ရန်ကုန် သင်္ဃန်းကျွန်း စံပြစျေးအနီး ရောင်ခြည်သစ် ကုသိုလ်ဖြစ် ဆေးခန်းရှေ့တွင် မိမိအမည်ကို ခေါ်ရန် စောင့်ဆိုင်း နေသူ များထဲတွင် အသက် ၃ရနှစ်အရွယ် မကျော့ တယောက်လည်း အပါအဝင်ဖြစ်သည်။
အသားဖြူဖြူ အနည်းငယ်ဝဖိုင့်သော ခန္ဓာကိုယ်ရှိပြီး ဝေဒနာကြောင့် မျက်နှာက နွမ်းလျနေသည်။
မကြာခဏ ယားယံသည့် ရောဂါခံစားရ၍ ဆေးခန်းပြရာမှ ဆီးချိုဝေဒနာဖြစ်နေမှန်း သိခဲ့ရပြီး ကုသမှုခံယူနေသည်မှာ ၁ နှစ် ကျော် ရှိသွားပြီ ဖြစ်သည်။
“ကျမမှာ ဆီးချိုမျိုးရိုးလည်း မရှိဘူး။ သူများတွေလို အချိုတွေ၊ လက်ဖက်ရည်တွေကို စွဲစွဲမြဲမြဲ သောက်လေ့မရှိဘဲ ဆီးချို ဖြစ်တယ် ဆိုတော့ အံ့သြနေတာ”ဟုလည်း မကျော့က ဆိုသည်။
ကူးစက် ရောဂါ မဟုတ်သည့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများ အဖြစ်များလာခြင်းက စားသုံးဆီများနှင့် ဆက်စပ်မှု ရှိနေ ကြောင်း ဆေးပညာရှင်တချို့က သုံးသပ်လာကြသည်။
“အရင်တုန်းက သွေးတိုး ဆီးချိုဆိုရင် သူဌေးရောဂါပေါ့။ အရမ်း အဆီအစိမ့်တွေ စားတဲ့သူတွေမှာ ဖြစ်တယ်လို့ ယေဘုယျ အားဖြင့် သုံးသပ်တာပေါ့။ နောက်ပိုင်း လမ်းဘေးစျေးသည်တွေ၊ ဆိုက်ကားသမားတွေက အစ ဆီးချိုဖြစ် လာတယ်”ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ကျော်စွာဦးက ပြောသည်။
ဆီးချိုရောဂါ ဖြစ်ပွားပါက အမြင်အာရုံ ဆုံးရှုံးခြင်း၊ နှလုံးသွေးကြောဆိုင်ရာ လေဖြတ်ရောဂါနှင့် နှလုံးသွေးကြော ပိတ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ ခြေပုပ်၍ ဖြတ်တောက်ပစ်ရခြင်း စသည့် ရောဂါများ ဖြစ်လာနိုင်သည်။
အိမ်ထောင်သည် ကလေးတယောက် အမေဖြစ်သော မကျော့တို့ မိသားစု၏ အဓိကဝင်ငွေမှာ ရာသီပေါ်ပန်းများကို ရောင်းရငွေ ဖြစ်သည်။
အသက် ၁၄နှစ်အရွယ် ကလေးတဦးအတွက် ကျောင်းစရိတ်လည်းရှိသော သူတို့မိသားစုသည် ချောင်ချောင် လည်လည် နေထိုင် စားသောက်ရေး မလွယ်ကူပေ။
နေ့စဉ် စားသောက်ရာတွင် သုံးစွဲသော ဆီအမျိုးအစားနှင့် ပတ်သက်ပြီး ပဲဆီ ရိုးရိုးသာ စားသုံးနိုင်သည်ဟု မကျော့က ပြော သည်။
“ပဲဆီပေါ့၊ အရမ်း အကောင်းကြီးတော့ မသုံးနိုင်ဘူး။ ပဲရိုးရိုးပေါ့။ တပိဿာ ကျပ် ၂၀၀၀ ပေးရတယ်”ဟုလည်း သူက ပြောပြ သည်။
လက်ရှိတွင် မြေပဲ တပိဿာ ခန့်မှန်းခြေ ၂၅၀၀ ကျပ် ကျသင့်ပြီး မြေပဲ တပိဿာကို ဆီကြိတ်ပါက ဆီလေးဆယ်သား ခန့် ရနိုင်ကြောင်း ဆီလုပ်ငန်းရှင်များထံမှ သိရသည်။
အလုပ်သမား ခ၊ မီတာခ၊ သယ်ယူပို့ဆောင်ရေး စရိတ်များ ထည့်တွက်ပါက ပဲဆီစစ်စစ် ရရှိရန် တပိဿာလျှင် အရင်းအနှီး ကျသင့်ငွေမှာ ၅၅၀၀ ကျပ် နီးပါး ရှိသည်။
