ကမ္ဘာကြီးဟာ ရွာကြီးတရွာ ဖြစ်လာပြီတဲ့၊ ဒါက ၂၀ရာစုရဲ့ခေတ်အနေအထားကို ဖော်ပြတဲ့စကားစုပါ။ လူတွေဟာ တိုးတက်အောင်မြင်လာသရွေ့ နေရာသစ်၊ ဒေသသစ်တွေကို ခြေဆန့်လာပါတယ်။
အလည်အပတ်၊ အလုပ်ကိစ္စ၊ ကျန်းမာရေး စသော အကြောင်းကြောင်းတွေကြောင့် ပြည်ပကို ခရီးတွေ ထွက်လာကြပါ တယ်။ နှစ်စဉ်ခရီးသွားနှုန်းကလည်း ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ တိုးတက်လာနေပါတယ်။ ဒီတော့ ကျနော်တို့တွေ ပြည်ပခရီးတခုကို သွားတော့မယ်ဆိုရင် ဘာတွေများ လုပ်ဆောင်ပြင်ဆင်သင့်ပါသလဲ။
(က) လုံခြုံရေးနဲ့ ကျန်းမာရေးအပိုင်းအတွက်ကိုတော့ ကျနော်က နောက်ထပ် (၄)မျိုး ထပ်ခွဲပြီး အသေးစိတ်လုပ်ဆောင်ဖို့ အကြံပေးချင်ပါတယ်။ အဆိုပါအချက် (၄)ချက်ကတော့
၁- သင့်ရဲ့ ကျန်းမာရေးဆေးစစ်ချက်ကို သက်ဆိုင်ရာကနေ ရယူ စစ်ဆေးပါ
အာမခံဆိုင်ရာလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ကျန်ရှိခဲ့မယ်၊ အိမ်၊ လုပ်ငန်း၊ ပိုင်ဆိုင်မှုက အစ နောက်ဆုံး သင့်ရဲ့အသက်အ ထိအောင်ပါ အာမခံထားရှိတာမျိုး လုပ်ဆောင်သင့်ပါတယ်။
နောက်ပြီး ဆေးထောက်ခံချက်ရယူမှုဟာ သင့်အနေနဲ့ ခရီးသွားလာနိုင်မှု ရှိ၊ မရှိ အပြင် တဖက်နိုင်ငံကပါ လက်ခံနိုင်အောင် ရောဂါဘယ ကင်းရှင်းကြောင်း ထောက်ခံချက်ရစေနိုင်မှာ ဖြစ်ပါတယ်။
၂- သင့်ရဲ့ Passport ကို မိတ္တူယူဆောင်သွားပါ
ဒီအချက်က တဖက်နိုင်ငံမှာ သင့်ရဲ့Passport ပျောက်ဆုံးခဲ့ရင်၊ ဒါမှမဟုတ် အခိုးခံရတာမျိုးရှိခဲ့ရင် သက်သေခံအနေနဲ့ အ သုံးဝင်စေနိုင်ဖို့ ဖြစ်ပါတယ်။
၃- သင့် Passport မိတ္တူကို အိမ်မှာ ချန်ခဲ့ပါ
ဒီတချက်ကတော့ သင့်ရဲ့ခရီးသွားလာမှုဆိုင်ရာမှတ်တမ်းကို အိမ်မှာ ဒါမှမဟုတ် ယုံကြည်စိတ်ချရသူထံမှာ အပ်နှံစေခြင်း ဖြစ်ပြီး လိုအပ်ခဲ့သည်ရှိသော် အသုံးဝင်စေနိုင်ဖို့ ဖြစ်ပါတယ်။
၄- သင့်နိုင်ငံသံရုံးနဲ့ သွားလာမယ့်နိုင်ငံရဲ့ သံရုံးမှာ ကြိုတင် စာရင်းပေးပါ
ဒီတချက်က သွားရောက်မယ့်နိုင်ငံကို သင် ရောက်ရှိပြီးချိန်မှာ ဖြစ်လာခဲ့တဲ့ လိုအပ်ချက်၊ ပြဿနာ၊ အခက်အခဲတွေအတွက် အဆိုပါ သံရုံးကနေ အကူအညီ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
(ခ) ငွေကြေးပိုင်းဆိုင်ရာ ကြိုတင် လုပ်ဆောင်သင့်တဲ့ အချက်တွေကို ပြန်ပြီး အသေးစိတ် ခွဲမယ်ဆိုရင်တော့ (၆)ခုလောက် လုပ်ဆောင်ရပါလိမ့်မယ်။ အဆိုပါ အချက်တွေကတော့
၁- ခန့်မှန်းအသုံးစရိတ်ကို တွက်ချက်ပါ၊ အပိုယူဆောင်ဖို့ ပြင်ဆင်ပါ
