင်အပြော မရှိ။ ရွာထဲကလူတွေနဲ့လည်း အဝင်အဆံ့ မရှိ။ ဘာမှ မပြော တတ် မဆိုတတ်ဆိုပြီး လူရာမသွင်းဘူး။ ဒါပေမယ့် ကျမ လုပ်နိုင်ခဲ့တယ်”ဟု ပြောပြသည်။
ရဲစခန်း၌ ကလေးကိုစစ်ဆေးရာတွင် အဓမ္မပြုကျင့်မှုအပြင် ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆံဆက်မှုကို တွေ့ရခြင်း၊ ကလေး ကို ပြုကျင့်စဉ်က ခြိမ်းခြောက်ခဲ့ခြင်း တို့ကြောင့် မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနှင့် အမှုဖွင့် အရေးယူလိုက်ကြောင်း သိရ သည်။
သူ့အနေဖြင့် ဥပဒေကြောင်းအရ နားမလည်သော်လည်း ကျူးလွန်သူကို ပြစ်ဒဏ် ချနိုင်တော့မည်မို့ ကျေနပ်သည် ဟု ဆို သည်။
အကျိုးဆက်အနေဖြင့် သူ့မိခင် (ကလေး၏ အဘွား)က သူတို့ သားအမိနှစ်ဦးကို သားသမီးအဖြစ်က စွန့်လွှတ်လိုက်ပြီး မွေးချင်း မောင်နှများကပါ လက်ရှိနေထိုင်သည့် မိသားစုအိမ်ဝိုင်းထဲတွင် ဆက်မနေတော့ရန် နှင်ထုတ်လိုက်ကြသည်။
အစ်ကိုကြီးကလည်း ဓားကြိမ်းကြိမ်းနေ၍ ရဲစခန်းတိုင်ပြီးသည့်နေ့တွင်ပင် အဝတ်တထည် ကိုယ်တခုနှင့် သားအမိနှစ်ဦး ယောက္ခမ နေထိုင်ရာရွာသို့ ထွက်ပြေးရသည်။
“သူတို့က ကလေးပိစိပေါက်စ ဘာမှမဖြစ်ဘူး၊ မတိုင်နဲ့တဲ့ပြောတာ။ ကျမက ဒီသမီးလေး တယောက်ပဲရှိတာ။ ဖြစ်နေမှန်းသိ လျက်နဲ့ မတိုင်လို့မဖြစ်ဘူး ဆိုပြီး တိုင်လိုက်တာ။ အမေရော မွေးချင်းတွေကရော ဝိုင်းထဲမှာမနေနဲ့ဆိုပြီး အိမ်ကို တန်းဖျက် ခိုင်းတယ်။ အစ်ကိုကြီးကလည်း ကျမတို့ကို သတ်မယ်ပြုမယ်နဲ့ ကျိန်းလို့လေ။ မနေရဲလို့ ထွက်ပြေးရတာ၊ လူချည်းပဲ။ တလ ပြည့်ခါမှ ဥက္ကဋ္ဌကိုခေါ်ပြီး အိမ်သွားဖျက်တာ”ဟု သူက ပြောပြသည်။
ယောက္ခမရွာကို ရောက်သွားတော့လည်း သားအမိနှစ်ဦးကို လက်မခံသည့် အတွက် အနီးနားဝန်းကျင်က အသိအိမ်များ တွင် ၂ လခန့် ခိုနေရင်း နေစရာ အိမ်လိုက်ရှာရသည်။ အိမ်ခြံဝိုင်း ဈေးကြီးလွန်း၍ မဝယ်နိုင်ဖြစ်နေစဉ် ထိုရွာနေ ကလေး ၅ ယောက်ဖခင် မုဆိုးဖိုတဦးနှင့် ဆုံတွေ့ခဲ့သည်ဟု ဆိုသည်။
ထိုသူက သူတို့သားအမိ နှစ်ဦးကို သနား၍ ၎င်းအိမ်တွင် လိုက်ပါနေထိုင်ရန် ပြောဆိုခဲ့သည်။
