Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

မောင်မောင်ဆိုလေ ထီးရိုးရှည်နှင့် အတူ

$
0
0
 မောင်မောင်ဆိုလေ ထီးရိုးရှည် အဖွဲ့ ခေါင်းဆောင် ဂန္ထ၀င်မောင်ဝိုင်း ရဲ့ သံချပ် ကက်စက်ခွေ ကာဗာတခု (ဓာတ်ပုံ - မောင်မောင်ကျော် ဖေ့စ်ဘုတ်)

မောင်မောင်ဆိုလေ ထီးရိုးရှည် အဖွဲ့ ခေါင်းဆောင် ဂန္ထ၀င်မောင်ဝိုင်း ရဲ့ သံချပ် ကက်စက်ခွေ ကာဗာတခု (ဓာတ်ပုံ – မောင်မောင်ကျော် ဖေ့စ်ဘုတ်)

မောင်မောင်ဆိုလေ ထီးရိုးရှည် အဖွဲ့ကို ကျနော်၏ ဖခင် ဂန္ထဝင်မောင်ဝိုင်း (ခ) မောင်မောင်နေဝင်းက ၁၉၇၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ ၎င်းမတိုင်မီက ၁၉၇၀ ရန်ကုန်မဟာသင်္ကြန်တွင် ရောဆရာကြီးဟူသော အမည်ဖြင့် သူ၏ သင်္ကြန်လှုပ်ရှားမှု စတင်ခဲ့ပါသည်။ ရောဆရာကြီး၏ ခေါင်းစည်းစာတန်းမှာ“တောင်ဥက္ကလာ ဇနပုဒ်၏ ငစိန်ဆန် မှီဝဲသော အုပ်စုမှ” ရောဆရာကြီး ဟူ၍ဖြစ်သည်။

ထိုစဉ်က ဖြစ်ရပ်ပုံရိပ်များကို ကျနော်လူမှန်း မသိသေးခင်ကဖြစ်၍ မမှတ်မိပါ။ မောင်မောင်ဆိုလေ အမည်ဖြင့် ဒုတိယခြေလှမ်း စတင်ချိန်က ဖြစ်ရပ်များ၊ လူပုဂ္ဂိုလ်အတော်များများကို မှတ်မိပါသည်။ ထိုစဉ်က သံချပ်စာအုပ် မှတ်တမ်းများကို သိမ်းဆည်းထား ကာ နောင်အရွယ်ရောက်ချိန်၌ ပြန်လည်လေ့လာခဲ့ပြီး ထိုစဉ်က နိုင်ငံရေးဖြစ်ရပ်များနှင့် သံချပ်များကို ပြန်တိုက် ကြည့်ခဲ့ပါသည်။

၁၉၇၃ ခုနှစ် မောင်မောင်ဆိုလေ တတိယခြေလှမ်းတွင် လူအမည်များရှေ့မှ ဦး၊ ဒေါ်၊ ကို၊ မ များအစား “င”ဆိုသော ဝေါဟာရကို စတင်သုံးစွဲခဲ့ပါသည်။ ကျနော့်အဖေ၏ ညီဖြစ်သူ ဦးမြင့်အောင် (ယခု သရုပ်ဆောင် ဗေလုဝ) သည် ၎င်း ၁၉၇၃ မဟာသင်္ကြန်တွင် စင်မြင့်ပေါ်သို့ စတက်ခဲ့ပါသည်။ ထိုနှစ်က မောင်မောင်ဆိုလေ၏ ခေါင်းစည်းမှာ“အတိဇာတသား တို့၏ မောင်မောင်ဆိုလေ ထီးရိုး ရှည် ဇာတ်တော်ကြီး” ဟူ၍ ဖြစ်ပါသည်။

အတိဇာတသား ဆိုသော စကားလုံးကို သုံးရန် အယူအဆ ဖြစ်ခဲ့ခြင်းမှာ ဆရာကြီး ဒဂုန်တာရာ ၏ ဆောင်းပါး တခု၌ သုံးခဲ့သော စကားလုံး အသုံးကို သဘောကျခဲ့သည့် အတွက်ဟု သိရပါသည်။

