ကဗျာဆရာ-ကိုခါး (ကွမ်းခြံကုန်း)
စာအုပ်အမည်- ရန်ကုန်ဟာ ပြန်လာမယ်
အမျိုးအစား- ကဗျာ
ထုတ်ဝေသည့်တိုက်- တိုးမြစ်
ထုတ်ဝေသည့်ကာလ-ဖေဖော်ဝါရီ၊ ၂၀၁၇
တန်ဖိုး- ၂၅၀၀ကျပ်မကြာသေးမီ အွန်လိုင်းပေါ်ကနေ စာအုပ်ထုတ်ဝေသူတယောက်က ကဗျာစာအုပ်တအုပ်ထုတ်ဝေရာမှာ အစိုး ရသတင်းစာတစောင်ဖြစ်တဲ့ ကြေးမုံက သူ့ကြော်ငြာတခုကို သရုပ်ဖော်ပန်းချီတခုကြောင့် ထည့်သွင်းမပေးကြောင်း ရေး သားတင်ထားတဲ့ ပို့စ်တခု ဖတ်လိုက်ရပါတယ်။
ထုတ်ဝေတဲ့စာအုပ်တိုက်က တိုးမြစ်စာအုပ်တိုက်ဖြစ်ပြီး စာအုပ်အမည်ကတော့ ရန်ကုန်ဟာပြန်လာမယ်၊ ရေးဖွဲ့သူကတော့ ကဗျာဆရာ ကိုခါး(ကွမ်းခြံကုန်း)ဖြစ်ပြီးတော့ အဖုံးပန်းချီဇော်မောင်၊ အတွင်းသရုပ်ဖော်ပန်းချီဆရာက မုတ်သုန်ဖြစ်ပါတယ်။
ထုတ်ဝေသူရေးတင်ထားတဲ့ပို့စ်မှာ သရုပ်ဖော်ပန်းချီမှာ စစ်သားတယောက်က အလုပ်သမား တွန်းလှည်းတခုထဲမှာ လွတ်လပ်ရေးကျောက်တိုင်၊မြို့တော်ခန်းမတို့ကို ထည့်တွန်းလာတဲ့ ပုံကြောင့်လို့သိရပါတယ်။ ကဗျာစာအုပ်တအုပ်ဟာ တိုင်းသိ ပြည်သိ ထုတ်ဝေတာကို လူသိစေရန် ကြော်ငြာခြင်းကို အစိုးရသတင်းစာက ထည့်ဖို့ ဘာကြောင့်ငြင်းပယ်တာလဲဆိုတာ စဉ်းစားလို့မရပါဘူး။

စာတပုဒ်၊ ပန်းချီလက်ရာတခုဟာ တိုင်းသူပြည်သားတွေဖတ်ဖို့မသင့် ဆိုရင်လည်း စာပေ တာဝန်ခံတဦးဦးရဲ့မှတ်ချက်နဲ့ တားမြစ် တယ်ဆိုရင်တော့ လက်သင့်ခံလို့ရနိုင်လောက်ပါတယ်။ ဒါတောင် တားမြစ်သူက စာပေဆိုင်ရာပညာရှင်၊ (သို့တည်းမဟုတ်) ကျွမ်းကျင်သူလောက်တော့ ဖြစ်ရမှာပေါ့။
ယခု ရန်ကုန်ဟာ ပြန်လာမယ် ကဗျာရှည်ကို ရေးဖွဲ့သူကတော့ ကိုခါး(ကွမ်းခြံကုန်း)ဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်က ရေးဖွဲ့ခဲ့ပြီး ၂၀၁၀မှာ နွယ်နီမဂ္ဂဇင်းမှာ ပုံနှိပ်ဖို့ကြိုးစားပေမယ့် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ စိစစ်ရေးလို့ခေါ်တဲ့ စာပေကင်ပေတိုင်ရုံးက ဖြုတ်ချချန်လှပ်ခဲ့တယ်လို့ သိရပါတယ်။
