Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ကျီးကန်းပြင်သို့ သတင်းထောက်ရန် ခရီးတခေါက်

$
0
0

နယ်ခြားစောင့်ရဲတပ်ဖွဲ့က ကျနော်တို့ သတင်းထောက်တွေကို ရဲအဖွဲ့ဝင် ၅ ဦးအသတ်ခံခဲ့ရသည့် စခန်းတခုသို့ ခေါ်ဆောင်သွားပါသည်။ ထိုနေရာက အောက်တိုဘာလ ၉ ရက်နေ့တွင် သေနတ်သမားများက ဝင်ရောက်စီးနင်း၍ သေနတ် ၅၁ လက် ယူဆောင်သွားခြင်းခံခဲ့ရသည့် ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရုံးချုပ် အနီးမှ ကင်းစခန်းတခု ဖြစ်ပါသည်။

အဆောက်အဦးငယ် တခု၏ တံခါးက ကျိုးပျက်နေသည်။ ရဲအဖွဲ့ဝင် ၅ ယောက်က နေရာ ၂ နေရာတွင် အသတ်ခံခဲ့ကြရ ခြင်းဖြစ်သည်။ ၂ ဦးက အဆောက်အဦးငယ် အနီးတွင် အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး နောက်ထပ် ၃ ယောက်က ပင်မတံခါး အနီးတွင် ဒါးဖြင့် ခုတ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။ ကြမ်းပြင်တွင် သွေးများစွန်းထင်းနေဆဲ ဖြစ်သည်။

စခန်းတွင် ကျနော်တို့ မိနစ် ၂၀ ခန့်နေခဲ့ပြီး ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ရဲအဖွဲ့ဝင်များ စစ်သည်များနှင့်လည်း စကား အနည်းငယ် ပြောခဲ့ပါသည်။ အထူးသဖြင့် သတင်းထောက်များ စခန်းထဲ ဝင်လာသည်ကို မြင်ရသည့်အတွက် စစ်တပ်က အံ့အားသင့်နေသည်။ သူတို့က ထိုနေရာသို့ မည်သူ့ကိုမျှ ဝင်ရောက်ခွင့် ပေးမထားသောကြောင့် ဖြစ်သည်။ သို့သော်လည်း နေ့လည်စာစားချိန်တွင် စားသောက်ဆိုင်တခုတွင် တွေ့ခဲ့သော နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် အချို့က ကျနော်တို့ကို ခေါ်သွားခဲ့ခြင်း ဖြစ်သည်။ စစ်တပ်က ကျနော်တို့ကို ဘာမှ မပြောပါ။

ကျနော်တို့ အားလုံးကားထဲသို့ ရောက်သည့် အချိန်တွင် စစ်အရာရှိတဦးက သူ၏ အထက်လူကြီးထံ ဖုန်းဆက်ပါသည်။ ကျနော်တို့ကို မောင်းမထွက်သွားရန်နှင့် သူ ဖုန်းပြောသည်ကို စောင့်ဆိုင်းပေးရန် ပြောပါသည်။

ထို့နောက် အထက်လူကြီးမှ အမိန့်ပေးသည့် အတွက် စခန်းများအတွင်းတွင် ကျနော်တို့ ရိုက်ကူးခဲ့သည့် ဓာတ်ပုံများကို ဖျက်ပေးရန် သူက ပြောပါသည်။ ကျနော်တို့က ညင်းပယ်ခဲ့ပါသည်။ ကျနော်တို့၏ ကားကို မောင်းထွက်လာသည့် အချိန်တွင် ကျီးကန်းပြင်၏ အဓိက စစ်ဆေးရေးဂိတ်က ကျနော်တို့ကို ရပ်တန့်ရန် ထပ်မံ တားမြစ်လာသည်။ သူတို့ အချင်းချင်း သတင်းပေးလိုက်ခြင်းကြောင့် ဖြစ်ပါသည်။

