“ဒီဆင်စခန်းကို အရမ်းသဘောကျတယ်။ အိန္ဒိယမှာလည်းဆင်စီးဖူးတယ်၊ ထိုင်းမှာလည်း ဆင်စီးဖူးတယ်။ ဒီနေရာမှာ စီးရတာကို ကျမ ပိုနှစ်သက်တယ်။ အခုလို တောထဲမှာ စီးရတာက ပိုသဘာဝကျတယ်လို့ ခံစားရတယ်”
ပေါ်လံကြီးဆင်စခန်းမှာ ဆင်စီးရတဲ့အတွေ့အကြုံကို ကျေနပ်ပျော်ရွှင်နေတဲ့ဟန်နဲ့ ပီရူးနိုင်ငံသူ မစ္စရစ်ချယ်(Mrs.Rechal)က ပြောပြပါတယ်။
အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကို မကြာသေးခင်ရက်ပိုင်းက အလည်အပတ်ရောက်ရှိခဲ့တဲ့ မစ္စရစ်ချယ်နဲ့ သူ့အမျိုးသား အာဂျင်တီးနားနိုင်ငံသား မစ္စတာအက်ဒဝင်း (Mr. Edwin)တို့က အဲဒီနိုင်ငံတွေမှာ ဆင်စီးခဲ့ရတဲ့ အတွေ့အကြုံတွေထက် မြန်မာပြည်က မြို့ကြီးပြကြီးနဲ့ အလှမ်းဝေးတဲ့ ပဲခူးရိုးမက ပေါ်လံကြီးဆင်စခန်းမှာ ဆင်စီးရတာကို ပိုမိုနှစ်သက်ပြီး ဆင်စခန်းသွားရာလမ်းခရီးတလျှောက် တောတောင်သဘာဝရှုခင်းတွေကို ကြည့်ရှုခံစားရတာကလည်း ပျော်ရွှင်ဖွယ်ကောင်းတယ်လို့ ဆို ပါတယ်။
မြန်မာ့သစ်လုပ်ငန်းက ပေါ်လံကြီးဆင်စခန်းကို ပဲခူးရိုးမပေါ်က သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ဆင်တွေနဲ့ ဆင်ဝန်ထမ်းတွေနေထိုင်ဖို့ ၁၉၉၁ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် မလုပ်ကိုင်တော့တဲ့အတွက် ၂၀၁၃ ၊ ၂၀၁၄ နဲ့၂၀၁၆ ခုနှစ်တွေမှာ တနှစ်ကို တကြိမ်လောက်သာ နိုင်ငံခြားသားခရီးသွားတွေလာရောက် အပန်းဖြေလည်ပတ်ခဲ့ပြီး လူသိနည်းတဲ့ ဆင်စခန်းလေးတခု ဖြစ်ပါတယ်။
ပေါ်လံကြီးကိုသွားမယ်ဆိုရင် ပဲခူးရိုးမအတွင်းကနေ ဖြတ်ပြီး ဆက်သွယ်ရေးလမ်းအဖြစ် ဖောက်လုပ်ထားတဲ့ ပြည်-ပေါက်ခေါင်း- အုတ်တွင်း- တောင်ငူ လမ်းမအတိုင်း သွားရပြီး ပြည်မြို့ကနေ လာမယ်ဆိုရင်တော့ ၄၆ မိုင် ၇ ဖာလုံ ခရီးရှိပါတယ်။ ပေါ်လံကြီးရွာကို ရောက်တာနဲ့ တောတွင်းကို တဖာလုံကျော်ကျော်လောက် လမ်းလျှောက်သွားမယ်ဆိုရင် ဆင်ဝန်ထမ်းတွေ နေထိုင်တဲ့ ပေါ်လံကြီး ဆင်စခန်းကို ရောက်ပါပြီ။
