ကျနော်တို့ မြန်မာလူမျိုး အများစုမှာ မှားယွင်းတဲ့စားသောက်ပုံအကျင့်တခု ရှိပါတယ်။ အဲဒါကတော့ ဆီစားများ တာပါ၊ ဆီကိုလည်း ကြိုက်ကြပါတယ်။ ဆီပါရင် လွှစာမှုန့်တောင် ဟင်းဖြစ်တယ်လို့ ဆိုရိုးစကား ရှိပါတယ်။
အကျိုးဆက်ကတော့ အနည်းနဲ့အများ ဝလာခြင်းပါပဲ။ အခုခေတ်လို့ မသန့်ရှင်းတဲ့ဆီတွေ စားသုံးလာရချိန်မှာတော့ ပိုပြီး ၀ လာစေပါတော့တယ်။ ဒါပေမယ့် ဝသူတိုင်း ပိန်ချင်ကြပါတယ်။ ပြီးတော့ ရှိပါသေးတယ်။ မိမိကိုယ်မိမိ ဝနေသလား၊ ပိန်နေ သလား မခွဲတတ်သူတွေပါ။ နည်းနည်းလေး ပြည့်ပြည့်ဖြိုးဖြိုး ရှိလာတာနဲ့ ဝလာတယ် ထင်ပြီး အစားရှောင်နေသူတွေလည်း ရှိပါတယ်။
အခု ကျနော်က သင့်အနေနဲ့ တကယ်ပဲ ဝနေပြီလားဆိုတာ သင်ကိုယ်တိုင်သိရှိအောင် နည်းလမ်းလေး ပြောပြပါမယ်။
Body Mass Index လို့ ခေါ်ပြီး BMI လို့ လူသိများတဲ့ ခန္ဓာကိုယ် အလေးချိန်တိုင်းစနစ်ပါ။ ပုံမှန် ပေါင်ချိန်စက်နဲ့ ပေါင်ချိန် လိုက်လို့ ရလာတာက သင့်ရဲ့အလေးချိန်ပါ။ အခု BMI က သင့်ရဲ့အရပ်အမောင်းနဲ့ သင့်မှာ ရှိသင့်တဲ့ အလေးချိန်အချိုးအဆ ကို ပြောမှာပါ။
သင့်အနေနဲ့ ပျမ်းမျှမိန်းကလေးတယောက် အရပ် ၅ပေ ၃ လက်မ၊ အလေးချိန် ၁၂၅ ပေါင်ဆိုရင် မြန်မာမိန်းကလေးအများ စုက ကိုယ့်ကိုယ်ကိုယ် ဝနေပြီလို့ ခံစားကြပါတယ်။ ဒါပေမယ့် အဲဒီအရပ်အမောင်းနဲ့ အလေးချိန်က ပုံမှန်ပဲ ဖြစ်ပါတယ်။ ကျန်း မာတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ပါ။ ဟုတ်ပါပြီ၊ အခု ကျနော် BMI တွက်နည်း ပြောပါမယ်။
၁ – သင့်အလေးချိန်ကို ပေါင်ချိန်စက်နဲ့ ချိန်ပါ။ ( ဥပမာ- ၁၂၅ ပေါင် ဖြစ်ပါစေ)
၂- အဆိုပါ အလေးချိန်ကို ကီလိုဂရမ်ဖွဲ့ဖို့ ဝ.၄၅ နဲ့ မြှောက်ပါ။ ( ၁၂၅×၀၄၅ = ၅၆.၂၅ ကီလိုဂရမ် ဖြစ်ပါပြီ)
၃- သင့်ရဲ့အရပ်အမောင်းကို လက်မနဲ့ တိုင်းပါ ( ဥပမာ ၅ပေ ၃လက်မ = ၆၃လက်မ ဖြစ်ပါစေ)
၄- အဆိုပါလက်မကို မီတာဖွဲ့ဖို့ ဝ.၂၅ နဲ့မြှောက်ပါ ( ၆၃×ဝ.၂၅ -၁.၅၇၅မီတာ ဖြစ်ပါပြီ)
