အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ထိုးခဲ့သည်မှာ ယခု အောက်တိုဘာ ၁၅ ရက်နေ့ဆိုလျှင် ၂ နှစ် ပြည့်ပြီ ဖြစ်သည်။
သို့သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရမည့် အခြေအနေမှာ လမ်းပျောက်နေပြီးလားဟု မေးခွန်း ထုတ် ရမလို ဖြစ်နေသည်။
ယခုနှစ် မေလကုန်တွင်ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အကြိမ် အစည်း အဝေး အပြီးတွင် အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆွေးနွေးမှုများ မအောင်မြင် သလို အပစ်ရပ် ၈ ဖွဲ့နှင့် လုပ်ဆောင်သွားရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်လည်း ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေသည်။
အစိုးရက ကြီးမှူးပြီး ၆ လတကြိမ် ကျင်းပရန်ရှိသည့် ၂၁ ရာစုပင်လုံအစည်းအဝေး၏ တတိယအကြိမ် အစည်းအဝေး သည် ပုံမှန်အားဖြင့် ဆိုရလျှင် လာမည့် နိုဝင်ဘာလတွင် ကျင်းပရမည်ဖြစ်သည်။
သို့သေ်ာလည်း အပစ်ရပ် ၈ ဖွဲ့ထဲမှ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ရခိုင်အမျိုးသား လွတ်မြောက်ရေး ပါတီ (ALP) တို့သည် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို NCA နှစ်ပတ်လည် ရက်အထိ လုပ်ဆောင်ခွင့်မရသေးပေ။
ထို့အပြင် ၂၁ ပင်လုံ ဒုတိယ အစည်းအဝေးအပြီး ပြန်လည်သုံးသပ်ချက်များကို အစိုးရနှင့် ပြန်လည် မဆွေးနွေးနိုင် သေး သလို အထူးသဖြင့်တော့ NCA ကိုအကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင် ကြုံတွေ့နေရသည့် အခက်အခဲ အကြပ် အတည်းတွေကို အစိုးရနှင့် အပစ်ရပ်အဖွဲ့များကြား မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင်ခြင်း လည်း မရှိသေးပေ။
ထိုသို့ တွေ့ဆုံနိုင်ရန်အတွက် NCA စာချုပ် အကောင် အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်း အဝေး ခေါ်ယူနိုင်ရေးအတွက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ကြိုးပမ်း နေကြလျက်ရှိပြီး အနီးကပ်ဆုံး NCA နှစ်ပတ်လည်ရက် အပြီးတွင် တွေ့ဆုံနိုင်ရန် မျှော်လင့်နေကြသည်။
ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “ဒီကနေ့ နိုင်ငံရေးအရ ကျနော်တို့ တိုင်းပြည်မှာ အားလုံး ကြုံနေဆုံနေရတဲ့ အထွေထွေ အကြပ်အတည်းတွေ အပါအဝင်ပေါ့လေ။ ဒီအခြေအနေ အနေ အထားမျိုးမှာ ကတော့ ကျနော်တို့ စိတ်ရှည်ထားဖို့တော့ လိုတယ်။ နောက်တခုကတော့ ကျနော်တို့ ၈ ဖွဲ့နဲ့ ဆွေးနွေးနေ တဲ့ ဟာတွေက အားလုံး လုံးဝ ဥသုံ Deadlock ပိတ်ဆို့သွားတယ် ဆိုတာမျိုးမဟုတ်ပါဘူး”ဟု ဆိုသည်။
အပစ်ရပ် ၈ ဖွဲ့နှင့် အစိုးရကြား ဆွေးနွေးနေမှုသည် ရှေ့မတိုးတော့ဘဲ ရပ်တန့်နေသည့် အနေအထားမျိုး မဟုတ် ကြောင်း အပစ်ရပ်အဖွဲ့များဘက်က ပြောဆိုနေကြသော်လည်း ဆွေးနွေးမှုရလဒ်များ အရ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေ သည်ကိုတော့ ငြင်း၍ မရနိုင်ပေ။
ထိုအခြေအနေကို အပစ်အခတ်ရပ်စဲရေး မပြုလုပ်ရသေးသည့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ ကလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးမှုများသည် အပစ်ရပ် ၈ ဖွဲ့နှင့်သာ ရပ်ဆိုင်းနေခြင်း မဟုတ်ဘဲ တိုင်းရင်းသား လက်နက် ကိုင် ၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုလို တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ (FPNCC) တို့နှင့်လည်း ဆွေးနွေး ညှိနှိုင်းမှုများက အလုပ်မဖြစ် ခဲ့ပါ။