ထို့ကြောင့် စျေးကွက်ထဲတွင် ပဲဆီဟုဆိုကာ ရောင်းချနေသော ဆီများ၏ စျေးနှုန်းနှင့် ချိန်ထိုး စဉ်းစားပါက ယင်းဆီများ မှာ ပဲဆီ စစ်စစ် မဖြစ်နိုင်ပါ။
ဒေါက်တာ ကျော်စွာဦးက “ဆီမသန့်တဲ့အခါ ခန္ဓာကိုယ်တွင်းမှာ မကောင်းတဲ့ အဆီဓာတ်တွေ များလာရင်၊ သွေးထဲမှာ အဆီ ဓာတ်တွေ များလာရင် သွေးတိုး၊ ဆီးချို၊ နှလုံး သွေးကြော ကျဉ်းတာတွေက ဖြစ်လာနိုင်တယ်။ အသက်ငယ်ငယ် နဲ့ ဖြစ်တော့ နောက်ပိုင်းမှာ ဒီရောဂါတွေကြောင့် အသက်တိုသွားနိုင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးနှုန်းသည် နှစ်စဉ် အခြားသော သေဆုံးနှုန်းများ၏ ထက်ဝက် ကျော် ဖြစ်သော ၅၉ ရာခိုင်နှုန်းခန့် ရှိသည်။
မကူးစက်နိုင်သော ရောဂါများမှာ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ ကင်ဆာ၊ နာတာရှည် အသက် ရှု လမ်းကြောင်း ဆိုင်ရာ ရောဂါများဖြစ်သည်။
သွေးတိုး၊ နှလုံး၊ ဆီးချိုနှင့်ကင််ဆာ ရောဂါများဖြစ်ပါက ရောဂါကို အမြစ်ပြတ် ပျောက်ကင်းအောင် ကုသ၍ မရနိုင်တော့ဘဲ ယင်းရောဂါများနှင့် နောက်ဆက်တွဲ ရောဂါများကြောင့် အသက်ဆုံးပါး သွားနိုင်သည်။
မကူးစက်နိုင်သော ရောဂါများသည် ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားသုံးခြင်းနှင့် ကိုယ်လက် လှုပ်ရှားမှု နည်းခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များသည် ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစားအသောက်များ ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မကူးစက်နိုင် သော ရောဂါများ ကာကွယ်နှိမ်နင်းရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက ပြောပြသည်။
“အဆီလို့ဆိုရင် တိရစ္ဆာန်က ထုတ်တဲ့ ဝက်ဆီ၊ အမဲဆီ၊ နောက် စားအုန်းဆီလည်း ပါတယ်။ ကျနော်တို့ ဆေးပညာမှာ ပြည့်ဝဆီလို့ ခေါ်တယ်။ အဲဒီ ပြည့်ဝဆီတွေကို လျှော့သုံးဖို့ လိုတယ်။ ဖြစ်နိုင်ရင် ရှောင်ရမယ်”ဟုလည်း ၎င်းက ပြောသည်။
ပြည့်ဝဆီများကို စားသုံးခြင်းကြောင့် ရေရှည်တွင် သွေးတွင်း အဆီဓာတ်များကာ သွေးကြောဆိုင်ရာ ရောဂါများ၊ အသည်း အဆီဖုံးခြင်း၊ နှလုံးရောဂါနှင့် နောက်ဆက်တွဲ ရောဂါဆိုးများ ဖြစ်လာနိုင်သည်။
၂၀၁၄ ခုနှစ်အတွင်းက ကမ္တာ့ ကျန်းမာရေး အဖွဲ့(WHO) ၊ ကမ္ဘာ့ ဆီးချိုသွေးချို ဖောင်ဒေးရှင်း (WDF) နှင့် ကျန်းမာရေး ဝန်ကြီး ဌာနတို့ ပူးပေါင်း ကောက်ယူသော စစ်တမ်းအရ မြန်မာ တနိုင်ငံလုံးတွင် သွေးတွင်း အဆီများနေသူမှာ ၃၆ ဒသမ ၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ဆီဟုဆိုလျှင် ကလေးမှအစ လူကြီးအဆုံး မည်သူမျှ မကင်းနိုင်ပေ။ နေ့စဉ်စားသုံးသော အစာ အာဟာရများတွင် အဆီ ဓာတ် ပါဝင်သည်။ ထမင်းနှင့် ဟင်းကို အဓိက စားသုံးသော မြန်မာနိုင်ငံတွင် ဟင်းချက်ရာတွင် ဆီကို နစ်နေအောင် သုံးတတ်ကြသည်။