၁၉၇၄ ခုနှစ် အတာသင်္ကြန်မှစ၍ နာမည်များအရှေ့မှ “င” အစား မောင်မောင်ဟူသော အမည်နာမကို အသင်းဝင်များ၏ အမည် ရှေ့ တွင် တပ်ဆင်သုံးစွဲကြရာမှ နောင်အခါတွင်လည်း မောင်မောင်ဆိုသော အမည်နာမကို ဆက်လက်သုံးစွဲခဲ့ကြရာ ယနေ့ အထိဖြစ်ပါသည်။

သို့သော်ကျနော်၏ အမည် မောင်မောင်ကျော်သည် ၎င်းမောင်မောင် ရာဇ၀င်နှင့် မပတ်သက်ပါ။ ယခင် ရန်ကုန် တက္ကသိုလ်ကျောင်း သား သမဂ္ဂ၏ ခေါင်းဆောင်ဖြစ်ခဲ့သူ ဒေါက်တာ မောင်မောင်ကျော် ကို အားကျ၍ ထိုအမည်ကို ခံယူခဲ့ခြင်း ဖြစ်ပါသည်။

၁၉၇၅ ခုနှစ်တွင် မောင်မောင်ဆိုလေ မထွက်ခဲ့ပါ။ အကြောင်းမှာ ထိုနှစ်မတ်လက ဗမာပြည် ကွန်မြုနစ်ပါတီ ခေါင်းဆောင်များ ဖြစ်သော သခင်ဇင်၊ သခင်ချစ် ကျဆုံးခဲ့သည့် အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်ဟု အဖေက နောင်အခါ ကျနော့်ကို ပြောပြပါသည်။ ထိုနှစ်က သင်္ကြန်ကို ကျနော့်အမေ၏ ဇာတိ သာယာဝတီ ၌ သင်္ကြန်ကျခဲ့ပါသည်။

နောင်အရွယ်ရောက်ချိန်မှ သိလာရသည်မှာ ကျနော့်အဖေသည် ထိုစဉ်က ဗမာပြည် ကွန်မြူနစ်ပါတီ မြေအောက် လှုပ်ရှားမှုနှင့် ပတ်သက်နေခဲ့သည်။

မောင်မောင်ဆိုလေ၏ လှုပ်ရှားမှုနှင့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ မြေအောက်လှုပ်ရှားမှု ပတ်သက်မှု ရှိ မရှိကိုမူ မသိခဲ့ပါ။

၁၉၇၆ ခုနှစ်တွင် မောင်မောင်ဆိုလေမှ မင်းသမီးကလေးတဦးကို စင်တင်ခဲ့ပါသည်။ ၎င်းမင်းသမီးကလေး၏ အမည်မှာ ယမင်း ကေသီ ဖြစ်၍ နောင်အခါ ရုပ်ရှင်သရုပ်ဆောင် ငြိမ်းငြိမ်းအိ (ခ) အင်္ဂလန်စိန် အဖြစ် နာမည်ကျော်ကြားလာခဲ့ပါသည်။ ထိုနှစ် ကစ ဗိုလ်စိန်မှန် ရပ်ကွက် ဆုပေးမဏ္ဍပ်မှ မောင်မောင်ဆိုလေအား စွယ်စုံဆု စတင်ချီးမြှင့်ခဲ့ပါသည်။ ၎င်းမဏ္ဍပ်နေရာသည် ယခုဟော ပြောပွဲများ ကျင်းပရာ ဗိုလ်စိန်မှန်ကွင်းပင် ဖြစ်ပါသည်။

၁၉၇၇ ခုနှစ်တွင် မောင်မောင်ဆိုလေ ထီးရိုးရှည် ဇာတ်တော်ကြီး ဆိုသော အမည်အစား ဇာတ်တော်ကြီး ဆိုသည်ကို မသုံးသင့်ကြောင်း ပါဠိပါရဂူ ဆရာကြီး ဦးအောင်မိုးက ပြောသည့်အတွက် ဆရာကြီးအား လေးစားသည့် အနေဖြင့် မောင်မောင်ဆိုလေ ထီးရိုးရှည် အနုသဘင်ဟု ပြောင်းလဲ အမည်ပေးခဲ့ပါသည်။