ဒါကတော့ သင့်အနေနဲ့ အဆိုပါ တဖက်နိုင်ငံမှာ အချိန် ဘယ်လောက် ကြာနေမယ်၊ ဘယ်နေရာတွေကို သွားလာမယ်၊ ခန့် မှန်းစရိတ် ဘယ်လောက်ရှိမယ်ဆိုတာတွေကို အသိမိတ်ဆွေထံကနေ လည်းကောင်း၊ အင်တာနက်ပေါ်ကနေလည်း ကောင်း၊ Travel Agent ကနေ လည်းကောင်း စုံစမ်းမေးမြန်းပြီး ခန့်မှန်းခြေ ကုန်ကျစရိတ်ကို တွက်ချက်ပါ၊
ပြီးမှ အဆိုပါ ပမာဏတစ်ရပ် ထွက်လာပြီဆိုရင် နောက်ထပ် အနည်းဆုံး ၂ ရက်တာအတွက် ခန့်မှန်းကုန်ကျစရိတ်ကို အ ပိုထပ်ဆောင်းယူပါ။ ဒါပေမယ့် သတိပြုစရာ တချက်က မလိုအပ်သော ပမာဏလောက်ထိအောင် များပြားတဲ့ ငွေကြေးကို ငွေသားအဖြစ်နဲ့ ယူဆောင်ခြင်းမပြုတာ အကောင်းဆုံး ဖြစ်မှာပါ။
၂- သင့်ရဲ့ Credit Card အနေနဲ့ သွားရောက်မယ့် နိုင်ငံမှာ အမှန်တကယ် သုံးစွဲနိုင်မှု ရှိ၊ မရှိကို စစ်ဆေးပါ၊
၃- ကြိုတင်ငွေလွှဲပါ
ဒီအချက်ကတော့ သင့်အနေနဲ့ ငွေကြေး အမြောက်အမြား ယူဆောင်သွားရမယ့် လုပ်ငန်းမျိုးမှာဆိုရင် ငွေကြေးအားလုံးကို တပါတည်း ယူဆောင်သွားဖို့ မသင့်တာကြောင့် သက်ဆိုင်ရာ ဘဏ်တခုခုကနေ ကြိုတင် ငွေလွှဲထားသင့်ပါတယ်။ ဒီနေရာ မှာ ATM လို စက်မျိုးကနေ တခါတည်းနဲ့ ငွေကြေး အမြောက်အမြားထုတ်ယူဖို့ ခက်တာကြောင့် ကြိုတင်ငွေလွှဲထားတာ ပို ပြီး အဆင်ပြေပါလိမ့်မယ်။
၄- ကြိုတင်ငွေလဲလှယ်ထားပါ
တဖက်နိုင်ငံမှာ အသုံးပြုဖို့ သက်ဆိုင်ရာ ငွေအမျိုးအစားကိုလဲလှယ် ယူဆောင်သွားသင့်ပါတယ်။
၅- ခရီးသွားလာမှု အတွက် သင့်ရဲ့သက်ဆိုင်ရာဘဏ် ဒါမှမဟုတ် Credit Card ထုတ်ပေးသူကို အသိပေးထားပါ
တချို့နိုင်ငံတွေမှာ ငွေကြေးဆိုင်ရာ လုံခြုံရေးစနစ် တင်းကျပ်လွန်းတာတွေ၊ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုစနစ် အားနည်း တာတွေ၊ အချိန်ကြာမြင့်တာတွေ ရှိတတ်ပါတယ်။ ဒီအတွက် တဖက်နိုင်ငံမှာ ငွေလိုအပ်ခဲ့လို့ ထုတ်ယူချိန်မှာ ပြဿနာ ရှိခဲ့မယ်ဆိုရင် ချက်ချင်း ချိတ်ဆက် အချက်အလက်ပေးနိုင်ဖို့ မိမိရဲ့သက်ဆိုင်ရာ ဘဏ်လိုနေရာမှာ အသိပေးထားခဲ့တာ အကောင်းဆုံး ဖြစ်ပါတယ်။
၆- မိမိသွားလာမယ့် နိုင်ငံရဲ့ပြည်ဝင်ကြေး၊ ထွက်ခွာကြေးတွေကို လေ့လာ ယူဆောင်ပါ
ဒါကတော့ အချို့သောနိုင်ငံတွေမှာ ကျင့်သုံးတဲ့အလေ့ ဖြစ်ပါတယ်။ ဒါပေမယ့် အပိုအနေနဲ့ ပေးဆောင်ရတာ မဟုတ်ဘဲ ပြည်ဝင်ကြေး၊ ထွက်ခွာကြေးလို အခကြေးငွေတွေဟာ လေယာဉ်လက်မှတ်ဖိုးထိအောင် ထည့်သွင်းပါရှိတတ်ပြီး နှုန်းထား တွေကတော့ အနည်းဆုံးဒေါ်လာ ၂၅ ကနေ ၂၀၀ အတွင်း ရှိတတ်ပါတယ်။
(ဂ) သွားရောက်မယ့် ဒေသဆိုင်ရာ အချက်အလက်လေ့လာမှုမှာတော့ အသေးစိတ် ကြိုတင်လုပ်ဆောင်သင့်တဲ့ အပိုင်း(၃) ပိုင်းရှိပါတယ်။
၁- သင် သွားလာလည်ပတ်ချင်တဲ့ နေရာတွေရဲ့ လက်မှတ်၊ ဝင်ခွင့်တွေကို ကြိုတင် မှာယူထားပါ။
