ဒေါက်တာ မောင်အောင်သည် ရန်ကုန်မြို့နေ ပြည်သူများ ၂၀၁၁ ခုနှစ်ကတည်းက နေ့စဉ် ပိုမိုဆိုးရွားစွာ ခံစားလာရသည့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ယာဉ်ကြောထိန်းချုပ်ရေး စနစ်နှင့် ဘတ်စ်ကားစနစ် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ယခုနှစ်အတွင်း ဖြေလျှော့ပေးနိုင်ရန် ရည်မှန်းချက် ကြီးထားသည်။
၄င်းသည် အစိုးရသစ်မှ ဇူလိုင်လအတွင်း ဖွဲ့စည်းလိုက်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဖြစ်သည်။
နိုင်ငံရေး၊ စီးပွားရေး စတင်ပြောင်းလဲခဲ့သည့် ၂၀၁၁ ခုနှစ်မှစပြီး အလျင်အမြန် တိုးတက်လာသော လူဦးရေ ၅ ဒသမ ၂ သန်း နေထို်င်သည့် ရန်ကုန်မြိ်ု့၏ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍကို အဆင့်မြှင့်တင်ရန် အစိုးရသစ်က YRTA ကို ဇူလိုင်လ အတွင်းတွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
အဖွဲ့တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီး နည်းပညာ ကျွမ်းကျင်သူများ၊ ပညာရှင်များ နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပါဝင်သည်။
စီးပွားရေး ပညာရှင် တဦးဖြစ်သည့် ဒေါက်တာ မောင်အောင် အတွက် ရန်ကုန်မြို့၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာ မစိမ်းပေ။
ဒေါက်တာ မောင်အောင်သည် ဖေဖော်ဝါရီလ၌ အစိုးနှင့် ပူးပေါင်းဆောင်ရွက်သည့် မြန်မာနို်င်ငံ၏ ပထမဆုံး Bus Rapid Transit (BRT) စနစ် ယာဉ်လိုင်း ကိုမိတ်ဆက်ခဲ့သော ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ယခုအချိန်တွင် BRT Lite ယာဉ်များသည် ရန်ကုန်မြို့ရှိမြို့နယ် တချို့တွင် ပြေးဆွဲလျက်ရှိသည်။
ထိန်းသိမ်းစောင့်ရှောက်မှု ညံ့ဖျင်းခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်းတို့ကြောင့် နာမည်ဆိုးနှင့် ကျော်ကြားသည့် လက်ရှိ ပြေးဆွဲနေသော ဘတ်စ်ကားလိုင်းများထက် စျေးနှုန်းသိပ်မကွာဘဲ အဲကွန်းပါသော ဘတ်စ်ကား အသစ်များနှင့် လူမကျပ်သည့် BRT ဘတ်စ်လိုင်းများကို ခရီးသည်အများစုက သဘောကျခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (YRTA) ၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မောင်အောင်က ဆယ်စုနှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု အားနည်းခဲ့သည့် လက်ရှိ ဘတ်စ်ကားစနစ်ကို ပြုပြင်ပြောင်းလဲခြင်းနှင့် ကွန်ပြူတာစနစ်ဖြင့် ယာဉ်ကြောထိန်းချုပ်ရေး စနစ်သစ်ကို လုပ်ဆောင်ခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို ၄၀ ရာခိုင်နှုန်းအထိ ဖြေလျှော့နိုင်မည်ဟု ပြောသည်။
