
၂၀၁၁ ခုနှစ် မြစ်ဆုံရေကာတာ ဆန့်ကျင်ကန့်ကွက်ရေး ဆန္ဒပြပွဲတခု (ဓာတ်ပုံ – Reuters)
လွန်ခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ် နိုင်ငံခြားရေးဝန်ကြီးနဲ့  တွေ့ ဆုံခဲ့ပါတယ်။ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာစီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို တက်ရောက်ရင်း တွေ့ ခဲ့တာပါ။ အဲဒီနေ့ မှာပဲ ကြေးမုံသတင်းစာက “ မြစ်ဆုံဆည် စီမံကိန်း၏ ရွေးချယ်ရမည့် စတုတ္ထနည်းလမ်း” ဆိုတဲ့ ခေါင်းစဉ်နဲ့  အယ်ဒီတာ့အာဘော်ကို ဖော်ပြခဲ့ပါ တယ်။ ဒါဟာ မတော်တဆတိုက်ဆိုင်တာလို့  ယူဆရမှာထက် အစိုးရရဲ့  သဘောထားကို တနည်းတဖုံ ဖော်ပြလိုက်ခြင်း ဖြစ်တယ်လို့  ဆိုနိုင်ပါတယ်။ မြစ်ဆုံဆည်စီမံကိန်းနဲ့  ပတ်သက်ပြီး ပြည်သူလူထုရဲ့  စိုးရိမ်စိတ်ကို ဖြေဖျောက်ပေးချင်တဲ့ ရည်ရွယ်ချက်လည်း ပါသလို၊ အစိုးရသစ်ရဲ့ သဘောထားကို တရုတ်ဘက်က သိစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါမယ်လို့  ယူဆနိုင်ပါတယ်။
ဒီအယ်ဒီတာ့အာဘော်ကြောင့် မြစ်ဆုံဆည်စီမံကိန်းဟာ အများပြည်သူကြားမှာ အာရုံစိုက်စရာ ပြန် ဖြစ်လာပါတယ်။
မြစ်ဆုံရဲ့ အတိုင်းအတာ
ဟောင်ကောင်တက္ကသိုလ်က ဒက်ဘီချန်း (Debby Chan) ရဲ့  စာတမ်း Asymmetric Bargaining between Myanmar and China in Myitsone Dam Controversy ထဲမှာတော့ မြစ်ဆုံ စီမံကိန်းနဲ့  ပတ်သက်ပြီး ဒီလို အသေးစိတ်တင်ပြထားတာတွေ့ရပါတယ်။
“မြစ်ဆုံစီမံကိန်းကို ၂၀၀၆ ကတည်းက စတင်ဆွေးနွေးခဲ့ပါတယ်။ ၂၀၀၉ ဒီဇင်ဘာမှာ အဲဒီအချိန်က တရုတ်နိုင်ငံရဲ့  ဒုသမ္မတ (ယခု လက်ရှိ တရုတ်သမ္မတ) ချီကျင့်ဖျင်ဟာ နေပြည်တော်ကို လာရောက် ခဲ့ပါတယ်။ အဲဒီလို ရောက်လာတဲ့အခါမှာပဲ သဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့တာပါ။ ဒီသဘောတူစာချုပ်အရ တရုတ်အစိုးရပိုင် CPI (China Power Investment) က ရှယ်ယာရဲ့ ၈၀ ရာနှုန်းကို ထိန်းချုပ်ထားတာဖြစ်ပြီး မြန်မာနိုင်ငံက MOEP1 ( Ministry of Electric Power-1 ) က ရှယ်ယာရဲ့ ၁၅ ရာနှုန်းကို ပိုင်ပါမယ်။ ကျန်တဲ့ ၅ ရာနှုန်းကိုတော့ မြန်မာနိုင်ငံက Asia World Company က ပိုင်ဆိုင်ထားပါတယ်” လို့ ဖော်ပြထားပါတယ်။