ကျနော်တို့ နောက်တကြိမ် အချေအတင် ငြင်းခုန်ခဲ့ရသည်။ ယမန်နေ့ကလည်း ခရီးသွားလာမှု ပိတ်ပင်ခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်အရာရှိနှင့်ပင် ကျနော်တို့နဲ့အငြင်းအခုန် ဖြစ်ခဲ့ရသည်။ ယခုတကြိမ်တွင်လည်း ကျနော်တို့ကို ဓာတ်ပုံ ဖျက်ပေးရန် တောင်းဆိုလာသည့် အတွက် မဖျက်နိုင်ကြောင်း ငြင်းဆန်ခဲ့ကြရပြန်ပါသည်။

ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ကျနော်တို့ကို သွားခွင့်ပြုထားသည်ကို မည်သည့် အတွက်ကြောင့် တားမြစ်သနည်းဟု မေးသည့်အခါ သူက အထက်လူကြီးထံမှ အမိန့် ဖြစ်ကြောင်း သူ၏ သဘောထား မဟုတ်ကြောင်း ကျနော်တို့ကို ပြောပါသည်။

အောက်တိုဘာလ ၁၆ ရက်နေ့မှ စ၍ အဆိုပါ ဗိုလ်ကြီးနှင့် ကျနော်တို့ ၂ ကြိမ် အချေအတင် အငြင်းပွားခဲ့ရပါသည်။ နောက်ဆုံးတွင် ကျနော်တို့ ထိုဒေသမှ ထွက်ခွာလာခဲ့ရပါသည်။ အခြား နေရာများသို့ သွားခွင့် မရှိတော့ပါ။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ကျနော်တို့ ဓာတ်ပုံများ ဖျက်မပေးခဲ့ရပါ။

အောက်တိုဘာလ ၁၃ ရက် နှင့် ၁၄ ရက်နေ့များအထိ ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ အချို့သတင်းထောက်များ သွားလာနိုင်ဆဲ ဖြစ်သည်ဟု သတင်းထောက်များက ဆိုသည်။ သို့သော်လည်း အထက်လူကြီး၏ အမိန့်ကြောင့် အောက် တိုဘာလ ၁၆ ရက်နေ့တွင်မှ သွားလာခွင့်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်ကြီးက ပြောသည်။

ဗိုလ်ကြီးက ပဋိပက္ခဒေသများအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်၍ သတင်းယူရန် သတင်းထောက်များအတွက် လုံခြုံမှု မရှိ၍ ဖြစ်သည်ဟုသာ အကြောင်းပြချက်ပေးသည်။ မြန်မာစစ်တပ်က စစ်ဆင်ရေးများ ပြုလုပ်နေပြီး တိုက်ပွဲများ အချိန်မရွေး ပေါ်ပေါက်နိုင်သည့်အတွက် မီဒီယာအတွက် လုံခြုံမှု မရှိဟု ဆိုသည်။

ဒေသခံများကို သွားလာခွင့် ပေးထားပြီး ဒေသခံများ မောင်းနှင်သည့် မော်တော်ဆိုင်ကယ်များက ပဋိပက္ခဒေသအတွင်းသို့ ဝင်ရောက်နေကြဆဲ ဖြစ်သော်လည်း မီဒီယာကို သွားခွင့် မပြုသည်ကို ကျနော်တို့က ထောက်ပြခဲ့ကြပါသည်။ သို့သော် ဗိုလ်ကြီးက အဖြေမပေးနိုင်ပါ။ ထို့ကြောင့် ကျနော်တို့ သတင်းထောက်များ နာရီနှင့် ချီ၍ အချေအတင် ပြောခဲ့ကြရခြင်း ဖြစ်သည်။

ကျနော်တို့၏ နာမည်များကို ရယူရန်ပင် ဗိုလ်ကြီးက ကြိုးစားခဲ့ပါသည်။ သို့သော်လည်း သူ၏ အမည်ကို အရင်မပြောပြလျှင် ကျနော်တို့ကလည်း ကျနော်တို့၏ နာမည်ကို ပေးမည် မဟုတ်ကြောင်း သူ့ကို ပြန်ပြောခဲ့ကြပါသည်။