၂- သင်နားလည်မယ့် ဘာသာစကားနဲ့ ရေးသားဖော်ပြထားတဲ့ ခရီးသွား လမ်းညွှန်စာအုပ်ကို ရအောင် ရှာဖွေစုဆောင်း ထားပါ၊ ဒါမှမဟုတ် အင်္ဂလိပ်လို ဖော်ပြထားတဲ့ စာအုပ်မျိုး အနည်းဆုံး ရှာထားပါ။
၃- သင် သွားရောက် လည်ပတ်နေမယ့် အချိန်မှာ အဆိုပါ နိုင်ငံအတွင်း ဖြစ်နေမယ့် အဖြစ်အပျက်၊ အကြောင်းအရာ၊ ပွဲ တော်၊ ဓလေ့၊ အခမ်းအနား၊ ပြိုင်ပွဲ အစရှိသဖြင့် အကြောင်းအရာတွေကို ကြိုတင်လေ့လာထားပါ။
(ဃ) လျှပ်စစ်နဲ့ နည်းပညာဆိုင်ရာ အပိုင်းမှာတော့ အချက်(၄)ခုကို အဓိကထား လုပ်ဆောင်ဖို့ လိုအပ်မှာပါ။
၁- သင့်ရဲ့လက်ကိုင်ဖုန်း၊ အိတ်ဆောင်ကွန်ပျူတာ၊ ကင်မရာလို အရာတွေအတွက် အားသွင်းကြိုးတွေကို မဖြစ်မနေ ယူ ဆောင်ပါ။
၂- သွားရောက်မယ့် နိုင်ငံရဲ့လျှပ်စစ်မီးအားပေးစနစ်ကို ကြိုတင် လေ့လာပြင်ဆင်ပါ။ ဒါကတော့ ဥပမာ ကျနော်တို့နိုင်ငံမှာ ၂၂၀ ဗို့အနေနဲ့ မီးအားပေးပြီးတော့ အချို့သောနိုင်ငံတွေမှာ ၁၁၀ ဗို့နဲ့ အားပေးတာတွေ ရှိတတ်တာကြောင့် ကြိုတင်ပြင် ဆင်မှု လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
၃- သင့်ရဲ့ ဖုန်းကို ကမ္ဘာတလွှားလုံး ခေါ်ဆိုလို့ ရနိုင်အောင် ပြင်ဆင်ထားပါ၊ Package ဝယ်ယူတာပဲ ဖြစ်ဖြစ်၊ အဆင့်မြှင့် တာပဲဖြစ်ဖြစ် ကြိုတင် လုပ်ဆောင်ထားသင့်ပါတယ်။
၄- ခရီးသွားလမ်းညွှန်ဆိုင်ရာ App တခုခုကို ရယူ အသုံးပြုသင့်ပါတယ်။ ဥပမာ Travelzoo ကဲ့သို့သော App ဖြစ်ပါတယ်။
(င) အဝတ်အထည်နဲ့ ယူဆောင်မှုအပိုင်းမှာတော့ အလေးပေး လုပ်ဆောင်ရမယ့် အဓိက အချက်(၃)ချက် ရှိပါတယ်။
၁- အဝတ်အထည်ကို တစုံအနည်းဆုံး အပိုယူဆောင်ပါ
တဖက်နိုင်ငံမှာ ဈေးနှုန်းအနေအထားဟာ ကြိုတင် မသိနိုင်တာကြောင့် လိုအပ်လို့ ဝယ်ခဲ့မယ်ဆိုရင် ကုန်ကျစရိတ် ပိုစေနိုင် ပါတယ်။
၂- မိမိ စီးနင်းသွားလာမယ့်လေကြောင်းလိုင်းက ခရီးဆောင်အိတ်ကို ဖွင့်လှစ် စစ်ဆေးမှု ရှိသလား စုံစမ်းပါ
ဒါကတော့ လေကြောင်းပိုင်းအပေါ် မူတည်ပြီး ကျင့်သုံးတဲ့ စနစ်မတူကြပါဘူး။ တချို့က အိတ်ကို ဖွင့်စစ်တတ်ပါတယ်။ ဒီလို ဖွင့်စစ်တတ်တဲ့ လေကြောင်းလိုင်းနဲ့ သွားလာမယ်ဆိုရင် ဖွင့်ပြနိုင်ဖို့အထိ အဆင်ပြေအောင် ထုပ်ပိုးထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
၃- အဆာပြေ အစားအစာယူဆောင်သွားဖို့လည်း ပြင်ဆင်ထားပါ
ခရီးတခုသွားလာခြင်းလုပ်ငန်းစဉ်အတွင်း အဆာပြေ အစာစားခြင်းဟာ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ အချက်တချက် ဖြစ်လို့ ပါပဲ။
Ref: www.travelzoo.com
The post ပြည်ပခရီးစဉ်တခု သွားတော့မယ်ဆိုရင် appeared first on ဧရာဝတီ.