အလားတူပဲ ဒီစီမံကိန်းရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၅၀ ကြာမှာဖြစ်ပြီး ကချင်ပြည်နယ် မေခနဲ့ မလိခ မြစ်နှစ်သွယ်ဆုံတဲ့နေရာမှာ တည်ဆောက်မယ့် ဒီဆည်ဟာ ဧရာမဆည် (Mega Dam) အမျိုးအစား ဖြစ်တဲ့အကြောင်း၊ ဆည်ရဲ့အမြင့်က ၁၅၂ မီတာ( ပေ ငါးရာ) ရှိတဲ့အကြောင်း၊ ဆည်ရဲ့ ရေ၀ပ်ဧရိယာ ၇၆၆ စတုရန်း ကီလိုမီတာ ကျယ်ဝန်းတဲ့အကြောင်းနဲ့ ဒီဧရိယာက စင်ကာပူနိုင်ငံထက် ပိုကျယ်တယ်တဲ့အကြောင်း ဖော်ပြထားပါတယ်။
မြစ်ဆုံဆည်ဟာ တရုတ်နိုင်ငံမှာ တည်ဆောက်ထားတဲ့ မြစ်ကျဉ်းသုံးသွယ်ဆည် (Three Gorges Dam ) ရဲ့ နှစ်ဆရှိနေတဲ့အတွက် မြစ်ဆုံဆည်စီမံကိန်းဟာ တရုတ်အစိုးရရဲ့  မဟာဗျူဟာမြောက် စီမံကိန်း တခုဖြစ်လေမလားလို့  တွေးစရာဖြစ်နေပါတယ်။( မြစ်ကျဉ်းသုံးသွယ်ဆည်ကြီးကို စစ်ရေး အမြင်နဲ့  သုံးသပ်ပြီး ကန့် ကွက်ခဲ့တာတွေ တရုတ်နိုင်ငံမှာ ရှိခဲ့ပါတယ်။)
မြစ်ဆုံဆည်အတွက် ပဏာမရင်းနှီးမြုပ်နှံမှုက အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလျံ (သန်းပေါင်း ၃၆၀၀ ) ရှိမယ်လို့  ခန့် မှန်းပါတယ်။ ဆည်က ထုတ်လုပ်တဲ့ လျှပ်စစ်ပမာဏရဲ့ ၉၀ ရာနှုန်းကို တရုတ် နိုင်ငံဆီကို တင်ပို့ရမှာဖြစ်ပြီး မြန်မာက ဆယ်ရာနှုန်းပဲ သုံးခွင့်ရမယ်လို့  ဒက်ဘီချန်းရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။
မြစ်ဆုံဆည်ရဲ့  အကျိုးအပြစ်
ကြေးမုံသတင်းစာရဲ့  အယ်ဒီတာ့အာဘော်မှာ ပါတဲ့ ရွေးချယ်စရာ နည်းလမ်းတခုကတော့ မြစ်ဆုံ စီမံကိန်းကို ဆက်လက်တည်ဆောက်မယ်ဆိုရင် ဆည်တည်ဆောက် ပြီးသွားတဲ့အခါ မြန်မာနိုင်ငံအနေနဲ့  အမေရိကန် ဒေါ်လာသန်းငါးရာ နှစ်စဉ် ရမယ်လို့ ဆိုပါတယ်။ ရွေးချယ်စရာ နည်းလမ်း (၂) က မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းပြီး ဒေါ်လာ သန်းရှစ်ရာ လျော်ကြေးပေးတဲ့နည်း ဖြစ်ပြီးတော့ နောက်ဆုံးနည်းကတော့ ယာယီဆိုင်းငံ့ထားပြီး နှစ်စဉ် နစ်နာကြေး သန်းငါးဆယ်ကို တရုတ်ထံ ပေးတဲ့နည်းလို့  အယ်ဒီတာ့အာဘော်မှာ ဖော်ပြထားပါတယ်။
“တောင်းဆိုချက် ထဲမှာပါတဲ့ နှစ်စဉ် သန်းငါးရာ ရမယ်ဆိုတာ ကျနော်မရှင်းဘူး။ ဒါက အသားတင် ရမှာလား။ ရင်းနှီးမြုပ်နှံမှု အနေနဲ့ ၀င်လာမှာလား။ ဘယ်လိုပုံစံနဲ့ ရမှာလဲ။ သန်းငါးရာ က ရင်းနှီးမြုပ်နှံမှု ဆိုရင် သူဟာနဲ့သူ ပြန်ယူသွားတာတွေ ရှိမယ်။ သူ့အထဲက သူပြန်နုတ်သွားရင် မိအေး နှစ်ခါနာ သုံးခါနာ ဖြစ်မယ်” လို့ ဒေါက်တာ အောင်ကိုကို (စီးပွားရေးပေါ်လစီ) က ပြောပါတယ်။