အာဏာရှင်အစိုးရလက်ထက်မှာ စာပေကင်ပေတိုင်ရုံးကနေ ၎င်းတို့ အဘများရဲ့အာဏာနဲ့ အကျိုးစီးပွားထိပါးတယ်လို့ ယူဆ သုတ်သင်ပြီး လိုအပ်ရင် အနုပညာရှင်ရော ဘာရောမသိ ထောင်ချပစ်တာ လူတိုင်းအသိဖြစ်ပါတယ်။
ယခု NLD အစိုးရလက်ထက် စာရေးဆရာပြန်ကြားရေးဝန်ကြီးဌာနအောက်က အစိုးရသတင်းစာက အကြောင်းပြချက် ခိုင်ခိုင်လုံလုံလည်း မပေး၊ စာအုပ်လည်း လှန်ကြည့်ပုံမရဘဲ အခကြေးငွေပေးပါရက် ဘယ်ပညာရှင် အမိန့်နဲ့အနုပညာ ပစ္စည်းတွေ ရှင်းထုတ်နေတာ အစိုးရလူကြီးမင်း သိတော်မူရဲ့လို့ မေးခွန်းထုတ်မိတယ်။
ဘာပဲဖြစ်ဖြစ် ရန်ကုန်ဟာပြန်လာမယ်စာအုပ်မှာ အမှာစာကို မောင်သာနိုးက ရေးသားပေးပြီး မြန်မာ-အင်္ဂလိပ်နှစ်ဘာသာနဲ့ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာကို မောင်ညီညွတ်က ဘာသာပြန်ထားပြီး မျက်နှာဖုံးပန်းချီဇော်မောင် အတွင်းသရုပ်ဖော် မုတ်သုန်လက်ရာတွေဖြစ်ပါတယ်။
ဒီကဗျာရှည်မှာ စာပေကင်ပေတိုင်က ပယ်ချခဲ့တယ်ဆိုတာကြောင့် ဘယ်လို စကားလုံး အစုအဝေးတွေက ထိတ်ထိတ် လန့်လန့်ဖြစ်စရာလဲဆိုတာကို သိချင်ဇောကြောင့် စတင်ဖတ်ရှုမိတယ်။
ဒီနေရာမှာ ကဗျာဆရာကြီးတဦးရဲ့မှတ်ချက်လေးကိုလည်း သတိရမိပါတယ်။ စာပေကင်ပေတိုင်နဲ့ ပတ်သက်ပြီး သူပြောပြတာက “နေဝင်တယ်ဆိုတာတောင် သူ့အဖေ နေဝင်းရေးတယ်ဆိုပြီး ဖြုတ်ခိုင်းတာကွ”ပါတဲ့။ ခုလည်း သရုပ်ဖော်ပုံလေး တပုံကရော ဘယ်သူ့ထိခိုက်လို့များလဲ။
ရန်ကုန်ဟာ ကမ္ဘာသိပါ။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ပြည်တွင်းစစ်၊ မဆလ၊ နဝတ၊ နအဖစသဖြင့်လင်ဆိုး မယား ခေါ်မလား၊ သားဆိုးအမေ တဘေဘေခေါ်မလား၊ ကဗျာဆရာကတော့ အတိအလင်းပြောခဲ့တယ်။ ရန်ကုန်ဟာ ပြန်လာ မယ်။
သမိုင်းတလျှောက်
ပြန်လာမြဲပါ
ဒါဟာ ရန်ကုန်ပါပဲ
ရန်ကုန်ဟာ ပြန်လာမယ်
ရန်ကုန်ဟာ ပြန်လာမယ်ရေးတာကို ပြန်မလာစေချင်တဲ့သူရှိနေလို့လား။ ရန်ကုန်ကို နာကြည်းစရာ စစ်မြေပြင်လို သဘော ထားနေလို့ဖြစ်မယ်ထင်ပါတယ်။ဘယ်သူတွေကရော ရန်ကုန်ကို နှုတ်မှာ တသ၊ရန်တွေ ကုန်စေချင်တာပါလဲကိုတော့ ကဗျာ ဆရာကိုခါး(ကွမ်းခြံကုန်း)က ခုလိုရေးထားတာ ဖတ်ရှုရပါတယ်။