လမ်းဘေး စားသောက်ဆိုင်အများစုနှင့် မြန်မာ စားသောက်ဆိုင် တချို့ကို ကြည့်ပါကလည်း ငရုတ်ဆီရောင် ရဲရဲနှင့် ဆီပြန် ဟင်းမျိုးစုံမှာ နေရာယူလျက်။ ဆီကိုရေချိုး ဆေးရိုးမီးလှုံ ဆိုသည့် ဆိုရိုးစကား အတိုင်းပင်။
စျေးကွက်ထဲက စားသုံးဆီ ဆိုတာ
စားသုံးဆီ အမျိုးမျိုးကို အမှတ်တံဆိပ် ကပ်ကာ ပါကင်ဘူးများဖြင့် ရောင်းချခြင်းများ ရှိသလို လက်လီဆိုင်များတွင် ပဲဆီ ရိုးရိုး၊ ပဲဆီသန့်၊ ရှယ်ပဲဆီ စသဖြင့် ရောနှောဆီ အမျိူးမျိုးကို ဒန်အိုး၊ ဒန်ချိုင့်များထဲထည့်ကာ ခွက်ခြင် ရောင်းချခြင်း များလည်း ရှိသည်။
ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်း ရှိနေသော မြန်မာနိုင်ငံတွင် လူအများစုသည် ခွက်ခြင် စနစ်ကိုသာ အားထားနေရဆဲ ဖြစ် သည်။
ထို့ကြောင့် စျေးကွက်ထဲတွင် ရောင်းချနေသော စားသုံးဆီများ၏ အရည်အသွေးကို သိရှိနိုင်ရန် လက်လီလက်ကား ရောင်း ဝယ် ဖောက်ကားရာ ညောင်ပင်လေးစျေးနှင့် လှည်းတန်းစျေး အပြင်ဘက်တန်းမှ အိမ်ရှင်မအများစု ဝယ်ယူကြသော တပိဿာ ၂၅၀၀ ကျပ် နှင့် တပိဿာ ၃၀၀၀ ကျပ် တန် ဆီနမူနာ နှစ်မျိုးကို ယူ၍ ရန်ကုန်မြို့ရှိ ဓာတ်ခွဲ ခန်း ၂ ခုသို့ ပို့ဆောင် ၍ ဓာတ်ခွဲ စမ်းသပ်ခဲ့သည်။
“ရလဒ်တွေအရတော့ မြေပဲဆီမစစ်ဘူး။ မြေပဲဆီဆို သူ့ Iodine Value (IV) က ၈၀ ကနေ ၁၀၆ ဖြစ်ရမှာ။ အခုက ၆၀ ကျော် ပဲရှိတယ်ဆိုတော့ မြေပဲဆီ မဟုတ်ဘူး”ဟု ဆီလုပ်ငန်းနှင့် ဆီထွက် သီးနှံဆိုင်ရာ အကြံပေး အဖွဲ့ တဖွဲ့ ဖြစ်သော Green Grain Group အဖွဲ့မှ ဒါရိုက်တာ အကြံပေးပညာရှင် ဦးသန်းဌေးက ပြောသည်။
မည်သည့်ဆီများ ရောစပ်ထားကြောင်း FAME Profile ဟုခေါ်သော အသေးစိတ် စစ်ဆေးမှု ရလဒ် အရ စားအုန်းဆီ တွင် ပါဝင်သော ဓာတ်ပစ္စည်းများ လွှမ်းမိုးမှုရှိနေကြောင်း ဓာတ်ခွဲခန်းပညာရှင် တစ်ဦးကလည်း ပြောပြသည်။
ရောနှောဆီ ပြဿနာ
နိုင်ငံတကာတွင်လည်း ရောနှောဆီ(Blanded oil) စျေးကွက်ရှိပြီး တွင်ကျယ်စွာ ရောင်းဝယ်နေကြကြောင်း၊ သို့သော် အဆိုပါ နိုင်ငံများတွင် ဥပဒေ စည်းမျဉ်း စည်းကမ်းများ(Blanded oil law, labeling law)ဖြင့် မှန်မှန်ကန်ကန် လုပ်ကိုင် နေကြခြင်း ဖြစ်ကြောင်း ဆီစက်လုပ်ငန်းကို ၁၅ နှစ်ခန့် လုပ်ကိုင်ခဲ့သည့် မန္တလေးမှ ကိုကျော်ဆန်းလင်း က ပြောသည်။