ဒေါ်လာ သန်းငါးရာ ပမာဏဟာ ရင်းနှီးမြုပ်နှံမှုအနေနဲ့ ၀င်လာတာမဟုတ်ဘဲ အသားတင် ၀င်လာခဲ့ တယ်ဆိုရင်တောင် အဲဒီပမာဏက ဧရာဝတီမြစ်ကြီးကို မှီခိုနေရတဲ့ ရေလုပ်သားတွေရဲ့ ဘ၀နဲ့အတူ လယ်ယာလုပ်ငန်းကို မှီခိုနေရတဲ့ သူတွေရဲ့ ဘ၀ကို ထိခိုက်နစ်နာမှုနဲ့ နှိုင်းယှဉ်ရင် မပြောပလောက် ဘူးလို့ လည်း သုံးသပ်ကြပါတယ်။
“လျော်ရမယ်ဆိုရင်တော့ ပြည်သူတွေကတော့ အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ဦးမှာပေါ့။ ခြိုးခြံ ခြွေတာ သုံးရမယ်။ ဒါပေမယ့် ဖြစ်နိုင်ချေရှိတာ တခုကတော့ နိုင်ငံရဲ့ အခြေအနေတွေကို စာနာတတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပိုပြီး ကူညီလာနိုင်ပါတယ်။ ဒီလိုပဲ နိုင်ငံသားတွေ ပိုပြီး ကြိုးစားဖို့လိုတယ်ဆိုတဲ့ အရိပ်အယောင်တွေ ပြလာတဲ့ သဘောလို့မြင်ပါတယ်” လို့ ဒေါက်တာ အောင်ကိုကိုက သုံးသပ်ပါတယ်။
လက်ရှိအချိန်အထိ NLD အစိုးရက မြန်မာနိုင်ငံဗဟိုဘဏ်မှာ ရှိတဲ့ အရံငွေပမာဏကို ကြေညာခြင်း မရှိပါဘူး။ ဒါကြောင့် ဒီလို ကြေညာခြင်း မရှိတာဟာ မြစ်ဆုံကိစ္စနဲ့များ ပတ်သက်နေမလား ဆိုတာ လည်း စဉ်းစားစရာ ဖြစ်နေပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းကတော့ “နိုင်ငံတကာနဲ့ ထားရှိတဲ့ စာချုပ်တွေကို ဖျက်တယ်ဆိုတာ သိပ်တော့မလွယ်ပါဘူး။ ဖျက်မယ်ဆိုရင်လည်း နစ်နာကြေးပေးရပါတယ်။ အဲဒီတော့ ဘယ်လိုဖြေလျော့ကြမလဲဆိုတာ နှစ်ဖက်ညှိနှိုင်းတာက ပိုပြီး အဆင်ပြေပါလိမ့်မယ်” လို့ သုံးသပ်ပါတယ်။
စီမံကိန်းရပ်ပေမယ့် လျော်စရာမလို
စိမ်းလန်းအမိမြေရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်တဲ့ ဦးဝင်းမျိုးသူကတော့ မြစ်ဆုံစီမံကိန်းကို လုံးဝ ရပ်ဆိုင်းသင့်တယ်လို့ ပဲ မြင်ပါတယ်။
“ မြစ်ဆုံကိစ္စ ဘယ်လမ်း ရွေးရွေး၊ စီမံကိန်းလုံးဝရပ်စဲရေးမှာ လမ်းဆုံးသင့်ပါတယ်။ စီမံကိန်း စိတ်မကုန်သေးလို့ ဆက်ကစားချင်တဲ့ဆန္ဒ ရှိရင်တော့ မပြီးသေးတဲ့ EIA ၊ SIA ဆက်လုပ်လိုက်ပါဦးလို့ပဲ ပြောချင်ပါတယ်။ ပြီးရင် တည်ဆဲဥပဒေ အရ ပြည်သူ့ကြားနာပွဲတွေ လုပ်ရဦးမယ်။ စီမံကိန်း အဆိုး အကောင်း တတိုင်းပြည်လုံးရဲ့ လူဦးရေ ၆၀ ရာနှုန်း က ခံစားရမှာမို့ ဒီလူတွေရဲ့ ထောက်ခံချက် ရအောင် ကုမ္ပဏီက ကြိုးစားရမယ်။ ပြည်သူက လက်မခံရင်တော့ ပြန်သင့်တယ်” လို့  သူက ဆိုပါ တယ်။