ကားကျပ်လွန်းခြင်း
အစိုးရသစ်အတွက် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာသည် ရန်ကုန်မြို့၏ တခြား ပြဿနာများဖြစ်သည့် လျှပ်စစ်မီး ပြတ်တောက်ခြင်း၊ မမှန်ကန်သော ရေမြောင်းစနစ်များနှင့် တိုးပွားလာသော ကျူးကျော်နေထိုင်သူများ၊ လမ်းဘေး စျေးသည်များနှင့် တန်ဖိုးသင့်အိမ်ရာ လိုအပ်ချက်များနှင့်အတူ ရပ်တည်လျက်ရှိသည်။
သန်းနှင့်ချီသော ခရီးသည်များ ကြုံတွေ့နေရသည့် ယာဉ်ကြော ပိတ်ဆို့မှုပြဿနာကို ဖြေလျှော့ပေးမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဝန်ကြီးချုပ်ဖြစ်ပြီး မကြာခင်တွင် ကတိပြု ပြောကြားခဲ့သည်။
ယခင်အစိုးရက ထိုသို့ ကတိများ ပြုလုပ်ခဲ့သော်လည်း ဘီလီယံကျပ် ၁၃၀ ကျော် (ဒေါ်လာ သန်း ၁၀၀) ကုန်ကျခဲ့သည့် ခုံးကျော်တံတား ၇ စင်း ဆောက်လုပ်မှုနှင့် ဖေဖော်ဝါရီလ အတွင်းက စတင်မိတ်ဆက်နိုင်ခဲ့သော BRT စနစ်မှလွဲပြီး အများစုကို မလုပ်ဆောင်နိုင်ခဲ့ပေ။
ထိုခုံးကျော်တံတား တည်ဆောက်ခြင်းများကလည်း ကားလမ်းကျပ်တည်းမှုကို လမ်းဆုံများမှ အခြားတစ်ဖက်သို့ ပြောင်းရွေ့ခြင်းသည်သာ ဖြစ်ပြီး ငွေကြေး အကုန်အကျများ၍ ထိရောက်မှု မရှိသော နည်းလမ်းတစ်ခုဖြစ်သည်ဟု ဝေဖန်မှုများ ခံခဲ့ရသည်။
ဧပြီလတွင် ရန်ကုန်တိုင်း လွှတ်တော်သစ်က ယခင်အစိုးရ၏ ခုံးကျော်တံတား ၂ ခု ရန်ကုန်တွင် ထပ်မံ တည်ဆောက်မည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့သည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် အစိုးရက မော်တော်ကား တင်သွင်းခွင့် ကန့်သတ်မှုများကို ဖြေလျှော့ပေးခဲ့ပြီး နောက်ပိုင်း ယခင်က ငြိမ်သက်ခဲ့သည့် ရန်ကုန်မြို့၏ လမ်းမများတွင် တနှစ်ထက်တနှစ် မော်တော်ကား အရေအတွက် များပြားလာပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စာရင်းများအရ ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ၂၁၄၀၀၀ ရှိနေရာမှ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ကားအစီးရေ ၅ သိန်းကျော်အထိ ရှိလာခဲ့သည်။
ထို့အတွက် ရန်ကုန်မြို့သည် အိမ်နီးချင်း မြို့တော်များဖြစ်သည့် ကမ္ဘာ့ဆိုးရွားသော ယာဉ်ကြောကျပ်တည်းသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေသော ဘန်ကောက်၊ ဂျကာတာနှင့် မနီလာမြို့များ၏နောက်သို့ လိုက်မီလာနိုင်ဖွယ် စိုးရိမ်စရာဖြစ်လာသည်။
