Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ဝနဲ့ မိုင်းလား တကယ်ပြေလည်မှာလား

$
0
0

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲ အင်အားအကြီးဆုံးအဖွဲ့ဖြစ်တဲ့ ‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) နဲ့ သူ့ရဲ့ အနီးကပ်ဆုံး ညီနောင်မဟာမိတ်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) တို့အကြားမှာ စက်တင်ဘာလကုန်ရက်ပိုင်းက အများမျော်လင့်မထားတဲ့ စစ်ဘက်ဆိုင်ရာ ပြဿနာ တရပ်ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံနှင့် မိုင်းလားအကြား တရုတ်၊ မြန်မာ၊ လာအို ဆုံရာ မိုင်းလားအဖွဲ့ထိန်းချုပ်နယ်မြေထဲက လွယ်ဆမ်ဆုမ်၊ လွယ်ကျူဆား တပ်ရင်းတွေနဲ့ ပန်မာဖိုင်းစစ်ဆေးရေးဂိတ်တို့ကို လက်နက် အင်အား အလုံးအရင်းနဲ့ အင်အား ၆၀၀ ခန့်ရှိတဲ့ UWSA တပ်ဖွဲ့တွေ က စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဝင်ရောက် စီးနင်းခဲ့ပြီး မိုင်းလား တပ်ဖွဲ့အင်အား ၁၅၀ ကျော်ကိုလည်း ဖမ်းဆီးလိုက်ကြပါတယ်။

ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ဝင်ဟောင်းတွေဖြစ်ခဲ့တဲ့ ညီနောင်မဟာမိတ်နှစ်ဖွဲ့အကြားက ဒီအဖြစ်အပျက်ကို အများက စိတ်ဝင်တစား ဖြစ်နေတဲ့အချိန်မှာ မိုင်းလားအဖွဲ့က အောက်တိုဘာလ ၃ ရက်နေ့မှာ ကြေညာချက် တခု ထုတ်ပြန်လာပါတယ်။

မိုင်းလားထိန်းချုပ်နယ်မြေနှင့် ပြဿနာဖြစ်ရာပြ မြေပုံ
မိုင်းလားထိန်းချုပ်နယ်မြေနှင့် ပြဿနာဖြစ်ရာပြ မြေပုံ

အဲဒီထုတ်ပြန်ချက်ထဲမှာတော့ ဝ အဖွဲ့ဟာ မိုင်းလား ဒေသအတွင်းမှာ “ခရီးကြမ်းထွက် လေ့ကျင့်မှုများ” ပြုလုပ်ခဲ့ကြောင်း၊ အဲဒီလို လေ့ကျင့်ရေးပြုလုပ်ရာမှာ “ကြီးမားတဲ့ လွဲမှားမှုတွေ” ဖြစ်ပွားခဲ့ပြီး “ဆိုးဝါးတဲ့ ဂယက်ရိုက်မှုတွေ” ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြခြင်းမရှိပေမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီး ညှိနှိုင်း ခဲ့ကြတယ်လို့ ဆိုပါတယ်။ အောက်ခြေ လေ့ကျင့်ရေးတပ် ကွပ်ကဲရေးအဖွဲ့ကို “လွဲမှားခဲ့တဲ့ ဖြစ်စဉ်” အပေါ် ပြုပြင်စေခဲ့ကြောင်း မိုုင်းလား အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

မိုင်းလားအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးကြည်မြင့် ကလည်း “စတိတ်မန့်ထဲကအတိုင်းပါပဲ။ ဒီဘက်မှာ ဘာပြဿနာမှ မရှိပါဘူး။ အကုန်အေးဆေးပါပဲ” လို့ ဧရာဝတီက မေးမြန်းမှုကို ဖြေဆိုပြီး ဖြစ်ပွားခဲ့တဲ့ အခြေအနေ အသေးစိပ်ကိုတော့ ပြောဆိုခြင်း မပြုခဲ့ပါဘူး။

မဟာမိတ်တပ်နှစ်ခုအကြား ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ သတင်းမီဒီယာတွေက မိုင်းလားဘက်ကိုရော၊ ဝ ဘက်ကိုပါ ဆက်သွယ်မေးမြန်းမှုတွေပြုလုပ်ခဲ့ကြပေမယ့် နှစ်ဘက်လုံးက အခင်းဖြစ်ပွားမှု အခြေအနေ အသေးစိတ်နဲ့ နောက်ဆုံး အခြေ အနေကို ပေါက်ကြားလိုခြင်း မရှိပါဘူး။

အောက်ခြေတပ်ရင်းတွေဘက်က ပေါက်ကြားလာတဲ့ သတင်းအချက်အလက်တွေအရ ဝ တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ မိုင်းလားတပ်အင်အား ၁၅၀ ကျော်နဲ့ ပန်မာဖိုင်း စစ်ဆေးရေးဂိတ်ကို ၃ ရက်အတွင်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်ရေးအရ အရေးပါတဲ့ လွယ်ဆမ်ဆုမ်၊ လွယ်ကျူဆား တပ်ရင်းတွေကို ဝ က ဆက်လက်ထိန်းချုပ်ထားသလို အဲဒီနေရာတွေမှာ ဝ တပ်က တပ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ထပ်မံဖြည့်တင်းမှု ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။