သူလည်း အမှီအခိုကင်းမဲ့နေသည်က တကြောင်း၊ နေစရာမရှိသည်က တကြောင်းကြောင့် ခေတ္တခဏ လိုက်ပါ နေထိုင်ရန် ဆုံးဖြတ်ပြီး လိုက်ခဲ့ရာ ယင်းညတွင်ပင် ထိုသူ၏ သားမယားပြုကျင့်ခြင်းကို ခံရသည်။ သူလည်းမထူးတော့ပြီမို့ အားကိုးစရာ ရလိုရငြား ထိုသူ့ကိုပင် ယူလိုက် ရန်ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။
သို့သော် သူ၏ တွက်ကိန်း မှားယွင်းခဲ့သည်။ ထိုသူသည် သူတို့သားအမိကို သနားညှာတာ၍ စေတနာ သက်သက်ဖြင့် ခေါ်ယူ ခဲ့ခြင်း မဟုတ်ဘဲ သမီးအတွက် အဖွဲ့အစည်းတချို့က အကူညီပေးမည့် ငွေကြေးကိုမျှော်ကိုးပြီး သူ့ကို အပိုင်ကြံ ခဲ့ခြင်း ဖြစ်ကြောင်း တဖြည်းဖြည်း နားလည် သဘောပေါက်လာသည်ဟု ပြောပြသည်။
နောက်ပိုင်း ထိုသူမျှော်မှန်းထားသကဲ့သို့ ငွေကြေး မရနိုင်မှန်းသိသောအခါ သူ့အပေါ် နိုင့်ထက်စီးနင်း ဆက်ဆံမှုများ ရှိလာ သည်။ ရိုက်နှက်မှုပြုလာသည်။ စားစရိတ်လည်း မထောက်ပံ့။ တခြားသော အမျိုးသမီးများနှင့်ပွေရှုပ်သည့် သတင်းများကို ကြားသိရပြီး သူ အလွန် စိတ်ဆင်းရဲသော်လည်း နေစရာမရှိသည့် သမီးကလေး မျက်နှာထောက်၍ တွယ်ကပ်နေခဲ့သည်။
“ကျမကို အပျော်မယားလို ထားချင်တာ။ တိတ်တိတ်ပုန်းပဲ နေချင်တာတဲ့။ ကိုယ့်အိမ်လေးနဲ့ ကိုယ်နေတဲ့။ အဲဒီလိုတော့ ဘယ် ဖြစ်မလဲ။ ကျုပ်က အလကားမိန်းမ မဟုတ်ဘူးလို့ ပြောလို့မို့ လူအများရှေ့မှာ ယူလိုက်တာ။ ယူတယ်ဆိုပေမယ့် ဥက္ကဋ္ဌ အိမ်မှာ လက်မှတ် ထိုးမပေးဘူး။ နတ်စင်တွေကို နတ်မပြပေးဘူး”ဟုလည်း ပြောပြသည်။
ထိုသူ့အိမ်တွင်ပင် နေထိုင်ရင်း သားအမိနှစ်ယောက် စားစရိတ်အတွက် ရွာထဲရှိ ဖရဲခင်းများတွင် တနေ့ ၁၅၀၀ ကျပ်ဖြင့် အ ငှားလိုက်လုပ်ရသည်။
အမှုရင်ဆိုင်စဉ် ကာလအတွင်း အစ်ကိုကြီး ဖြစ်သူက သူ့သား ထောင်မကျစေရေး အတွက် လျော်ကြေးပေး၍ လာရောက် ညှိနှိုင်းမှု ပြုလုပ်သော်လည်း အကြိမ်တိုင်း ခါးခါးသီးသီး ငြင်းဆန်ခဲ့သည်ဟု ပြောသည်။
“ငွေ ဆိုတာ ရှာလို့ရတယ်။ ဘဝဆိုတာက ပျက်ပြီးသားဟာကို ပြန်ပြင်လို့ မရတော့ဘူး”ဟုလည်း ပြောဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယ အပတ်ခန့်က ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပြီဟု ရွာက လူများပြောပြ သော်လည်း ဟုတ်မဟုတ်ကိုမူ သေချာ မစုံစမ်းရသေးဟုလည်း ပြောသည်။
