Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ဒဏ်ရာတွေ နဲ့ မုံးကိုး

$
0
0

တောင်တန်းတွေပေါ်မှာ မြူခိုးတွေ ဝေနေသလို မီးခိုးနံ့တွေကလည်း တိတ်ဆိတ်နေတဲ့ တမြို့လုံးကို လွှမ်းမိုးနေ ပါတယ်။

နယ်စပ် ဂိတ်မှာတော့ တချို့က အထုပ်တွေ ကိုယ်စီ၊ တချို့ကတော့ ဆိုင်ကယ်လေး တွန်းကာ မြန်မာပြည် ဘက်ကို ပြန်လာနေကြတာကို တွေ့ရပါတယ်။

မြန်မာပြည်ကို ပြန်လာဖို့အတွက် အိမ်နံပါတ် နဲ့ အဘ အမည် စာရင်းသွင်းပြီး ကိုယ်ပိုင် စာရွက်နဲ့သာ သွားလာရတဲ့ နေရာ တခုလည်း ဖြစ်ပါတယ်။

အဲ့ဒီနေရာကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် ဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့က အစိုးရ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ (Northern Alliance Burma) လို့ ခေါ်တဲ့ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်ဖွဲ့(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့်အဖွဲ့နဲ့ ရက္ခိုင့် တပ်မတော် (AA) တို့ တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ မုံးကိုး ဒေသ ပါပဲ။
တရုတ်နယ်စပ် မုံးကိုးမြို့လေးဟာ အရင်က စည်းကားတဲ့ မြို့တမြို့ဖြစ်ပြီး လက်ရှိမှာတော့ တိတ်ဆိတ် ငြိမ်သက် နေပါတယ်။ ပျက်စီးမှုတွေ အရပ်သား သေဆုံးမှုတွေ အများကြီး ရှိတဲ့ တိုက်ပွဲ တပွဲကို ကြုံတွေ့ ခဲ့ရတဲ့ မြို့လို့လည်း ဆိုရပါ မယ်။

လက်နက်ကြီးကြောင့် ပျက်စီးနေတဲ့ အိုးအိမ်တွေကြားမှာ ပြေလွှား ဆော့ကစားနေတဲ့ ကလေးငယ် တွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

မုံးကိုးမြို့ရှိ နေအိမ်တွေ ဘုရားကျောင်းတွေ စာသင်ကျောင်းတွေ ကတော့ လက်နက်ကြီးကျည် ထိမှန် တာတွေ၊ သေနတ် ဒဏ်ရာတွေ ဗရပွ ဖြစ်နေပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် မုံးကိုး ဒေသက တရုတ်နယ်စပ်ဘက် ထွက်ပြေး တိမ်းရှောင်နေရသူ ၈၀၀၀ ကျော် ကို ဒီဇင်ဘာ ၁၉ ရက်အပြီး ကိုယ့်နေရပ်မှာ ပြန်လည်လာရောက် နေထိုင်ရမယ်လို့ မြန်မာ အစိုးရ က ပြောဆိုထားပါတယ်။

မုံးကိုးမြို့က တရုတ်နယ်စပ် မန်ဟိုင်းဒေသနဲ့ နယ်မြေ ထိစပ်နေတဲ့ မြို့ဖြစ်တဲ့အတွက် တရုတ်ပြည် မန်ဟိုင်း ဒေသ နေအိမ်တိုင်းမှာ တရုတ်အလံ လွှင့်ထူနေတာကိုလည်း တွေ့ရပါတယ်။
မုံးကိုးမြို့ ဒေသ တဝိုက်တွင် အရင်ကလည်း တိုက်ပွဲများ အနည်းငယ် ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိခဲ့ပြီး စစ်ဘေး ရှောင် ရတဲ့ အထိ၊ လေယာဉ်နဲ့ ဗုံးကြဲတဲ့ အထိ ဖြစ်လာမယ်လို့ မထင်ခဲ့ကြောင်း မုံးကိုး ဒေသခံ တွေက ပြောဆိုကြပါတယ်။