အထူးသဖြင့် UNFC နှင့် ဆွေးနွေးနေသည့် အခြေအနေများသည် အပေါင်းလက္ခဏာ အဆင့်မှ အနုတ် လက္ခဏာ ပြသွား ခဲ့သည်။ အစိုးရနှင့် UNFC တို့ကြား မူလက NCA ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် အပစ်ရပ် လက်မှတ် ထိုး ရန် သဘောထားရှိနေရာမှ ဆွေးနွေးမှု မပြေလည်၍ လက်မှတ်ထိုးရေး အစီအစဉ်မှာ ဖြစ်မလာတော့ပေ။
NCA လက်မှတ်ရေးထိုးရန် အတွက် UNFC က အဆိုပြုထားသည့် အချက် ၈ ချက်ကို သြဂုတ်လပိုင်းက ဆွေးနွေးခဲ့ရာ ၁ မှ ၄ အထိ အချက် ၄ ချက်ကို နှစ်ဖက်ကြား မူအားဖြင့် သဘောတူခဲ့ကြရာမှ ယခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ ဆွေးနွေး ပွဲတွင် တပ်မတော်ဘက်က ပြင်ဆင်လိုကြောင်း သဘောထား တင်ပြလာရာမှ လက်မှတ်ထိုးရေး အခြေအနေ မှာ ပိုမိုဝေးကွာ သွားခဲ့ရသည်။
UNFC ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော် က “ပြီးပြတ်တဲ့ဆွေးနွေးမှုတွေကို တကြော့ပြန် ပြန်ပြီး ဆွေးနွေးမယ် ဆိုပြီးတော့မှ အနေ အထားတွေ ပြနေတယ်။ ဒါတွေက ရလဒ်ကောင်း ထွက်တော့မယ်ဆိုလို့ရှိရင် နောက်ပြန်ပြီးတော့ အနုတ် သဘော ဆောင်သွားတဲ့ အခါကြတော့ ဒါဘာကြောင့် ဖြစ်တာလဲ။ NCA လမ်းကြောင်းထဲမှာ ဒါတွေက တကယ် မဖြစ် စေချင်တဲ့ အင်အားစုတွေ ရှိပြီးတော့မှ အနှောင့်အယှက် ပေးနေတာလား ဒါတွေကို အကဲဖြတ်တာတွေလည်း ရှိပါ တယ်” ဟု ပြောသည်။
UNFC နှင့် အစိုးရကြား NCA ရေးထိုးနိုင်ရေး အတွက် အဆိုပြုချက် ၈ ချက်အပေါ်မှာပင် ၁၅ လကြာ ဆွေးနွေးပြီး ယခု ကဲ့သို့ အဆင်မပြေဖြစ်နေခြင်း အပေါ် နိုင်ငံရေးသမား တချို့က NCA လမ်းကြောင်းသည် ရပ်တန့် ပိတ်ဆို့နေပြီဟု သုံးသပ်ချက်များ ရှိနေသည်။
သို့သော်လည်း မွန်ပြည်သစ် ပါတီ (NMSP) ဗဟို ကော်မတီဝင် နိုင်အောင်မငေးက “ကျနော်တို့က NCA အတိုင်း ဆက် သွားမယ်။ အခုဆိုရင် ၁ ကနေ ၄ ကျန်ရှိတဲ့ ၅-၆-၇-၈ အချက်တွေကို ဆက်သွယ်မယ်” ဟု ဆိုသည်။
UNFC တပ်ပေါင်းစုတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ပါဝင်သည်။
အစိုးရနှင့် အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးနေသည့် အခြေအနေအရ ရလဒ် အဆိုးရွားဆုံးကတော့ တရုတ်မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ (FPNCC) နှင့် ဆွေးနွေးညှိနှိုင်းမှုများပင် ဖြစ်သည်။
FPNCC တွင် ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့် တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။
ထို FPNCC နှင့် အစိုးရတို့ကြား ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအပြီး နောက်ပိုင်း ဆွေးနွေးညှိနှိုင်းမှုများ လုံးဝ ပြတ်တောက် သွားခဲ့သည်။
နှစ်ဘက် ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး အတွက် တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ၏ ကျိုးပမ်းမှုများပြုလုပ်ခဲ့သော်လည်း မြန်မာအစိုးရဘက်က တဖွဲ့ချင်း တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် မြောက်ပိုင်း မဟာမိတ်များက FPNCC အနေဖြင့်သာ တွေ့ဆုံလိုကြောင်း လွန်ဆွဲနေရင်း က ဆွေးနွေးပွဲများ ဖြစ်မလာတော့သည့် အခြေအနေ ရောက်သွားသည်။