၂၀၁၁ ခုနှစ် မတိုင်မီအချိန်များတွင် ရန်ကုန်မြို့သည် ယာဉ်ကြောပိတ်ဆို့မှုများ အလွန်ရှားပါးခဲ့ပြီး ကားမတော်တဆမှုနှင့် မီးပွိုင့်ပျက်နေသည့် အခါများမှသာ ကြုံတွေ့ရသောအရာဖြစ်သည်။ မြို့စွန်မှ မြို့လယ်ခေါင်သို့ သွားလိုလျှင် မည်သည့်အချိန်မဆို ၁ နာရီထက်ပိုမကြာပေ။
ထိုနေ့ရက်များမှာ ကုန်ဆုံးသွားပြီဖြစ်သည်။
ရွှေပြည်သာမြို့နယ် ကိုယ်စားပြု ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးရန်အောင်မင်းသည် သူ၏နေအိမ်မှ မနက်တိုင်း ၆ နာရီထွက်ရပြီး လွှတ်တော်သို့ရောက်ရန် ၂ နာရီခန့် အချိန်ယူ မောင်းရကြောင်း ပြောသည်။
ထိုခရီးမှာ ၂၀၁၀ ကာလများတွင် ၄၅ မိနစ်ခန့်သာ အချိန်ယူ သွားလာရသော ခရီးဖြစ်သည်။
ကားရပ်ရန် နေရာရှားခြင်းနှင့် လိုင်းကားများ ထပ်နေခြင်း
မော်တော်ကား အရေအတွက်များ များပြားလာခြင်းအပြင် ယာဉ်စည်းကမ်း ချိုးဖောက်မှုများနှင့် အားနည်းမှုရှိသည့် ဘတ်စ်ကား စနစ်များသည်လည်း ယာဉ်ကြောပိတ်ဆို့ခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်းများ ဖြစ်သည်။
ခန့်မှန်းခြေအားဖြင့် ရန်ကုန်ရှိ လူဦးရေ ၂ ဒသမ ၆ သန်း (ခရီးသည်အားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်) မှာ ၎င်းတို့၏ နေ့စဉ်အလုပ်သွား အလုပ်ပြန်ခြင်းအတွက် ဘက်စ်ကားများကို မှီခိုနေရသည်။
တချိန်တည်းတွင် ၂၀၁၄ ခုနှစ် အချက်အလက်များအရ ရန်ကုန်မြို့၏ အိုဟောင်းနေသော မြို့ပတ်ရထားများကို စီးနင်းသူ အရေအတွက်မှာ နေ့စဉ် ၁ သိန်း ဝန်းကျင်ခန့်သာ ရှိကြောင်း သိရသည်။ မကြာသေးခင် နှစ်များက အဲယားကွန်း ပါဝင်သော မီးရထားတွဲများ တပ်ဆင်ပြေးဆွဲခဲ့သော်လည်း မပြည့်စုံသော ခရီးစဉ်လမ်းကြောင်းများကြောင့် ပြွတ်သိပ်ကျပ်ညပ်နေသော ဘတ်စ်ကားလိုင်းများကိုသာ ခရီးသည်အများစု မှီခိုနေရဆဲဖြစ်သည်။
လှိုင်သာယာမြို့နယ် ကိုယ်စားပြု ရန်ကုန်တိုင်း လွှတ်တော်အမတ် ကိုမြတ်မင်းသူက တနေ့လျှင် ဘတ်စ်ကားပေါ်၌ ငါးနာရီခန့် အချိန်ကုန်ရကြောင်း ပြောသည်။
ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းကလည်း ကားပါကင်နေရာ နည်းပါးခြင်းနှင့် စည်းကမ်းမဲ့ ၂ ထပ် သို့မဟုတ် ၃ ထပ် ကားရပ်နားမှုများကလည်း ယာဉ်စီးဆင်းမှု ပိတ်ဆို့ခြင်း၏ အဓိက အကြောင်းရင်းများ ဖြစ်ကြောင်းပြောသည်။ ထို့အပြင် လက်ရှိတွင် ရန်ကုန်မြို့ လမ်းများ၌ ပြေးဆွဲနေသော တက္ကစီ ၆ သောင်းခန့် မှာလည်း မကြာသေးခင် နှစ်များအတွင်း ကြုံတွေ့ရသော နောက်ထပ် ပြဿနာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်မြို့၏ ဘက်စ်ကားစနစ်သည် ရာပေါင်းများစွာသော ပုဂ္ဂလိက ကုမ္ပဏီများက ယာဉ်များ ပြေးဆွဲနေသောကြောင့် များစွာ ကွဲပြားလျက်ရှိသည်။ အဆိုပါ ယာဉ်လိုင်းများသည် အိုဟောင်းနေသော ဂျပန် ဟီးနိုးကားများနှင့် တခြား ကြာမြင့်နေသော ကားများပေါ်သို့ ခရီးသည်များ ပြွတ်သိပ်စွာ တင်ရန် ယှဉ်ပြိုင်ကြပြီး အဲယားကွန်း မပါသလို သက်သောင့်သက်သာရှိသော ထိုင်ခုံများလည်း တပ်ဆင်ထားခြင်း မရှိပါ။
ရန်ကုန်မြို့ မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (မထသ) ဗဟိုစာရင်းအရ ရန်ကုန်မြို့တွင် ဘက်စ်ကားပေါင်း ၇၈၀၀ ကျော် စာရင်းသွင်းထားပြီး နေ့စဉ် အစီးရေ ၄၅၀၀ မှ ၄၈၀၀ အထိ ပြေးဆွဲလျက်ရှိသည်။
တဦးတယောက်ချင်းနှင့် အသေးစား ကုမ္ပဏီများမှ ပိုင်ဆိုင်သော ဘတ်စ်ကားများသည် ဘတ်စ်ကားတဦးချင်းပိုင်များ အုံနာကြေးနှင့် ယာဉ်လုပ်သားငှားပြီးမောင်းကြသောအခါ ၎င်းတို့အတွက် ဝင်ငွေမှာ ခရီးသည် အရေအတွက်ပေါ်တွင် မူတည်နေသည်။ ထို့ကြောင့် တခြားဘတ်စ်ကားများနှင့် ယှဉ်ပြိုင်၍ ခရီးသည်ရရန် ကြမ်းတမ်းစွာ မောင်းနှင်ကြပြီး ခရီးသည် အလွန်အကျွံတင်ခြင်း၊ လိုအပ်သော ခရီးသည်ရရန် ကားရပ်စောင့်ခြင်းနှင့် အစီအစဉ်တကျ မဟုတ်ဘဲ ခရီးလမ်းကြောင်း ပြောင်းခြင်း၊ ဖျက်သိမ်းခြင်းများတို့ကို ပြုလုပ်ကြသည်။
မထသ ဥက္ကဋ္ဌ ဦးလှအောင်က လစဉ် တိုင်ကြားစာ အစောင် ၂၀၀ ခန့်၏ တဝက်မှာ စပယ်ယာများက ခရီးသည်များထံမှ ကားခ ပိုတောင်းခြင်းနှင့် ပတ်သက်၍ တိုင်ကြားခြင်း ဖြစ်ကြောင်း ပြောသည်။ တခြား တိုင်စာများမှာ အန္တရာယ်ရှိစွာ မောင်းနှင်ခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာခြင်းများကြောင့့် တိုင်ကြားကြခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး၏ စာရင်းများအရ ၂၀၁၆ ခုနှစ်၏ ပထမ ၄ လကျော်တွင် လမ်းမပေါ်၌ ကားမတော်တဆမှု ၉၅၃ မှု ဖြစ်ပွားခဲ့ရာ ၂၃၃ ဦး သေဆုံးခဲ့ပြီး ၁၂၉၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို မတော်တဆမှုများ၏ ၄၈၄ ခုမှာ ဆင်ခြင်မဲ့ မောင်းနှင်ခြင်းကြောင့် ဖြစ်သည်။