ရောစပ်ရာတွင် အသုံးပြုသည့် ဆီများသည် ပြည်ပ နိုင်ငံများမှတင်သွင်းသည် ဖြစ်စေ ပြည်တွင်းထွက် ဆီများပင် ဖြစ်စေ စျေးပေါပြီး ကျန်းမာရေး အန္တရာယ်ရှိသော စက်မှုလုပ်ငန်းသုံးဆီများ ပါဝင်နေခြင်း၊ ပြည်တွင်းတွင် ပျက်စီးနေသော၊ ပုပ်နေသော ဆီထွက် သီးနှံများကို ကြိတ်ခွဲ ထုတ်လုပ်ထားသော ဆီများ၊ နည်းစနစ်တကျ သန့်စင်ထားခြင်း မရှိသော ဆီများ ပါဝင် နေခြင်း၊ ရောစပ်ရာတွင် အပူချိန်မြင့်မားစွာ ပေး၍ ရောစပ်နေကြခြင်းများ (Over 90’C)၊ အနံ့ (Artificial Flavor) ကို အချိန်အဆ နှင့် နည်းစနစ် မှားယွင်းစွာ ရောစပ်နေကြခြင်း၊ ထုတ်လုပ်သည့် နိုင်ငံ၏ ထောက်ခံချက် မပါသည့် အနံ့ဆေး များ ကို အသုံးပြု ရောစပ်နေကြခြင်း စသည့် အကြောင်းရင်းများကြောင့် ရောစပ် အနံ့သုံးဆီများသည် ကျန်းမာရေး အန္တရာယ် ရှိနိုင်ကြောင်းလည်း ကိုကျော်ဆန်းလင်း က ဆက်ပြောပြသည်။
ရန်ကုန် လှိုင်မြို့နယ်နေ အိမ်ရှင်မတဦး ဖြစ်သူ မဖြူဖြူဇင်က “အညာက အသိတစ်ယောက်ကို ဆုံဆီ ၁၀ ပိဿာ မှာလိုက် တဲ့ အချိန်မှာ စားအုန်းဆီထည့်တဲ့ အဝါရောင်ပုံးနဲ့ ရောက်လာတယ်။ ဆက်စပ် တွေးကြည့်တော့ ဒီပုံးတွေ အညာမှာ ရောက်နေတယ် ဆိုကတည်းက သူတို့ဒါတွေကို ရောလို့ပေါ့။ အဲဒါကို နောက်ပိုင်းကျ ကြောက်လို့ မစားတော့ဘူး”ဟု ပြော သည်။
ဆုံဆီ ဆိုသည်မှာ မြေပဲဆန်ကို သစ်သားဆုံဖြင့် ကြိတ်ခွဲပြီး ရရှိလာသော ဆီဖြစ်သည်။
သစ်သားဆုံဖြင့် ကြိတ်ခြင်းသည် သံဆုံဖြင့် ကြိတ်သလို အပူချိန်မမြင့်၍ အအေးသား စနစ်ဖြင့်ကြိတ်ခွဲ ရရှိသောဆီ (Cold Press Oil) ဟူ၍ နိုင်ငံ အများအပြားတွင် ခေါ်ဆိုကြပြီး ကျန်းမာရေးနှင့် အသင့်လျော်ဆုံး ဆီကြိတ် နည်းလမ်းတခု ဖြစ် သည်။
ပုံမှန်မြေပဲဆီ စစ်စစ်၏ အရောင်အသွေးသည် ဖြူဖျော့ဖျော့ အရောင်ဖြစ်ပြီး စျေးကွက်အတွင်း ရောင်းချနေသော ပဲဆီ များ မှာ နနွမ်းရောင်ကဲ့သို့ ဝါဝင်းနေသည်ကို တွေ့ရသည်။
ထိုကဲ့သို့ရွှေဝါရောင် တောက်နေသော ဆီများသည်လည်း မြေပဲဆီစစ်စစ် မဖြစ်နိုင်ကြောင်း ဦးသန်းဌေးက ပြောသည်။
“စျေးထဲမှာ ကြည့်လိုက်လို့ သိပ်ဝါနေတာကြီးဆို ဒါ ပဲဆီ မဟုတ်ဘူး။ တခုခု ရောထားတယ်”ဟုလည်း ၎င်းက ပြောဆို သည်။
သို့သော်လည်း လက်ရှိ အချိန်တွင် ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီများကို ပြည်ပမှတင်သွင်းသော အခြား ဟင်းသီး ဟင်းရွက် ဆီများဖြင့် ရောနှောကာ အရည်အသွေး ညံ့ဖျင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသည် ပုံမှန်ကိစ္စတခု ဖြစ်နေ ကြောင်း နယ်သာလန်နိုင်ငံ LEI Wageningen တက္ကသိုလ်နှင့် မြန်မာအစိုးရတို့ ၂၀၁၄ ခုနှစ်က ပူးပေါင်း လုပ်ဆောင်သော Business opportunities and food safety of the Myanmar edible oil sector စစ်တမ်းအရ သိရသည်။