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့အတွက် ပြည်မြို့ကနေ နေ့ချင်းပြန် သွားနိုင်ပါတယ်။ ပြည်နဲ့ ပေါက်ခေါင်း မြို့ကြားမှာတော့ မြန်မာပြည်အလယ်ပိုင်းဒေသတွေဘက် ခရီးသွားတဲ့အခါ မြင်တွေ့နေကျအတိုင်း လယ်ကွင်းတွေနဲ့ ကျေးရွာလေးတွေကိုသာ မြင်တွေ့ရမှာဖြစ်ပေမယ့်ပဲခူးရိုးမတောင်ခြေမှာရှိနေတဲ့ ပေါက်ခေါင်းမြို့လေးကို ကျော်လာရင်တော့ ရိုးမအတွင်း ချဉ်းနင်းဝင်ရောက်လာပြီဖြစ်လို့ ရာသီဥတုအနည်းငယ်ပြောင်းလဲလာပြီး တောင်ပေါ်ဒေသတွေကို သွားရင် ကြုံတွေ့ရတဲ့ တောင်ဆင်း၊ တောင်တက် အကွေ့အဝိုက်တွေကို ရင်သပ်ရှုမောစွာ ခံစားရမှာ ဖြစ်ပါတယ်။

ပဲခူးရိုးမပေါ်က သဘာဝ လေကောင်းလေသန့်တွေကို တဝကြီး ရှူရှိုက်ရင်း ကားစီးရတာကတော့ ပေါ်လံကြီးဆင်စခန်းကို သွားတဲ့အခါ ကြုံတွေ့ရမယ့် ထူးခြားတဲ့ခံစားမှုတမျိုးပါ။
အဲဒီဆင်စခန်းမှာ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင် ၁၃ ကောင်ရှိပြီး ဆင်အများစုဟာ အိုမင်းနာမကျန်းနေကြပြီး သူတို့ရဲ့ အ သက်ဟာ အသက် ၃၄ နှစ်ကနေ ၇၅ နှစ်အထိ ရှိနေကြပါပြီ။ အဲဒီဆင်တွေကို ထိန်းကျောင်းနေတဲ့ ဆင်အုပ်၊ ဆင်ခေါင်း၊ ဆင်ဦးစီးနဲ့ ပဲ့စီးဆင်ဝန်ထမ်း ၂၆ ဦးရဲ့ အိမ်ထောင်စု ၃၇ စု နေထိုင်တဲ့ ဝန်ထမ်းအိမ်ရာဆိုပေမယ့် တောထဲတောင်ထဲမှာ ဆောက်လုပ် ထားတာကြောင့် ဝန်ထမ်းအိမ်ရာဆိုတာထက် ရွာဝိုင်းစုကလေးတခုလို မြင်တွေ့ရတာကလည်း ပေါ်လံကြီး ဆင်စခန်းရဲ့ဆွဲဆောင်မှုတခုပါပဲ။
ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ နိုင်ငံခြားသားတွေ အများဆုံးလည်ပတ်လေ့ရှိတဲ့ ဆင်စခန်း ၄ ခု ခန့်ရှိပြီး ရွှေကူမြို့ နယ်မှာ ဝဲမဆင်စခန်း၊ ကသာမြို့နယ်အနောက်ဘက်မှာ နတ်ပေါက်ဆင်စခန်း၊ သပိတ်ကျင်းမြို့နယ်က ဝါးဖြူတောင် ဆင်စခန်းနဲ့ ပေါက်ခေါင်းမြို့နယ်က ပေါ်လံကြီး ဆင်စခန်း တို့ဖြစ်ပြီး ချင်းတွင်းမြစ်ဘေးက မော်လိုက်မြို့နယ် ပျားစွဲဆင်စခန်းနဲ့ ဆိုရင် စုစုပေါင်း ဆင်စခန်း ၅ ခုရှိပါတယ်။
အဲဒီဆင်စခန်းတွေထဲက ပေါ်လံကြီးဆင်စခန်းကို အကြိုက်ဆုံးပါပဲလို့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြောင်းတလျှောက် ဇိမ်ခံသင်္ဘောကြီးတွေနဲ့ နိုင်ငံခြားသားဧည့်သည်တွေ လိုက်ပါ ပို့ဆောင်ပေးနေတဲ့ Belmond Road To Mandalay ကုမ္ပဏီက Ground Logistics Manager ကိုစိုးစိုးက ပြောပါတယ်။