“တိုက်ပွဲက အရင်လိုပဲ ခဏလေး သေနတ်ပစ်ပြီး ရပ်မယ်လို့ထင်ခဲ့တာ။ ဒီလို အကြီးအကျယ် တိုက်ပွဲ ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး။ ဒါကြောင့် ပုံမှန် လုပ်နေကြ လုပ်နေတုန်းမှာပဲ လေယာဉ်နဲ့ လာပစ်တော့ လုပ်လက်စတွေ ရပ်ပြီး တရုတ် ဘက်ကို ဘာမှ မပါဘဲ ပြေးရတယ်”လို့ မုံးကိုးမြို့ ရပ်ကွက် ၅ မှာ နေထိုင်တဲ့ ဒေါ်ခွန်ရှောင် က ပြောပြပါတယ်။

တရုတ်ပြည် မန်ဟိုင်းဘက်ကို ထွက်ပြေးလာတဲ့ အချိန်မှာ ဘာပစ္စည်းမှ မယူဆောင်ခဲ့ဘဲ ကိုယ်လွတ်ရုံး ထွက်ပြေးခဲ့ ကြောင်း၊ လေယာဉ်ဖြင့် ဗုံးကြဲ သေနတ်ပစ်ခတ်မှု မထိမှန်ခဲ့ကြောင်းလည်း ဒေါ်ခွန်ရှောင် က ဆိုပါတယ်။
“ဗုံးကြဲတာကတော့ တမြို့လုံးမှာ ကြဲတာ။ တိုက်ပွဲစတာနဲ့ ကြဲတာပါ။ စက်သေနတ်နဲ့ ပစ်တယ်။ တောင်ကုန်း ဖိုက်တာနဲ့လာကြဲတယ်။ လယ်ကွက်နားမှာ ကျတယ်။ ကျနော်က ဗုံးကြဲတာ မြို့ပေါ်မှာ ဖြစ်မယ်မထင်ဘူး” လို့ ကချင် နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းမှ အသင်းတော် ဆရာ ဘရန် ကလည်း ပြောပါတယ်။

အစိုးရ တပ်မတော် က လေယာဉ်နဲ့ ဗုံးကြဲ သေနတ်ပစ်ခတ်မှုတွေ အဆက်မပြတ်လုပ်လို့ တရုတ်ပြည် မန်ဟိုင်း ဒေသအထိ ကျည်ဆန် ကျကာ တရုတ်ပြည်သူ ၂ ဦး သေဆုံးမှု ရှိခဲ့တယ်လို့ တရုတ်ပြည်မှာ နေထိုင်တဲ့သူတွေက ပြောဆိုကြပါတယ်။

“တပ် လေယာဉ်က ကောင်းကင်မှာ ဝဲပြီး အပေါ်ကနေ ပစ် အောက်ကနေ ပစ် နေကြတာ။ တရုတ်ဘက် ကို လည်း ကျည်တွေ အများကြီးကျတယ်။ ကျမတို့ အိမ်မှာလည်း ကျည်ဆန် လာကျတယ်။ တရုတ်လူမျိုး ၂ဦး ကတော့ ကျည်ထိပြီး ပွဲချင်းပြီး သေဆုံးသွားပါတယ်”လို့ တရုတ်ပြည်မှာ နေထိုင်တဲ့ အသက် ၆၃ နှစ် အရွယ် ရှိ စားသောက်ဆိုင် ဖွင့်ထားတဲ့ ရှမ်းတိုင်းရင်းသူ အမျိုးသမီးကြီး တဦးက ပြောပါတယ်။

ကျည်ဆန် ထိမှန်ခံရတဲ့ ဦးဖိုးထောင် ဆိုသူကလည်း “တိုက်ပွဲ တော်တော်ပြင်းထန်တဲ့ အချိန်မှာ ကျနော် ဟိုဘက် ကမ်းကို သွားနေတုန်း ကျည်ထိမှန်တာပါ။ ဟိုဘက်ခြမ်းရောက်တော့ တရုတ် ပြည်က လူနာတင် ကား ခေါ်ပြီး မန်စီ ဆေးရုံကိုပို့ပါတယ်”လို့ ပြောပြပါတယ်။

မုံးကိုးမြို့ကို ဝင်လိုက်တာနဲ့ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို ကျည်ထိမှန်တာတွေ နဲ့ ကက်သလစ် သာသနာပြု ခရစ်ယာန် ဘုရားကျောင်း လက်နက်ကြီး ထိမှန်ခံရတာတွေဟာ ရစရာမရှိ အောင် တွေ့ခဲ့ရပါတယ်။