၁၉၇၇ ခုနှစ်သည် မောင်မောင်ဆိုလေ ထီးရိုးရှည် အောင်မြင်မှု အရဆုံးနှစ် ဖြစ်သည်။ ထိုနှစ်က မောင်မောင်ဆိုလေနှင့် ခေတ်ပြိုင် နာမည်ကျော် အသင်းတခုမှာ လမ်းမတော်မြို့နယ်မှ အနန္တ စွမ်းအားရှင်အဖွဲ့ ဖြစ်သည်။ မောင်မောင်ဆိုလေ၏ ထိုနှစ်က ထူးခြားချက်မှာ ယခင်အမှတ် (၄) နယ်မြေ ဖြစ်သော ရန်ကင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ နယ်မြေ၌ အောင်မြင်မှု ရခဲ့ခြင်း ဖြစ်သည်။

မဟာရန်ကုန်၏ အောင်မြင်ကျော်ကြားသော သင်္ကြန်အသင်းအဖြစ်ရန်မှာ အမှတ် (၄) နယ်မြေတွင်အောင်မြင်မှု ရရန် လိုအပ် သည်။ ထိုမြို့နယ်များ၌ စာပေအနုပညာရှင်များ ဦးစီးသော မဏ္ဍပ်များရှိသည့်အပြင် မဏ္ဍပ်ဒိုင်လူကြီးများ၏ အဖွဲ့တခုခြင်းစီ အပေါ် နိုင်ငံရေးစံဖြင့် မြင့်မားစွာ တိုင်းတာလေ့ရှိသဖြင့် ထိုနယ်မြေတွင် အောင်မြင်မှု ရရန် အရေးကြီးပါသည်။

ရန်ကင်းမြို့နယ်အနေဖြင့် ယခင်က စုစုပေါင်းမဏ္ဍပ် ၅ ခုခန့် ရှိခဲ့ပြီး ရန်ကင်းတိုက်ခန်း နယ်မြေတွင် ၃ ခု၊ ကျောက်ကုန်းတွင် မင်းသားကြီး ဦးဂျော်လီဆွေ၏ မဏ္ဍပ်နှင့် တပ်မတော်မှတ်တမ်းရုံး မိသားစုမဏ္ဍပ် စုစုပေါင်း ၅ ခုရှိခဲ့ဖူးပါသည်။ ထိုနိုင်ငံရေး မြင့်မား လှသော ယဉ်ကျေးမှုအား တတိယ အကြိမ် မဆလ ပါတီ ညီလာခံနောက်ပိုင်း ၁၉၇၈ ခုနှစ် နောက်ပိုင်းမှစ၍ မဆလ ပါတီ ယူနစ်တို့ စနစ်တကျ ၀င်ရောက်စီးနင်း နေရာယူဖျက်ဆီး လာခဲ့ကြသည်။

 မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့ သင်္ကြန် အလှပြကား (ဓာတ်ပုံ - မောင်မောင်ကျော် ဖေ့စ်ဘုတ်)

မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့ သင်္ကြန် အလှပြကား (ဓာတ်ပုံ – မောင်မောင်ကျော် ဖေ့စ်ဘုတ်)

တတိယအကြိမ် ပါတီညီလာခံ ပြီးသည့်နောက်ပိုင်း မဆလ ပါတီသည် လူထုအတွင်း ပါတီ ကလပ်စည်းများမှ တဆင့် ထိုးဖောက် ၀င်ရောက်လာမှု အရှိန်ရလာသည်ဟု ဆိုရမည်ဖြစ်သည်။

အစိုးရကို ဖြုတ်ချသည်အထိ မစွမ်းဆောင်နိုင်သော်လည်း ပြည်သူ၏နိုင်ငံရေးနှင့် သက်ဆိုင်နေသော ပြဿနာရပ်များအပေါ် သိမှု (Awareness) မြှင့်တင်နိုင်သည့်ဘက်မှ စွမ်းဆောင်နိုင်သော သင်္ကြန်သံချပ်များအပေါ် ကြပ်ကြပ်မတ်မတ် စိစစ်ခြင်းကို ယခင် ကာလများထက် ပို၍ လုပ်ဆောင်လာခဲ့ပါသည်။