ပြီးခဲ့သည့် နှစ်မှစ၍ ယာဉ်ထိန်းရဲများက ယာဉ်စည်းကမ်း ချိုးဖောက်မှုများကို စမတ်ဖုန်း အက်ပလီကေးရှင်း Viber မှ တဆင့် တိုင်ကြားခြင်းကို လက်ခံခဲ့သော်လည်း ဝန်ထမ်းအင်အား အလုံအလောက်မရှိခြင်းနှင့် ကောင်းမွန်သော စောင့်ကြည်မှု စနစ်မရှိခဲ့၍ ယာဉ်စည်းကမ်းချိုးဖောက်မှု အများစုကို အရေးမယူနိုင်ခဲ့ပေ။
မီးပွိုင့်စနစ်နှင့် ယာဉ်လိုင်း ပြုပြင်ပြောင်းလဲရေး
YRTA ၏ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ထိန်းချုပ်စင်တာတခုမှ ကွန်ပြူတာဖြင့် မီးပွိုင့်များကို ထိန်းချုပ်သောစနစ် ထူထောင်ခြင်းကို နောက်လတွင် ဆောင်ရွက်ပြီးစီးမည် ဖြစ်ကြောင်း ပြောသည်။ Auto Traffic Light System နှင့် ထိန်းချုပ်စင်တာတခု တည်ဆောင်မှုပါဝင်သော ယာဉ်ကြောထိန်းချုပ် စနစ်ထူထောင်မှုကို မူလက သြဂုတ်လတွင် အပြီးသတ်နိုင်ရန် လျာထားခဲ့သည်။
ကောင်းမွန်ပြည့်စုံသော စောင့်ကြည်မှုစနစ်ကြောင့် အလျင်အမြန် အရေးယူ ဆောင်ရွက်ခြင်းက ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ Auto Traffic Light System နှင့် မော်တော်ကား အရေအတွက်ပေါ် မူတည်ပြီး မီးပွိုင့်ကို ယာဉ်ကြောအချက်ပြစနစ် (မီးပွိုင့်) ကိုလည်း ပြောင်းပေးမည် ဖြစ်သည်။
ယာဉ်ကြော ထိန်းချုပ်မှုစနစ်အပြင် YRTA သည် ပိုမိုကောင်းမွန်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်လာစေရန် ဘတ်စ်ကားစနစ် ပြုပြင်ပြောင်းလဲမှုနှင့်အတူ မြို့ပတ်ရထားလမ်း တိုးချဲ့မှုများနှင့် ရန်ကုန်မြစ်ထဲ၌ Water Taxi ပြေးဆွဲရန်လည်း စီစဉ်လျက်ရှိသည်။
“အများပြည်သူ့ ပို့ဆောင်ဆက်သွယ်ရေး စနစ်က ကောင်းလို့ရှိရင် ကိုယ်ပိုင်ကား ရှိတဲ့သူတွေကလည်း ဒါကို အသုံးပြုလာကြလိမ့်မယ်။ ယာဉ်ကြောပိတ်ဆို့မှုလည်း လျော့သွားမယ်” ဟု ဒေါက်တာ မောင်အောင်က ပြောသည်။
YRTA ၏ အစီအစဉ်အောက်တွင် လက်ရှိ တဦးချင်းနှင့် အသေးစား ကုမ္ပဏီများက ပြေးဆွဲနေသော ဘတ်စ်ကားလိုင်းများသည် ပူးပေါင်းဆောင်ရွက်ရန် ပိုမိုလွယ်ကူသော အများပိုင် ကုမ္ပဏီများအဖြစ်သို့ ပိုင်ဆိုင်မှုစနစ်ကို ပြောင်းလဲ ဖွဲ့စည်းသွားမည် ဖြစ်သည်။
“အများပိုင် ဖြစ်လာတဲ့အခါမှာ ဘာအာမခံနိုင်လဲဆိုတော့့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ဝန်ဆောင်မှုကို ပေးကိုပေးရမယ်။ စီးတဲ့ခရီးသည်က လုံးဝ ဘေးကင်းလုံခြုံရမယ်။ နံပါတ် ၁ ပေါ့။ သက်သောင့်သက်သာလည်း ဖြစ်ရမယ်။ ဝန်ဆောင်မှုကောင်းတဲ့ သယ်ယူပို့ဆောင်မှုက ဖြစ်လာမယ်” ဟု ဒေါက်တာ မောင်အောင်က ပြောသည်။