လက်ရှိမှာတော့ ကက်သလစ် သာသနာပြု ခရစ်ယာန် ဘုရားကျောင်း လက်နက်ကြီး ထိမှန်ခံရတဲ့အတွက် အစိုးရ တပ်မတော်က လုံခြုံရေးယူထားပြီး ပြန်လည် ပြုပြင်နေတာကိုလည်း တွေ့ရသလို မုံးကိုး အထက်တန်း ကျောင်းဝင်း ထဲမှာလည်း တပ်က လုံခြုံရေး ယူနေတာ ကိုတွေ့ရပါတယ်။

တိုက်ပွဲကြောင့် မုံးကိုးမြို့ ပျက်စီးမှုကတော့ လူနေအိမ်တွေ ပျက်စီးမှုများသလို အိမ်ခြေ အလုံး ၄၀ ကျော် မီးရှို့ ခံရ ကြောင်း၊ လယ်ယာ နဲ့ စပါးခင်းလည်း မီးရှို့ခံရကြောင်း၊ အထက်တန်းကျောင်း တကျောင်း နဲ့ ကက်သလစ် သာသနာပြု ဘုရားကျောင်း တကျောင်း လက်နက်ကြီး ထိမှန်ခံရကြောင်းလည်း ကချင် နှစ်ခြင်း အသင်းတော် ဆရာ ဘရန် ပြောပြပါတယ်။

“တိုက်ပွဲကြောင့် ကျနော့် အသိထဲမှာ ၁၂ဦးသေတယ်။ အလောင်းမီးရှို့တဲ့ ဘိန်းစားတွေကတော့ အလောင်း ၄၀ ရှို့ ပြီးသွားပြီတဲ့။ ဒဏ်ရာရတဲ့သူကတော့ အများကြီးပဲ။ စာရင်း အတိအကျ မသိရသေးဘူး”လို့လည်း ဆရာ ဘရန် က ဆိုပါတယ်။

ဆက်လက်ပြီး နေအိမ်မီးရှို့ခံရတဲ့ ဆရာမ ဟောင်လွန်း က “ ၂၀ ရက်နေ့မှာ ဟိုဘက်ကမ်းကို ထွက်ပြေး သွားတယ်။ ဒီဇင်ဘာ ၃ရက်နေ့က မီးလောင်နေတယ်လို့ ပြောတယ်။ လောင်ပြီးမှ ပြန်လာကြည့်တာ အရမ်း ဝမ်းနည်းသွားတယ်။ ဘာပစ္စည်းမှ ယူသွားလို့မရဘူး”လို့ ပြောပြပါတယ်။

မြန်မာ အစိုးရ အနေဖြင့် ဒီဇင်ဘာ ၁၉ ရက်နေ့ အပြီး တရုတ်ပြည် မန်ဟိုင်းကို စစ်ရှောင်တဲ့ ပြည်သူတွေ ကို ပြန်ခေါ်ပေ မယ့်လည်း နေအိမ် မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသခံတွေအတွက် နေစရာ အဆင်မပြေမှု ဖြစ်နေ ကြောင်းလည်း ဆရာမ ဟောင်လွန်းက ဆက်လက်ပြောပါတယ်။

ဆရာမ ဟောင်လွန်းက“နေဖို့အတွက် သူတို့ ဘာမှ မပြောသေးဘူး။ စီစဉ်လိုက်မယ် လို့ပဲ ပြောတယ်။ လောလော ဆယ် ဆွေမျိုးဆီမှာနေမယ်။ သူငယ်ချင်းတွေ ဆီမှာလည်း အကူအညီတောင်း လိုက်ရှာနေ တယ်”လို့လည်း ပြောဆို ပါတယ်။

မုံးကိုးမြို့ ဝန်းကျင်မှာ လတ်တလော တိုက်ပွဲတွေ ရပ်ဆိုင်းနေပေမယ့် နောက်ထပ် တိုက်ပွဲတွေ ဆက်ဖြစ် လာမှာ ကိုတော့ မုံးကိုး ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“ကျနော် မုံးကိုးကို စဝင်လာတဲ့အချိန် တရွာလုံးက အေးနေတာ။ လမ်းတွေမှာ ခွေး၊ ကြောင်တွေ၊ လူ တယောက် သေနေတာ တွေ့တယ်။ တရွာလုံးက ပုပ်စော်နံ နေတာပဲ။ တခြား အလောင်းတွေကတော့ မီးရှို့ သဂြိုဟ်တာတွေလည်း ရှိပါတယ်”လို့ ဆရာ ဘရန်က မုံးကိုး ပြန်ဝင်လာတဲ့ရက် ကြုံရတဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။

