ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံကို ကျင်းပလျက် ရှိပါတယ်။
ဇွန်လ ၂၀ ရက်နေ့ကစပြီး ၁၀ ရက်တိတိ ပြုလုပ်သွားဖို့ ပြင်ဆင်ထားတဲ့ ဒီညီလာခံမှာ UNFC ရဲ့ ဖွဲ့စည်းပုံကို ပြင်ဆင် သွားမှာ ဖြစ်သလို ဒီညီလာခံမှာ ခေါင်းဆောင်သစ်တွေကို ရွေးကောက် တင်မြှောက်သွားမှာ ဖြစ်လို့ ဦးဆောင်မယ့် ခေါင်းဆောင် သစ်တွေကို မြင်တွေ့ရမယ့် အလားအလာတွေ ရှိနေပါတယ်။
ဒါ့အပြင် UNFC ကနေ နုတ်ထွက်ခွင့် တင်ထားတဲ့ အဖွဲ့တချို့ရဲ့ တောင်းခံထားချက်တွေကိုလည်း ဆုံးဖြတ်သွားမှာ ဖြစ်သလို နိုင်ငံရေးအရ UNFC မှာပါဝင်နေပြီး ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) မှာလည်း ပါဝင်နေတဲ့ အဖွဲ့တွေရဲ့ အခြေအနေကို လည်း ဆွေးနွေး ဆုံးဖြတ် သွားမှာဖြစ်တယ်လို့ သိရပါတယ်။
UNFC ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ က “လုပ်ငန်းရဲ့ အခြေအနေကို သုံးသပ်မယ်။ နောက်နိုင်ငံရေး အခြေအနေကို သုံးသပ်မယ်။ လုပ်ငန်းစဉ်တွေကို အသစ်ချမယ်။ လူသစ်တွေ၊ အသစ်ရယ်လို့တော့ မဟုတ်ဘူးပေါ့ဗျာ။ ရွေးကောက်ပွဲ တွေ ပြန်လုပ်မယ်။ တာဝန်ခံတွေ အဆင့်ဆင့်ကို လုပ်ရတယ်။ ဒါကတော့ နိုင်ငံရေးအဖွဲ့အစည်းတခုရဲ့ လုပ်ထုံးလုပ် နည်း အရ လုပ်ရတာဖြစ်တယ်” လို့ ညီလာခံ ခေတ္တရပ်နားချိန် သတင်းထောက်တွေကို ရှင်းပြပါတယ်။
UNFC ကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကလည်း UNFC ကနေ နုတ်ထွက်စာ တင်ထားပေ မယ့် ချင်းမိုင်မှာ ပြုလုပ်နေတဲ့ UNFC ညီလာခံကို တက်ရောက်နေပါတယ်။ KIO အနေနဲ့ UNFC မှာ ဆက်လက်ပါဝင် နိုင်ရေး ဒါမှမဟုတ် နုတ်ထွက်ခွင့် ပြုရေး အတွက်ကိုလည်း ဒီညီလာခံက အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
KIO ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ် UNFC ရဲ့ လက်ရှိဥက္ကဋ္ဌ အဖြစ်လည်း ရှိနေဆဲဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ညီလာခံ ဖွင့်ပွဲနေ့မှာ သဘာပတိ အဖြစ်တာဝန်ယူခဲ့ပြီး ၎င်းတို့အနေနဲ့ အခြေအနေအရ နုတ်ထွက်စာ တင်ခဲ့တဲ့အပေါ် စိတ် မချမ်းမြေ့ ဖြစ်ခဲ့ရကြောင်း ပြောဆိုသွားပါတယ်။
ဗိုလ်ချုပ်ကြီး အင်ဘန်လ က “ဒေသန္တရ အခြေအနေရော အစိုးရ၊ တပ်မတော် တို့ရဲ့ ဖိအား၊ ခွဲခြားအုပ်ချုပ်မှု အောက် မှာ မဖြစ်မနေ ကျနော်တို့ မြောက်ပိုင်း အဖွဲ့တွေဟာ တစုတစည်းဖြစ်ဖို့ အခြေအနေ ရောက်လာပါတယ်။ ဒါကြောင့်မလို့ UNFC ကနေ နုတ်ထွက်ရခြင်းပဲဖြစ်ပါတယ်” လို့ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ KIO နဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့ဟာ UWSA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) မှာလည်း အဖွဲ့ဝင် အဖြစ် ပူးပေါင်း နေတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။
လက်ရှိကျင်းပနေတဲ့ UNFC ညီလာခံမှာ KIO နဲ့ ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်သွားမှာ ဖြစ်သလို FPNCC မှာလည်း ပါဝင်နေတဲ့ SSPP ရဲ့ အရေးနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဆုံးဖြတ်မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