မြို့နယ်တိုင်း၌ မဟာသင်္ကြန် စိစစ်ရေးကော်မတီ များထား၍ သင်္ကြန်အသင်းများ မြို့နယ်အလိုက် မှတ်ပုံတင်ကြရသည်။ သံချပ် စာသားများကို အရင်စိစစ်ရေး တင်ရသည်။ ထိုအဆင့်များခွင့်ပြုလျှင် ပုံနှိပ်စက်တင်၍ ပုံနှိပ်ရသည်။ ပုံနှိပ်ပြီးသော သံချပ်စာအုပ်များကို တဖန်စိစစ်ရေး ကော်မတီထံ ပြန်ပို့၍ အစစ်ဆေးခံရသည်။ ပြီးပါက သံချပ်တိုက်နေရာသို့ လာရောက်၍ ၎င်းစိစစ်ရေးအဖွဲ့ ရှေ့မှောက်၌ သံချပ်တိုင်ပြရသည်။

သင်္ကြန်အကြိုနေ့တွင် ၎င်းကော်မတီ၏ ရှေ့မှောက်၌ ၀တ်စုံပြည့် သွားရောက်၍ အစစ်ဆေးခံပြီး ၎င်းတို့ ကျေနပ်မှုရှိမှ ပါမစ် ထုတ်ပေးပါသည်။ မဏ္ဍပ်တခု၌ ပြိုင်ပွဲမ၀င်ခင် ၎င်းပါမစ်ကို အရင်ပြရပါသည်။ ဤသည်ကား မဆလ လက်အောက် မဟာရန် ကုန် သင်္ကြန် စိစစ်ရေး၏ လုပ်ထုံးလုပ်နည်းပင် ဖြစ်ပါသည်။ ဤအဆင့်ပြီးလျှင် သင်္ကြန်ကား စထွက်ခွင့်ရပါသည်။

မြို့နယ် ရပ်ကွက်များမှ မိမိတို့ အပိုင်လိုက်ဖြစ်စေ၊ ရပ်ကွက်တခုလုံး အလိုက်ဖြစ်စေ ဆုပေးမဏ္ဍပ်များ ဖွင့်လေ့ရှိခဲ့ပါသည်။ ၎င်းမဏ္ဍပ်များ၌ ၁၉၇၈ ခုနှစ် နောက်ပိုင်းမှစ၍ ပါတီကောင်စီ စွက်ဖက်မှုများ ပိုတိုးလာပါသည်။ ပါတီကောင်စီ စွက်ဖက်မှုများကြောင့် ဆုပေးမဏ္ဍပ်များ၏ ဆုပေးသည့် စည်းမျဉ်းများတခုနှင့် တခုမတူကြပါ။

ဥပမာ မဆလ ပါတီစိတ် အလွန်လွှမ်းမိုးပြီး အထက်ဖား အောက်ဖိ ပါတီစိတ်များ ကြီးစိုးသည့် အရပ်များ၏ ဆုပေးမဏ္ဍပ်များတွင် စွယ်စုံဆုအတွက် အလှအက သဘာဝ ဟာသ သံချပ်ယဉ်ကျေးမှု အပြင်“နိုင်ငံတော်အကျိုးပြု”ဆိုသည့်ကိစ္စပါ ပါဝင်လာခဲ့ပါသည်။ မောင်မောင်ဆိုလေ ထီးရိုးရှည်သည် ထိုအကွက်ကို ကြိုတင်ပြင်ဆင်မထားခဲ့။

၁၉၇၈ မဟာသင်္ကြန်တွင် ယခင်နှစ်က စွယ်စုံဆွတ်ခူးခဲ့သော နေရာများ လက်လွှတ်ခဲ့ရသည်။ နောက်ဆုံးတွင် ပါတီကောင်စီ ခြယ်လှယ်မှုကို လက်မခံသော မဏ္ဍပ် ၄ ခု၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ကြည့်မြင်တိုင် ချင်းချောင်း ဟုမ်းလမ်း၊ တောင်ဥက္ကလာမှ“နွေဦး ပိတောက်နှင့် ရွှေစကားဝါမဏ္ဍပ်”တို့က လာရောက်တားမြစ်သော ထောက်လှမ်းရေးတို့နှင့် အတိုက်အခံပြု၍ မောင်မောင်ဆိုလေ ကို စွယ်စုံဆုများ ပေးခဲ့ကြပါသည်။