သမီးလေး အရွယ်နှင့်မမျှအောင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများ ခံစားခဲ့ရသည်ကို သူ ဘယ်သောအခါမှ မေ့နိုင်လိမ့်မည် မဟုတ်ဟု ဆိုသည်။
“ဆေးရုံမှာ ကလေးမလေးကို တလလောက် ကုသခဲ့ရတယ်။ ကလေးမလေး ကြီးလာလို့ ရှိရင်တောင် သားသမီး မမွေးနိုင် တော့ ဘူး။ သားအိမ်ကို သွားထိထားတာလို့ ဆရာမကြီးက ပြောတယ်”ဟု ဆော့ကစားနေသည့် သမီးလေးကို ကြည့်ရင်း သူက တိုးတိုးညင်သာ ပြောသည်။
လက်ရှိယူထားသည့် အမျိုးသားသည် သူတို့သားအမိအတွက် နေထိုင်စရာက လွဲ၍ တခြားအထောက်အပံ့ ဘာမျှမရဘဲ နှိပ်စက် ခံနေရသည်က တကြောင်း၊ ထိုသူတွင်ပါလာသည့် လူပျိုပေါက် အရွယ် သားများ၏ မထီမဲ့မြင်ပြုမှုများကို သည်းမခံ နိုင်တော့သည်က တကြောင်းကြောင့် သုံးလကျော် အကြာတွင် ကွာရှင်းပြတ်စဲရန် ဆုံးဖြတ်လိုက်သည်။
ဥက္ကဋ္ဌအိမ်တွင် ကွာရှင်းလက်မှတ် ထိုးပြီးသည်နှင့် တပြိုင်နက် သူတို့သားအမိနှစ်ဦးကို ၎င်း၏ အိမ်ဝိုင်းအတွင်းမှ ၇ ရက် အတွင်း ထွက်သွားရန် ထိုသူက ပြောဆိုခဲ့သည်ဟု ဆိုသည်။
သားအမိနှစ်ဦး ရဲစခန်းတွင် အမှုစဖွင့်ခဲ့သည့် အချိန်ကစပြီး ယခုအချိန်အထိ အခက်အခဲ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့ကြရ သည်။
မိသားစု အသိုင်းအဝိုင်း၏ ပစ်ပယ်ခြင်းကို ခံရရုံသာမက အားကိုးရမလားဟု ယူခဲ့မိသူကလည်း ကျားကြောက်၍ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး နှင့် ကြုံခဲ့ရသည်။
ငွေမရှိ၊ ဂုဏ်မရှိ၊ ဆွေမရှိ မျိုးမရှိ၊ မှီခိုအားထားစရာ မရှိ၊ နေစရာမရှိသည့် မုဆိုးမ သားအမိဘဝက ခါးသီးလှသည်။
သူတို့နှစ်ဦး ရှေ့ဆက်ရမည့်ခရီး၊ သမီးလေး၏အနာဂတ်ကို စဉ်းစားတွေးတောလိုက်တိုင်း ရင်မအေးနိုင် ဖြစ်နေရသည်။ အပူများက တပူပေါ် နှစ်ပူသုံးပူ ဆင့်နေသည် မဟုတ်ပါလား။
ထိုသို့သော ဆိုးရွားလှသည့် လောကဓံ အနိမ့်အမြင့်များကြောင့် တခါတရံ သီလရှင်ဝတ်မည်ဟု စိတ်ကူးမိကြောင်း၊ သမီးလေး ကို ‘မယ်သီလရှင် ဝတ်ရအောင်လို့’ ပြောသည့်အခါတွင် ကလေးက မဝတ်ချင်ဘူးဆိုသည့် အတွက်သာ လူဝတ်ကြောင် ဘဝဖြင့် ဆက်လက် တိုက်ပွဲဝင်နေရခြင်းဖြစ်ကြောင်း သူက ပြောပြသည်။
“သီလရှင်ဝတ်မှ ငြိမ်းအေးမယ်လို့ စိတ်ကူးမိတယ်” ဟုလည်း သူက ဆိုသည်။