“ဆွေးနွေးတဲ့အခါကြရင်တော့ အဖြေပေါ်လာမှာပါ။ အဓိကအားဖြင့်ကတော့ SSPP ပေါ့ဗျာ။ ဟိုမှာလည်း နိုင်ငံရေးအရ ပါမယ်။ ဒီဘက်မှာလည်း နိုင်ငံရေးအရပါမယ်ဆိုရင်တော့ သူတို့က နှစ်ဘက်စလုံးဆိုတော့ ဘယ်လိုရပ်တည်သွားရင် ကောင်းမလဲပေါ့ဗျာ။ တကယ်လို့ တဖက်မှာ စစ်ရေးအရပဲ မဟာမိတ်လုပ်မယ်။ ကျန်တဲ့တဖက်မှာလည်း နိုင်ငံရေးအရ ဆိုရင်တော့ တမျိုးပေါ့လေ ဒါလည်း သူတို့ကို ဒီဝိုင်းထဲမှာ မေးပြီးတော့မှ နည်းလမ်းရှာသွားရမယ်” လို့ နိုင်ဟံသာ က ပြောပါတယ်။
ချင်းမိုင်မြို့မှာ ပြုလုပ်နေတဲ့ UNFC ညီလာခံကို KIO ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ SSPP ၊ မွန်ပြည် သစ် ပါတီ (NMSP)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) တို့က ခေါင်းဆောင် တွေ၊ ကိုယ်စားလှယ်တွေနဲ့ လေ့လာသူတချို့ တက်ရောက်နေတာ တွေ့ရပါတယ်။
UNFC က အဖွဲ့ဝင်တွေအားလုံးကို ဖိတ်ခေါ်ထားပေမယ့် နုတ်ထွက်ခွင့်တောင်းထားတဲ့ ၄ ဖွဲ့ထဲက KIO တဖွဲ့သာ တက်ရောက်ခဲ့ပြီး ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ကတော့ တက်ရောက်လာတာ မတွေ့ရပါဘူး။
TNLA နဲ့ MNDAA တို့ကတော့ နယ်မြေအတွင်းမှာ တိုက်ပွဲကြီးငယ်တွေ ဖြစ်ပွားနေတဲ့အပြင် နယ်မြေဖြတ်သန်း သွား လာရေး အခက်အခဲတွေ ရှိနေတဲ့ အတွက်ကြောင့် ညီလာခံကို မတက်ဖြစ်ကြောင်းနဲ့ ရှေ့ဆက်လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ ညီလာခံ ကျင်းပရေး ကော်မတီထံ အကြောင်းကြားစာ ပေးပို့ခဲ့ပေမယ့် WNO အဖွဲ့ကတော့ တစုံတရာ အကြောင်းကြားမှု မရှိခဲ့ဘူးလို့ UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ် က ညီလာခံ တက်ရောက်သူ တွေ ကို အသိပေး ပြောဆိုခဲ့ပါတယ်။
TNLA နဲ့ MNDAA တို့ဟာ UNFC က နုတ်ထွက်စာ တင်ခဲ့ပြီးတဲ့နောက် UWSA ဦးဆောင်တဲ့ FPNCC မှာ ပူးပေါင်းနေပါ တယ်။ WNO ကတော့ UNFC က နုတ်ထွက်စာ တင်ခဲ့ပြီးတဲ့နောက် အဖွဲ့ကို ဖျက်သိမ်းပြီး UWSA နဲ့ ပူးပေါင်းလိုက် တယ် လို့ သတင်းတွေ ထွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ချင်းအမျိုးသား တပ်ဦး (CNF) နဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ဟာလည်း တချိန်က UNFC အဖွဲ့ဝင်တွေ ဖြစ်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်မှာ UNFC ရဲ့ သဘောထားကို လျစ်လျူရှုပြီး အစိုးရနဲ့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ထိုးခဲ့တာကြောင့် UNFC က ယာယီ ထုတ်ပယ်ထားတာ ဖြစ်ပါတယ်။