လက်ရှိ BRT စနစ်ကဲ့သို့ အလားတူ ဘတ်စ်ကားများသည်လည်း လက်မှတ်နှင့် ရောင်းချသော စနစ်၊ စပယ်ယာ မထားရှိခြင်း၊ ယာဉ်လုပ်သားများအား လစဉ် လစာပေး၍ ခန့်အပ်ခြင်းနှင့် ယာဉ်အိုယာဉ်ဟောင်းများ အသုံးမပြုခြင်း စသည့် စံနှုန်းများကို အသုံးပြုကြလိမ့်မည် ဖြစ်သည်။ ပြေးဆွဲတဲ့စနစ် အနေနှင့်လည်း လမ်းကြောင်းတကြောတွင် လိုင်းတလိုင်းသာ ထားရှိသည့်စနစ်နှင့် မြို့တွင်းခြောက်မြို့နယ်သို့ အဝေးမှလာသော ဘတ်စ်ကားများ ဝင်ရောက်ခွင့်မပြုဘဲ Shuttle Bus များသာ ပြေးဆွဲပေးသွားမည် ဖြစ်သည်။
ဘတ်စ်ကားစနစ် ပြုပြင်ပြောင်းလဲရာတွင် လုပ်ငန်းအတွင်းရှိ ယာဉ်လုပ်သားများ အားလုံး ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်ရန်လည်း စဉ်းစားသွားမည်ဟု ဒေါက်တာ မောင်အောင်က ပြောသည်။
ထို့အပြင် အစိုးရက ပိုမိုကောင်းမွန်သည့် သယ်ယူပို့ဆောင်ရေးစနစ် အမြန်ဆုံး အကောင်အထည် ပေါ်လာစေရန် အသစ်ဖွဲ့စည်းသွားမည့် အများပိုင် ဘတ်စ်ကား ကုမ္ပဏီများတွင် ၅၀ ရာခိုင်နှုန်းခန့် ရှယ်ယာ ထည့်ဝင်သွားရန်လည်း ရှိကြောင်း ၄င်းက ပြောသည်။
ပြီးခဲ့သည့် အပတ်အထိ အများပိုင်ဘတ်စ်ကား ကုမ္ပဏီသစ်များ တည်ထောင်ရန် လျောက်ထားမှု ၂၁ ခုကို လက်ခံရရှိထားကြောင်း သိရသည်။
ယခင်အစိုးရလက်ထက်တွင် သယ်ယူပို့ဆောင်ရေးစနစ် တိုးတက်ရန် ကြိုးစားမှုများတွင် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် အများအားဖြင့် မအောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာ မောင်အောင်က ပြောသည်။
ယခု YRTA သည် ယခင်အစိုးရ လက်ထက်ထက် ပိုမိုအားကောင်းသော ထောက်ပံ့မှုများ ရရှိကြောင်းနှင့် ယခုအခါတွင် ဝန်ကြီးဌာနတခုတည်းနှင့်သာ ဆောင်ရွက်ရသည့် အတွက်လည်း ညှိနှိုင်းဆောင်ရွက်မှုများတွင် ပိုမို မြန်ဆန်မှုရှိကြောင်း ဆိုသည်။
“အခုဆိုရင် Political will ကလည်း ပိုကောင်းတယ်လို့ ပြောလို့ရတယ်။ ရွေးကောက်ခံ အစိုးရသစ်နဲ့အတူ ပြည်သူတွေ ဆန္ဒရှိတဲ့ မျှော်လင့်နေတဲ့ ပိုမိုကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည် ဖော်နိုင်ဖို့ ကို ကျနော်တို့ ကြိုးစားသွားမှာပါ။ဟု ဒေါက်တာ မောင်အောင်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော စမ်းယမင်းအောင်၏ Can Rangoon’s Traffic Woes be Solved? ကို ဘာသာပြန်ဆိုသည်။)
The post ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ ဖြေရှင်းနိုင်မလား appeared first on ဧရာဝတီ.