ဦးနု၏ “ခေတ်မီပြဇာတ်များ” ကိုကား အတော်စွဲလမ်းခဲ့၏။ လူ့အတ္ထုပ္ပတ္တိ လူ့ဇာတ်ကို သရုပ်ဖော်ပြသော လူ့ဘ၀ ကြေးမုံများ ဖြစ်၏။ ပြဇာတ်ထဲရှိ ပြောသောစကားများမှာ တကယ့်လူဆန်၏။ မြေကြီးနှင့် နီးကပ်၏။ “မယားဆိုးလင်” နှင့် “လင်ဆိုးမယား” မှာ သဘာဝကျလှ၏။
မယားဆိုးလင်ထဲရှိ မိန်းမကြီး၏ လေသံမှာ ဖတ်နေရင်း နားထဲတွင် စူးဝင်လာ၏။ ဖောင်သမားတစ်ဦး၏ မယား လင်ငယ်နေပုံ ပြဇာတ်တစ်ခုမှာ လွမ်းစရာလည်း ကောင်း၏။ သံဝေဂရဖွယ်လည်း ကောင်း၏။ “ နောင်တော်ချွတ်ခန်း” ပြဇာတ်ကား ထိုအခါက သခင်နု၏ လူကျင့်ဝတ်တရားနှင့် နိုင်ငံရေးအမြင်ကို ဖွင့်ဟလိုက်ခြင်းဟု ထင်သည်”
အထက်ပါ မှတ်ချက်ကတော့ ဆရာကြီး ဒဂုန်တာရာက ဦးနုရဲ့ခေတ်မီပြဇာတ်များနဲ့ ပတ်သက်ပြီး ပြုခဲ့တဲ့ မှတ်ချက်ပါ။
စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာ ကိုယ်တိုင် စွဲလမ်းခဲ့ရတယ်ဆိုတဲ့ သခင်နုခေါ် ၀န်ကြီးချုပ်ဟောင်း၊ စာရေးဆရာ ဦးနုရဲ့ ပြဇာတ်တွေ ဖြစ်ပါတယ်။ ကိုလိုနီခေတ်မှာ ရေးခဲ့တာ ဖြစ်ပေမယ့် တချို့ပြဇာတ်ပါ ဖော်ပြချက်တွေက ဒီနေ့ခေတ် အထိ ဖြစ်နေဆဲပျက်နေဆဲ လူ့သဘာဝအကြောင်းတွေမို့ စိတ်ဝင်စားစရာပါ။
နဂါးနီစာအုပ်တိုက်ကနေ ၁၉၄၀ ၀န်းကျင်မှာ ပထမအကြိမ် ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၇၀ ကျော် တိမ်မြုပ်ပျောက်ကွယ် နေတဲ့ ဦးနုရဲ့ ရှားပါး လက်ရာကောင်းများ ဖြစ်ပါတယ်။
တက်ကြွတဲ့ လူငယ်စာရေးဆရာဘ၀က အရေးအသားတွေဖြစ်ပြီး သာသာနာတော် သန့်ရှင်းရေး၊ အိမ်ထောင်မှုရေးရာနဲ့ နိုင်ငံရေး အမြင်တွေကို ရဲရဲကြီး ဖွင့်ချရေးထားတာပါ။ ဒီလို ရှားပါးစာအုပ်ကောင်းတွေကို မူပိုင်မိသားစုဆီက ခွင့်တောင်းပြီး ငါတို့စာပေက ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိခဲ့တာပါ။
ဗုဒ္ဓသာသနာတော်တွင်းက သံဃာအရေခြုံတွေကို ဆရာကြီး သိန်းဖေမြင့်ရဲ့ တက်ဘုန်းကြီးဝတ္ထု မတိုင်ခင်ကတည်းက ဦးကလိန်ဆိုတဲ့ ပြဇာတ်နဲ့ ဦးနုက သရော်ခဲ့တာကိုလည်း ပထမဆုံးဖတ်ရမှာပါ။ ဦးသောဘိတခေါ် ဦးကလိန်ရဲ့ နည်းတွေ လှည့်ကွက်တွေက ခေတ်မီ တိုးတက်နေပါပြီဆိုတဲ့ အခုကာလအထိ အသုံးဝင်နေတာကလည်း ဆင်ခြင်စရာပါ။
ဒုတိယ ပြဇာတ် နောင်တော်ချွတ်ခန်း ကတော့ ရှမ်းဘုရင် သိုဟန်ဘွားလက်ထက် အင်းဝနေပြည်တော်က အခြေအနေကို နောက်ခံပြီး နိုင်ငံရေးလုပ်မယ့်သူတွေ လိုက်နာသင့်တဲ့ ကိုယ်ကျင့်တရားအကြောင်း ထောက်ပြထားတာ ဖြစ်ပါတယ်။
လူ့သဘာဝနဲ့ အိမ်ထောင်ရေး အကျိုးအပြစ်တွေ၊ ရှောင်ရန် ဆောင်ရန်တွေကိုတော့ မယားဆိုးလင်နဲ့ လင်ဆိုးမယား ပြဇာတ်တွေမှာ သေသေချာချာကို ရှင်းလင်း တင်ဆက်ထားပါတယ်။ မယားကြောက်လင်ကတော့ နာမည်အတိုင်း ဇနီးမယားကို ပြားပြားဝပ် ကြောက်နေရတဲ့ ခင်ပွန်းယောက်ျားတွေ အကြောင်း ဟာသနဲ့ပညာပေး ရောပြီးရေးထားတာပါ။