အဆိုပါစစ်တမ်းသည် ရန်ကုန်မှ မြစ်ကြီးနားမြို့အထိ တနိုင်ငံလုံး အတိုင်းတာဖြင့် ဆီစက်ရုံများသို့ ကွင်းဆင်းကာ ကောက်ယူ ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ရိုးရာ အစားအစာများ ဖြစ်သော ငါးခြောက်ဖုတ်၊ ပဲပြုတ်ထမင်း ဆီစမ်း၊ လက်ဖက်သုတ် စသည့် အစားအစာ များကို စားရာတွင် ပဲဆီ နှမ်းဆီ အန့ံလေး မွှေးနေမှပင် သဘောကျတတ်ကြသည်။
ယင်းကို အခွင့်ကောင်းယူကာ တချို့က စျေးသက်သာသော စားအုန်းဆီထဲသို့ ဓာတု အနံ့များထည့်ကာ ပဲဆီဟု လိမ်ညာ ရောင်းချလာခဲ့သည်။
မန္တလေးမြို့ရှိ အာရှသား ဆီစက်လုပ်ငန်းမှ ဦးသန်းလွင်က ဆီစက်လုပ်ငန်းလုပ်ရာတွင် ကုန်ကြမ်းခ၊ စက်လည်ရန် အတွက် မီတာခ၊ အလုပ်သမားခ စသည်ဖြင့် ကုန်ကျစရိတ်များရှိကြောင်း၊ အနံ့ထည့်ပဲဆီ စျေးကွက် ကြီးထွားလာပြီးနောက် မှန်မှန် ကန်ကန် ထုတ်လုပ်ရောင်းချသူများ တွက်ခြေမကိုက်တော့၍ လုပ်ငန်း ရပ်ဆိုင်းသွားသူများလည်း ရှိကြောင်း ပြောပြသည်။
“အရင်တုန်းက နိုင်ငံတော်အစိုးရက ဆင်းရဲသားပြည်သူတွေ စားနိုင်အောင် စားအုန်းဆီကို သွင်းတာပေါ့ဗျာ။ အခုက ဆင်းရဲသားတွေက အဲဒီစားအုန်းဆီကို မစားတော့ဘူး။ အနံ့ထည့်တဲ့ ဆီကို ပဲဆီဆိုပြီး စားနေတာ”ဟုလည်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက လားရှိုးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနကလည်း ဆီထုတ်လုပ်နေသော နေရာများ သို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှန်တကယ် ဆီစက် လည်ပတ် ထုတ်လုပ်နေခြင်းထက် ပုံးဆီများကို မှာယူ၍ မိမိတို့ ကိုယ်ပိုင် အမှတ်တံဆိပ်ကပ် ရောနှော ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့သေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပါဝင်သော လားရှိုးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်း က “အဲဒီပဲဆီကို ဘယ်က ဝယ်သလဲဆိုတော့ မန္တလေးက ဆီစက်တွေကဝယ်ပြီး သူတို့ တံဆိပ်ကပ် ပြန်ရောင်းတယ်။ တချို့ကျ စားအုန်းဆီတွေ ဝယ်တယ်။ ဒီမှာ စားဆီအနေနဲ့ ပြန်ရောင်းတယ်”ဟု ပြောပြသည်။ ။
(သက်ထားဆွေ သည် အလွတ် သတင်းထောက် တဦးဖြစ်ပြီး ယခု ဆောင်းပါးကို ကိုယ်တိုင် ကွင်းဆင်းလေ့လာ၍ Investigative Reporting ရေးသား တင်ပြထားခြင်း ဖြစ်ပါသည်။ ၂၀၁၅ – ၂၀၁၆ အခြေအနေများကို အဓိက လေ့လာ ရေးသား ထားခြင်းလည်း ဖြစ်ပါသည်။)
The post ကင်ဆာကို ဖိတ်ခေါ်နေသော ရောနှောဆီ နှင့် ပြန်ကြော်ဆီများ (၁) appeared first on ဧရာဝတီ.