“တကယ်လို့ တရုတ်ကုမ္ပဏီ (CPI ) အနေနဲ့ လျော်ကြေးလိုချင်ရင် တရုတ်အစိုးရဆီကပဲ တောင်းသင့်ပါတယ်၊ တရုပ်အစိုးရက စိုက်လျော်မပေးလို့ မြန်မာပြည်က လျော်ပေးရမယ်ဆိုရင်တော့ တရားမဝင် စစ်အစိုးရခေတ်မှာ ပြည်သူ့သဘောတူညီချက် မပါဘဲ လုပ်တဲ့ စီမံကိန်း ဖြစ်လို့ တရားမဝင်ဖြစ်နေတာကို ထည့်စဉ်းစားဖို့လိုပါလိမ့်မယ်” လို့ ဦးဝင်းမျိုးသူက ထောက်ပြပါတယ်။
ကြေးမုံ အယ်ဒီတာ့ အာဘော်မှာလည်း အထက်က နည်းလမ်းသုံးသွယ်လုံး အဆင်မပြေနိုင်ကြောင်းနဲ့ စတုတ္ထ ရွေးချယ်စရာ နည်းလမ်းအနေနဲ့ မြစ်ဆုံစီမံကိန်းကို အပြီး ပြတ် ရပ်ဆိုင်းပြီး နှစ်နိုင်ငံ လက်တွဲညိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မယ့် ရေအားလျှပ်စစ် စီမံကိန်းတွေကို ရှာဖွေဖော်ထုတ်ခြင်းကသာ အသင့်တော်ဆုံး ဖြစ်တယ်လို့  တင်ပြထားပါတယ်။
အစိုးရသစ်ကို ခေါင်းကိုက်စေမလား
သဘာဝ ပတ်ဝန်းကျင်ပညာရှင်တွေကတော့ ဒီနေရာဟာ ငလျင်ကြောနဲ့ မလွတ်တဲ့နေရာဖြစ်တဲ့ အတွက် တကယ်လို့ ငလျင်လှုပ်ပြီး ဆည်ကျိုးခဲ့ရင် မြန်မာပြည်အနှံ့ အပြား ရေလွှမ်းမိုးသွားနိုင်တယ် လို့ အခိုင်အမာ ယုံကြည်နေကြပါတယ်။ ဆည်ဆောက်မယ့် နေရာမှာပဲ မလွတ်တဲ့ ရွာပေါင်း ၄၇ ရွာကို ရွှေ့ ပစ်ဖို့ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မီဒီယာတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး ၂၀၁၁ ခုနှစ်မှာ Save the Ayeyarwady ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်ထံကို မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ အိတ်ဖွင့်ပေးစာ တစောင်ပေးခဲ့ပါတယ်။ အများဆန္ဒကို ထင်ဟပ်မယ့် Signature Campaign တွေကို လူထု လူတန်းစား အသီးသီးကြားထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။ အကျိုးရလဒ်ကတော့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ဆိုင်းငံ့လိုက်ခြင်းပါပဲ။
