ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း မေယုတောင်တန်းများ၌ စစ်သွေးကြွများ ခိုအောင်းနေသည်ဟု အစိုးရနှင့် ထောက်လှမ်း ရေး သတင်းရင်းမြစ်များက ကြေညာခဲ့သောကြောင့် ထိုတောင်တန်းများသည် လက်နက်ကိုင်လှုပ်ရှားမှု သတင်းသစ်များ၏ အာရုံစိုက်ရာ ဒေသဖြစ်လာသည်။ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း မေယုတောင်တန်းများ၌ စစ်သွေးကြွများ ခိုအောင်းနေသည်ဟု အစိုးရနှင့် ထောက်လှမ်း ရေး သတင်းရင်းမြစ်များက ကြေညာခဲ့သောကြောင့် ထိုတောင်တန်းများသည် လက်နက်ကိုင်လှုပ်ရှားမှု သတင်းသစ်များ၏ အာရုံစိုက်ရာ ဒေသဖြစ်လာသည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ နယ်စပ်တောင်တန်းများတွင် ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့အတွင်း နယ်မြေ ရှင်း လင်းရေး ဆောင်ရွက်သော လုံခြုံရေးတပ်ဖွဲ့များသည် စစ်သွေးကြွစခန်းဟု သံသယရှိသော စခခန်းတခုကို တွေ့ရှိခဲ့သည်။ ထိုစခန်းကို အနီးရှိ မွတ်ဆလင် ကျေးရွာများက လူသစ်စုဆောင်း လေ့ကျင့်ပေးရာ စခန်းအဖြစ်သုံးခဲ့သည်ဟု နိုင်ငံပိုင် Global New Light of Myanmar သတင်းစာက လွန်ခဲ့သော သီတင်းပတ်က ဖော်ပြခဲ့သည်။
ထိုစစ်ဆင်ရေး အတွင်း လုံခြုံရေးတပ်ဖွဲ့များသည် စစ်သွေးကြွဟု သံသယရှိသူ ၃ ဦးကို ၎င်းတို့ တူးဖော်ထားသော လိုဏ်ခေါင်း တခုတွင် အသေဖမ်းမိခဲ့သည်ဟု ဆိုသည်။ လုံခြုံရေးတပ်ဖွဲ့များက ၎င်းတို့ကိုယ် ၎င်းတို့ ကာကွယ်ရန် ပစ်ခတ်ခဲ့သည် ဟုလည်း ဆိုသည်။ လုပ်သေနတ်များ၊ ယမ်းမှုန့် ၂ ထုပ်နှင့် လမ်းလျှောက် စကားပြောစက်များကို ဖမ်းမိသည်ဟု ဇွန်လ ၂၂ ရက်နေ့ထုတ် သတင်းစာပါ ဆောင်းပါးက ဖော်ပြခဲ့သည်။
သံသယရှိသူများကို စစ်မေးချက်များ အရ ပေ ၁၀၀ ရှည်သည့် အခြားလိုဏ်ခေါင်း တခုကိုလည်း စစ်သွေးကြွများက ထိုတောင်တန်း၏ အနောက်ဘက်တွင် ဧပြီနှင့် မေလများက တူးထားခဲ့သည်ဟု အစိုးရက ကြေညာသည်။
လက်နက်ကိုင် လေ့ကျင့်သင်ကြားမှုများကို ထိုဒေသရှိ တောင်တန်းများတွင် လုပ်ကိုင်နေသည်မှာ ကာလ အတန်ကြာပြီဖြစ် ကြောင်းနှင့် ထိုဒေသတွင် စစ်သွေးကြွများ ပြန်လည်စုစည်းနေကြောင်း အမည်မဖော်လိုသော အာရှထောက်လှမ်းရေး ရင်းမြစ် တခုက ဆိုသည်။
ဒေသခေါင်းဆောင်များအား စစ်သွေးကြွများက လူသစ် စုဆောင်းစေခြင်းကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး ကျေးရွာသားများ အတွက် သင်တန်းများကို နောင် ၁ နှစ်အကြာတွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်သာမက ရခိုင်ပြည်နယ် မြောက်ပိုင်းတို့တွင်လည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
“သင်တန်းတွေကို လူမသိအောင် လူနည်းနည်း တရွာချင်းစီ ပို့ချတာ။ ဒါကြောင့် အဖွဲ့ဝင် အချင်းချင်းတောင်မှ တခြားသင်တန်း တက်တဲ့ သူတွေကို မသိကြဘူး။ အခြေခံအားဖြင့်တော့ မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေ နယ်စပ်က မေယု တောင်တန်းပေါ်မှာရော၊ ရွာတွေက ခြံဝန်းကျယ်ကြီးတွေမှာပါ သင်တန်းတွေ ဖွင့်တယ်” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