သူ၏ အထက်အရာရှိ မည်သူ ဖြစ်သည်ကို မေးသည့် အခါတွင်လည်း သူကပြောပြဖို့ ငြင်းပယ်ခဲ့ပါသည်။ သူက ဖုန်းဆက် သည့်အခါ “အဘကြီး” နှင့် “အဘလေး” ဆိုသည့် စကားလုံးများကို သုံးစွဲသည့် အတွက် သူ၏ အထက် အရာရှိမှာ ၂ ဦးရှိသည်ဟု ယူဆရပါသည်။

7 days နေ့စဉ် သတင်းစာနှင့် Voice သတင်းစာတို့မှ သတင်းထောက်နှင့် ဓာတ်ပုံဆရာများက သူတို့ ပထမဆုံးရောက် သည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဝက်ပိတ်ကျေးရွာ မှ မီးရှို့ထားသည့် အိမ်အချို့ကို ဓာတ်ပုံ ရိုက်နိုင်ခဲ့ကြောင်း ပြောပါသည်။ ကားလမ်းတလျှောက် အိမ်ခြေ ၂၀ ခန့် မီးရှို့ခံထားရသည်ဟု ဓာတ်ပုံဆရာ တယောက်က ပြောဆို ခန့်မှန်းပါသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ဝက်ပိတ်ရွာအနီးမှ ကျေးရွာ ၂ ရွာတွင်ပင် အိမ်အချို့ မီးရှို့ခံခဲ့ရကြောင်း၊ မီးခိုးများ ထွက်လာသည်ကို ထိုညနေက မြင်တွေ့ခဲ့ရကြောင်း The Voice မှ ဓာတ်ပုံဆရာတဦးက ပြောပါသည်။

သက်သေအထောက်အထား မတွေ့ရှိနိုင်သည့်အတွက် အစိုးရတပ်က မီးရှို့သည်ဟု စွပ်စွဲရန် ခက်ခဲကြောင်း သတင်းရင်း မြစ်များ၏ အဆိုအရ သိရသည်။ သို့သော်လည်း တိုက်ပွဲများတွင် အိမ်အချို့ မီးလောင်သည်ကို အမှန်တကယ် မြင်တွေ့ရ ကြောင်း သူတို့က ပြောသည်။

ယင်းကစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာအိမ်များကို မြန်မာစစ်တပ်က မီးရှို့ခဲ့သည်ဟု မောင်တောမြို့မှ မွတ်ဆလင်အသိုင်းအဝိုင်းအချို့က စွပ်စွဲခဲ့ခြင်းနှင့် ဆက်နွယ်နေပါသည်။

မောင်တောမြို့မှ မွတ်ဆလင်အသိုင်းအဝိုင်း ခေါင်းဆောင်တဦး ဖြစ်သည့် ဦးလှမောင်က အချို့ကျေးရွာများတွင် ဗလီများနှင့် ဈေးများ အပါအဝင် မီးရှို့ခံခဲ့ရသည့် အိမ်များစာရင်း ကျနော့်ကို ပေးသည်။ စစ်ဆင်ရေးဆောင်ရွက်စဉ် အတွင်း မွတ်ဆလင်အရပ်သားအချို့ကိုလည်း အစိုးရတပ်က သတ်ဖြတ်ခဲ့သည်ဟု သူက စွပ်စွဲသည်။

စစ်တပ်မှ အိမ်များကို မီးရှို့ခဲ့သည်ဆိုခြင်းနှင့် ပတ်သက်၍ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မေးမြန်းသည့်အခါ သူက စွပ်စွဲမှုများကို ပယ်ချသည်။ တပ်မတော်က ပြည်သူလူထု၏ အိမ်များကို မီးရှိုှု့ခြင်းမရှိကြောင်း ပြောသည်။ ပြန်ကြား ရေး ဝန်ကြီးဌာနမှ ရရှိခဲ့သည့် ဓာတ်ပုံအချို့တွင် အိမ်အချို့ မီးလောင်နေသည်ကို တွေ့မြင်ရပြီး စစ်တပ်က ရေပုံးများဖြင့် မီးကို ရပ်တန့်ရန် ကြိုးစားခဲ့သည်ဟုလည်း ဆိုသည်။