“ပေါ်လံကြီးစခန်းရဲ့ထူးခြားချက်က တကယ့်ကို ဆင်စခန်းအစစ်ပုံစံ ဖြစ်တာကြောင့်ဗျ။ ရွာကြီးလိုဖြစ်နေပြီး အကုန်လုံးက ဆင်လုပ်သားတွေရော ဆင်တွေရော တကယ့် Real Life ပုံစံလို တွေ့ရတော့ ဧည့်သည်တွေ ကြိုက်ကြတယ်။ ကျနော်တို့ တော်တော်ကြိုက်တဲ့ စခန်းထဲမှာ ပေါ်လံကြီးလည်းပါတယ်” လို့ ကိုစိုးစိုးက ပြောပါတယ်။
နိုင်ငံခြားသားတဦးကို ဆင်စခန်းဝင်ကြေး ကျပ် ၂၀၀၀၀ နဲ့ ဆင်စီးပါက ကျပ် ၂၀၀၀၀ ပေးရပြီး မြန်မာနိုင်ငံသားတဦးကို ဆင်စခန်းဝင်ကြေး ကျပ် ၁၀၀၀ နဲ့ ဆင်စီးရင် ကျပ် ၅၀၀၀ သတ်မှတ်ထားပါတယ်။ ဆင်စခန်းအတွင်းမှာ တောင်ကုန်းလေးတွေကို ကွေ့ဝိုက်စီးဆင်းနေတဲ့ စမ်းချောင်းလေးအတိုင်း လမ်းတလျှောက် ၁၅ မိနစ်လောက် ဆင်စီးရင်း တောတောင် သဘာဝတွေကို ကြည့်ရှုရမှာဖြစ်သလို ဆင်တွေကို ချောင်းအတွင်း ရေချပေးတာတွေ၊ ဆင်တွေနဲ့ သစ်ဆွဲပြတာတွေကို မြင်တွေ့ရမှာဖြစ်ပြီး ဆင်တွေရဲ့သဘောသဘာဝတွေကိုလည်း ဆင်ဝန်ထမ်းတွေက ရှင်းပြပေးပါတယ်။
နိုင်ငံခြားသားတွေ လာရောက်လည်ပတ်တဲ့အခါ လမ်းခုလတ်မှာ သန့်စင်ခန်းမရှိတဲ့ အခက်အခဲကလွဲရင် ခရီးဝေးပေမယ့် ဆင်စခန်းကို သွားရတာ အဆင်ပြေတယ်လို့ သိရပါတယ်။
ဆင်တကောင်ဟာ တရက်မှာ ၂ နာရီသာ အိပ်စက်အနားယူပြီး တချိန်လုံးနီးပါး အစာကျွေးနေရတာကြောင့် ဆင်စခန်းမှာပဲ ဆင်တွေကိုထားမယ်ဆိုရင် အစာစရိတ်ဟာတရက်ကို အနည်းဆုံး ကျပ် ၂၀၀၀၀ အထက်ကုန်ကျပါတယ်။
အများပြည်သူ အချိန်မရွေး လာရောက်ကြည့်ရှုလည်ပတ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး လောလောဆယ်တော့ ဆင်အစာစရိတ် များနေတာကြောင့် ဆင်တွေကို တောထဲမှာပဲ လွှတ်ပေးထားရပါတယ်။
လည်ပတ်သူတွေလာရောက်မယ်ဆိုရင် တောထဲက ဆင်တွေကို ဆင်စခန်းကို ပြန်ခေါ်ထားနိုင်ဖို့အတွက် မြန်မာ့သစ်လုပ်ငန်းက တာဝန်ရှိသူတွေကို ၃-၄ ရက် ခန့် ကြိုတင်အကြောင်းကြားရမှာဖြစ်ပါတယ်။
ယခင်ကတော့ ပေါ်လံကြီးဆင်စခန်းကို လာရောက်ကြည့်ရှုချင်တယ်ဆိုရင် ရန်ကုန်မှာရှိတဲ့ မြန်မာ့သစ်လုပ်ငန်းရုံးချုပ်ကို တလနီးပါး ကြိုတင်အကြောင်းကြားပြီးမှသာ သွားရောက်လည်ပတ်နိုင်တာဖြစ်ပေမယ့် ၂၀၁၇ ခုနှစ်ကစတင်ပြီး ပြည်နဲ့ ပေါက်ခေါင်းမြို့တွေက မြန်မာ့သစ်လုပ်ငန်းနယ်မြေခံ တာဝန်ရှိသူတွေကိုဆက်သွယ်ပြီး လာရောက်လည်ပတ်နိုင်ဖို့ ဆောင် ရွက်ထားပြီးဖြစ်လို့ အရင်ထက်စာရင် ပိုမိုလွယ်ကူစွာ သွားရောက်နိုင်ပါပြီ။