ပြည်ပဖွားများ အပါအဝင် စစ်သွေးကြွ ရာပေါင်းများစွာတို့သည် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှုပ်ရှားနေကြသည်ဟု ထိုထောက်လှမ်းရေး ရင်းမြစ်က ဆိုပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ အခြေစိုက် စစ်သွေးကြွများ အတွက် ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်နှင့် အခြားပင်လယ်ကွေ့နိုင်ငံ အများအပြားက လှူဒါန်းထောက်ပံ့ထားသည် ဟုလည်း ပြောသည်။
ပြည်ပ အဖွဲ့အစည်းများ ထိုဒေသတွင် ပါဝင်ပတ်သက်သည့် အတိုင်းအတာမှာ ခန့်မှန်း ပြောဆိုနေသော အချက်သာ ဖြစ်ပြီး သတင်းများမှာလည်း အတည်ပြုရန် လွန်စွာ ခက်ခဲနေသည်။
ဘူးသီးတောင်မြို့နယ်တွင် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်စဉ် ပေါက်ကွဲမှု ဖြစ်ပွားပြီး ဒေသခံ ၂ ဦးနှင့် အတူ ပါကစ္စတန် နိုင်ငံသား ၂ ဦး သေဆုံးခဲ့သည် ဟု မြန်မာရဲတပ်ဖွဲ့က မေလ ၄ ရက်နေ့က ကြေညာသည်။ ထိုသူ ၂ ဦးသည် ပါကစ္စတန် နိုင်ငံသားဖြစ်သည်ကို မည်သို့ ဖော်ထုတ်ခဲ့သည်ကို မသိရသလို အခြားမည်သည့် သတင်းမျှလည်း မရရှိတော့ပေ။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့် ရဲကင်း ၃ ခုကို တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးစေခဲ့သည့် အဖြစ်အပျက်နှင့် ပတ်သက်၍ ယခင် Harakah al-Yaqin (HaY) ခေါ် အာရကန် ရိုဟင်ဂျာ ကယ်တင်ခြင်းတပ်မတော် (ARSA) က ၎င်းတို့သည် မည်သည့် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့နှင့်မျှ မသက်ဆိုင်ကြောင်း ကြေညာထားသည်။
သို့သော် အရှေ့အလယ်ပိုင်းမှ ရိုဟင်ဂျာနွယ်ဖွား အများအပြားသည် ထို တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအုပ်စု (ICG) ၏ လွန်ခဲ့သောနှစ် ဒီဇင်ဘာလက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
HaY ကို ဆော်ဒီအာရေးဗီးယားမှ ရိုဟင်ဂျာရွှေ့ပြောင်း အခြေချကော်မတီတခုက ဦးဆောင်ပြီး အဝေးရောက် ရိုဟင်ဂျာများနှင့် ဆော်ဒီအာရေးဗီးယားနှင့် အရှေ့အလယ်ပိုင်းမှ အဓိက အလှူရှင်များထံမှ ရန်ပုံငွေများ ရရှိနေပုံရကြောင်းလည်း ထို အစီရင်ခံစာ က ဆိုသည်။
အောက်တိုဘာလ ၉ ရက်နေ့ တိုက်ခိုက်မှု၏ အဓိက ခေါင်းဆောင်များအနက် တဦးသည် ပါကစ္စတန်နိုင်ငံသား Abdus Oadoos Burmi ဖြစ်သည်ဟု မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဘာတေးလ် လင့်တနာ က ဧရာဝတီသတင်းတွင် ရေးသားခဲ့သည်။ သူ့ကို ရခိုင် ပြည်နယ်မှ မိဘများက ပါကစ္စတန်တွင် မွေးဖွားပြီး အယ်လ်ကိုင်ဒါနှင့် အချိတ်အဆက်ရှိသော အဖွဲ့အစည်းများနှင့် ဆက်စပ် သည် ဟု ဘာတေးလ် လင့်တနာ က ဆိုသည်။
တိုက်ခိုက်မှု မတိုင်မီက Oadoos Burmi သည် လူမှုကွန်ရက်တွင် ဗီဒီယိုဖြင့် ပေါ်လာပြီး ထိုဗီဒီယိုတွင် လက်နက်များကိုင် ဆောင်ထားသည့် ရိုဟင်ဂျာ မွတ်စလင်များ၏ ဒေသိယစကား ပြောသော သူများလည်း ပါဝင်သည်။ ထို တိုက်ခိုက်မှုကြောင့် စစ်တပ်၏ ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းမှုကိုဖြစ်စေပြီး နိုင်ငံမဲ့ အခွင့်အရေး ဆုံးရှုံးနေသော မွတ်ဆလင် ၇၄၀၀၀ ဦးခန့် ရခိုင် ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေခဲ့သည် ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းတွင် ဖော်ပြထားသည့် In Troubled Rakhine State, Focus Turns to Mountains ကို ဘာသာပြန်သည်။)
The post ပဋိပက္ခ ရခိုင်ပြည်နယ် မေယုတောင်တန်းပေါ်က စစ်သွေးကြွ စခန်းများ appeared first on ဧရာဝတီ.