မုံးကိုး မြို့တွင်းမှာ ငြိမ်းသက်နေပြီး လုံခြုံရေး ယူထားမှု အားနည်းနေသဖြင့် ဒေသခံတွေ အတွက် လုံခြုံရေး စိတ်မချရဘူးလို့လည်း ဆိုပါတယ်။

မုံးကိုးဒေသခံတွေကို နေရပ်ပြန်ခိုင်းပေမယ့် အစိုးရ ဌာနဆိုင်ရာတွေနဲ့ မုံးကိုးဒေသခံ ပြည်သူတချို့ကတော့ မန်ဟိုင်းဒေသမှာ အိမ်ခန်းငှားနေကြတယ်လို့လည်း မုံးကိုး ဒေသခံ နော်ဆိုင်း ကလည်း ပြောပြပါတယ်။

နော်ဆိုင်းက “တချို့ကတော့ မုံးကိုးကို ပြန်သွားကြပြီ။ တချို့ကတော့ နေ့ပြန်ပြီး ညဆိုရင်တော့ တရုတ်ပြည် ဘက် ပြန်အိပ်ကြတယ်။ အိမ်မပြန်ရင် အိမ်ကို တခုခု လာလုပ်မှာ ကြောက်လို့ ပြန်ကြတာပါ”လို့လည်း ဆိုပါ တယ်။
ဒါ့အပြင် တိုက်ပွဲကြောင့် မူဆယ်မြို့ကို ထွက်ပြေး တိမ်းရှောင်ရတဲ့ မုံးကိုးက ကျောင်းဆရာမ တွေကို ဒီဇင်ဘာ ၂၁ ရက်မှာ ပြန်ပို့မယ်လို့ မူဆယ်ခရိုင် ပညာရေးမှူး ဦးအောင်မြင့်ကလည်း ပြောပါတယ်။

ဆက်လက်ပြီး ပညာရေးမှူး ဦးအောင်မြင့် က “သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ စစ်ဗျူဟာတွေရဲ့ စီမံခန့်ခွဲမှုနဲ့ ဆက်လက် စီစဉ်တာပါ။ ကျန်ရှိနေတဲ့ ကာလမှာ ကလေးတွေ စာသင်ဖို့ သွားတာပါ”လို့လည်း ဆိုပါတယ်။

နိုဝင်ဘာ ၂၀ရက်နေ့က စတင်ဖြစ်ပွားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း တိုက်ပွဲတွေထဲမှာတော့ မုံးကိုး ဒေသမှာ ဖြစ်ပွားတဲ့ တိုက်ပွဲက အကြီးမားဆုံး တိုက်ပွဲတွေ ဖြစ်သလို ပျက်စီးမှု အများဆုံးလည်း ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် အရပ်သား ပြည်သူ ၄၀ လောက် သေဆုံးခဲ့လို့လည်း ဒေသခံ ပြည်သူတွေက နောက်ထပ် ဒီလို အဖြစ်ဆိုးတွေ ထပ်ကြုံလာရမှာကို စိုးရိမ်ထိတ်လန့်စွာနဲ့ အိမ်အတွင်း တံခါးပိတ် နေထိုင်နေကြပါတယ်။

ဒါအပြင့် ခရစ်ယာန် ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ကက်သလစ် သာသနာပြု ကျောင်းကြီး လက်နက်ကြီး ကျည် ထိမှန်တဲ့ အပေါ်ကိုလည်း ဒေသခံတွေက ဝမ်းနည်းမှုတွေ ဖြစ်နေကြပါတယ်။

ဒါပေမယ့်လည်း မြူတွေဆိုင်းနေတဲ့ တောင်တန်းတွေနဲ့အတူ အေးချမ်းလှတဲ့ မုံးကိုးဒေသမှာ သေနတ်သံတွေ ကင်းဝေး ပြီး ယမ်းနံ့တွေ ကင်းဝေးပါစေလို့ ဆုတောင်းရုံက လွဲလို့ လက်ရှိ အခြေအနေမှာတော့ ဘာမှ မတတ်နိုင် သေးပါ။ ။

The post ဒဏ်ရာတွေ နဲ့ မုံးကိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...