လက်ရှိကျင်းပနေတဲ့ ညီလာခံမှာတော့ ဒီနှစ်ဖွဲ့ရဲ့ ရှေ့ရေးအတွက်လည်း ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ နောက်ဆုံး ကြားသိရတဲ့ သတင်းတွေအရ CNF ဟာ အဖွဲ့ဝင်အဖြစ် ပြန်လည် လျှောက်ထားကြောင်း သိရပြီး PNLO ကတော့ ပြန် မလာတော့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ကချင်အမျိုးသား အစည်းအရုံး (KNO)၊ ဇိုမီး ပြန်လည်ပေါင်း စည်းရေးအစည်းအရုံး (ZRO)၊ ကူကီး အမျိုးသား အစည်း အရုံး (KNO) နဲ့ ဗိုလ်မှူး စောဆန်းအောင် ဦးဆောင်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တို့ကလည်း UNFC အဖွဲ့ဝင် အဖြစ် လျှောက်ထားတယ် ဆိုတဲ့ သတင်းတွေ ကြားသိရပါတယ်။
အဖွဲ့ဝင်သစ်အဖြစ ်လျှောက်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့ လက်ရှိ UNFC ညီလာခံမှာတော့ ဆွေးနွေး ဆုံးဖြတ် သွားမှာ မဟုတ်ပေမယ့် နောက်ပိုင်းမှာတော့ အားလုံး ပါဝင်လာနိုင်အောင် နည်းလမ်းရှာသွားကြဖို့ သဘောထား ရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တချို့က ဆိုပါတယ်။
လက်ရှိကျင်းပနေတဲ့ ညီလာခံထဲမှာတင် UNFC တပ်ပေါင်းစုမှာ NCA လမ်းကြောင်းအတိုင်း အစိုးရနဲ့ ဆက်ပြီး ဆွေးနွေး သွားလိုတဲ့ အဖွဲ့တွေရှိနေသလို UWSA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) လမ်းကြောင်းကနေ သွားလိုတဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။
ဘယ်အဖွဲ့တွေက ဘယ်လိုဆက်သွားကြမလဲဆိုတာကတော့ မကြာခင်ရက်ပိုင်းမှာ အဖြေ ထွက်လာမယ်လို့ သိရပါ တယ်။
နိုင်ဟံသာ က “အခုက အခြေအနေအရ UNFC အဖွဲ့ဝင်ထဲမှာ NCA လိုင်းကနေပြီးတော့ ဆက်ပြီးတော့မှ ကြိုးပမ်းသွား မယ့် အဖွဲ့တွေ ရှိသလို မြောက်ပိုင်း ‘ဝ’ တွေနဲ့ တွဲပြီးတော့ပေါ့ဗျာ။ NCA ပြုပြင်မယ် ပြောင်းလဲမယ် စသဖြင့်ပေါ့၊ ဒါမှ မဟုတ်ရင်လည်း NCA ကို လုံးဝ မယူဘူး။ တခြားပုံစံမျိုးနဲ့ သွားမယ်ဆိုတဲ့ မူကလည်းရှိတာကိုး အဲဒီတော့ မြောက်ပိုင်း ဝ တွေနဲ့ လက်တွဲရမယ့် လူတွေကတော့ ဟိုဘက် ပေါင်းချင်လည်း ပေါင်းပေါ့ဗျာ။ ကျန်တဲ့ဘက်ကတော့ NCA လိုင်းကို ဆက်သွားဖို့ အနေအထားရှိပါတယ်” လို့ ရှင်းပြပါတယ်။
UNFC ကို အမြဲတမ်း ဦးဆောင်မှု အခန်းကဏ္ဍကို ယူခဲ့တဲ့ KIO လိုအဖွဲ့အစည်းမျိုးက အပြီးနုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ရင် တပ်ပေါင်းစု အတွင်းမှာ ခေါင်းဆောင် အပြောင်းအလဲပါ တွေ့မြင်ရဖွယ် ရှိပါတယ်။
UNFC က တိုင်းရင်းသားတွေအနေနဲ့ နိုင်ငံရေးမှာ စုစုစည်းစည်းနဲ့ လုပ်ဆောင်သွားနိုင်ဖို့အတွက် အရေးကြီးတဲ့ အချိန် လို့ ဆိုလိုက်ပြီး အဲဒီအတွက်လည်း ညီလာခံ နောက်ဆုံး သုံးရက်မှာ တပ်ပေါင်းစု အဖွဲ့ဝင်တွေမဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ကိုလည်း တွေ့ဆုံဆွေးနွေးကြဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ကို ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။
ဒါကြောင့် ဇွန်လကုန်ပိုင်းမှာတော့ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးတခု ဖြစ်လာမှာဖြစ်ပြီး ဘယ်လို ကောင်းမွန်တဲ့ ရလဒ် ကောင်းတွေ ထွက်မလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ။
The post လိပ်ခဲတည်းလည်း အခြေအနေတွေကို ဆုံးဖြတ်မယ့် UNFC ညီလာခံ appeared first on ဧရာဝတီ.