“စစ်ဆင်ရေး ဆောင်ရွက်စဉ် အတွင်းမှာ တပ်မတော်က ပြည်သူတွေရဲ့ အိမ်ကို မီးရှို့ခဲ့တယ်လို့ ကျနော်တို့ လုံး၀ မကြားပါ ဘူး။ တပ်မတော်က မီးလောင်နေတဲ့ အိမ်တွေကိုမီးငြှိမ်းဖို့ပဲ ကြိုးစားခဲ့တာပါ” ဟု ဦးဇော်ဌေးက ပြောသည်။ အင်တာနက်တွင် ပျံ့နှံ့နေသော ဓာတ်ပုံအချို့မှာ photoshop ဖြင့် ဖြတ်ညှပ်ကပ်လုပ်ပြီး အတုအယောင်များ ဖြစ်သည်ဟုလည်း အပြစ်တင်ခဲ့သည်။

“အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတချို့ ရှိပါတယ်။ အဲဒါတွေက photoshop နဲ့ လုပ်ထားတာတွေပါ။ အစစ်တွေ မဟုတ်ပါဘူး” ဟု သူကပြောသည်။

ပဋိပက္ခဒေသများသို့ မီဒီယာ ဝင်ရောက်နိုင်ခြင်း မရှိသည့်အတွက် လက်တွေ့ အခြေအနေတွင် မည်ကဲ့သို့ ဖြစ်နေသည်ကို ဖော်ထုတ်ရန် ခက်ခဲနေခဲ့သည်။ ဧရာဝတီ၊ မြန်မာတိုင်းမ်၊ 7 Days၊ The Voice၊ DVB၊ ကုမုဒြာနှင့် နိရဉ္စရာတို့ပါဝင်သည့် မီဒီယာအဖွဲ့တဖွဲ့မှာ ပဋိပက္ခဒေသအတွင်းသို့ ဝင်ရောက်ခွင့် မရခဲ့ပါ။

မောင်တောမြို့ရှိ ရခိုင် ဒုက္ခသည်စခန်းသို့သာ သွားရောက်နိုင်ခဲ့သည်။ မွတ်ဆလင် စစ်ပြေးဒုက္ခသည်များ ရှိရာသို့ သွားရောက်နိုင်ခဲ့ခြင်း မရှိပါ။

တိုက်ပွဲများကြောင့် ထွက်ပြေးလာရသည့် မွတ်ဆလင် ဒုက္ခသည် အမြောက်အမြားရှိသည်ဟု ဦးလှမောင်က ပြောသည်။ အချို့က ကျေးရွာများတွင် ဆက်လက် ပုန်းအောင်နေပြီး အခြားသူများက တောထဲတွင် ပုန်းနေကြသည်ဟု သိရသည်။ အစားအစာလည်း မလုံလောက်ဟု ဆိုသည်။

“ကျနော်တို့ ဒုက္ခသည် အများစုက အစိုးရဆီက ဘာအကူအညီမှ မရနိုင်ကြဘူး။ စားနပ်ရိက္ခာ ပြဿနာလည်း ရှိတယ်” ဟု ဦးလှမောင်က ပြောသည်။ အစိုးရက ရခိုင်လူမျိုးများကိုသာ ကူညီနေသည်ဟုလည်း အပြစ်တင်ခဲ့သည်။ “သူတို့က ကျနော် တို့ ပြည်သူတွေကို မကူညီခဲ့ဘူး။ ကျနော်တို့ ပြည်သူတွေက မောင်တော မြို့ထဲ ဝင်လို့ မရဘူး။”

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ထောက်ပံ့နေကျ လူ ၈ သောင်းကျော်အတွက် စားနပ်ရိက္ခာများ ပို့ဆောင်ခွင့်ကို တပ်မတော်က ပိတ်ပင်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

The post ကျီးကန်းပြင်သို့ သတင်းထောက်ရန် ခရီးတခေါက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...