၂၀၁၂ ခုနှစ်မှာ NLD က ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြီး လွှတ်တော်ထဲကို ရောက်လာပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို မြစ်ဆုံနဲ့ ပတ်သက်တဲ့ သဘောထားကို မေးတိုင်း NLD က အာဏာရပါတီ မဟုတ်ဘူးလို့ ပဲ ပြန်ဖြေလေ့ရှိပါတယ်။ ယခုတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ် အသတ်အနိုင်ရလိုက်တဲ့ NLD ပါတီဟာ အစိုးရဖွဲ့ နိုင်ခဲ့ပါပြီ။ မြစ်ဆုံပြဿနာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထဲကို ရောက်လာခဲ့ပါပြီ။ ဒီစီမံကိန်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် အရေးအကြီးဆုံး ဖြေရှင်းရမယ့် အကြောင်းခြင်းရာ ဖြစ်နေပါပြီ။
“ မြစ်ဆုံနဲ့ ပတ်သက်ပြီး လတ်တလောတော့ ဘာမှ လုပ်လို့ မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် ကိုင်မယ်လို့ပြောထားတာရှိတယ်။ အပေးအယူတော့ လုပ်ရမှာပေါ့။ ပြီးရင် ညှိရမယ်။ အခုဆိုရင် မြစ်ဆုံမှာ စံဖဲရွာဆိုတာရှိတယ်။ အဲဒီရွာကို ပုဒ်မ ၁၄၄ ထုတ်ထားတယ်။ ဒီကိစ္စမှာ corruption တွေ ဖြစ်နေတာရှိတယ်။ တရုတ်ဘက်ကလည်း သူတို့ကိုယ်တိုင် သူနိုင်ငံမှာ အရေးယူနေတာရှိသလို အခုကော ဘယ်လို အရေးယူမလဲကြည့်ရမှာပေါ့ ” လို့ စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုက သုံးသပ်ပါတယ်။
ဒီလို သုံးသပ်တာမျိုးတွေ ရှိပေမယ့် သတင်းစာပါ အယ်ဒီတာ့အာဘော်နဲ့  ပတ်သက်ပြီး အစိုးရက တရားဝင် ဖြေရှင်းပြတာတော့ မရှိသေးပါဘူး။
“မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ယခင်စစ်အစိုးရက တရုတ်ကုမ္ပဏီနဲ့ ချုပ်ဆိုတဲ့ စာချုပ်ထဲမှာ ဘယ်လို အချက်အလက်တွေပါတယ် ဆိုတာ ထုတ်ပြန်ထားခြင်းလည်း မရှိပါဘူး။ စာချုပ်ပါ အချက်အလက်တွေကို တိတိကျကျ မသိရပေမယ့် သိရသလောက် မမျှတတဲ့ စာချုပ်တွေဖြစ်နေပြီး မြန်မာပြည်အတွက် အရမ်း နစ်နာတယ် ဆိုတာတော့ ထင်ရှားနေတယ်” လို့  ရှေ့ နေကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
စာချုပ်ကို ချပြလိုက်ရင် ပြည်သူလူထု မကျေနပ်မှု ပိုမိုတိုးပွားလာမှာ စိုးရိမ်နေတာလည်း ဖြစ်မယ်လို့  သူက ခန့် မှန်းပါတယ်။
The post မြစ်ဆုံ၊ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနဲ့ အစိုးရသစ် appeared first on ဧရာဝတီ.