“လိုအပ်ချက်ကတော့ အထူးသဖြင့် မြန်မာ့သစ်လုပ်ငန်းက အခုနောက်ပိုင်း လုပ်ပေးတဲ့ဟာ တော်တော်လေး သွက်သွက်လက်လက် ရှိပါတယ်။ ဟိုးတုန်းကဆိုရင် ဆင့်ကဲဆင့်ကဲ ခွင့်ပြုမိန့်ရဖို့က အတော်လေးလုပ်ရတယ်လေ။ အခု အဲဒီလောက်တော့ မခက်တော့ဘူး။ ဒီထက်လွယ်ကူတဲ့ စနစ်မျိုးသွားနိုင်ရင်ပိုကောင်းမယ်။ အမြဲတမ်းလာရောက်လည်ပတ်နိုင်တဲ့ စခန်းလိုမျိုး လုပ်နိုင်ရင်တော့ ပိုကောင်းမယ်လို့ မြင်ပါတယ်”လို့ Belmond Road To Mandalay ကုမ္ပဏီက Ground Logistics Manager ကိုစိုးစိုးက ပြောပါတယ်။

အမြဲတမ်း လာရောက်လည်ပတ်နိုင်အောင် စီစဉ်ပေးထားပါက ပေါ်လံကြီးဆင်စခန်းဟာ နိုင်ငံခြားသားဧည့်သည်တွေအပြင် ပြည်တွင်းဧည့်သည်တွေနဲ့ စည်ကားနိုင်မယ့် ပဲခူးရိုးမပေါ်က ဆင်စခန်းတခု ဖြစ်လာနိုင်တယ်လို့ နိုင်ငံခြားသား ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတချို့နဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။
အဲဒီဆင်စခန်းကို သွားရောက်ကြည့်ရှုရင်းပေါက်ခေါင်းမြို့နဲ့ ပေါ်လံကြီးဆင်စခန်းကြား လမ်းခုလပ်မှာ လည်ပတ် လေ့လာကြည့်ရှုစရာတွေ ရှိပါသေးတယ်။
ပေါက်ခေါင်းမြို့ကိုကျော်လာတာနဲ့ တောင်နဝင်းဆည်ကြီးနဲ့ အနီးဝန်းကျင်က သဘာဝ အလှအပတွေကိုလည်း ကြည့်ရှုခံစားနိုင်ပါတယ်။
အဲဒီကနေဆက်လာရင် ဆင်စခန်းမရောက်ခင် ၇ မိုင်ခန့် အလိုမှာတော့ ခြောက်ပင်စခန်းလို့ခေါ်တဲ့ မြန်မာနိုင်ငံဒေသအသီးသီးက အကောင်းဆုံးကျွန်းသစ်မျိုးတွေကို တနေရာတည်းမှာပဲ စိုက်ပျိုးပြီး မျိုးစေ့တွေ ရရှိလာအောင် မျိုးကူးပေးတဲ့ (Seed Production Area- SPA) သစ်စေ့ ထုတ်ဧရိယာ ကျွန်းစိုက်ခင်းကြီးမှာ ခရီးတထောက်နားရင်း လည်ပတ်ကြည့်ရှုနိုင်ပါတယ်။
အဲဒီကနေ ၃ မိုင်လောက် ဆက်သွားရင်တော့ ကျွန်းသစ်တွေ ဧက ၂၀၀၀ ကျော် စိုက်ပျိုးထားတဲ့ ဖြိုးစည်သူကုမ္ပဏီ ကျွန်းစိုက်ခင်းထဲက Golden Teak Park ဆိုတဲ့ သဘာဝအပန်းဖြေ စခန်းလေးမှာလည်း ဝင်ရောက်အပန်းဖြေလို့ရပါသေးတယ်။
မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုများပြားနေတဲ့အတွက် NLD ပါတီ အစိုးရဖြစ်လာပြီးနောက်ပိုင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ တနှစ်တာ သစ်ထုတ်လုပ်ခွင့်ကို ပိတ်ပင်လိုက်ပြီး ပဲခူးရိုးမကိုတော့ အထူးစီမံချက်အနေနဲ့ ၁၀ နှစ် သစ်ထုတ်ခွင့် ပိတ်လိုက်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်အကောင်ရေ ၃၀၁၃ ကောင်ရှိပြီး ဆင်အကောင်ရေ ၁၂၉၀ ကိုသာ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေတာဖြစ်ပါတယ်။ သစ်ထုတ်ခွင့်တွေ ပိတ်လိုက်တာကြောင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းသုံးဆင်တွေနဲ့ ဆင်ဝန်ထမ်းတွေ အခက်အခဲကြုံတွေ့လာလို့ ဆင်တွေနဲ့ပတ်သက်တဲ့ ခရီးသွားလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ နယ်မြေခံတာဝန်ရှိသူတွေကို စီမံခန့်ခွဲပိုင်ခွင့်ပေးထားမယ်ဆိုရင် ခရီးသွား လုပ်ငန်းတွေ ပိုမိုအောင်မြင်လာမယ်လို့ ဆိုပါတယ်။
ပြည်ခရိုင်အတွင်းမှာ ဆင်ကောင်ရေ ၆၇ ကောင်ရှိရာ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နိုင်တဲ့ဆင် အကောင် ၃၀ သာရှိပြီး ကျန် ၃၇ ကောင်က ဆင်ငယ်လေးတွေနဲ့ နာမကျန်းတဲ့သက်ကြီးဆင်တွေ ဖြစ်ပါတယ်။ ဆင်ဝိုင်းတဝိုင်းမှာ ဆင် ၅ ကောင်ကနေ ၇ ကောင် အထိရှိပြီး ဆင်ခေါင်း ၁ ဦး၊ ပဲ့ချိတ် ၂ ဦးနဲ့ ဆင်အကောင်ရေအလိုက် ဆင်ဦးစီး ထားရှိရပါတယ်။
ပြည်ခရိုင်အတွင်းမှာ ဆင်စခန်း ၄ ခုရှိပြီး ပြည်မြို့နဲ့ရွှေတောင်မြို့ကြားရှိ နတ်မှော်ဆင်စခန်းမှာ ဆင်၅ ကောင်၊ ပြည်မြို့ ရှောင်လမ်းရှိ ခေမာသီဝံ ဆင်စခန်းမှာ ၃ ကောင်၊ ပေါ်လံကြီးဆင်စခန်းမှာ ၁၃ ကောင်နဲ့ ရခိုင်ရိုးမပေါ်ရှိ ပန်းတောင်းမြို့နယ် ညောင်ကျိုးဆင်စခန်းမှာ ဆင်အကောင်ရေ ၄၀ ကျော်ရှိ ပြီး ညောင်ကျိုးဆင်စခန်းကိုလည်း ခရီးသွားလုပ်ငန်းတွေ လုပ် ကိုင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သဘာဝတောတောင်အလှအပတွေနဲ့ ပြည့်နှက်နေတဲ့ ပေါ်လံကြီးဆင်စခန်းက ဆင်တွေနဲ့ ဆင်ဝန်ထမ်းတွေကတော့ လာ ရောက်လည်ပတ်မယ့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေကို ဧည့်ဝတ်ကျေပွန်နိုင်ဖို့ ပဲခူးရိုးမတနေရာက စောင့်မျှော်လျက်ရှိနေပါတော့တယ်။
The post သဘာဝအလှများနဲ့ ပဲခူးရိုးမပေါ်က ပေါ်လံကြီးဆင်စခန်း appeared first on ဧရာဝတီ.