သို့သော် ၇ နှစ်နှင့် ၃ လသာ ရှိသေးသည့် သမီးလေးက “သမီး ကြီးလာရင် ဆရာမလုပ်မှာ။ ဆရာမလုပ်ရင် မေမေ့ကို လုပ် ကိုင် ကျွေးလို့ရတယ်လေ” ဟု ပြောလိုက်သည့် အချိန် သူ စိတ်မထိန်းနိုင်ဘဲ ရှိုက်ကြီးတငင် ငိုချလိုက်သည်။
ခဏအကြာတွင် မျက်ရည်များ သုတ်လိုက်ရင်း “ကျမအနေနဲ့ ဆရာမဖြစ်စေချင်တယ် ဆိုရင်တော့ အဲဒီလောက်ကြီးတော့ မနိုင်ဘူး။ ငါးတန်း ခြောက်တန်းလောက်ပဲ ထားနိုင်မှာ။ ဒါပေမယ့် ကျမစိတ်ထဲမှာတော့ ပြေလည်ရင် ပြေလည်သလို ထား မှာပေါ့။ ပြေလည်ရင် ဆရာမ မဟုတ်ဘူး။ သူဖြစ်ချင်တဲ့ဆန္ဒတွေ အကုန်လုံးကို ဖြည့်ဆည်းပေးမယ်”ဟု သမီးလေး၏ ဦး ခေါင်းကို ပွတ်သပ်ရင်း သူက ပြောဆိုလိုက်ပါသည်။
၂၀၁၆ ခုနှစ်တွင် ၆ နှစ်မှ ၁၀ နှစ်အတွင်း သက်ငယ်မုဒိမ်းမှု ၈၅ မှု၊ ၂၀၁၇ ခုနှစ်တွင် ၆ နှစ်မှ ၁၀ နှစ်အတွင်း သက်ငယ် မုဒိမ်းမှု ၇၉ မှု ဖြစ်ပွားခဲ့ကြောင်း၊ သက်ငယ် မုဒိမ်း ဖြစ်ပွားမှု အများဆုံးသည် ရန်ကုန်တိုင်း ဒေသကြီး ဖြစ်ကြောင်း၊ ဧရာဝတီ တိုင်း သည် ဒုတိယ အများဆုံး ဖြစ်ပြီး မကွေးတိုင်းသည် တတိယ အများဆုံး ဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန် ကြေညာ ထားပါ သည်။
ထိုကဲ့သို့သော အနာဂတ် ကာလကိုပါ ဖျက်ဆီးခံလိုက်ရသည့် ပန်းကောင်း အညွန့်ချိုး သက်ငယ် မုဒိမ်း ဖြစ်ရပ်များ မဖြစ်ပွား စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်း အရေးယူရန်နှင့် တရားရေး မဏ္ဍိုင် နှင့် ဥပဒေဆိုင်ရာများတွင် အားနည်းချက် ချို့ယွင်းချက်များ ရှိပါကလည်း အမြန်ဆုံး ပြုပြင် ထိန်းကျောင်းရန် လိုအပ်လှပါ သည်။
(မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင်အတွင်း ယခုနှစ် မေလက ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှု ဖြစ်ပါသည်။ လတ် တလော တွင် ကာယကံရှင် မိန်းကလေး သားအမိအတွက် လုံလုံခြုံခြုံနားခို နေနိုင်မည့် နေရာတခုလည်း လိုအပ်နေ ပါသည်။ သူတို့ ၂ ဦး ၏ ဂုဏ်သိက္ခာ အတွက် သူတို့၏အမည်များနှင့် နေရပ် လိပ်စာများကို ထည့်သွင်း ဖော်ပြ မထားခြင်း ဖြစ်ပါသည်။)
The post အညွန့်ချိုး ခံလိုက်ရသော ပန်းကလေးတပွင့် appeared first on ဧရာဝတီ.