ကော်ဖီဝိုင်းတွေမှာ
မြတ်မြတ်နိုးနိုး
တိုးတိုးဖွဖွ တိုးတိုးသသ ရွတ်ဆိုကြ
“ရန်ကုန်”
သတ္တုတွင်းထဲမှာ
ရော့(ခ်)တေးလို ဟစ်ကြ
“ရန်ကုန်”
နမ့်လွေ(သံလွင်မြစ်ကြီး)ရဲ့အပြုံး
တောင်တန်းပြာပြာရင့်ရင့်ကြီးတွေ ပခုံးတန်း၊ဝန်းရံ၊
ပါးပြင်နုသွေးနီမြန်းတဲ့
လက်ဖက်ခင်းကြီးထဲက
ပအို့ဝ်မလေးရဲ့နှုတ်ခမ်းဖျားမှာလည်း
“ရန်ကုန်”
ရန်ကုန်မှာ ဗမာအပြင် တိုင်းရင်းသားအတော်များများ ရောက်ရှိနေထိုင် ရုန်းကန် အသက်မွေးဝမ်းကြောင်းနေကြတာဖြစ် တယ်။ဘယ်သူမှတော့ ရန်ကုန်ကို အကြည်းတန်အရုပ်ဆိုးမှာ မလိုလားကြတာအမှန်ပါ။
ရှမ်းလုံမလေးတွေ
လိမ္မော်ဆွတ်ချိန်
တစ်စုတစ်ဝန်း
“ရန်ကုန်”
“ရန်ကုန်”
ရေနံတွင်းတူးသမား အလုပ်သမားလုလင်ရဲ့
အကျႌရင်ဘတ်ပေါ် ပန်းပွင့်လို ထိုးဆိုက်
“ရန်ကုန်”
ကျေးတောသား ထွန်စက်မောင်းသမား လူငယ်ကလေး
မြေကြီးခွဲရင်း
သူ့ထယ်လမ်းကြောင်း
ကမ္ဘာ့မြေအနှံ့
“ရန်ကုန်”
သမိုင်းကြောင်းနဲ့ချီပြီး ခမ်းနားခဲ့တဲ့ရန်ကုန်၊ လောကဓံပေါင်းစုံကို ခေတ်အဆက်ဆက် ဦးမညွတ်ဘဲ အိမ်နိမ့်စံဘ၀ ရောက်ခဲ့ လည်း ရန်ကုန်ဟာ ရွှေအိုရောင်နေ့စွဲတွေပြန်ပြန်ရောက်တတ်တယ်ဆိုတာကို ကဗျာဆရာပေးချင်တဲ့ မက်ဆေ့ကို မဖတ်ဘဲ ဒါတော့ ငါ့အဘထိတာပဲဆိုရင်တော့ စာပေဖွံ့ဖြိုးဖို့ဆိုရင်တော့ ဘုန်းတော်ဘွဲ့များသာ ထွန်းကားတဲ့ အာဏာရှင်စနစ်ဆီသို့ ပြန်ရောက်မှာသေချာပေါက်ပါပဲ။
တနည်းအားဖြင့် ရန်ကုန်ဆိုတာ လူတယောက်လို့ခံစားမယ်ဆိုရင် သတ်လို့လုပ်ကြံလို့မရဘူးဆိုတာ ကဗျာဖတ်ရင်း သိနိုင် ပါလိမ့်မယ်။ ကဗျာဆရာ ကိုခါးကရော ဘယ်လိုမြင်ချင်သလဲဆိုတာကိုလည်း “ညီညွတ်ရေး၊ ငြိမ်းချမ်းရေး အရောင် တလွင့် လွင့် သန်းနှင့်ချီပြီး ပြန်လာမယ် အလှဆုံး” လို့ ငြိမ်းချမ်းရေးများနဲ့ရန်ကုန်ကို နိမိတ်ထွန်းသွားခဲ့ပါတယ်။
The post ရန်မကုန်သေးတဲ့ကဗျာရှည်တပုဒ် appeared first on ဧရာဝတီ.