ထိုနှစ် ၁၉၇၈ ခုနှစ်သည် မောင်မောင်ဆိုလေ ထီးရိုးရှည်၏ မဟာရန်ကုန် သင်္ကြန်တွင် နောက်ဆုံး တင်ဆက်ခဲ့မှု ဖြစ်ပါသည်။

ထိုနှစ် သြဂုတ်လတွင် ကျနော့်အဖေ မဆလ စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းခံရပြီး ၎င်း၏ သင်္ကြန် လှုပ်ရှားမှုများ နှစ်အတန်ကြာ ရပ်ဆိုင်းခဲ့ပါသည်။ မောင်မောင်ဆိုလေ၏ တော်လှန်ကြယ်နီသုံးပွင့် အစ်ကိုကြီး မောင်မောင်သန်းညွန့် (ရဲဘော်စောထွန်း)၊ အစ်ကိုကြီး မောင်မောင်ကျော့ရှင်း (ရဲဘော်ဉာဏ်ထွန်း) တို့ ကျန်းမာကြပါစေ။ အစ်ကိုကြီး မောင်မောင်သက်ဝေ (ရဲဘော်သိုက်ထွန်း – အလယ်ပိုင်းဗျူရို – ကျဆုံး) ကောင်းရာသုဂတိ ရောက်ရှိပါစေ။

၁၉၇၇ ခုနှစ် သင်္ကြင်္န်ပွဲပြီးနောက်ပိုင်း ကျနော့်အဖေ၏ လှုပ်ရှားမှုများက သင်္ကြန်သံချပ်အသင်း လုပ်ခဲ့သူနှင့် မတူတော့။ နိုင်ငံရေး ဆန်ဆန် သဘောမျိုးဖြစ်လာခဲ့သည်ကို နောင်ကြီးပြင်းလာသည့် အခါတွင်မှ ပြန်ဆက်စပ်ကြည့်မိသည်။ သင်္ကြင်္န် အသင်းတို့ မည် သည်မှာ ပွဲပြီးသည့်နောက်ပိုင်း ကိုယ့်အလုပ်နှင့်ကိုယ် ရှိနေကြ၍ သင်္ကြန်ရာသီကို ပြန်ရောက်မှသာ အသင်းပြန်ဖွဲ့ကြသည်သာ ဖြစ် သည်။

သို့သော် ၁၉၇၇ သင်္ကြန်ပြီးသည့် နောက်တွင်လည်း ကျနော့်အဖေ၏ သင်္ကြန်ညီအစ်ကိုများဖြစ်သော မောင်မောင်သန်းညွှန့်၊ မောင်မောင်ကျော့ရှင်း၊ မောင်မောင်သက်ဝေတို့ တွဲမြဲတွဲလျက် ရှိနေကြသည်ကို မှတ်မိပါသည်။ နောက်မကြာမီ ၎င်းတို့သည် ကွန်မြူ နစ် ယူဂျီ အင်အားစုများနှင့် ကူးလူးဆက်ဆံမှု ရှိလာသည်ကို သတိထားမိပါသည်။

၁၉၇၈ ခုနှစ် သြဂုတ်လတွင် ရန်ကုန်၊ မန္တလေးနှင့် မြေလတ်ဒေသမှ ကွန်မြူနစ်ယူဂျီများအား ဖမ်းဆီးထိန်းသိမ်းခဲ့မှုတွင် ကျနော့် အဖေ အဖမ်းခံရပြီးနောက် ၎င်းတို့သုံးဦး လွတ်မြောက်သွားခဲ့ပါသည်။ ထိုအခါတွင်မှ သင်္ကြန်လှုပ်ရှားမှုကို အကာအကွယ်ယူ၍ မြေ အောက်လှုပ်ရှားမှု လုပ်နေခဲ့ကြသည်ကို ဆက်စပ်၍ ရခဲ့ပါသည်။