မိုင်းလားအဖွဲ့ဟာ နှစ်ဘက်အကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာ ပြေလည်မှုရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဟာ ခံစားနေရတဲ့ အနာကို ဖုံးပြီး ပြဿနာကို အေးအေး ဆေးဆေး ညှိနှိုင်းဖြေရှင်းကာ ဝ တပ်တွေလာရပ်ရင်းကို ညှင်သာစွာ ဆုတ်ခွာသွား သွားနိုင်ဖို့ ရည်ရွယ်ပုံကြောင်း စစ်ရေး အကဲခတ်တချို့က ဆိုပါတယ်။

အခု ပြဿနာပေါ်တဲ့ နေရာဟာ ၂၀၀၉ ခုနှစ်က တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးတဲ့အချိန်မှာ ဝ တပ်ဖွဲ့က မိုင်းလားအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ပူးတွဲတပ်ချခဲ့တဲ့ နေရာပါ။

ဝ တပ်ဖွဲ့နဲ့ မိုင်းလားတို့အကြားမှာ မြန်မာအစိုးရနဲ့ ကိစ္စ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရေး ကိစ္စတွေမှာ တချိန်လုံး ညီညီညွှတ်ညွှတ်နဲ့ လက်တွဲခဲ့ကြပေမယ့် NLD အစိုးရတက်လာပြီးနောက်ပိုင်း မိုင်းလားအဖွဲ့ရဲ့ ရပ်တည်မှုအချို့ဟာ အပြောင်းအလဲရှိလာတယ်လို့ ဝ ဘက်က မြင်လာခဲ့တယ်လို့ စစ်ရေးအကဲခတ်အချို့က သုံးသပ်ပါတယ်။

တရုတ်နိုင်ငံဘက်က ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ခံကြဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းလိုက်ပြီးနောက် ဝ အနေနဲ့ နေပြည်တော်နဲ့ တရုတ်တို့ရဲ့ နိုင်ငံရေးဖိအားတွေကြား သက်တောင့်သက်သာ ရှိပုံမပေါ်တော့ပဲ ကိုယ့်မဟာမိတ်ကိုတောင် ကိုယ် မယုံသင်္ကာဖြစ်လာနေတာ အခု ပြဿနာက သက်သေပြနေပါတယ်။

NLD အစိုးရကို ထောက်ခံကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်ကြောင်း ပြောပြီး မိုင်းလားအဖွဲ့ဟာ နေပြည်တော်နဲ့ ရွှေလမ်းငွေလမ်း ခင်းတော့မယ်လို့ ဝ တပ်ဖွဲ့က မြင်လာတာဟာ အစိုးရက ပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံညီလာခံ နောက်ပိုင်းမှာ ထင်ရှားလာပြီး လတ်တလော ဖြစ်ပျက်ခဲ့တဲ့ ရှေ့တန်းက ပြဿနာဟာ ၂၁ ပင်လုံမှာ ပြောခဲ့တဲ့ မိုင်းလားရဲ့ သဘောထားနဲ့ တိုက်ရိုက်ပတ်သက်မှု ရှိနေပါတယ်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် အမည်မဖော်လိုတဲ့ နိုင်ငံရေးသုံးသပ်ဝေဖန်သူတဦးက “သဘောထားချင်း မတူတာကို အခုလို အင်အားသုံးပြီး ဖြေရှင်းတာကို ကျနော်တို့လည်း မကြိုက်ပါဘူး။ အဓိကပြဿနာက မိုင်းလားက ၂၁ ပင်လုံမှာ တင်သွားတဲ့အရာတွေက ၂၁ ပင်လုံကို ထောက်ခံတယ်တို့၊ NCA အောက်ကို ဝင်ပါတို့ ဆိုတာတွေက ဝ အတွက် တော်တော်ဘဝင်မတွေ့စရာ ဖြစ်ခဲ့တယ်။ လောလောဆယ်တော့ တစုံတရာ ပြေလည်မှုရအောင်တော့ ဖြေရှင်းနေကြပါတယ်” လို့ ဆိုပါတယ်။

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၂၁ ပင်လုံညီလာခံ အစည်းအဝေးကို တက်တဲ့အခါမှာလည်း ညီနောင်နှစ်ဖွဲ့အကြားမှာ ပုံစံ အနည်းငယ် ကွဲပြားနေပါတယ်။ မိုင်းလားအဖွဲ့က ထိပ်ပိုင်းတာဝန်ရှိသူအချို့ တက်ခဲ့ပေမယ့် ဝ ကတော့ ဆက်ဆံရေးရုံး တာဝန်ခံ အဆင့်တွေကိုပဲ လွှတ်ခဲ့ပြီး အဲဒီ ဝ ကိုယ်စားလှယ်တွေကလည်း ဒုတိယမြောက်နေ့မှာ လည်ဆွဲကဒ်မှားယွင်းမှု အကြောင်းပြချက်နဲ့ အစည်းအဝေးကို ကျောခိုင်ပြီး ပြန်သွားခဲ့ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်ပြီး နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့ ဝ တောင်ပိုင်းနဲ့ တရုတ်-မြန်မာ နယ်ခြားက ဝ ဗဟိုဌာနချုပ်အကြား မြေပြင်ဆက်သွယ်ရေး လမ်းကြောင်းမှာ မိုင်းလားဒေသက အရေးပါတဲ့ ဆက်ကြောင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဝ ဟာ မိုင်းလားကို နေပြည်တော်ဘက် အပါမခံနိုင်တာ ဗျူဟာအရ နားလည်နိုင်ပါတယ်။