၅- အဆိုပါရရှိတဲ့ အရပ်(မီတာဖြင့်)ကို နှစ်ဆတင်ပါ (၁.၅၇၅×၁.၅၇၅ = ၂.၄၈၀၆၂၅ ဖြစ်ပါပြီ)
၆- အဆင့်၂မှာ ရထားတဲ့ အလေးချိန် (ကီလိုဂရမ်)ကို အဆင့်၅မှာ ရတဲ့ အရပ်(မီတာ)နဲ့ စားပါ (၅၆.၂၅ / ၂.၄၈၀၆၂၅ = ၂၂.၇ ရပါပြီ)
၇- အဆိုပါ ၂၂.၇ဟာ သင့်ရဲ့ BMI ပါပဲ။ ခန္ဓာကိုယ်အရ အလေးချိန် အချိုးပါ။
ဆက်ပြီး ပြောချင်တာကတော့ ၂၂.၇ ဆိုတဲ့ အမှတ်တခုကနေ ဘယ်လို အဖြေမှတ်ယူရမလဲ ဆိုတာပါပဲ။ အထက်က BMI တွက်နည်းကလည်း မှတ်ရလွယ်ပါတယ်။ အခုပြောမယ့် BMI အမှတ်သတ်မှတ်ချက်ကိုလည်း တွဲဖက်မှတ်ထားဖို့ လိုအပ် ပါတယ်။
တကယ်လို့ သင့် BMI အမှတ်က
၁- ၁၆ ထက် နည်းနေရင် အရမ်းပိန်လွန်းနေပါပြီ။ ကျန်းမာရေးနဲ့ မညီတော့ပါဘူး
၂- ၁၆-၁၈ မှတ်အတွင်းဆိုရင် ပိန်ပါတယ်။ ဒါပေမယ့် အစာမှန်အောင် စားပေးသင့်ပါတယ်
၃- ၁၈-၂၅ မှတ်အတွင်းဆိုရင် ပုံမှန် ခန္ဓာကိုယ်အချိုးအစားပါပဲ။
၄- ၂၅-၃၀ မှတ်အတွင်းကတော့ ၀ နေပါပြီ။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ
၅- ၃၀-၃၅ မှတ်အတွင်းမှာ အဝလွန်(အဆင့်- ၁) သတ်မှတ်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုနေပါပြီ
၆- ၃၅-၄၀ မှတ်အတွင်းမှာ အဝလွန်(အဆင့်-၂) သတ်မှတ်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းအပြင် အစားထိန်းဖို့၊ အိပ် ချိန် ပုံမှန်ထိန်းဖို့ လိုအပ်နေပါပြီ
၇- ၄၀ မှတ်နဲ့ အထက်ဆိုရင်တော့ အဝလွန် (အဆင့် ၃) ဖြစ်လာပါတယ်။ ပုံမှန်ခန္ဓာကိုယ်အချိုးအစားပြန်ရဖို့ ရာခိုင်နှုန်း မ ရှိသလောက် နည်းသွားတဲ့အနေအထားဖြစ်ပြီး အဝလွန်ရောဂါ တခုခုကြောင့် အသက်တိုနိုင်တဲ့အနေအထားပါ။
အခု BMI တွက်နည်းလေးကို မှတ်သား၊ BMI အမှတ်တွေကို ဖတ်ထားရင် မိမိ မိသားစုအားလုံးရဲ့ BMIကို ကိုယ်တ ယောက်တည်းက တွက်ပေးနိုင်ပြီး လိုအပ်သလို ထိန်းပေးနိုင်မှာပါ။ အင်တာနက်မှာတော့ BMI Calculator လို့ ရိုက်ရှာပြီး အလွယ်တွက်ကြည့်နိုင်ပါတယ်။
Ref: www.calculator.net
The post သင့်ခန္ဓာကိုယ် ဝ/ မ၀ ပြန်စစ်ဖို့ BMI တွက်နည်း appeared first on ဧရာဝတီ.