နောင်နှစ် ၂၀ ကျော်ခန့် ကြာသည့်အခါ အဖေက ကျနော့်ကို ရှင်းပြခဲ့ပါသည်။ ၎င်းတို့ အနေဖြင့် “၇၊ ၇၊ ၇၇” ၇ လေးလုံး လှုပ်ရှားမှု ဖြစ်ရန် ကြိုပမ်းမှု မအောင်မြင်ခဲ့သဖြင့် ၁၉၇၈ ခုနှစ် ဇူလိုင်လတွင် လှုပ်ရှားမှုပေါ်ပေါက်စေရန် ကြိုးစားမှုများက အတင့်ရဲလာပြီး စက်မှု တက္ကသိုလ်မှစ၍ ကွင်းဆက်မိပြီး ဆက်တိုက် ဖမ်းဆီးမှုများ ဖြစ်လာခဲ့သည်ဟု သိရပါသည်။

၎င်းမတိုင်မီကလည်း သစ္စာဖောက် လောက်ကောင်တဦး၏ သတင်းပေးခဲ့မှုကြောင့် လူတချို့၏ လှုပ်ရှားမှုများကို ထောက်လှမ်း ရေး က စောင့်ကြည့်နေခဲ့သည်ဟု သိရပါသည်။

လွန်ခဲတဲ့ နှစ်များစွာက ဧရာဝတီ ရေတပ်စခန်း သင်္ကြန် မဏ္ဍပ်မှာ တွေ့ရတဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည် အဖွဲ့ (ဓာတ်ပုံ - မောင်မောင်ကျော် ဖေ့စ်ဘုတ်)

လွန်ခဲတဲ့ နှစ်များစွာက ဧရာဝတီ ရေတပ်စခန်း သင်္ကြန် မဏ္ဍပ်မှာ တွေ့ရတဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည် အဖွဲ့ (ဓာတ်ပုံ – မောင်မောင်ကျော် ဖေ့စ်ဘုတ်)

၁၉၇၉ ခုနှစ်မှစ၍ အရင်အသင်း၏ လူဟောင်းများက ၂ သင်း ခွဲထွက်သွားခဲ့ပါသည်။ မောင်မောင်မြင့်သန်းနှင့် အင်အားစုတချို့က “လောကသံသရာ အသင်း” ကို ထူထောင်ပြီး ကျနော့် ဦးလေးဖြစ်သူ မောင်မောင်မြင့်အောင် က “ပြောမဆုံးပေါင် တော သုံးတောင်”(နောင်တွင် ဒိုးဒိုးဒေါက်ဒေါက်) စသည့်အသင်းများကို ထူထောင်သွားခဲ့ပြီး ယခုအခါ ဗေလုဝ ဆိုသောအမည်ဖြင့် နိုင်ငံကျော် သရုပ်ဆောင်တဦး ဖြစ်နေပါသည်။

အဖေသည် ၁၉၈၂ ခုနှစ်တွင် သင်္ကြန်စင်မြင့်ပေါ်သို့ မဟာရန်ကုန် ၃၆၅ နှင့် ပြန်တက်ခဲ့သော်လည်း ကွဲကွာသွားခဲ့သော မောင်မောင် ဆိုလေ၏ တော်လှန်ကြယ်နီ ၃ ပွင့်နှင့် ပြန်မဆုံသမျှ ထိုအမည်ဖြင့် အသင်း ပြန်မထွက်တော့ဟု ဆုံးဖြတ်ထားခဲ့ဟန် တူပါသည်။ အဖေ မီခဲ့ဖူးသည့် ဒီမိုကရေစီခေတ် သင်္ကြန်ဆိုသည်ကိုကား ကျနော် နီးလုနီးခင် …။

(မောင်မောင်ကျော်သည် တချိန်က ရန်ကုန်မြို့ သံချပ်အဖွဲ့တွေထဲမှာ ထင်ရှားခဲ့သည့် မောင်မောင်ဆိုလေ ထီးရိုးရှည် အဖွဲ့ကို တည်ထောင်ခဲ့သူ ဂန္ထဝင်မောင်ဝိုင်း(ခ) မောင်မောင်နေဝင်း(ကွယ်လွန်)၏ သားတဦးဖြစ်ပြီး ၈၈ အရေးတော်ပုံတွင် တိုက်ပွဲဝင်ခဲ့သည့် မျိုးဆက် ကျောင်းသားတဦးလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၌ နေထိုင်လျက်ရှိသည်။)

The post မောင်မောင်ဆိုလေ ထီးရိုးရှည်နှင့် အတူ appeared first on ဧရာဝတီ.


Viewing all articles

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...