ကျောင်းသား လူငယ်တွေအတွက် ရည်ရွယ်ရေးသားတယ်လို့ ဆိုတဲ့ သူ့ရဲ့ဝတ္ထုကတော့ နိုင်ငံရေးသမား ဆိုသူတွေရဲ့ နိုင်ငံရေး လှည့်ကွက်တွေကို တောဝက်တွေနဲ့ တောသခင်ကျားတို့ကြားက အဖြစ်အပျက်နဲ့ သရော်ဟန် ဖွဲ့နွဲ့ထားပြီး ခေါင်းဆောင်ကောင်း ဆိုတာကို လူငယ်တွေ ထင်ထင်ရှားရှား နားလည်အောင် ကြိုးစားရေးပြထားတာ ဖြစ်ပါတယ်။
ပြဇာတ်စာပေ တိမ်ကောနေတဲ့ ခေတ်ထဲမှာ ပြဇာတ်ရေးပုံ၊ ရေးနည်းတွေကို အတုယူ လေ့လာနိုင်မှာပါ။ ဒါ့အပြင် ပြဇာတ်ရေးဖို့ ဖြစ်လာပုံ၊ ရေးရတဲ့ ရည်ရွယ်ချက်နဲ့ ဇာတ်ကောင် ရွေးချယ်ပုံ၊ ရွေးချယ်နည်းတွေ နောက်ခံဆက်တင် အပြင်အဆင်တွေကိုပါ ရေးပြထားတဲ့ ပြဇာတ်တွေပါ။
ပြဇာတ်စာပေ အားနည်း ကျဆင်းနေတဲ့ ဒီနေ့အချိန်မှာ ပြဇာတ်ဆိုတာကို လူငယ်တွေ ဖန်တီး တင်ဆက်နိုင်ဖို့ အထောက် အကူ ဖြစ်စေမယ့်အပြင် တချို့ပြဇာတ်တွေက ရုပ်ရှင်ရိုက်ကူး တင်ဆက်ဖို့ ကောင်းတဲ့ ဇာတ်လမ်းကောင်းတွေ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးလောကမှာ အကောင်းရော အဆိုးပါ အကြိမ်ကြိမ် ကြုံခဲ့ဖုးသူ၊ ပြည်တွင်းစစ်ရဲ့အဆိုးဆုံးကာလနဲ့ ရင်ဆိုင်ခဲ့ရသူ၊ ပါလီမန် ဒီမိုကရေစီ စနစ်ရဲ့ဝန်ကြီးချုပ်ဘ၀ကနေ လက်နက်နဲ့ အဓမ္မ အာဏာသိမ်းခံရသူ၊ ပြည်ပြေးလို့ သမုတ်ခံရ၊ တိုင်းပြည်ကို လက်ညိုးထိုး ရောင်းစားနေသော ဦးနုလို့ အဆိုခံရ၊ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလအထိ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့သူ၊ ဘာသာရေး ကိစ္စတွေမှာ တက်ကြွလှုပ်ရှားသူအဖြစ် လူသိများထင်ရှားတဲ့ ဦးနုရဲ့ငယ်လက်ရာတွေ ဖြစ်ပါတယ်။
တိုင်းပြည်အပေါ်ထားတဲ့ စေတနာနဲ့ ပြုပြင်ပေးလိုစိတ် ပြင်းထန်နေပုံ ရတာကိုလည်း ဒီပြဇာတ်တွေမှာ ဖတ်ရမှာ ဖြစ်ပါတယ်။
ဦးနု၊ ရန်ကုန်ဘဆွေ စသဖြင့် နိုင်ငံရေးနဲ့ စာပေနယ်ပယ်မှာ ထဲထဲဝင်ဝင် ဖြတ်သန်းဖူးသူတွေရဲ့ စာအုပ်ကောင်းတွေကို ပြန်လည် တင်ဆက်ပေးနေတဲ့ ငါတို့စာပေရဲ့ စာအုပ်ကောင်းတအုပ် ဖြစ်ပါတယ်။ မျက်နှာဖုံးဒီဇိုင်း ပြုလုပ်သူ အမည်မပါတာ၊ မာတိကာ မပါတာစတဲ့ အားနည်းချက်တွေကလွဲပြီး သပ်ရပ်တဲ့ စာအုပ်တအုပ်ပါ။
စာပေ၀ါသနာရှင်တွေ၊ စာချစ်သူတွေသာမက လူ့လောက သဘာဝအကြောင်း၊ နိုင်ငံရေးလောက စိတ်နေစိတ်ထားတွေ အကြောင်း လေ့လာသူတွေ တန်ဖိုးထား ဖတ်ရှုရမယ့် စာအုပ်ကောင်းတအုပ် ဖြစ်ပါကြောင်း။
စာရေးဆရာ – ဦးနု
စာအုပ်အမည် – ခေတ်မီပြဇာတ်များ
အမျိုးအစား – ပြဇာတ်စာပေ
ထုတ်ဝေသည့်တိုက် – ငါတို့စာပေ
ထုတ်ဝေသည့်ကာလ – ဒုတိယအကြိမ်၊ ၂၀၁၆၊ ဇူလိုင်လ
တန်ဖိုး- ၂၅၀၀ ကျပ်
The post ဦးကလိန်နှင့် ပြဇာတ်များ appeared first on ဧရာဝတီ.