ဒါ့အပြင် ဝ နဲ့ မိုင်လား ညီနောင် နှစ်ဖွဲ့အကြားမှာ လက်ရှိပြဿနာ ဖြစ်ပွားသွားတဲ့ နေရာဟာ မြန်မာ၊ တရုတ်နဲ့ လာအို ရွှေတြိဂံ နယ်မြေဖြစ်ပြီး စီးပွားရေးအရလည်း အချက်အခြာကျတဲ့နေရာဖြစ်လို့ စင်္ကာပူနိုင်ငံအသေးစားလေးဖြစ်လာနိုင်တယ်လို့တောင်  တချို့က သုံးသပ်ကြပါတယ်။ ဒါကြောင့် ဒီနေရာဟာ စစ်ရေးအရသာမကဘဲ စီးပွားရေးအရလည်း အလားအလာ ကောင်းပြီး အရေးပါတဲ့ နေရာဖြစ်ပါတယ်။

NLD အစိုးရ လက်ထက်မှာ မိုင်းလားအဖွဲ့နဲ့ အစိုးရအကြား၊ မိုင်းလားအဖွဲ့နဲ့ အစိုးရ တပ်မတော်အကြားမှာ ဖြစ်ရှိလာတဲ့ နီးစပ်မှုတိုးတက်မှုတွေအပေါ် ဝ တပ်ဖွဲ့က စိုးရိမ်မှုတွေရှိလာပြီး စစ်ရေးအရ ခြိမ်းခြောက်မှု၊ စိုးမိုးမှုတွေပြုလုပ်လာနိုင်တဲ့ မိုင်းလား အဖွဲ့ရဲ့ ထိန်းချုပ်နေရာတွေကို လက်ဦးမှု ရယူပြီး စီးနင်းလိုက်တာဖြစ်တယ်လို့ ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအရေး စောင့်ကြည့်နေတဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးခွန်ဆိုင်း က ပြောပါတယ်။

ဦးခွန်ဆိုင်း က “အခုပြဿနာဖြစ်တဲ့ နေရာက မိုင်းလားအတွက် ဘယ်လောက်အရေးကြီးသလဲမပြောနိုင်ပေမယ့် ဝ အတွက် ကတော့ သေရေး၊ ရှင်ရေးသမျှ အရေးပါတဲ့နေရာဖြစ်တယ်။ တကယ်လို့ ဒီနေရာဟာ မြန်မာ့ တပ်မတော်လက်ထဲ ရောက်သွားပြီ ဆိုလို့ရှိရင် သူတို့ ချောင်ပိတ်မိသွားမှာဘဲ။ တကယ်လို့သာ ထိုင်းနယ်စပ်ကနေရာနဲ့ မိုင်းလားက နေရာကို ရွေးပါဆိုလို့ရှိရင် ထိုင်းနယ်စပ်က နေရာကို လက်လွှတ်ပြီး မိုင်းလားက နေရာကို ဝ ကရွေးမှာဘဲ အဲသလောက်အရေးပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ညီနောင်နှစ်ဖွဲ့အကြားမှာဖြစ်ပွားသွားတဲ့ ပြဿနာကို ပြေလည်မှုရအောင် ညှင်သာတဲ့နည်းနဲ့ ဖြေရှင်းနိုင်ဖို့ တိတ်တဆိတ် ကြိုးစားပြီး မိုင်းလားဘက်က ဝ တပ်ရင်းတွေ နေရပ်ရင်း ပြန်ဆုတ်သွားတာကို လိုလားနေချိန်မှာ ဝ တပ်တွေ အင်အား အလုံးအရင်းနဲ့ နေရာယူလိုက်ပြီး တပ်အင်အားတွေ ဆက်လက်တိုးချဲ့ချထားမှုတွေ့ ရှိနေတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဝ တပ်ဖွဲ့နဲ့ မဟာမိတ်လုပ်ထားတဲ့ အခြားအဖွဲ့တွေအနေနဲ့လည်းရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေသူများရော ဝရဲ့ လက်ရှိစစ်ရေးအနေအထားနဲ့ နိုင်ငံရေးအရ တောင်းဆိုချက်တွေကို လျှော့တွက်လို့ မရဘူးဆိုတာ ထပ်ပြီး သတိပေးလိုက်သလို ဖြစ်စေတာကတော့ အမှန်ပါ။

The post ဝနဲ့ မိုင်းလား တကယ်ပြေလည်မှာလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...