TNLA ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တားဂျုတ်ဂျာ က “အဓိကကတော့ မြန်မာ့ တပ်မတော်အပေါ်မှာ အများကြီး မူတည်တာပေါ့။ သူတို့ ငြိမ်းချမ်းရေးလိုချင်သပဆိုရင် မရစရာအကြောင်းမရှိပါဘူး။ စားပွဲဝိုင်းပေါ်မှာ အဖြေရှာလို့ရတာပဲလေ။ လက်မှတ် ထိုးထားတဲ့ ၈ ဖွဲ့တောင် အခု ရှေ့သွားဖို့ အခက်အခဲဖြစ်နေတယ်” ဟု ဆိုသည်။
ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပြည်တွင်းငြိမ်းချမ်းရေးကို နံပါတ်တစ် နေရာမှာထားပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် သည်ပင်လျှင် ၁၈ လသား အစိုးရလက်ထက် ငြိမ်းချမ်းရေး အခြေအနေကို အားရသည့်ဟန် မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်က “ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုတာ အစကတည်းက မငြိမ်းချမ်းစေတဲ့ အကြောင်းတွေရှိလို့ မငြိမ်းချမ်း ခဲ့တာကိုး။ အဲဒီတော့ ဒီအကြောင်းအရာတွေကို အဲဒီတော့ ဒီအကြောင်းအရာတွေကို ဖယ်ရှားဖို့ ဆိုတာ ဘယ်တော့မှ မြန်တာ မဟုတ်ဘူး။ တခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ကြည့်လိုက်တဲ့အခါမှာ တိုးတက် လိုက်၊ ရပ်သွားလိုက်၊ တန့် သွား လိုက် ပြန်တက်လိုက် တခါတလေ နည်းနည်းလေး ပြန်နောက်ဆုတ်လိုက်နဲ့ အဲဒီလိုပဲ သွားရတယ်ဆိုတာ တွေ့ထား တော့ အဲဒီလိုပဲ မျှော်မှန်းထားပြီးသားပါ။ ခြုံငုံပြောရရင် သိပ်တော့ မဆိုးဘူးလို့ ပြောရမှာ ပေါ့” ဟု RFA သတင်းဌာန နှင့် အင်တာဗျူးတွင် ပြောဆိုသွားသည်။
တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့်လည်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်ကာလမှာပင် အချင်းချင်း ညီညွှတ်မှု မရှိဘဲ အစိတ်စိတ်အမွှာမွှာ ကွဲခဲ့ပြီး မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့အဖြစ် FPNCC ၊ တောင်ပိုင်း အဖွဲ့အဖြစ် UNFC ၊ အစိုးရ နှင့် NCA ထိုးထားသော အပစ်ရပ် ၈ ဖွဲ့ စသည်ဖြင့် အုပ်စုကွဲကုန်ကြသည်။
လက်ရှိ အခြေအနေအရ အစိုးရအနေဖြင့် အပစ်ရပ် ၈ ဖွဲ့၊ FPNCC ၊ UNFC တို့နှင့် ဆွေးနွေးမှုများသည် တခုမှ အောင်မြင်မှု မရှိဘဲ ရပ်တန့်နေသည်ကို တွေ့ရပြီး နိုင်ငံရေးသုံးသပ်သူ တချို့နှင့် တိုင်းရင်းသား ခေါင်းဆောင် တချို့ ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အရေးကြောင့်ဟု ပြောဆိုမှုများ ရှိနေသည်။
ထိုအခြေအနေသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစည်းအဝေး ပြုလုပ်ရန် နှောင့်နှေးကြန့်ကြာမှုအတွက် ရိုက်ခတ်မှု တချို့ ရှိခဲ့သည် မှန်သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ထွက်ပေါ်လာမည့် ရလဒ်ကိုတော့ ရိုက်ခတ်ခြင်းမရှိနိုင်ပေ။
ရခိုင် မြောက်ပိုင်း အခြေအနေမဖြစ်ခင် ၂၁ ပင်လုံ အစည်းအဝေး ပြီးကတည်းက ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အလုပ် မဖြစ်ခဲ့သည်ကို မြင်တွေ့နိုင်သည်။
ထိုအခြေအနေနှင့် ပတ်သက်၍ အကြောင်းပြချက်များ အမျိုးမျိုး ပေးနေကြသော်လည်း သေချာနေသည့် အချက်က တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရလဒ်များ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေသည်ကို အားလုံး တွေ့မြင်နေရသည်မှာ အမှန်ပင် ဖြစ်ပါ သည်။ ။
The post မြန်မာ့ ငြိမ်းချမ်းရေး လမ်းပျောက်နေပြီလား appeared first on ဧရာဝတီ.